Monday, February 4, 2008

နအဖ သည် ဥပဒေပြဋ္ဌာန်းချက်များကို ချိုးဖောက်နေဟု အန်အယ်ဒီက ဝေဖန်

သန်းထိုက်ဦး
ချင်းမိုင်။ ။ တရားဥပဒေစိုးမိုးရေးကို အစဉ်တစိုက် ကြွေးကြော်နေသည့် နအဖ သည် လက်တွေ့အားဖြင့် အကောင်အထည်ဖော်ရန် လိုအပ်နေသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယမန်နေ့က ဝေဖန်လိုက်သည်။
ရွှေဝါရောင် တော်လှန်ရေးအပြီး နအဖ သည် ပါတီအဖွဲ့ဝင်များအပါအဝင် ဒီမိုကရေစီ လိုလားသူများအား ဖမ်းဆီး ချုပ်နှောင်ထားသည့်အပြင် တည်ရှိဆဲ ထောင်ဥပဒေအား ချိုးဖောက်ကာ ညှဉ်းပမ်းနှိပ်စက်မှုများ ပြုလုပ်နေသည့်အပေါ် အဖွဲ့ချုပ်က ပထမဆုံးအကြိမ် ကြေညာချက် ထုတ်ပြန်၍ ပြောကြားလိုက်ခြင်း ဖြစ်သည်။
အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “တိုင်းပြည်မှာ တရားရေးမဏ္ဍိုင် ယိမ်းယိုင်နေလို့ရှိရင် ဘယ်တိုင်းပြည်မှာ ဘယ်စနစ်မှ မထွန်းကားဘူး။ အဲဒီတော့ တရားရေးမဏ္ဍိုင်က အရေးကြီးတယ်။ ဒီလို တရားဥပဒေမဲ့ လုပ်ရပ်တွေ ရပ်ဆိုင်းဖို့ လိုတယ်။ ဒါက ကျနော်တို့ ရည်ရွယ်ချက်ပါ” ဟု မဇ္ဈိမကို ပြောသည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီ အလုပ်အမှုဆောင် အဖွဲ့ဝင်များ တွေ့ဆုံအပြီး နောက်တရက်တွင် ထုတ်ပြန်သော အဆိုပါ ကြေညာချက်တွင် နအဖ စစ်အစိုးရအနေနှင့် နိုင်ငံတကာဥပဒေ၊ မြန်မာပြည်၏ တည်ဆဲဥပဒေများအား ချိုးဖောက်သော လုပ်ရပ်များ ရပ်တန့်ပေးရန် အဖွဲ့ချုပ်က တောင်းဆိုခြင်း ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၉ တွင် ပါရှိသော ‘မည်သူမျှ ဥပဒေအရ မဟုတ်သော ဖမ်းဆီးခြင်းကို ဖြစ်စေ၊ ချုပ်နှောင်ခြင်းကိုဖြစ်စေ၊ ပြည်နှင်ခြင်းကို ဖြစ်စေ မခံရ’၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ - ၆၁ တွင် ‘ဖမ်းဆီးထားသူအား ၂၄ နာရီထက် ကျော်လွန်၍ ချုပ်မထားရခြင်း’နှင့် ပုဒ်မ - ၈၁ တွင် ‘ဖမ်းဆီးခံရသူအား တရားရုံးသို့ နှောင့်နှေးကြန့်ကြာခြင်း မရှိဘဲ ခေါ်ဆောင်သွားရခြင်း’ စသည့် ပြဋ္ဌာန်းချက်များအား ဆန့်ကျင်နေသည်ဟု ကြေညာချက်တွင် ဝေဖန်ထားသည်။
ထို့နောက် အကျဉ်းထောင်များ အက်ဥပဒေပုဒ်မ ၂၇ (၃) တွင် ‘အပြစ်ဒဏ်မကျခံရသေးသော ရာဇဝတ် အကျဉ်းသားများအား ခွဲခြားချုပ်နှောင် ထိန်းသိမ်းရမည်’၊ အကျဉ်းထောင်လက်စွဲ အပိုဒ် - ၄၁၅ (၃) တွင် ‘အချုပ် အကျဉ်းသားများအား ထောင်ကျ အကျဉ်းသားများနှင့် ခွဲခြား ထားရှိရမည်’ စသော ညွှန်ကြားချက်များနှင့် ကွဲလွဲနေသည်ဟုလည်း ဆိုသည်။
ဥပမာအချို့အဖြစ် အာဏာပိုင်များသည် မကွေးတိုင်း၊ တောင်းတွင်းကြီးမြို့နယ် အဖွဲ့ချုပ် စည်းရုံးရေးအဖွဲ့မှ ဒုတိယ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့အား လက်နောက်ပြန် လက်ထိပ်ခတ် ဖမ်းဆီးခြင်း၊ ထမင်းစားချိန်မှအပ လက်ထိပ် ခတ်ထားခြင်းတို့ကို ပြုလုပ်ခဲ့ခြင်း၊ အလွန်အမင်း တင်းကျပ်စွာ ရှာဖွေမှုများ ပြုလုပ်ခြင်းနှင့် ကိုယ်အင်္ဂါ အနာတရ ဖြစ်စေရန် ရှာဖွေခဲ့ခြင်းတို့ကို ပြောဆိုထားသည်။
၂ဝဝ၇ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်းက သံဃာလူထု လှုပ်ရှားမှုကြီး နောက်ပိုင်း တတိုင်းပြည်လုံးတွင် အဖွဲ့ချုပ်ဝင် ၁ဝဝ ခန့် ဖမ်းဆီးခဲ့ကြောင်း အဖွဲ့ချုပ်က ဆိုသည်။

No comments: