Wednesday, February 13, 2008

ကဒ်ဖုံးလာမယ်ဆိုလို့ မိုဘိုင်းဈေးကျသွား

မဇ္ဈိမသတင်းဌာန
ရန်ကုန်။ ။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ခေါ်ဆိုခကို ကြိုတင် ငွေချေစနစ်သုံး မိုဘိုင်းဖုံး အသစ်များ ရောင်းချပေးတော့မည် ဆိုသော သတင်းများ ထွက်ပေါ်နေသောကြောင့် တယ်လီဖုံး ပါမစ်ဈေးများ ကျဆင်းလာသည်။
လွန်ခဲ့သည့် သီတင်းပတ်က တယ်လီဖုံးနံပါတ် ၀ယ်ယူကိုင်ဆောင်ခွင့် ခွင့်ပြုချက် တစောင်လျှင် ငါးသိန်းကျပ်မှ ယနေ့တွင် လေးသိန်းသို့ ဈေးထိုးကျသွားသည်။
မြန်မာနိုင်ငံတွင် ပထမဆုံး မိတ်ဆက်ဖြစ်လာမည့် ကြိုတင်ငွေချေ (Pre-Paid) ခေါ်ဆိုခ ကဒ်များကိုတော့ စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးတေဇပိုင် ကုမ္ပဏီက ထုတ်လုပ် ရောင်းချသွားမည်ဟု စီးပွားရေး သတင်းရပ်ကွက်က ပြောသည်။ ဒေသခံများက ထိုဖုံးများကို ကဒ်ဖုံးဟု ခေါ်ဝေါ်ကြသည်။
ကြိုတင်ငွေချေ ကဒ်များသည် မြန်မာ့ဆက်သွယ်ရေးမှာ ထုတ်ပေးမည့် တယ်လီဖုံးများနှင့်သာ အသုံးပြု၍ ရမည်ဖြစ်သည်။ ဖုံးခေါ်ဆိုခမှာ အ၀င်ရော၊ အထွက်ပါ ပေးဆောင်ရမည် ဖြစ်ပြီး လက်ရှိ အသုံးပြုနေသော အသုံးပြုပြီးမှ ငွေချေစနစ် Post-Paid သုံး ဂျီအက်စ်အမ် ဖုံးများ၏ နှစ်ဆ ဖြစ်မည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် တယ်လီဖုံး ဆက်သွယ်ရေး လုပ်ငန်းကို အစိုးရက အလုံးစုံ ထိန်းချုပ်ထားပြီး ဖုံးသွယ် ကိုင်ဆောင်လိုသူသည် မြန်မာ့ဆက်သွယ်ရေးသို့ စာရေးလျှောက်ထားရသည်။ သက်ဆိုင်ရာ အာဏာပိုင်များနှင့် နီးစပ်သူများက တယ်လီဖုံး ကိုင်ဆောင်ခွင့် ပါမစ်များ အလွယ်တကူ ရရှိပြီး ပြန်လည် ရောင်းချခြင်းဖြင့် အမြတ်ရကြသည်။
တယ်လီဖုံးနံပါတ် ရောင်းဝယ်လုပ်ငန်း၊ ပွဲစားလုပ်ငန်းနှင့် တယ်လီဖုံး ငှားရမ်းသုံး လုပ်ငန်းများလည်း ခောတ်စားလာခဲ့သည်။
ဂျီအက်စ်အမ်၊ ဆယ်လူလာ၊ စီဒီအမ်အေ ဟူ၍ ကွဲပြားသော နည်းပညာသုံး လက်ကိုင်ဖုံးများ ရှိပြီး ဂျီအက်စ်အမ်မှာ လူကြိုက်အများဆုံး ဖြစ်ကာ တလုံးလျှင် လက်ရှိအချိန်တွင် ကျပ် ၁၇ သိန်းခန့် ဈေးပေါက်သည်။
စီးပွားရေး လုပ်ငန်းရှင် တဦးက “အစိုးရက ပိုက်ဆံ သိပ်လိုနေတယ်။ ဖုံးတွေ အများကြီးချပေးဖို့ လုပ်နေတော့ ဈေးက ထိုးကျသွားတာ” ဟု မဇ္ဈိမသို့ ပြောသည်။
တယ်လီဖုံး ပေါက်ဈေးသည် ဒေါ်လာဈေး အတက်အကျနှင့် တိုင်းပြည် တည်ငြိမ်မှု အပေါ်တွင်လည်း အလွန် တည်မှီနေပြီး လွန်ခဲ့သည့် ၄၅ ရက်က ဂျီအက်စ်အမ် မိုဘိုင်းတလုံး ကျပ် ၂၄ သိန်းပေါက်ခဲ့သည်။

No comments: