Wednesday, February 13, 2008

တိုင်းရင်းသားတပ်များ ပူးပေါင်းရေး ရှမ်းတောင်ပိုင်း တောင်းဆို

နေသွင်
ချင်းမိုင်။ ။ တိုင်းရင်းသား လက်နက်ကိုင်တပ်များ ပူးပေါင်းသင့်ပြီဟုဆိုကာ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) က စစ်အစိုးရကို ပုန်ကန်နေသော အဖွဲ့အစည်းများကို တောင်းဆိုလိုက်သည်။
“ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ ပူးပေါင်းမှ၊ ကျနော်တို့ တသွေးတသံတည်း ထွက်လာမှ၊ ကျနော်တို့ လိုချင်တဲ့ အခွင့်အရေးတွေ တောင်းဆိုလို့ရမှာ ဖြစ်ပါတယ်။ ကျနော်တို့ သွေးစည်းညီညွတ်ဖို့ အချိန် ရောက်လာပြီး။ ကျနော်တို့ သွေးစည်းညီညွတ်ဖို့ ဥက္ကဌကြီးက တောင်းဆိုတာပါ။” ဟု ရှမ်းပြည်တပ်မတော် - တောင်ပိုင်း (SSA-S) ၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းလောဝ်ဆိုင်က မဇ္ဈိမသို့ ပြောသည်။
စစ်တပ်က နိုင်ငံ အုပ်ချုပ်ရေးတွင် တရားဝင် ပါဝင်လက်ဦးမှု ရယူနိုင်စေရေး အာမခံသည့် ဖွဲ့စည်း အုပ်ချုပ်ပုံ မူကြမ်းကို ဆန္ဒခံယူပွဲ လုပ်မည့်ကာလ ကြေညာချက် ထွက်ပေါ်လာပြီးနောက် အားကောင်းသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခု၏ ပေါင်းစည်းရေးအသံ ထွက်ပေါ်လာခြင်း ဖြစ်သည်။
စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲပြီးနောက် ပြီးခဲ့သည်နှစ်ကမှ ပြန်လည် တောခိုလာသော ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ခွန်သူရိန်က ရှမ်းတောင်ပိုင်း၏ ဖိတ်ခေါ်မှုကို ကြိုဆိုလိုက်သည်။
“လက်နက်ကိုင်တွေက စစ်ရေးလှုပ်ရှားမှုတွေဟာ သူဟာနဲ့သူ ရှိနေတဲ့အခါကျတော့ တပြိုင်တည်း မဟုတ်ဘဲနဲ့ ဟိုနားစပ်စပ်၊ ဒီနားစပ်စပ် ဖြစ်နေတော့ ထိရောက်သင့်သလောက် မရှိဘဲ၊ အောင်မြင်သင့်သလောက် မရဘူး။ တစည်းတလုံးတည်း၊ တသွေးတည်း၊ တသံတည်း၊ တသံတည်း ဖြစ်လာရင် ဒီ တပ်ပေါင်းစုမှာ ပိုပြီး မျှော်လင့်သလို့ တပ်ပေါင်းစု ဖြစ်ပေါ်လာဖို့ကို မျှော်လင့်သလို ဖြစ်ပေါ်လာဖို့ကိုလည်း ကြိုဆိုပါတယ်” ဟု ခွန်သူရိန်က ပြောသည်။
သို့သော် လက်နက်ကိုင် တပ်များ အချင်းချင်း ညီညွတ်ရေးအတွက် တူညီသော လုပ်ပိုင်ခွင့်များ ထားပေးရန် လိုအပ်သည်ဟု သူက ပြောသည်။
“အခြေအနေ တစုံတရာ ပြောင်းလဲသွားရင်၊ နအဖရဲ လှုပ်ရှားမှုတွေ ပြောင်းလဲသွားမယ် ဆိုရင် ပြန်ပြီး စုစည်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ညီလာခံရဲ့ ရလဒ်အတိုင်း အတင်းအဓမ္မ လုပ်ဆောင်သွားမယ် ဆိုရင် ပိုမို ပြောင်းလဲသွားပြီးတော့ လက်နက်ကိုင်ထားတဲ့ အဖွဲ့အချင်းချင်း ပိုမို နီးစပ်မယ့် အခြေအနေ ပိုများပါတယ်” ဟု ခွန်သူရိန်က ပြောသည်။
ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) သည် လက်နက်ကိုင် အင်အား (၅ဝဝဝ) ကျော် ရှိသည်ဟု ခန့်မှန်းကြပြီး၊ အပစ်ရပ် အဖွဲ့တဖွဲ့ ဖြစ်သော ရှမ်းပြည် အမျိုးသား တပ်မတော် (SSNA) က ၂ဝဝ၅ ခုနှစ်တွင် လာရောက် ပူးပေါင်းပြီး နောက်ပိုင်းတွင် အင်အား ပိုမို တောင့်တင်းလာခဲ့သည်။
စစ်ဘက်သတင်းများအရ တိုက်ပွဲကြီးများ အကြီးအကျယ် ဆင်နွဲခဲ့ကြသော (SSA-S) နှင့် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) အကြား ပူးပေါင်း ဆောင်ရွက်ရေးအတွက် နှစ်ဘက်ကြိုးပမ်းမှုများ ရှိနေခဲ့သည်ဟု သိရသည်။
၂ဝဝ၆ ခုနှစ် မှစတင်ကာ နှစ်ဖက် နားလည်မှုများ ရရှိလာကြောင်း စိုင်းလောဝ်ဆိုင် ကလည်း အတည်ပြု ပြောကြားသွားသည်။
၁၉၈၉ ခုနှစ်ကတည်းက စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသော ‘ဝ’ တပ်သည် လက်နက်ကိုင်အင်အား အနည်းဆုံး ၂၅ဝဝဝ ရှိမည်ဟု စစ်ဘက် ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။
စစ်အစိုးရဘက်က ‘ဝ’ ကို လက်နက်ချရေး ဖိအားပေးမှုများ ရှိခဲ့ပြီး၊ နယ်မြေကိုလည်း ထိုင်းနယ်စပ်မှ တရုတ်နယ်စပ်သို့ ရွှေ့ပြောင်းရန် တောင်းဆိုခဲ့ပြီး နောက်ပိုင်းတွင် ရှမ်းပြည်တပ်များ အချင်းချင်းကြားတွင် ဆက်ဆံရေး ကောင်းမွန်လာပုံ ရသည်ဟု သုံးသပ်သူများက ပြောသည်။
ရှမ်းသံတော်ဆင့် သတင်းစဉ်၏ အယ်ဒီတာ ဦးခွန်စိုင်းက “နံပါတ် (၁) က ‘ဝ’ ရဲ့ ရပ်တည်ချက်ပေါ် မူတည်တယ်။ နံပါတ် (၂) က နအဖရဲ့ ဖိအားပေါ် မူတည်တယ်။ ဝ ရဲ့ ရပ်တည်ချက်က သူကို မတိုက်ရင် မတိုက်ဘူး၊ သူ့ကို တိုက်ရင် ပြန်ချတာပဲ၊ ဒီနေရာမှ နအဖအပေါ် မူတည်တာပေါ့၊ မနှစ်ကတော့ နအဖက သူတို့ တိုက်မလိုလို လုပ်ပြီး နောက်ဆုတ်လိုက်တယ်။ အဲဒီတော့ အခု ဒီအခြေအနေက ဘာလဲဆိုတော့ ဝ နဲ့ SSA ကြားထဲမှာ SSA ကို နံပါတ် (၁) ထားပုံရတယ်။” ဟုပြောသည်။
စစ်အစိုးရသည် လမ်းပြမြေပုံ၏ အပိုင်းတခု ဖြစ်သော လူထုဆန္ဒ ခံယူပွဲကို လာမည့်မေလတွင် ကျင်းပပြီး ရွေးကောက်ပွဲကို လာမည့် ၂ဝ၁ဝ တွင်ကျင်းပမည်ဟု ယခုလ (၉) ရက်နေ့က ကြေညာထားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုပြီးလျှင် အပစ်ရပ်အဖွဲ့ အားလုံးကို လက်နက် ဖျက်သိမ်းနိုင်ဖွယ် ရှိသည်ဟု သုံးသပ်မှုများ ထွက်ပေါ်နေချိန်တွင် စစ်အစိုးရဘက်ကလည်း အပစ်ရပ် အဖွဲ့များကို ဖိအားပေးမှုများ ဆက်တိုက် လုပ်ဆောင်နေသည်။

No comments: