Wednesday, February 13, 2008

ရွေးကောက်ပွဲသစ်ကို လက်မခံဟု လှုပ်ရှားသူ အမျိုးသမီးများ ပြောဆို

ဖနိဒါ
ချင်းမိုင်။ ။ ပြည်တွင်းပြည်ပရှိ အမျိုးသမီး နိုင်ငံရေး လှုပ်ရှားသူများက စစ်အစိုး၏ အခြေခံဥပဒေ မူကြမ်းကို ဆန္ဒခံယူပွဲ လုပ်မည်ဆိုခြင်းနှင့် ရွေးကောက်ပွဲ အသစ် ပြုလုပ်မည်ဟု ကြေညာခဲ့ခြင်းကို လိမ်ညာဖို့ ပြင်ဆင်သည်ဟုဆိုကာ တညီတညွတ်တည်း ပယ်ချလိုက်ကြသည်။
“နိုင်ငံတကာကို မျက်နှာပန်းလှအောင် ပြန်ပြရမယ့် အနေအထားမျိုးမှာ အမြန်ဆုံး နောက်တဆင့် လုပ်တဲ့အပြင်ကို ဖွဲ့စည်းပုံမှာ တိုင်းရင်းသားတွေရဲ့ အခြေခံ လူ့အခွင့်အရေးတွေ၊ တိုင်းရင်းသား အခွင့်အရေးတွေ ပြည့်ပြည့်ဝဝ ဖော်ဆောင်နိုင်တဲ့ ဥပဒေ မဟုတ်ဘူး ဆိုတာကို ပြည်သူလူထုက တကယ်သိသွားရင် ပြည်သူက သူတို့ကို ဘယ်လက်ခံနိုင်မှာလဲ။ အဲဒီတော့ ပြည်သူကို လိမ်ညာမယ့် အနေအထားမျိုး ဖြစ်တဲ့အတွက် ကျမတို့ကတော့ ကန့်ကွက်ပါတယ်” ဟု ထိုင်းနယ်စပ် အခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစုမှ ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာက မဇ္ဈိမကို ပြောသည်။
ဆက်ပြီး သူက ကုလသမဂ္ဂမှ မစ္စတာ ဂမ်ဘာရီကို အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် လုပ်ဆောင်နေခြင်းကို စစ်အစိုးရက ပူးပေါင်းဆောင်ရွက်မှု မလုပ်သည်ကို ပြတ်သားစွာ ဖော်ပြလိုက်ခြင်း ဖြစ်သည်ဟုလည်း ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲချုပ်မှ ဗဟို အမျိုးသမီးအဖွဲ့ တာဝန်ခံ ရန်ကုန်မြို့နေ ဒေါ်မြင့်မြင့်စိန်ကလည်း “ကျမတို့ကတော့ ကောင်းတဲ့ဘက်ကို ဦးတည်နေတယ်လို့တော့ မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပထမရွေးကောက်ပွဲ လုပ်ထားတဲ့အခါမှာ အခုထိ ဘာမှမလုပ်ရဘဲနဲ့ အခု နောက်ထပ် ရွေးကောက်ပွဲ လုပ်မယ်ဆိုတော့ အဓိပ္ပာယ် မရှိဘူးလို့ ထင်တယ်လေ။ အဲဒါကြောင့်မို့ ကောင်းတဲ့ အစီအစဉ်တော့ မဟုတ်ဘူးလို့ ထင်တယ်။ ကျမပြောချင်တာက အကောင်းဆုံးကို မျှော်လင့်ထားတာပဲလေ။ အဲဒီအတွက်ကို ကျမတို့ အဖွဲ့ချုပ်ကလည်း ကြိုးစား နေကြပါတယ်” ဟု ပြောသည်။
အေအိုင်ဒီအက်စ် ဝေဒနာရှင်များအား ကူညီသူ မဖြူဖြူသင်းကလည်း ယခုလို စစ်အစိုးရမှ ဖန်တီးနေခြင်းသည် ပြည်သူလူထု၏ ဆန္ဒနှင့် စိတ်ဓာတ်များကို ရိုက်ချိုးလိုက်ခြင်းနှင့် တူညီနေကာ အာဏာရှင်ဆန်သည့် လုပ်ဆောင်မှု ဖြစ်သည့်အတွက် လက်မခံနိုင်ကြောင်း ပြောသည်။
သူက ဆက်ပြီး “အမ အမြင်ကတော့ သူတို့ရဲ့ ဆန္ဒခံယူပွဲနဲ့ ၂ဝ၁ဝ မှာ ရွေးကောက်ပွဲ လုပ်မယ် ဆိုတာကတော့ ၁၉၉ဝ ခုနှစ် ရလဒ်ကို အကောင်အထည် မဖော်နိုင်ဘဲနဲ့တော့ ဒါတွေ ဆက်လုပ်မယ် ဆိုရင်တော့ မဖြစ်နိုင်ဘူးလို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ရလဒ်က ပြည်သူလူထုက တခဲနက် သူတို့ရဲ့ ဆန္ဒဖော်ပြပြီးသား ဖြစ်တယ်လေ။ အဲဒီ ပြည်သူလူထုရဲ့ ဆန္ဒကို ဖျက်ဆီးနေတယ် ဆိုတာက မဖြစ်သင့်ဘူးလို့ ယူဆပါတယ်” ဟု ပြောသည်။
စစ်အစိုးရ၏ ဖမ်းဆီးခြင်းမှ ထွက်ပြေး တိမ်းရှောင်နေရသူ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ မနီလာသိန်းကလည်း နိုင်ငံရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား နိုင်ငံရေး အကျဉ်းသားများ ပါဝင်မှု မရှိသည့် လူထုဆန္ဒ ခံယူပွဲကို လုံးဝအသိအမှတ် မပြုကြောင်း ပြောသည်။
“ပြည်သူ့ဆန္ဒ ခံယူပွဲ လုပ်တယ်ဆိုတဲ့ နေရာမှာ ပြည်သူတွေရဲ့ ဆန္ဒအစစ်အမှန်ဟာ စက်တင်ဘာမှာ၊ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့အခါမှာ ပြည်သူတွေရဲ့ ဆန္ဒအမှန်ကို ပေါ်လွင်စေပါတယ်။ ပြည်သူတွေရဲ့ ဆန္ဒဆိုတာ ဘာကို ဦးတည်ပြီး ဘာကို ဘယ်လိုပြောချင်တယ် ဆိုတာကို သူတို့ကို ကျမ မေးချင်ပါတယ်။ ပိုက်ဆံတွေကို ပေးပြီးတော့ လူတွေကို အတင်းအဓမ္မ ခေါ်ယူပြီး စုထားတဲ့ ဆန္ဒခံယူပွဲလား၊ နောက်တခုက လူတွေကို ခြိမ်းခြောက်မှုတွေနဲ့ ပြုလုပ်ထားတဲ့ ဆန္ဒခံယူပွဲလားလို့ ကျမ မေးချင်တယ်” ဟု မနီလာသိန်းက ပြောသည်။
ဆက်လက်ပြီး သူက “အခု သူတို့လုပ်နေတဲ့ လုပ်ဆောင်ချက်တွေဟာ ကျမတို့ နိုင်ငံမှာ အဲဒီလို တဖက်သတ် သမာသမတ် မဖြစ်တဲ့ နည်းလမ်းတွေနဲ့ လုပ်မယ်ဆိုရင် တိုင်းပြည်ရဲ့ အနာဂတ်ဟာ စိုးရိမ်စရာ အများကြီး ရှိနိုင်ပါတယ်။ ဆိုတော့ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ လုပ်မယ်ဆိုတာကတော့ သမာသမတ်ကျတဲ့ ရွေးကောက်ပွဲ ဖြစ်မလာနိုင်ဘူး ဆိုတာနဲ့ အဆိုးဘက်ကို ဦးတည်နေတယ်လို့ ကျမ ပြောချင်ပါတယ်” ဟု ပြောသည်။

No comments: