Wednesday, February 20, 2008

သံဃာတော်တွေကို ကာကွယ်ခဲ့တဲ့ည (ဆောင်းပါး)

ဆောင်းပါး
အောင်ဖြိုး

ညဟာ အေးစက်ပြီး မဲမှောင် တိတ်ဆိတ်နေပါတယ်။ ဘုန်းကြီးကျောင်းထဲက ဆီမီးတိုင်ရဲ့ အလင်းရောင်လေး တခုသာ ရော့တိရော့ရဲနဲ့ ထွန်းလင်းနေပါတယ်။ အဲဒီ ဆီမီးတိုင်ရဲ့ အလင်းမှိန်မှိန်လေး အောက်မှာတော့ ကိုရင်လေးနှစ်ပါး မေတ္တာသုတ်ကို အသံမထွက်ဘဲ စိတ်ထဲက ရွတ်ဖတ်နေပြီး ကျောင်းထိုင် ဆရာတော်ကြီးက စင်္ကြန်အတိုင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း တရားမှတ်နေပါတယ်။ ကျောင်းထိုင် ဆရာတော်ကြီးနဲ့ ကိုရင်လေး နှစ်ပါးကလွဲပြီး ကျောင်းတ၀န်းလုံး ခြောက်ခြားဖွယ် တိတ်ဆိတ်လို့။ ရှိသမျှ သံဃာတော်တွေကို နေ့လယ်ကတည်းက ရပ်ကွက်ထဲက အိမ်တွေမှာ သီတင်းသုံးဖို့ ဆရာတော်ကြီးက မိန့်ထားပြီးသား။ ဆန္ဒပြတဲ့ သံဃာတော်တွေကို ဖမ်းဖို့ ဒီည စစ်သားတွေ ဘုန်းကြီးကျောင်းကို လာရှာလိမ့်မယ်။
မြို့ထဲမှာ ဆန္ဒပြ လူထုအုံကြွမှုတွေ ဖြစ်နေတဲ့အတွက် ရုံးတွေ၊ ဈေးဆိုင်တွေ ခဏ ပိတ်ထားရပါတယ်။ စာနယ်ဇင်း ရုံးတွေလည်း ပါတာပေါ့။ ရုံးပိတ်ရက် ဖြစ်တဲ့အတွက် ထမင်းစားပြီးတာနဲ့ နေ့လည်နေ့ခင်း လ္ဘက်ရည်သောက်ဖို့ လမ်းထိပ်က လ္ဘက်ရည်ဆိုင်ကို ထွက်လာခဲ့ပါတယ်။ လ္ဘက်ရည်ဆိုင်ရောက်တော့ နောက်ဝိုင်းက လူငယ်တွေ အရေးကြီးတဲ့ ကိစ္စတခု ကို တိုင်ပင်နေကြပါတယ်။ "ဒီည ငါတို့ရပ်ကွက်က ဘုန်းကြီးကျောင်းကို စစ်သားတွေ လာရှာလိမ့်မယ်။ ဆန္ဒပြတဲ့ သံဃာတော်တွေကို တွေ့ရင် အကုန်ဖမ်းမှာ၊ အဲဒါ ငါတို့လူငယ်တွေ ဘုန်းကြီးကျောင်းကို လူစုပြီး ကာကွယ်ရမယ်။ စစ်သားတွေလာလို့ ဘုန်းကြီး ကျောင်းထဲ ၀င်ပြီဆိုရင် အကုန်လုံး ၀င်ချမယ်။ ရပ်ကွက်ထဲက တအိမ်တယောက် ထွက်ကြဖို့လည်း ပြောထားတယ်"။

စားပွဲထိုးကောင်လေး လာချပေးထားတဲ့ ကျစိမ့်ကို တငုံသောက်ပြီး လမ်းမပေါ် ငေးနေချိန်မှာ ကျနော့်ဝိုင်းကို ဇင်မျိုးဆိုတဲ့ သူငယ်ချင်းတယောက် ရောက်လာပါတယ်။ သူငယ်ချင်း ဘာသောက်မလဲလို့ မေးတော့ စားပွဲထိုးကောင်လေးကို ဆေးလိပ်တပွဲ လာချပေးပါလို့ လှမ်းအော်လိုက်ပါတယ်။ ကောင်လေးက ဗီးဂတ်(စ်)တစ်ပွဲ လာချပေးပါတယ်။ ဗီးဂတ်(စ်)တစ်လိပ် ကို အမြန်မီးညှိပြီးတာနဲ့ တဖွာလောက် အားရပါးရ ရှိုက်လိုက်ရင်း သူက "သူငယ်ချင်း ညကြရင် ဘုန်းကြီးတွေကို ကာကွယ်ဖို့ ငါ လူလိုက်စုနေတာ၊ အဲဒါ မင်း လိုက်မှာလား" လို့ မေးပါတယ်။ ကျနော်က "ဟ... ငါက သတင်းလုပ်သား တစ်ယောက်ကွ၊ ဘက်မလိုက်ရ ကျင့်ဝတ် ရှိတယ်၊ ငါတော့ မလိုက်နိုင်ဘူး" လို့ အပြတ် ငြင်းလိုက်ပါတယ်။
ကျနော့်စကား အဆုံးမှာတော့ ဇင်မျိုး သက်ပြင်း လေးလေးတွဲတွဲကြီး ချရင်း "သူငယ်ချင်း မင်းစဉ်းစားကြည့်ကွာ။ ငါ ပညာတတ်တယောက် မဟုတ်ပါဘူး၊ ငါ့မှာ မိဘလည်း မရှိဘူး၊ ငွေလည်း မရှိဘူး၊ ဘ၀မှာ ပိုင်ဆိုင်မှုဆိုလို့ ဘာမှ များများစားစား ရှိတာ မဟုတ်ဘူး။ ဒါပေမယ့် ငါဟာ ဗုဒ္ဓဘာသာဝင် တယောက်ကွ၊ ငါ့မှာ ဘာသာတရားတခုပဲ ရှိတယ်။ အခု ငါကိုးကွယ်နေတဲ့ ဘာသာတရားကို ဖျက်ဆီးပစ်မယ်ဆိုတော့ ငါ ဘာလုပ်ရတော့မှာလဲ၊ ကျန်တာလုပ် သည်းခံနိုင်တယ်။ ဘာသာတရားတော့ လာမထိနဲ့" စကားပြောရင်း ပြောရင်းနဲ့ သူ့မျက်လုံးတွေ မို့အစ်လာပါတယ်။ နှုတ်ခမ်းတွေ တဆက်ဆက် တုန်လာပါတယ်။ သာမန် လူတယောက်ဆီက ရိုးရိုး စကားလုံးတွေပေမယ့် ကျနော့် လက်က ကြက်သီးမွှေးညင်း ထတဲ့အထိ ခန္ဓာကိုယ်တခုလုံး အေးစက်တုန်ခါသွားပြီး ကျနော် ဆုံးဖြတ်ချက်တခု ချမိလျက်သား ဖြစ်သွားပါတယ်။
"ငါလည်း ဒီည မင်းတို့နဲ့အတူ လိုက်ခဲ့မယ်" ။

သံဃာတော်တွေကို ကာကွယ်ချင်လို့သာ ကတိပေးလိုက်တာပါ။ ရန်တခါမှ မဖြစ်ဘူးပဲ၊ အိမ်မှာလည်း ကြက်သွန်လှီးတဲ့ ဓါးကလွဲရင် ဘာလက်နက်မှ မရှိတော့ ဘေးအိမ်က သူငယ်ချင်းဆီက ငှက်ကြီးတောင်ဓါး သွားငှားရပါတယ်။ သူ့မှာရှိတဲ့ ဓါးက နှစ်ချောင်း၊ တချောင်းက သံချေး တက်နေရော။ ဒါနဲ့ သံချေးတက်နေတဲ့ ဓါးကို ကျနော့် ငှားယူလာရတာပေါ့။
လူက ပုံမှန်အလုပ်တွေသာ လုပ်နေပေမယ့် ညရောက်ရင် ကြုံတွေ့ရမယ့် ကိစ္စကို စိတ်ထဲတွေးပြီး ကျနော် တော်တော်လေး ထိပ်လန့်တုန်လှုပ်နေပါတယ်။
ည (၈) နာရီတိတိ။ ဘုန်းကြီးကျောင်းဘေး ကွင်းပြင်ထဲမှာတော့ ရပ်ကွက်ထဲက လူတွေနဲ့ ပြည့်နှက်နေပါပြီ။ တအိမ်တယောက်။ တချို့ဆို တအိမ်ကို နှစ်ယောက် ထွက်ကြပါတယ်။ အသက် (၅၀)ကျော် အမျိုးသမီးကြီးတွေတောင် ငှက်ကြီးတောင် ဓါးကိုင်ပြီး လိုက်လာတာလည်း တွေ့ရပါတယ်။ ကွင်းပြင်ထဲမှာတော့ ယောင်္ကျား၊ မိန်းမ၊ လူကြီး၊ လူငယ်တွေဟာ သံတုတ် တွေ၊ သံပုံးတွေ၊ ဓါးတွေ၊ အုတ်ခဲတွေ စတဲ့ လက်နက် အပြည်အစုံနဲ့ စောင့်နေကြပါတယ်။

အလင်းတုတွေ ထွန်းညှိထားတဲ့ မြို့ပြရဲ့ညဟာ (၁၀)နာရီကျော်လာတာနဲ့ တောနက်ကြီးလို မဲမှောင်လာပါတယ်။ အချင်းချင်း စကားပြောသံတွေ တိတ်ဆိတ်သွားကြပါတယ်။ အဲဒီအချိန်မှာပဲ ဘုန်းကြီးကျောင်းပေါ်က ကျောင်းထိုင်ဆရာကြီးရဲ့ အချက်ပေး အုန်းမောင်းခေါက်သံ ထွက်ပေါ်လာပါတယ်။ အုန်းမောင်းသံလည်း ဆုံးရော၊ ကားမီးတန်းကြီး နှစ်တန်းဟာ ဘုန်းကြီးကျောင်းရှိရာကို ထိုးကျလာပါတယ်။ လက်နက် အပြည့်အစုံ၊ စစ်သားအပြည့်နဲ့ စစ်ကားသုံးကား။ ဘုန်းကြီးတွေကိုဖမ်းဖို့ ဘုန်းကြီး ကျောင်းရှိရာ လာနေပါပြီ။
ချွေးစေးတွေနဲ့ စေးကပ်နေတဲ့ လက်ထဲက ဓါးရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း စစ်သားတွေ တဖြည်းဖြည်း နီးလာတာနဲ့ အမျှ ရင်ထဲမှာ ပိုမိုတင်းကြပ်တဲ့ ဖိအားတခု တိုးဝင်လာပါတယ်။ ဘုန်းကြီးကျောင်းရှေ့ ကားရပ်ပြီး စစ်သားတွေ ဆင်းလာပြီလည်း ဆိုရော "အားလုံးတက်ကြဟေ့ ... " ဆိုတဲ့ အသံနဲ့အတူ ရပ်ကွက်ထဲက လူအုပ်ကြီးဟာ သံပုံးတွေတီးပြီး အလုံးအရင်းနဲ့ စစ်သား တွေဆီ ပြေးလာကြပါတယ်။ မထင်မှတ်ထားတဲ့ အချိန်မှာ များပြားလွန်းတဲ့ လူအုပ်ကြီးကို တွေ့လိုက်ရတဲ့အတွက် စစ်သားတွေဟာ ကားပေါ် ပြန်တက်ပြေးကြပါတယ်။ နောက်ချက်ချင်း ကားတွေ ပြန်ဆုတ်ပြီး လူအုပ်ကြီးနဲ့ဝေးရာ မောင်းပြေးပါတယ်။ ငါတို့ မနက်ဖြန် ညနေ (၃) နာရီ ပြန်လာခဲ့မယ်လို့ ပြောပြီး ရပ်ကွက်ထဲပတ်ကာ သေနတ် (၇)ချက် ဖောက်သွားပါတယ်။
ဘာပဲပြောပြော ဒီညတော့ အားလုံး သံဃာတော်တွေကို ကာကွယ်လိုက်နိုင်ခဲ့ပါပြီ။

No comments: