Saturday, February 16, 2008

ဖဒိုမန်းရှာလာဖန်း ကို ဘယ်သူသတ်သလဲ (ဆောင်းပါး)

အောင်သူငြိမ်း
ဖဒိုမန်းရှာ လာဖန်းကို လုပ်ကြံခံရသည့် သတင်း ဖတ်လိုက်ရသည်။ အတော် စိတ်မကောင်း ဖြစ်ရသည်။ အမည်မသိ ကရင် လူမျိုး လက်နက်ကိုင် ၂-ဦးက လုပ်ကြံပြီး ထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။ ကရင့်တော်လှန်ရေး အတွက်ရော၊ ဒီမိုကရေစီ လှုပ်ရှားမှုကြီး တခုလုံး အတွက်ပါ အစားထိုး မရသည့် ဆုံးရှုံးမှုကြီး ဖြစ်သည်။ ထိုင်း-မြန်မာ နယ်စပ်ဒေသနှင့် နီးစပ်သူ သတင်းရင်းမြစ်များကတော့ ကေအဲန်ယူမှ ခွဲထွက်အဖွဲ့ (တပ်မဟာ ၇ မှူး) ဗိုလ်ချုပ်ထိန်မောင်နှင့် အဖွဲ့အပေါ် သင်္ကာမကင်း ရှိကြသည်။ လောလောလတ်လတ် လွန်ခဲ့သည့်လက ခွဲထွက်အဖွဲ့မှ ဗိုလ်ချုပ်ထိန်မောင်၏ သားမက်ဖြစ်သူ ဗိုလ်မှူးကြီး လယ်မူး ဗုံးခွဲ လုပ်ကြံခံရသည့်အပေါ် ၎င်းတို့က ဖဒိုမန်းရှာကို အမိန့်ပေးသူဟု စွပ်စွဲထားခဲ့သည်။
မည်သို့ပင်ဖြစ်စေ၊ အဖြစ်အပျက်များက တိုက်ဆိုင်နေသည်။ စစ်အစိုးရ၏ လက်ချက် မဟုတ်ဟု ပြောရန် ခက်ပါသည်။ စစ် အစိုးရက မကြာသေးမီက အလစ်အငိုက်ယူ၍ ပြည်သူ့ဆန္ဒ ခံယူပွဲကို နောက် ၃ လအကြာ (မေလ) တွင် ကျင်းပမည်ဟု ကြေငြာခဲ့ပြီး ကေအန်ယူ အပါအ၀င် အတိုက်အခံ အဖွဲ့အစည်းများက ပယ်ချခဲ့ကြသည်။ အတိုက်အခံ အဖွဲ့အစည်းများက ဤ ဆန္ဒခံယူပွဲကို ဆန့်ကျင် ကန့်ကွက်ရေးအတွက် လူထုကို စည်းရုံး လှုံ့ဆော်သွားမည်ဟု ပြောဆိုနေသည့် အချိန်တွင် ယခု လုပ်ကြံမှု ဖြစ်လာခြင်း ဖြစ်သည်။ ထို့အပြင် ဖဒိုမန်းရှာက ပြည်တွင်း မြေအောက်လုပ်ငန်းများကို ဦးစီး လုပ်ကိုင်နေသည့် နိုင်ငံရေး အံတုမှု ကော်မီတီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။ ထို့အပြင် အပစ်အခတ်ရပ်စဲရေး "လူကြီးလူကောင်း သဘောတူညီမှု" ကို စစ်အစိုးရက ဖျက်ခဲ့ပြီဟု မကြာသေးမီ ကရင့်တော်လှန်ရေးနေ့တွင် ကရင်ခေါင်းဆောင်များက ပြောကြားပြီး မကြာမီ ယခု လုပ်ကြံမှု ဖြစ်လာခြင်း ဖြစ်သည်။ ထိုမျှမက ဖယ်ဒရယ် စင်ပြိုင် ဖွဲ့စည်းပုံဆိုင်ရာ ကိစ္စများ၊ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) ကို တိုးချဲ့ဖွဲ့စည်း၍ လှုပ်ရှားမှု အားသစ်စေရန် ကြိုးပမ်းနေသော ကာလတွင် တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း မိမိ လေ့လာချက်အရ ယခင်ကာလများတွင် စစ်အစိုးရဖက်ကရော၊ အတိုက်အခံများ ဖက်ကပါ လုပ်ကြံရေး မူဝါဒများ ချမှတ်ကျင့်သုံးခြင်း မရှိခဲ့ကြပါ။ စစ်အစိုးရက သခင်သန်းထွန်းတို့ကို လုပ်ကြံခဲ့ဖူးသည့် အစဉ်အလာတော့ ရှိပါသည်။ သို့သော် ကြာခဲ့ပြီ။ ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း မရှိသလောက်ဟု ယေဘုယျ သုံးသပ် ရပါလိမ့်မည်။ ယခုအချိန်တွင်မှ ဤမူဝါဒကို ချမှတ် ကျင့်သုံးလာခြင်းလော.. မေးခွန်းထုတ်ဖွယ် ရှိနေပါသည်။ အထူးသဖြင့် သံဃာ့ဆန္ဒပြပွဲများကို အကြမ်းဖက် ချေမှုန်းအပြီး စစ်အစိုးရ ဆက်လှမ်းလာသော ခြေလှမ်းများက ပို၍ စဉ်းစားချင့်ချိန်မှု ကင်းမဲ့လာပြီး၊ စိတ်ထင်ရာ လှမ်းသည့် အရူးခြေလှမ်းမျိုး ပိုဖြစ်လာပါသည်။ ဤအခြေအနေတွင် ကျိုးကြောင်းဆီလျော် မရှိသည့် ဆုံးဖြတ်ချက်များလည်း ချမှတ် ကျင့်သုံးနိုင်ပါသည်။ လက်ရှိ စစ်အုပ်စု ခေါင်းဆောင်များက သူတို့ကိုယ်သူတို့ အာဏာတည်မြဲရေး၊ ရှင်သန်ရေး အတွက်သာ စဉ်းစားကြပါတော့သည်။ သူတို့ကိုယ်သူတို့ နိုင်ငံ ခေါင်းဆောင်များသဖွယ် ထား၍ ရေရှည်အမြင်ဖြင့် စဉ်းစားကြခြင်း မရှိတော့ပါ။
နောက်ဆက်တွဲ အခြေအနေများက မည်သို့ ဖြစ်လာနိုင်သနည်း။
သေချာသည်ကတော့ ထိုင်း-မြန်မာ နယ်စပ်တွင် ဤလုပ်ကြံမှု ဖြစ်ပွားလာသည့် အတွက်ကြောင့် ထိုင်းနိုင်ငံက လုံခြုံရေး ပိုမို တင်းကျပ်နိုင်ပါသည်။ အထူးသဖြင့် ၃-လတာ မလိုတော့သောကာလ.. ပြည်သူ့ဆန္ဒ ခံယူပွဲကို တုံ့ပြန်ရန် အပူတပြင်း ကြိုးပမ်းကြရတော့မည့် ကာလတွင် အတိုက်အခံ လှုပ်ရှားမှုများ ခြေချုပ်မိ အကျဉ်းအကျပ် ကျနိုင်ပါသည်။ ထို့အပြင် အခြား ဒီမိုကရေစီ အင်အားစုများ၏ လုံခြုံရေးလည်း ထိခိုက်လာနိုင်ပါသည်။ လုပ်ငန်းများလည်း နှောင့်နှေးဖွယ် ကြုံရနိုင်ပါသည်။ အဆိုးဆုံး အခြေအနေ က စစ်အစိုးရကို ဦးတည် တိုက်ရမည့်အစား ကရင်လူမျိုး အချင်းချင်း အုပ်စုတိုက်ပွဲများ (ဥပမာ.. ကေအန်ယူနှင့် ခွဲထွက် အဖွဲ့၊ ကေအန်ယူနှင့် ဒီကေဘီအေ) ပိုမို ဖြစ်ပွားလာနိုင်ခြင်းပင်။ သို့သော်လည်း ကေအန်ယူအဖွဲ့ အစည်းအနေဖြင့် နောက်ထပ် အစားထိုးမည့် အရည်အချင်းရှိသော ခေါင်းဆောင်မှု ချက်ချင်း ပြန်လည် ဖြည့်စွမ်းနိုင်မည်ဟု ယုံကြည်မိပါသည်။
ထိုမျှမက မိမိစိုးရိမ် ပူပန်နေချက်များလည်း ရှိနေပါသည်။ အကြောင်းက ပါကစ္စတန်နိုင်ငံမှ ဘနာဇီယာဘူတို ဗုံးခွဲလုပ်ကြံ ခံရပြီး နောက်ပိုင်းမှစ၍ အတွေးခေါင်မိသော စိုးရိမ်ချက် ဖြစ်ပါသည်။ အကြောင်းမှာ နောက်ပိုင်း စစ်ရေး၊ အကြမ်းဖက်ရေး စဉ်းစားပုံများ၊ နည်းဗျူဟာများက ပြောင်းလဲလာပါသည်။ ယခင်က စစ်ပွဲများကဲ့သို့ စည်းမျဉ်း ကျင့်ဝတ်လိုက်နာမှုများ လျှော့နည်းလာပါသည်။ အမေရိကန်က ဂွာတာနာမို စခန်းတွင် ဂျီနီဗာ သဘောတူညီချက်ကို ချိုးဖောက်၍ အကြမ်းဖက်သမားများ ကို ဖမ်းဆီးနှိပ်စက် ညှဉ်းပမ်းခြင်း ပြုခဲ့သလို၊ အီရတ် သူပုန်များကလည်း ပွဲစစချင်း အီရတ်ရှိ ကုလသမဂ္ဂရုံးကို ဗုံးခွဲ တိုက်ခိုက်ခဲ့ပါသည်။ စစ်ပွဲများတွင် ကုလသမဂ္ဂ၊ ကြက်ခြေနီအဖွဲ့ (ICRC) စသဖြင့် ကြားထားဆက်ဆံမှုများ ပို၍ လျှော့နည်းလာနေပါသည်။ ဘနာဇီယာ ဘူတိုကို လုပ်ကြံလိုက်ခြင်းအားဖြင့် အမေရိကန်နိုင်ငံက ခေါင်းဆောင်တင်ရန် လျာထားသည့် ခေါင်းဆောင် တဦးကို ဖြိုချလိုက်သည့်နှယ် ရှိသည်။ ဒီမိုကရေစီ အတိုက်အခံ အင်အားစုများအကြား အကြီးအကျယ် အကျပ်ရိုက်စေခဲ့သည်။ တချက်ခုတ်.. နှစ်ချက်ပြတ် အမေရိကန် နိုင်ငံကိုယ်၌က ကစားကွက် ပျောက်သွားသည်။ အမေရိကန် လိုလားသူ နောက်ထပ်ခေါင်းဆောင်အသစ်များ ရှာဖွေရတော့မည့် ကိန်းဆိုက်လာရသည်။ ဤသို့ အဖြစ်အပျက်များက အခြား နိုင်ငံများတွင်လည်း ကြုံခဲ့ရဖူးသည်။ ၂၀၀၅ ခုနှစ်က လက်ဘနွန် ၀န်ကြီးချုပ် ရာဖစ် ဟာရီရီ လုပ်ကြံမှုအပါအ၀င် ဗျူဟာမြောက် လုပ်ကြံခဲ့မှုများ ရှိနေသည်။ ကျနော်ကတော့ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအတွက်ပါ တိုး၍ စိုးရိမ် နေမိပါသည်။

No comments: