Thursday, February 7, 2008

မျိုးချစ်သူပုန်များအား နိုင်ငံရေးအကျဉ်းသားများ ခံစားပိုင်ခွင့်ပေးရန် တောင်းဆို

နန်းဒေဝီ
နယူးဒေလီ။ ။ အိန္ဒိယနိုင်ငံရှိ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် မြန်မာ့ဒီမိုကရေစီ အင်အားစုများက စစ်အာဏာရှင်စနစ် တိုက်ပွဲဝင်သူများ ဖြစ်သော ရခိုင်၊ ကရင် မျိုးချစ်သူပုန် ၃၄ ဦးအား နိုင်ငံရေး အကျဉ်းသားများ ရပိုင်ခွင့်ပေးရန် ယမန်နေ့က တောင်းဆိုလိုက်ကြသည်။
၁ဝ နှစ်ကျော်ကြာ ဖမ်းဆီး အကျဉ်းချခံထားရသော မြန်မာ မျိုးချစ်သူပုန်များအား အကျဉ်းသားများ ရပိုင်ခွင့်များဖြစ်သည့် ထောင်တွင်း ခွဲခြားဆက်ဆံမှုများ ရပ်တန့်ရန်၊ မြန်မာ့အစားအစာ စားသောက်ခွင့်၊ ကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြေခံ အသုံးအဆောင်များ ဖြစ်သော သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာမှအစ လုံလောက်စွာ ပေးရန်အတွက် ယမန်နေ့က ကာလကတ္တားတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
ကာလကတ္တားတွင် ရောက်ရှိနေသည့် မြန်မာအင်အားစုများ ကိုယ်စား ပြောရေးဆိုခွင့်ရှိသူ ကိုကင်က လတ်တလော အကျဉ်းထောင်အတွင်း ကျခံနေရသူများအတွက် ရသင့်ရထိုက်သော နိုင်ငံရေး အကျဉ်းသားများ အခွင့်အရေးများ ပေးစေလိုကြောင်း မဇ္ဈိမကို ပြောသည်။
သူက “ထောင်ထဲမှာ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု၊ မြန်မာနိုင်ငံသားတွေ ငယ်ငယ်ကတည်းက စားသောက်လာရတဲ့ အစားအသောက်တွေ စားနိုင်ဘို့ လိုတယ်။ သွားတိုက်တံ၊ သွားတိုက်ဆေးကအစ၊ လုံလောက်တဲ့ ပံ့ပိုးမှု ရရှိဘို့ လိုတယ်။ ဒါတွေအားလုံးက နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဖြစ်တယ်။ တခြား နိုင်ငံရေး အကျဉ်းသားတွေနည်းတူ ရသင့်ရထိုက်တာ ရပြီးတော့ ခွဲခြားဆက်ဆံ ခံနေတာမျိုး မဖြစ်ဘို့ ကျနော်တို့ တောင်းဆိုခဲ့တယ်” ဟု ပြောသည်။
ကိုကင်က “အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးရယ်၊ ၃၄ ယောက် အဖမ်းခံနေရတဲ့ ကိစ္စတွေကို ကျနော်တို့ အဓိကထား ပြောခဲ့တယ်။ နောက်ပြီးတော့ ဒီမိုကရေစီကို ချစ်မြတ်နိုးတဲ့၊ လူ့အခွင့်ရေးကို အထူးလေးစားလိုက်နာတဲ့ အနောက် ဘင်ကော (West Bengal) ပြည်သူတွေကို မြန်မာ့ ဒီမိုကရေစီ အရေးကို အားပေးကြဘို့ တိုက်တွန်းခဲ့တယ်” ဟု ပြောသည်။

No comments: