Thursday, January 31, 2008

တောင်သူလယ်သမား အရေးတော်ပုံ ပေါ်ပေါက်ရေး တောင်ကုတ်တွင် စာကပ်

ထိန်လင်း

နယူးဒေလီ။ ။ တောင်းဆိုချက်များကို နအဖ မှ မလိုက်လျောလျှင် လာမည့်ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဒုတိယအကြိမ် တောင်သူလယ်သမား အရေးတော်ပုံ ဖြစ်ပေါ်လာနိုင်သည် ဟူသည့် စာရွက်များ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ လမ်းဘေးများတွင် ယနေ့ ကပ်ထားသည်။

ဒေသအာဏာပိုင်များမှ တောင်သူလယ်သမားများ အပေါ် ဖိနှိပ်မှုများ ရပ်တန့်စေပြီး အဓိပ္ပာယ် ပြည့်ဝသည့် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများကို နအဖ အနေနှင့် အမြန်ဆုံး မလုပ်ဆောင်ပါက လာမည့် ပြည်ထောင်စုနေ့တွင် အရေးတော်ပုံကြီး ဖြစ်ပေါ်လာနိုင်ကြောင်း ရခိုင်ပြည် တောင်သူလယ်သမားများ အစည်းအရုံး၏ လက်မှတ်ဖြင့် ရေးသားထားသည့် တောင်းဆိုချက်များကို တောင်ကုတ်-ကျောက်ဖြူ ကားလမ်းတလျှောက် လမ်းဘေးသစ်ပင်များတွင် ကပ်ထားကြောင်း တောင်ကုတ်မြို့ခံများ အဆိုအရ သိရခြင်း ဖြစ်သည်။

ဒေသခံတဦးက “နေ့လည် တနာရီလောက်က တောင်ကုတ်-ကျောက်ဖြူ ကားလမ်းဘေး သစ်ပင်တွေမှာ စာကပ်ထားတာ တွေ့ခဲ့တယ်ဗျ။ စာထဲမှာကတော့ တောင်သူ လယ်သမားတွေရဲ့ တောင်းဆိုချက်တွေ ရေးထားတာ တွေ့ခဲ့တယ်”ဟု ပြောသည်။

စာထဲတွင် တနိုင်ငံလုံးရှိ တောင်သူလယ်သမားများအပေါ် ဒေသ အာဏာပိုင်များက ဖိနှိပ်နေသည့် စစ်တပ်အတွက် အတင်းအဓမ္မ စပါးဝယ်ယူခြင်းအား အမြန်ဆုံး ရပ်တန့်ပေးရန်နှင့် ဒေသ၏ ရာသီဥတု၊ ရေမြေ အနေအထားအရ စိုက်ပျိုးရန် မကိုက်ညီသော အသီးအနှံများကို အတင်းအဓမ္မ စိုက်ခိုင်းခြင်း မပြုရန် တောင်းဆိုထားသည်။

ထို့အပြင် နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွှတ်ရန်၊ ၉ဝ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုရန်၊ စက်တင်ဘာ လှုပ်ရှားမှုအတွင်း ရဟန်းရှင်လူ ကျောင်းသားပြည်သူများ ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခြင်းအပေါ် ပြည်သူများ ကျေနပ်သည်အထိ တောင်းပန်ရန်၊ စစ်မှန်သော တန်းတူညီမျှသော တရားဥပဒေ စိုးမိုးသော ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပြည့်ဝသော ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တိုင်းရင်းသားလူမျိုး ခေါင်းဆောင်များ၊ နိုင်ငံရေး ခေါင်းဆောင်များနှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေး အဖြေရှာရန်လည်း ရေးသားထားသည်။

အခြား ဒေသခံ တဦးကလည်း တောင်းဆိုချက်များအတိုင်း လာမည့် ပြည်ထောင်စုနေ့ ဖြစ်သော ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် နောက်ဆုံးထား လိုက်လျောရန်နှင့် မလိုက်လျောလျှင် ဒုတိယအကြိမ် တောင်သူလယ်သမား အရေးတော်ပုံကြီး ပေါ်ပေါက်လာလိမ့်မည်ဟု ရေးသားထားသည်ဟု ပြောသည်။

ယခုစာထဲတွင် ပါဝင်သည့် နိုင်ငံရေး တောင်းဆိုချက်များနှင့် တူညီသည့် အချက်များကို ပြည်ထောင်စုနေ့ မတိုင်မီ အမြန်ဆုံး ဖြည့်ဆည်းပေးရန်အတွက်လည်း ပြည်တွင်းရှိ ၈၈ မျိုးဆက် ကျောင်းသားများ၊ ဗကသ အပါအဝင် လူမှုလူတန်းစားအစုအဖွဲ့ ၁၂ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် လူထုလှုပ်ရှားမှု ကြီးကြပ်ရေး ကော်မတီကလည်း ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့ကလည်း နအဖ ကို တောင်းဆိုခဲ့သေးသည်။

မြန်မာပြည်တွင် ကလေးစစ်သား အသုံးပြုနေဆဲ

သန်းထိုက်ဦး

ချင်းမိုင်။ ။ နအဖ စစ်အစိုးရက မြန်မာနိုင်ငံတွင် ကလေးစစ်သားမရှိဟု ငြင်းဆိုနေခြင်းသည် မှန်ကန်မှု မရှိကြောင်း လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) HREIB က ယနေ့တွင် တုံ့ပြန် ပြောဆိုလိုက်သည်။

ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ‘ပြည်ပြေး သစ္စာဖောက် အဆိုးမြင်ဝါဒီများ ပြည်ပ မီဒီယာများနှင့် ပူးပေါင်းပြီး၊ မြန်မာ့ တပ်မတော်၌ ကလေးစစ်သားများ ရှိနေသည်ဟု မဟုတ်မမှန် လုပ်ကြံ ဝါဒဖြန့်နေသည်’ ဟု ဖော်ပြထားပြီး၊ ‘တပ်မတော်အနေဖြင့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်နေသည်’ ဟု ရေးသားဖော်ပြချက်ကို ထိုင်းနိုင်ငံအခြေစိုက် HREIB က မှန်ကန်မှုမရှိကြောင်း ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကလေးတွေကို စစ်သားအဖြစ် စုဆောင်းတဲ့ သတင်းတွေ ရနေတုန်းပဲ။ မကြာခင်က ကြည့်မြင်တိုင်ဈေးမှာ ငါးရောင်းနေတဲ့ ကလေးတွေကို တပ်ကြပ်ကြီး တယောက်က လာဝယ်သွားပြီး စစ်သား စုဆောင်းရေး စခန်းကို ခေါ်သွားတယ်ဆိုတာ သတင်းရတယ်။ ရန်ကုန်မြို့လို နေရာမျိုးမှာတောင် ဒီလိုမျိုး အတင့်ရဲပြီး ကလေးတွေကို စစ်တပ်ထဲ ပို့ဆောင်နေတယ် ဆိုရင် မြန်မာနိုင်ငံ တဝှမ်းလုံးမှာ ဘယ်လောက်ထိ ဆိုးနေလဲ။ တွက်ဆလို့ ရတယ်။
အခုအချိန်ထိ ကလေးတွေကတော့ စစ်တပ်ထဲမှာ ရှိနေတုန်းပဲ” ဟု အဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက မဇ္ဈိမကို ပြောသည်။

နအဖ သတင်းစာတွင် အာဏာပိုင်များသည် အရွယ်မရောက်သေးသည့် ကလေးများအား တပ်မတော်အတွင်း ဝင်ရောက်လာသည်ကို လက်မခံသလို၊ ကလေးများ၏ အကျိုးစီးပွားအတွက် ထုတ်ပြန်ထားသည့် ဥပဒေ အမိန့်နှင့် ညွှန်ကြားချက်အတိုင်း အောက်ခြေ အဖွဲ့အစည်းများက တိကျစွာ လိုက်နာဆောင်ရွက်ရေးကို ကြီးကြပ်သွားရန် ဆက်လက် ဖော်ပြထားသည်။

“မရှိဘူး ငြင်းနေတယ်။ လုပ်ပါတယ် ဆိုပြီးတော့ ပါးစပ်နဲ့ ပြောနေရုံနဲ့ ကလေးစစ်သားကိစ္စက ပပျောက်သွားမှာ မဟုတ်ပါဘူး” ဟု ဦးအောင်မျိုးမင်းက ပြောသည်။

သို့သော် နိုင်ငံတကာ လူ့အခွင့်ရေး စောင့်ကြည့်လေ့လာသူများ (Human Right Watch) ၏ နိုင်ဝင်ဘာလ အစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ ကလေးစစ်သားပေါင်း ၆ဝဝဝဝ (ခြောက်သောင်း) ကျော် ရှိသည်ဟု ဖော်ပြထားသည်။

ဦးအောင်မျိုးမင်းက “ဒီလိုမျိုး ကိန်းဂဏန်းဟာ မှန်ကန်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုရင် အခုအချိန်ထိ ထွက်ပြေးလာတဲ့ ကလေးတွေရဲ့ ပြောကြားချက်တွေ၊ နောက်တခါ ပြည်တွင်းမှာ ရရှိတဲ့ မိဘတွေ တိုင်ကြားချက်တွေ ဆိုလို့ရှိရင် ဒီလောက် အနေအထားမျိုးဟာ ခိုင်လုံတယ်လို့ တွက်ဆလို့ရတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလတွင် ကချင်ပြည်နယ် ပူတာအိုမြို့ရှိ လီဆူ တိုင်းရင်းသား ဆယ်ကျော်သက်အရွယ် အထက်တန်းကျောင်းသား ၁၂ဝ အား အာဏာပိုင်များက စစ်သင်တန်းပေးရန် အဓမ္မ ခေါ်ဆောင်သွားပြီးနောက် စစ်သားစုဆောင်းရေးမှ ၁ဝ ဦးခန့်သည် ပြန်လည် လွတ်မြောက်လာခဲ့သည်ဟု ဒေသခံများမှတဆင့် သိရှိရကြောင်း ကချင် တမျိုးသားလုံးဆိုင်ရာ ကျောင်းသားလူငယ်များ သမဂ္ဂ (AKSYU) မှ ဒု ဥက္ကဌ ကိုလီယိုနတ် က မဇ္ဈိမကို ပြောသည်။

သူက “မနှစ်တုန်းက အရေးအခင်း ဖြစ်ပြီးတဲ့နောက်ပိုင်း အောက်တိုဘာလမှာပေါ့နော်။ ပူတာအိုမြို့နယ်က ဆယ်ကျော်သက် ရဝမ်၊ လီဆူ လူငယ်တွေနဲ့ အထက်တန်းကျောင်းသား ၁၂ဝ ကျော်ပေါ့နော်။ စစ်သင်တန်း ပေးမယ်ဆိုပြီး သူတို့ကို အတင်းအဓမ္မ ခေါ်သွားတယ်။ ရန်ကုန်ဘက်ကို ခေါ်သွားတယ်။ ၁ဝ ယောက်ကျော်က မလုပ်ချင်ဘူးလို့ အတင်းငြင်းတော့ အခုလောလောဆယ် အိမ်ပြန်လွှတ်လိုက်တယ်။ ကျန်တဲ့ ၁ဝ၈ ယောက်ကတော့ ခလရ ၄၆ လက်အောက်မှာ စစ်မှုထမ်းနေတယ်လေ” ဟု ပြောသည်။

စစ်အစိုးရအနေနှင့် ကလေးသူငယ်များအား စစ်မှုထမ်းရန် အဓမ္မ စုဆောင်းနေခြင်းအား ရပ်တန့်ရေး လုပ်ဆောင်ရာ၌ အားနည်းနေကြောင်းနှင့် တိုင်ကြားမှုများကို အမြန်ဆုံး ဖော်ထုတ် အရေးယူရန် အရေးကြီးကြောင်း ဦးအောင်မျိုးမင်းက ဆက်ပြောသည်။

သူက “နအဖ အနေနဲ့ ကလေးစစ်သား အသုံးပြုမှုကို တကယ်ပဲ ရပ်တန့်တယ်ဆိုတဲ့ အကြောင်းအရာ ပြချင်ရင် တိုင်ကြားမှုတွေကို အမြန်ဆုံး ဖော်ထုတ်ပြီး စစ်တပ်ကနေ ထုတ်သင့်တယ်။ တိုင်ကြားနိုင်တဲ့ ယန္တယားတခု မြန်မာပြည်မှာ လူတွေအားလုံး သိအောင် တည်ဆောက်ဖို့ လိုတယ်။ နောက်တခါ ထွက်ပြေးလာတဲ့ ကလေးတွေ ရှိတယ်။ စစ်တပ်က ပြန်ထွက်လာတဲ့ ကလေးတွေကို ကလေးတွေရဲ့ ဘဝအတိုင်း ပြန်ရောက်အောင်၊ ပျိုးထောင်ပေးရအောင် အစီအစဉ်တွေ လုပ်ဆောင်မှသာ ဒီ ကလေးစစ်သား ပပျောက်မယ်” ဟု ပြောဆိုသည်။

မြန်မာနိုင်ငံမှာ ကြက်ငှက်တုပ်ကွေးရောဂါပိုး မရှိ

ဖနိဒါ

ချင်းမိုင်။ ။ မြန်မာ့အိမ်နီးချင်း နိုင်ငံများတွင် ယခုရက်ပိုင်းအတွင်း ကြက်ငှက်တုပ်ကွေး ရောဂါပိုး တွေ့ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း မြန်မာနိုင်ငံတွင် ရောဂါဖြစ်ပွားခြင်း မရှိသေးကြောင်း UNICEF က ထုတ်ဖော် ပြောဆိုသည်။

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ခ်ျတွင် ရောဂါ ဖြစ်ပွားနေသဖြင့် ကြက်ငှက်များ သုတ်သင်နေသော်လည်း မြန်မာနိုင်ငံအတွင်း ရောဂါဖြစ်ပွားသည့် အရိပ်အယောင် မမြင်ရသေးကြောင်း ရောဂါဆိုင်ရာ ပညာပေး အစီအစဉ်များ လုပ်ဆောင်ပေးနေသည့် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များ အရေးပေါ် ရံပုံငွေအဖွဲ့ (UNICEF) မှ ပြန်ကြားရေး တာဝန်ခံ တဦးက ပြောသည်။
“ကြက်ငှက်တုတ်ကွေး ဖြစ်ပွားတာတော့ လုံးဝမရှိပါဘူး။ မကြားသေးပါဘူး။ မနှစ်က နိုဝင်ဘာလတုန်းက ကြားပါတယ်။ အခုတော့ မရှိတော့ပါဘူး။ မနှစ်က ပြည်သူတွေကို ပညာပေးတာ တော်တော်လေးကို ပြန့်နှံ့ပါတယ်လေ။ ဒါပေမဲ့လည်း ပြောလို့ မရပါဘူး။ ပညာပေးသော်လည်းပဲ ဖြစ်ချင်ရင် ဖြစ်မှာပဲလေ” ဟု UNICEF မှ ပြန်ကြားရေးတာဝန်ခံ ဦးဖေတင်သိန်းက ပြောသည်။
UNICEF သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ကျန်းမာရေးနှင့် ပညာရေးဦးစီးဌာန၊ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့များနှင့် ပူးပေါင်းကာ ကြက်ငှက်တုပ်ကွေး ရောဂါဆိုင်ရာ လူထုဆက်သွယ်ရေး ပညာပေး သင်တန်းများကို လုပ်ဆောင်နေသည့်အဖွဲ့ ဖြစ်သည်။
“ပြည်သူလူထုကို ဆက်သွယ် ပညာပေးထားတော့ ပြည်သူလူထုက တော်တော်သိနေပါပြီ။ အထူးသဖြင့် ဟိုတုန်းက ကြက်သေ၊ ငှက်သေတွေကို တွေ့ရင် ဘယ်လို ဆောင်ရွက်ရမယ် ဆိုတာကို ကျနော်တို့ ပညာပေးတယ်လေ။ ဒီအတိုင်း သွားမကိုင်ဖို့၊ ထုံးဖြူးတာတို့ပေါ့နော်။ သင်ပေးထားတော့ ကျေးလက်တောရွာတွေမှာ တော်တော်လေးကို သိသွားကြတယ်” ဟု သူက ဆက်ပြောသည်။
ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) မှ ပြီးခဲ့သည့်နှစ် နိုင်ဝင်ဘာလ ၂၇ ရက်နေ့က ထုတ်ပြန်လိုက်သည့် ကြေညာချက် တရပ်တွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိ မနန်းခမ်းသန်း (၇ နှစ်) တွင် ကြက်ငှက်တုပ်ကွေး ရောဂါလက္ခဏာ တွေ့ရှိခဲ့သည်ဟု ဖော်ပြခဲ့သည်။
ယခုလို ကြက်ငှက်တုပ်ကွေး ဖြစ်ပွားခဲ့သည့် ယင်းဒေသများကို နောက်ဆက်တွဲ အခြေအနေများ လေ့လာရင်း၊ ပညာပေးသင်တန်းများ လုပ်ဆောင်ရန် UNICEF အဖွဲ့ဝင်များသည် ယမန်နေ့က ထွက်ခွာခဲ့ကြသည်။
ရန်ကုန်မြို့ရှိ တိရစ္ဆာန်ရောဂါ ရှာဖွေရေးနှင့် ကုသရေးဌာနမှ တာဝန်ရှိသူတဦးကလည်း လတ်တလော လေ့လာ စုံစမ်းချက်များအရ ကြက်ငှက်တုပ်ကွေး ရောဂါ ဖြစ်ပွားသည့်သတင်း မကြားရသေးကြောင်း ပြောဆိုသည်။
ယခုလ ၂၇ ရက်နေ့က ဘင်္ဂဘာဒေ့ခ်ျနိုင်ငံ ခရိုင် ၂၉ ခုရှိ ကြက်ခြံများတွင် H5N1 ရောဂါပိုး တွေ့ရှိခြင်းကြောင့် ကြက်မွေးမြူရေးခြံ ၉၃ ခုမှ ကြက်ကောင်ရေ ၃ သိန်းကျော် သုတ်သင်ဖယ်ရှားသည်။
အလားတူပင် ယခုလအတွင်း ထိုင်းနိုင်ငံ Nakhon Sawan နှင့် Phichit ခရိုင်များတွင်လည်း ကြက်ကောင်ရေ ၅၄ဝဝဝ သုတ်သင်လိုက်ရသည်။

Wednesday, January 30, 2008

အဆိုးဆုံးအတွက် ပြင်ဆင်ကြပါတော့ - ဒေါ်အောင်ဆန်းစုကြည်

"Prepare for worst", Suu Kyi tells Myanmar
Wed Jan 30, 2008 6:02am EST
By Aung Hla Tun
YANGON (Reuters) - Detained Myanmar opposition leader Aung San Suu Kyi is frustrated at a lack of talks on political reform with the ruling military junta since last year's bloody crackdown on dissent, her party said on Wednesday.

After a rare meeting between the Nobel peace laureate and leaders of her National League for Democracy (NLD), spokesman Nyan Win said Suu Kyi held out little hope that unprecedented international pressure on the generals would bear fruit.
"Let's hope for the best and prepare for the worst," he quoted her as saying, adding she worried that Wednesday's 90-minute meeting, and another immediately afterwards with junta liaison minister Aung Kyi, might give rise to "false hope".
Suu Kyi, who has been in prison or under house arrest for more than 12 of the last 18 years, also passed on details of her fourth and last encounter with Aung Kyi on January 11.
Nyan Win said she had told Aung Kyi, appointed as go-between after the September crackdown, that talks must include representatives of Myanmar's many ethnic groups, which have been struggling for autonomy or independence for five decades.
Suu Kyi also told her colleagues she feared she was being strung along by the junta, a group of generals who have turned promise-breaking into an art form, not least by ignoring their humiliating 1990 election defeat.
"She is not satisfied with meetings with Aung Kyi and with the lack of any time frame," Nyan Win said.
In another sign of junta intransigence, NLD number two Tin Oo, who like Suu Kyi has been under house arrest since May 2003, was barred from attending the meeting, held at a government guest house under heavy armed guard.
Ever since the crackdown, in which the United Nations says at least 31 people were killed, diplomats from Beijing to London to Washington have been pushing the junta to hold talks with Suu Kyi about moving towards civilian rule.
Despite admitting U.N. special envoy Ibrahim Gambari twice, the generals have failed to embark on any sort of program of negotiations, and human rights groups say they are continuing to arrest dissidents and democracy activists.
Police arrested a popular political blogger, Nay Phone Latt, at a Yangon Internet cafe on Tuesday, a local journalist who asked not to be named told Reuters.
The U.N.'s Gambari, who wanted to return to Myanmar before the end of 2007, is still waiting for a visa.

Suu Kyi and the NLD won an election landslide in 1990 but were denied power by the military, which has ruled in one form or another since a 1962 coup. During that time, the once-promising economy has collapsed.



ဒေါ်စုနှင့် ဒီချုပ် ခေါင်းဆောင်များ တွေ့ဆုံ

မုံပီး
နယူးဒေလီ။ ။ အဖမ်းဆီးခံ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ယနေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့် ပေးခဲ့သည်။
ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းနှင့်အတူ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် လူကြီးများသည် ရန်ကုန်ရှိ အစိုးရ ဧည့်ဂေဟာ တခုတွင် သူ့ကို သွားရောက် တွေ့ဆုံနေသည်ဟု ပါတီအရာရှိတဦး ဖြစ်သူ ဦးအောင်သိန်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို လွန်ခဲ့သည့် ၁၈ နှစ်တာကာလအတွင်း ၁၂ နှစ်ခန့် ဖမ်းဆီး ချုပ်နှောင်ထားခဲ့သည့် ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်မှ ဆွေးနွေးပွဲဆီသို့ အာဏာပိုင်များက ခေါ်ဆောင်သွားခဲ့သည်။
“သူတို့ ဘာတွေ ဆွေးနွေးမယ်ဆိုတာ ကျနော်တို့ မသိပါဘူး” ဟု ဦးအောင်သိန်းက ပြောဆိုကာ၊ အန်အယ်ဒီ ခေါင်းဆောင်များအကြား သီးသန့်တွေ့ဆုံပွဲ ဟုတ်၊ မဟုတ်ကိုမူ ရှင်းလင်းစွာ မသိသေးကြောင်း ဆက်ပြောသည်။
အံ့သြဘွယ်ရာ ဖြစ်ပေါ်လာသော အစည်းအဝေးသည် ၂ဝဝ၃ ခုနှစ် မေလကတည်းက သူ့ကို ဖမ်းဆီးခဲ့ပြီးနောက် ပါတီ ခေါင်းဆောင်များနှင့် ဒုတိယအကြိမ်မြောက် ဖြစ်သည်။
၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် ပထမအကြိမ် တွေ့ဆုံခွင့် ရခဲ့သည်။

ပြည်နယ်နှင့်တိုင်း ဘောလုံးပွဲကို ရှမ်းပြည်တွင် နေရာခွဲ ကျင်းပ

မျိုးကြီး

ရွှေလီ။ ။ ပြည်နယ်နှင့်တိုင်း လက်ရွေးစဉ် ဘောလုံးအသင်း အုပ်စုပွဲစဉ်များအား ရှမ်းပြည်နယ် (မြောက်ပိုင်း) မြို့နယ် ၃ ခုတွင် ယခုလ ၂၂ ရက်နေ့မှစ၍ နေရာခွဲကာ ကျင်းပနေပြီ ဖြစ်သည်။
ပြည်နယ်နှင့်တိုင်း အလွတ်တန်း လက်ရွေးစဉ် ဘောလုံးအသင်းများတွင် အုပ်စု ၄ စုရှိကာ အသင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်နေပြီး ကျောက်မဲမြို့တွင် အုပ်စုတစု၊ မူဆယ်တွင် အုပ်စုတစုနှင့် လားရှိုးမြို့တွင် အုပ်စု နှစ်စုခွဲကာ ကစားနေကြပြီး အကြိုဗိုလ်လုပွဲ ပွဲစဉ်များနှင့် ဗိုလ်လုပွဲများကိုမူ လားရှိုးတွင် ကစားသွားမည် ဖြစ်သည်။
ယခုလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ကွင်းဖွင့်ပွဲအား မူဆယ်မြို့၌ ကျင်းပပြီးနောက် အုပ်စုအဆင့် ကစားပွဲများ ယှဉ်ပြိုင်ကြရာ ပထမပွဲစဉ်အဖြစ် ကရင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအသင်း၊ ဒုတိယ ပွဲစဉ်အဖြစ် မန္တလေးတိုင်းနှင့် မွန်ပြည်နယ် အသင်းတို့ ကစားခဲ့ကြောင်း ဒေသခံ ပရိသတ်က မဇ္ဈိမကို ယခုလို ပြောသည်။
“ဖွင့်ပွဲနေ့ကတော့ လူတော်တော်စည်တယ်။ နေ့လည် ၁၂ နာရီလောက်ကတည်းက ရပ်ကွက်ထဲမှာ အသံချဲ့စက်နဲ့ မသွားမနေရ သွားဖို့ လိုက်အော်နေတယ်။ နောက် မူဆယ်မှာက ဒါ ပထမဆုံးပွဲ ဆိုတော့ ပရိသတ်က တော်တော် သွားကြတယ်။ နောက်ရက်တွေတော့ လူသိပ်မရှိတော့ဘူး” ဟု သူက ပြောသည်။
မူဆယ်တွင် အုပ်စုပွဲအဆင့် ဘောလုံးပွဲများကို ပတ်လည်ကစားကြရာ မန္တလေးအသင်းက ကရင်နှင့် မွန်ပြည်နယ် အသင်းကို အနိုင်ရရှိပြီး၊ စစ်ကိုင်းအသင်းကို ရှုံးနိမ့်သွားကာ စစ်ကိုင်းတိုင်းအသင်းသည် ကရင်နှင့် မန္တလေးအသင်းတို့ကို အနိုင်ရရှိခဲ့သည်။
“ကစားတာကတော့လေ မန္တလေးနဲ့ ကရင်နဲ့ ကျတယ်။ မန္တလေး နိုင်တယ်။ မွန်နဲ့ ပြန်ကန်တယ်။ မန္တလေးက ၂ ဂိုး ၁ ဂိုးနဲ့ နိုင်သွားတယ်။ နောက် စစ်ကိုင်းနဲ့ ကရင်ပြန်ကျတယ်။ စစ်ကိုင်း နိုင်တယ်။ မန္တလေးနဲ့ စစ်ကိုင်းနဲ့လည်း စစ်ကိုင်းက နိုင်သွားတယ်။ အခုအုပ်စုပွဲကျတော့ မန္တလေးတိုင်းအသင်းနဲ့ စစ်ကိုင်းတိုင်း အသင်းက အုပ်စုတက်သွားတာပေါ့” ဟု ဒေသခံက ပြောသည်။
မူဆယ်ဒေသခံ ဘောလုံးသမားတဦးက “အခုကန်တဲ့ ပွဲတွေကို ကြည့်ရတာပေါ့။ မွန်နဲ့ မန္တလေး ကန်တာတော့ သိပ်မဆိုးဘူး။ အဆိုးဆုံးက ကရင်အသင်းနဲ့ စစ်ကိုင်းအသင်း ကန်တာ။ ဘယ်လိုဖြစ်နေသလဲ ဆိုတော့ ပြည်နယ်အဆင့်တွေလို့ ပြောလို့ကို မရတော့ဘူး။ မြို့နယ်အဆင့် ကန်သလိုပဲ ဖြစ်နေတယ်လေ” ဟု သူက ပြောဆိုသည်။
ယခင်က ပြည်နယ်နှင့်တိုင်း ဘောလုံးပွဲများအား ရန်ကုန်၊ မန္တလေး မြို့ကြီးများတွင်သာ ကျင်းပလေ့ရှိပြီး ရှမ်းပြည်မြောက်ပိုင်းအတွင်း ကျင်းပခြင်းသည် ပထမဦးဆုံး ဖြစ်ကြောင်းနှင့် မြို့ကြီးများတွင် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ရှမ်းပြည်နယ်အတွင်း နေရာခွဲ ကျင်းပရခြင်း ဖြစ်ကြောင်း လုံခြုံရေးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှတဆင့် သိရသည်။
မူဆယ်မြို့တွင် ဘော်လုံးပွဲစဉ်များကို ယခုလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကစားခဲ့ခြင်း ဖြစ်သည်။

အရှင်ဂမ္ဘီရ အား ငြိမ်းချမ်းရေးဆု ချီးမြှင့်

ထိန်လင်း
နယူးဒေလီ။ ။ ဆရာတော် ဦးရေဝတ အမှတ်တရ ငြိမ်းချမ်းရေးဆုကို မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂ (အိန္ဒိယ) မှ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ဦးဆောင်ခဲ့သူ အရှင်ဂမ္ဘီရအား ချီးမြှင့်လိုက်သည်။
အိန္ဒိယနိုင်ငံ နယူးဒေလီရှိ ရှစ်လေးလုံး ကျောင်းတိုက်၌ ပြုလုပ်သော ဦးရေဝတ (၉) နှစ်မြောက် နှစ်ပတ်လည်နေ့၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂ (အိန္ဒိယ) မှ ဦးဆောင် ကျင်းပသည့် ဆွမ်းသွတ် အမျှဝေပွဲနှင့် ငြိမ်းချမ်းရေး ဆုပေးအပ်ပွဲမှ အရှင်ဂမ္ဘီရအား ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
“ငြိမ်းချမ်းရေးအတွက် သစ္စာတရားကို လက်ကိုင်ထားသူ၊ လူသေသော်လည်း နာမည်မသေတဲ့ ဦးရေဝတရဲ့ ၉ နှစ်ပြည့် အမှတ်တရ မေတ္တာပို့ အမျှဝေတဲ့ ပွဲဖြစ်တယ်။ တဆက်ထဲမှာပဲ ငြိမ်းချမ်းစွာ ဆန္ဒပြ မေတ္တာပို့ခဲ့တဲ့၊ သံဃာတော်တွေကို ဦးဆောင်ခဲ့တဲ့ အရှင်ဂမ္ဘီရကို ဦးရေဝတ အမှတ်တရ ငြိမ်းချမ်းရေးဆု ပေးအပ်တဲ့ အခမ်းအနား ဖြစ်တယ်” ဟု သမဂ္ဂ ဥက္ကဋ္ဌ ဆရာတော် ဦးပညာဝရက မိန့်ကြားသည်။
ဆုရရှိသော အရှင်ဂမ္ဘီရသည် လက်ရှိအချိန်တွင် အကျဉ်းချခံထားရပြီး ရွှေဝါရောင် တော်လှန်ရေးအတွင်း သံဃာတော်များကို ရဲရဲဝံ့ဝံ့ ဦးဆောင်ခဲ့သူ ဖြစ်သည်။ အရှင်ဂမ္ဘီရအား ဂုဏ်ပြု မှတ်တမ်းလွှာနှင့်အတူ အမေရိကန်ဒေါ်လာ ၅ဝဝ နှင့် ညီမျှသော မြန်မာငွေကို ချီးမြှင့်မည် ဖြစ်သည်။
၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီးတွင် မန္တလေးမြို့ သံဃသမဂ္ဂီ ဥက္ကဋ္ဌ ဖြစ်သူ ဆရာတော် ဦးရေဝတသည် ၁၉၉၉ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် မြန်မာစစ်အစိုးရ၏ ဖမ်းဆီးနှိပ်စက်မှု ခံခဲ့ရသည်။ ထောင်မှလွတ်၍ ၇ လခန့် အကြာတွင် ထောင်တွင်းရရှိသော ဒဏ်ရာကြောင့်ပင် ပျံလွန်တော်မူခဲ့သည်။
ယခု ဆုပေးခြင်းသည် စတုတ္ထအကြိမ်မြောက်ဖြစ်ပြီး အရှင်စန္ဒာသီရိ၊ တကိုယ်တော် ဆန္ဒပြသူ ဦးအုန်းသန်းနှင့် အရှင်ဉာန္ဒဝံသ တို့ကိုလည်း ချီးမြှင့်ခဲ့သည်။
ဆရာတော် ဦးပညာဝရက “သံဃာတွေရဲ့ လှုပ်ရှားမှုကို အားလုံးသိတဲ့အတိုင်း စက်တင်ဘာ လူထုလှုပ်ရှားမှုမှာ သက်သေပြပြီး ဖြစ်တယ်။ နောင်မှာလည်း လူထုလက်မခံတဲ့ တရားဥပဒေမဲ့ ဖိနှိပ် ညှဉ်းပမ်းမှုများကို အာဏာပိုင်တွေက ဆက်လုပ်နေအုံးမယ် ဆိုရင် တိုင်းပြည် ငြိမ်းချမ်းရေးဟာ ဝေးသထက် ဝေးသွားမှာပဲ။ တိုင်းပြည် ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ပြည်သူ့ဆန္ဒကို လိုက်လျောသင့်ပြီ” ဟု မိန့်ကြားသည်။

ချစ်ခင်သူများနှင့် သတင်းစာဆရာကြီး ဦးဝင်းတင်ကို တွေ့ဆုံခွင့်မပြု

နေသွင်

ချင်းမိုင်။ ။ ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးနောက် ရန်ကုန် ဆေးရုံကြီးတွင် ရှိနေသော အသက် (၇၈) နှစ်အရွယ်၊ ဟံသာဝတီ ဦးဝင်းတင်ကို သွားရောက် ကြည့်ရှုချင်သူများ ရှိနေသော်လည်း အာဏာပိုင်များက ခွင့်မပြုကြောင်း သိရသည်။
အာဏာပိုင်များသည် အိမ်ထောင်စု စာရင်းတွင်ပါသော ဦးမောင်မောင်ခင်နှင့် ဇနီးမှလွဲ၍ မိတ်ဆွေများ အားလုံးကို လူနာသတင်းမေးခွင့် ပိတ်ပင်ထားသဖြင့် သူထံသို့သာ လာရောက် သတင်းလာမေးနေကြရကြောင်း ဦးမောင်မောင်ခင်က မဇ္ဈိမသို့ ပြောသည်။
“အိမ်ထောင်စုဇယားမှာ ပါတဲ့လူတွေလောက်ပဲ တွေ့ခွင့် ရပါတယ်။ ကျန်တဲ့လူတွေ ဘယ်သူမှ မတွေ့ရပါဘူး” ဟု ယနေ့ နေလည်ပိုင်းတွင် ဦးဝင်းတင်ဆီ သွားရောက်ခဲ့သော ဦးမောင်မောင်ခင်က ပြောသည်။
လောလောဆယ်တွင် ဆေးရုံမှ ဆင်းရမည့်ရက် မသိသေးသော သတင်းစာ ဆရာကြီးသည် စိတ်ဓာတ်အရ “မယိမ်းမယိုင်” ရှိနေကြောင်းနှင့် “ငါသေမှပဲ လွတ်မှာ ဆိုရင်လည်း အရေးတော့မကြီးပါဘူး။ ဒါပေမယ့် ငါက ဒီမိုကရေစီရမှ သေမှာပါ” ဟု သူနှင့်တွေ့စဉ် ဦးဝင်းတင်က ပြောကြောင်း ဦးမောင်မောင်ခင်က ပြောသည်။
ဟံသာဝတီ သတင်းစာ အယ်ဒီတာဟောင်း ဖြစ်သော ဦးဝင်းတင်သည် ယခုလ (၂၅) ရက်နေ့က ခွဲစိတ်ကုသမှု ခံယူခဲ့သည်။ သူသည် ၁၉၈၉ ခုနှစ်ကတည်းက အင်းစိန်ထောင်တွင် အကျဉ်း ကျခံနေရသူ ဖြစ်ပြီး ဆေးရုံမှဆင်းလျှင် အင်းစိန်ထောင်တွင် ပြန်လည် အကျဉ်းချခံရမည် ဖြစ်သည်။

ရမ်ဘိုရုပ်ရှင်ကို မြန်မာများ ရုံလုံးပြည့် ကြည့်ရှုမည်

နေသွင်
ချင်းမိုင်။ ။ ကမ္ဘာတဝှမ်း ရုံတင်ပြသဆဲ မြန်မာပြည် နိုင်ငံရေး နောက်ခံဖြင့် ရမ်ဘို-၄ ရုပ်ရှင်ကို စင်ကာပူရောက် မြန်မာ (၃ဝဝ) ခန့်သည် တနင်္ဂနွေနေ့တွင် အနီရောင်ဆင်တူ ဝတ်ဆင်လျှက် သွားရောက် ကြည့်ရှုကြမည် ဖြစ်သည်။
ဘူဂစ်စ် Bugis ရုပ်ရှင်ရုံတွင် စင်္ကာပူစံတော်ချိန် ၆ နာရီ ပြသသည့်ပွဲကို မြန်မာများက စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး၏ သင်္ကတအဖြစ် အနီရောင် ဝတ်ဆင်ပြီး အားပေးကြမည် ဖြစ်သည်။
“ရွှေဝါရောင် တော်လှန်ရေးကို ကျနော်တို့ သတိရတဲ့အနေနဲ့ ထောက်ခံအားပေးတဲ့ အနေနဲ့ အင်္ကျီအနီ ဝတ်လာဖို့ ကျနော်တို့ တိုက်တွန်းလိုက်တယ်” ဟု တနင်္ဂနွေ ညနေပွဲကို စီစဉ်နေသူ၊ စင်္ကာပူ တက္ကသိုလ်မှ ကိုအောင်စရာပြည့်က ပြောသည်။
အထူးအစီအစဉ် အနေဖြင့် ရုပ်ရှင် မစမီတွင် ကမ္ဘာမကျေ သီချင်းကို ဖွင့်ပြမည့် အစီအစဉ် အပါအဝင် မြန်မာပြည်နိုင်ငံရေး နောက်ခံသမိုင်းများကို ဆလိုက်ရှိုးဖြင့် ပြသရန် စီစဉ်သူများနှင့် စင်္ကာပူမှ အာဏာပိုင်များ ဆွေးနွေးနေသည်။
ပြည်ပရောက် မျိုးချစ်မြန်မာများ အဖွဲ့မှ ကိုကြည်မင်းက “ပွဲမစခင်မှာ ကျနော်တို့ နိုင်ငံတော်အလံကို အလေးပြုမယ်။ နောက် ဦးသန့် အရေးအခင်းက ပုံရိပ်တွေ၊ နောက်ရွှေဝါရောင် တော်လှန်ရေးက ပုံရိပ်တွေ အဲဒါတွေကို ဆလိုက်ရှိုးနဲ့ ပြမယ် စိတ်ကူးထားပါတယ်” ဟု မဇ္ဈိမသို့ ပြောသည်။
“စင်ကာပူက လူတွေက ဒါမျိုးလုပ်ပြရင် ကျန်တဲ့ နိုင်ငံတွေကလည်း လိုက်လုပ်ပြလိမ့်မယ်။ ဒါဟာ စည်းလုံးညီညွတ်မှု တခုကိုပြတာပဲ။ မျိုးချစ်မြန်မာတွေ အားလုံးဟာ စစ်အစိုးရကို ဘယ်လို ပုံစံမျိုးနဲ့မဆို ဆန့်ကျင်နေပါတယ် ဆိုတာကို ပြချင်တာ” ဟု သူက ပြောသည်။
ဆက်လက်၍ “ကျနော်တို့ ငယ်ငယ်က ရွှေဘရုပ်ရှင်တွေ ကြည့်သလိုပေါ့ဗျာ။ ရွှေဘကို လူဆိုးတွေက လက်သီးထိုးရင် မကျေနပ်ဘူး၊ ရွှေဘက ပြန်ချရင် အားရပါရနဲ့ အားပေးကြတယ်။ ကျနော်တို့ အဲဒီ Atmosphere၊ အဲဒီ Environment ကို လိုချင်တယ်၊ စင်ကာပူမှာ ကိုယ်လူမျိုးတွေချည်း၊ ရက်စက်တဲ့ အစိုးရကို ရမ်ဘိုက ပြန်ချတဲ့အခါ သူတို့ ရင်ထဲက ခံစားချက်တွေ ပေါက်ကွဲစေချင်တယ်၊ လက်ခုပ်တွေ တီးကြ၊ အားပေးကြ အဲလို လိုချင်တယ်” ဟုပြောသည်။
စင်ကာပူတွင် ရမ်ဘိုကားကို ဇန်နဝါရီလ (၂၄) ရက်နေ့က စတင်ရုံနေခြင်းဖြစ်ရာ အခြေအနေအရ သွားရောက် ကြည့်ရှုပြီးသူများ ရှိသော်လည်း တနင်္ဂနွေနေ့ ပွဲအတွက် လက်မှတ်တစောင်ကို စင်ကာပူဒေါ်လာ (၉ ဒဿမ ၅) နှင့် ရောင်းချသည့်အခါ ရောင်းမလောက်အောင် ဖြစ်နေသည်ဟု သိရသည်။
ခန့်မှန်းထားသော စာရင်းများအရ စင်ကာပူတွင် မြန်မာနိုင်ငံသား (၅ဝဝဝဝ) ခန့် ရှိသည်။

ဘလော့ဂ်ဂါ နေဘုန်းလတ် အဖမ်းခံရသည်ဟု သူငယ်ချင်းများက ပြော

မဇ္ဈိမသတင်းဌာန
ချင်းမိုင်။ ။ ရဲများက ဘလော့ဂ်ဂါ နေဘုန်းလတ်ကို အင်္ဂါနေ့ နံနက်တွင် ရန်ကုန်မြို့၌ ဖမ်းဆီးသွားသည်။

စာရေးဆရာ တယောက်လည်းဖြစ်သူ ကိုနေဘုန်းလတ်ကို ရဲများက အင်တာနက် ကဖီးဆိုင်တဆိုင်မှ ဖမ်းသွားခြင်း ဖြစ်ကြောင်း သူ၏ သူငယ်ချင်းများက မဇ္ဈိမသို့ ပြောပြသည်။
မည်သည့်အတွက်ကြောင့် ဖမ်းဆီးသည်ကို သဲသဲကွဲကွဲ မသိရသေးပေ။ ကိုနေဘုန်းလတ်မှာ ဘလော့ဂ် ရေးသားသူတဦး ဖြစ်ပြီး စီးပွားရေး ကုမ္ပဏီတခုတွင် အလုပ်လုပ်ကိုင်လျှက် ရှိသည်ဟု သိရသည်။
“ကျနော်ဟာ အနုပညာကို ခုံမင်ရူးသွပ်တဲ့ လူငယ်တယောက်ပါ” ဟု သူ၏ ဘလော့ဂ်တွင် မိတ်ဆက် ရေးသားထားသည်။
ယနေ့ နံနက် ၁ဝ နာရီခန့်မှစ၍ သူနေထိုင်တတ်သော သင်္ကန်းကျွန်းနှင့် သုဝဏ္ဏနေအိမ်များကို ရဲများက လိုက်လံ ရှာဖွေခဲ့ကြကြောင်း နီးစပ်သူများက ပြောသည်။
မြန်မာနိုင်ငံရှိ အင်တာနက် အသုံးပြုသူများက မဇ္ဈိမသို့ ပြောကြားရာတွင် လွန်ခဲ့သည့် သီတင်းပတ် အနည်းငယ်မှစ၍ စစ်အာဏာပိုင်များသည် အင်တာနက် အသုံးပြုသူများကို စောင့်ကြည့်မှု ပိုမိုတိုးမြှင့် လုပ်ဆောင်လာခဲ့သည်ဟု ဆိုသည်။

ဘလော့ဂ်ဂါ နေဘုန်းလတ် အဖမ်းခံရသည်ဟု သူငယ်ချင်းများက ပြော

မဇ္ဈိမသတင်းဌာန
ချင်းမိုင်။ ။ ရဲများက ဘလော့ဂ်ဂါ နေဘုန်းလတ်ကို အင်္ဂါနေ့ နံနက်တွင် ရန်ကုန်မြို့၌ ဖမ်းဆီးသွားသည်။

စာရေးဆရာ တယောက်လည်းဖြစ်သူ ကိုနေဘုန်းလတ်ကို ရဲများက အင်တာနက် ကဖီးဆိုင်တဆိုင်မှ ဖမ်းသွားခြင်း ဖြစ်ကြောင်း သူ၏ သူငယ်ချင်းများက မဇ္ဈိမသို့ ပြောပြသည်။
မည်သည့်အတွက်ကြောင့် ဖမ်းဆီးသည်ကို သဲသဲကွဲကွဲ မသိရသေးပေ။ ကိုနေဘုန်းလတ်မှာ ဘလော့ဂ် ရေးသားသူတဦး ဖြစ်ပြီး စီးပွားရေး ကုမ္ပဏီတခုတွင် အလုပ်လုပ်ကိုင်လျှက် ရှိသည်ဟု သိရသည်။
“ကျနော်ဟာ အနုပညာကို ခုံမင်ရူးသွပ်တဲ့ လူငယ်တယောက်ပါ” ဟု သူ၏ ဘလော့ဂ်တွင် မိတ်ဆက် ရေးသားထားသည်။
ယနေ့ နံနက် ၁ဝ နာရီခန့်မှစ၍ သူနေထိုင်တတ်သော သင်္ကန်းကျွန်းနှင့် သုဝဏ္ဏနေအိမ်များကို ရဲများက လိုက်လံ ရှာဖွေခဲ့ကြကြောင်း နီးစပ်သူများက ပြောသည်။
မြန်မာနိုင်ငံရှိ အင်တာနက် အသုံးပြုသူများက မဇ္ဈိမသို့ ပြောကြားရာတွင် လွန်ခဲ့သည့် သီတင်းပတ် အနည်းငယ်မှစ၍ စစ်အာဏာပိုင်များသည် အင်တာနက် အသုံးပြုသူများကို စောင့်ကြည့်မှု ပိုမိုတိုးမြှင့် လုပ်ဆောင်လာခဲ့သည်ဟု ဆိုသည်။

ကဗျာဆရာ စောဝေ ပျောက်ဆုံးနေ

နန်းဒေဝီ

နယူးဒေလီ။ ။ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ‘ဖေဖော်ဝါရီ ဆယ့်လေး’ ကဗျာဖြင့် လှောင်ပြောင်သရော်ခဲ့သူ ကဗျာဆရာ စောဝေ အား ပြည်ထဲရေး ဝန်ကြီးဌာနတွင် ခေတ္တ ထိန်းသိမ်းခဲ့ပြီးနောက် ယခုအခါ ပျောက်ဆုံးနေသည်။
အပတ်စဉ်ထုတ် အချစ်ဂျာနယ် ဂျာနယ်တွင် ဖော်ပြခဲ့သော ကဗျာဆရာစောဝေ၏ ‘ဖေဖော်ဝါရီဆယ့်လေး’ ကဗျာတွင် ‘အာဏာရူးကြီး မှူးကြီးသန်းရွှေ’ ဟု အဓိပ္ပာယ်ထွက်သော စကားလုံးများ ပါရှိသည့်အတွက် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပြည်ထဲရေး ဝန်ကြီးဌာနတွင် ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရသူ ကဗျာဆရာ စောဝေသည် ယခုအခါ ပျောက်ဆုံးနေကြောင်း မိသားစုနှင့် နီးစပ်သည့် စာပေ အသိုင်းအဝိုင်း အဆိုအရ သိရသည်။
“ခါတိုင်းတော့ ထမင်းသွားပို့နေကျ။ အဲဒီနေ့ စနေ့က ကျနော်တို့ ပြည်ထဲရေးကို ထမင်းသွားပို့တာ တခြားနေရာ သွားနေတယ်လို့ ပြောတယ်။ ဘယ်သွားတာလဲ မေးတော့ မသိဘူးလို့ ပြောတယ်။ အဲဒါနဲ့ ပြန်လာခဲ့ကြတယ်” ဟု အမည်မဖော်လိုသူ စာပေ အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်တဦးက ပြောသည်။
အချို့ သတင်းရပ်ကွက် အဆိုအရ ဖမ်းဆီးခံရသူ ဆရာ စောဝေ အား ပြီးခဲ့သည့် စနေနေ့တွင် ယခင် ထိန်းသိမ်းထားရာ ပြည်ထဲရေး ဝန်ကြီးဌာနမှ အင်းစိန်ထောင်သို့ ပို့လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
သူကလည်း “မနေ့ကပဲ မိသားစုဝင်တွေ အင်းစိန်ကို ထောင်ဝင်စာ ပါဆယ်သွားပို့သွားတာ။ မိသားစုဝင်တွေကို ပို့ခွင့် မပေးပါဘူး။ ပြန်လာခဲ့ကြတယ်။ ထောင်မှာရှိတယ် ဆိုတာကိုတော့ သူတို့ မငြင်းနိုင်ပါဘူး” ဟု ပြောသည်။
ယခုလို ကဗျာဆရာ စောဝေ ဖမ်းဆီးခံရခြင်းသည် အချစ်ဂျာနယ် အယ်ဒီတာဖြစ်သူ ဦးမြတ်ခိုင်မှ စာပေစစ်ဆေးရာတွင် တာဝန်ရှိဆုံး ဖြစ်ကြောင်း စာပေ အသိုင်းအဝိုင်းက ဝေဖန် ပြောဆိုကြသည်။
“ကဗျာဆရာကိုတော့ ဖမ်းထားတယ်။ ထုတ်ဝေတဲ့ ဂျာနယ်နဲ့ အယ်ဒီတာရယ်၊ စာပေစိစစ်ရေးရုံးမှာ တာဝန် အရှိဆုံး။ ဒါပေမဲ့ အခုလို ဂျာနယ်ထဲ ပါလာတဲ့ အခါကျတော့ ကိုစောဝေကိုပဲ ဖမ်းထားတယ်။ မတရားဘူးလို့ ထင်တယ် ” ဟု မဂ္ဂဇင်း အယ်ဒီတာဟောင်း တဦးက ပြောသည်။
ဦးမြတ်ခိုင်အား မဇ္ဈိမက ဆက်သွယ် မေးမြန်းရာတွင် ကဗျာဆရာ၏ သဘောတူညီမှုနှင့် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်ဟု ယခုလို ဖြေကြားသည်။
“စောဝေက ကျနော့်ကို ဖုန်းဆက်တယ်။ ‘Valentine Day’ အတွက် ကဗျာပေးချင်တယ် ပြောတယ်။ ‘Valentine Day’ ဆိုတဲ့စကားလုံးက ရမှာ မဟုတ်ဘူးဆိုပြီး၊ ဖေဖော်ဝါရီ ၁၄ ဆိုပြီး ရေးလို့ ပြောတယ်။ သူ ပို့တဲ့ကဗျာ၊ စောဝေ ကိုယ်တိုင် ကျနော့်ကို ဖုန်းဆက်ပြီး ပေးတဲ့ကဗျာ” ဟု သူက ပြောသည်။

ဂမ်ဘာရီ မြန်မာ့အရေး ထောက်ခံရန် နယူးဒေလီသို့ နောက်တကြိမ် လာမည်

မုံပီး

နယူးဒေလီ။ ။ စစ်အစိုးရ အုပ်ချုပ်နေသော မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ပေါ်ပေါက်ရေးအတွက် ဒေသတွင်း ထောက်ခံမှုများ ရှာဖွေ စုဆောင်းနိုင်ရန် နယူးဒေလီသို့ လာမည့် အင်္ဂါနေ့တွင် မစ္စတာ ဂမ်ဘာရီသည် လာရောက်ရန် စီစဉ်ထားကြောင်း ကုလသမဂ္ဂ အရာရှိတဦးက ပြောကြားလိုက်သည်။
ဘရပ်ဆဲလ်မြို့တွင် ဥရောပသမဂ္ဂ ခေါင်းဆောင်များနှင့် တွေ့ဆုံနေသော မစ္စတာ ဂမ်ဘာရီသည် အိန္ဒိယအစိုးရ အရာရှိများနှင့် တွေ့ဆုံရန် ဇန်နဝါရီလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ၃ ရက်ကြာ ခရီးစဉ်အဖြစ် လာရောက်မည် ဖြစ်သည်။
မြန်မာအစိုးရနှင့် အတိုက်အခံ ခေါင်းဆောင်များအကြား ထိရောက်သည့် တွေ့ဆုံ ဆွေးနွေးပွဲများ ပေါ်ပေါက်လာရေးအတွက် အိန္ဒိယ ခေါင်းဆောင်များ၏ ထောက်ခံမှုများ နောက်ထပ်ရရှိရန် အားပေးတိုက်တွန်းမည် ဖြစ်ကြောင်း နယူးဒေလီ ကုလသမဂ္ဂရုံးမှ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။
အဆိုပါ နိုင်ဂျီးယီးယား သံတမန်၏ ခရီးစဉ် အသေးစိတ်နှင့် စပ်လျဉ်း၍ အတည်ပြုချက် ရယူရန် လိုအပ်သေးသော်လည်း နယူးဒေလီ ကုလသမဂ္ဂ ပြန်ကြားရေးရုံး အရာရှိ ရာဂျစ်ချန်ဒရန်က မစ္စတာ ဂမ်ဘာရီသည် ယခုခရီးစဉ်အတွင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာ့အရေး ကြိုးပမ်းချက်များအပေါ် အိန္ဒိယအစိုးရ၏ ထောက်ခံမှု ရရှိရေးကို အဓိက အာရုံစိုက်ကာ လုပ်ဆောင်သွားမည်ဟု ဆိုသည်။
မစ္စတာ ဂမ်ဘာရီသည် ၂ဝဝ၇ ခုနှစ် အောက်တိုဘာလတွင် နယူးဒေလီသို့ လာရောက်ခဲ့ပြီး ထိုခရီးစဉ်အပေါ် အိန္ဒိယ၏ တုံ့ပြန်ချက်နှင့် စပ်လျဉ်း၍ အားရကျေနပ်မှုရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သော်လည်း မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဆောင်ရွက်ရေးအတွက် မြန်မာစစ်အစိုးရအပေါ် မိမိ၏ အရှိန်သြဇာကို နောက်ထပ်အသုံးပြုရန် တိုက်တွန်းခဲ့သည်။
ကုလသံတမန်သည် အိန္ဒိယခရီးစဉ်အပြီးတွင် ပီကင်းသို့ ဆက်လက် သွားရောက်မည် ဖြစ်ပြီး မြန်မာနိုင်ငံတွင်းသို့ ယခုလအတွင်း ထပ်မံ သွားရောက်ခွင့်ရရန် ခွင့်တောင်းခဲ့သော်လည်း မြန်မာ စစ်အစိုးရကမူ သူ့ကို လာမည့် ဧပြီလလယ်မှသာ လက်ခံ တွေ့ဆုံနိုင်မည် ဖြစ်ကြောင်း အစဉ်တစိုက် ပြန်ကြားခဲ့သည်။
စက်တင်ဘာလ နှောင်းပိုင်းတွင် ဆန္ဒပြသူများကို စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့ပြီးနောက် မစ္စတာ ဂမ်ဘာရီ၏ မြန်မာပြည်ခရီးစဉ် စတင်ခဲ့ချိန်မှစပြီး စစ်အစိုးရ၏ ဆက်ဆံရေး ဝန်ကြီးကလည်း မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၄ ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဖြစ်သည်။
သို့သော် အဆိုပါ ဆွေးနွေးပွဲများမှ စစ်မှန်သော အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်စဉ်အတွက် အကျိုးရလဒ် တစုံတရာ ထွက်ပေါ်လာသည့်လက္ခဏာ တစုံတရာ မတွေ့ရသေးကြောင်း မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယခင် အင်တာဗျူးများတွင် မဇ္ဈိမကို ပြောကြားခဲ့သည်။

Friday, January 25, 2008

“အာဏာရူးကြီး သန်းရွှေ” ရေးလို့ ကဗျာဆရာစောဝေ အဖမ်းခံရ


မဇ္ဈိမသတင်းဌာန

ပုံကြီးကြည့်ရန် နှိပ်ပါ
ချင်းမိုင်။ ။ အချစ်ဂျာနယ်တွင် ဖော်ပြထားသော ကဗျာတပုဒ်နှင့် ပက်သက်၍ ကဗျာရေးသူကို ယမန်နေ့ မွန်းလွဲပိုင်းက စတင်၍ အာဏာပိုင်များက ဖမ်းဆီးထားကြောင်း ရန်ကုန် စာပေအသိုင်းအဝိုင်း အပြောအရ သိရသည်။
အပတ်စဉ်ထုတ် အချစ်ဂျာနယ်တွင် ဖော်ပြခဲ့သော ကဗျာဆရာ စောဝေ၏ “ဖေဖော်ဝါရီဆယ့်လေး” ကဗျာတွင် “အာဏာရူးကြီး မှူးကြီးသန်းရွှေ” ဟု အဓိပ္ပါယ်ထွက်သော စကားလုံးများ ပါရှိ၍ စစ်ဆေးခံနေရခြင်း ဖြစ်သည်။
ကဗျာဆရာစောဝေ
ကဗျာကို မဇ္ဈိမ ဓာတ်ပုံ ကဏ္ဍတွင် ဖြစ်စေ၊ “ဖေဖေါ်ဝါရီဆယ့်လေး” ကဗျာ လင့်ခ်ကိုနှိပ်၍ဖြစ်စေ ဖတ်ရှုနိုင်ပါသည်။ ကဗျာတွင် ပါသော စာကြောင်းများ၏ ထိပ်ဆုံး စကားလုံးများကို ပေါင်းစပ်လိုက်လျှင် “အာနာ(ဏာ) ရူးကြီး မှူးကြီးသန်းရွှေ” ဟု အဓိပ္ပါယ်ရသည်။
အချစ်ဂျာနယ်၏ အယ်ဒီတာ ဦးမြတ်ခိုင်ကို ဆက်သွယ် မေးမြန်းသောအခါ “ကျနော်ကတော့ ဒါအချစ်ကဗျာလို့ပဲ ယူဆပါတယ်” ဟု ၎င်းက ပြောဆိုခဲ့ပြီး သူကိုယ်တိုင်လည်း မနေ့က အယူခံလွှာ တင်ခဲ့ကြောင်း မဇ္ဈိမသို့ ပြောသည်။ အသေးစိတ် အချက်အလက်များကို မပြောလိုသေးကြောင်း သူကဆိုသည်။
နောက်နောင် အလားတူအဖြစ်မျိုး ပေါ်ပေါက်ခြင်း မရှိစေရန် ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု စာပေစီစစ်ရေးဌာန အကြီးအကဲများက ကြိမ်းဝါးလျှက် ရှိကြောင်းလည်း စုံစမ်း သိရှိရသည်။
ပြီးခဲ့သည့် နှစ်ကလည်း မြန်မာတိုင်း(မ်) ဂျာနယ်တွင် “Killer Than Shwe” (လူသတ်သမားသန်းရွှေ) ဟု အဓိပ္ပါယ်ထွက်သော ခရီးသွားလုပ်ငန်း ကြော်ငြာပုံစံတူ တခုကို စာပေစိစစ်ရေးက မျက်စိလျှံကာ ဖော်ပြခွင့် ပေးခဲ့ဖူးသည်။ နောက်ပိုင်းတွင် ကြော်ငြာကို ထည့်သွင်းခဲ့သော အဖွဲ့က စစ်အစိုးရကို လှောင်ပြောင်ရန် ရည်ရွယ်ချက်ရှိရှိဖြင့် တမင်တကာ တီထွင်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်သဖြင့် မြန်မာတိုင်းမ်ဂျာနယ်များ ဈေးကွက်တွင် ဝယ်မရအောင် ဖြစ်သွားခဲ့သည်။
ဤအတောအတွင်း ဆရာစောဝေ၏ “ဖေဖော်ဝါရီဆယ့်လေး” နှင့် ပုံစံတူ၊ ခေါင်းလျှော်ဆေး ကြော်ငြာပုံစံ စာသားတခုလည်း အင်တာနက်သုံးစွဲသူ အချင်းချင်းကြားတွင် ပျံ့နှံလျက်ရှိပြီး ဗိုလ်ချုပ်သန်းရွှေကို ဆဲရေး တိုင်းထွာထားသော ထိုကြော်ငြာစာသားသည် ဖတ်မိသူ အချင်းချင်းကြားတွင် ရယ်မောစရာတခု ဖြစ်နေသည်။

နေ့စဉ် မြန်မာကလေးငယ် ၄ဝဝ သေဆုံးဟု ယူနီဆက် ပြော

မဇ္ဈိမသတင်းဌာန
နယူးဒေလီ။ ။ မြန်မာနိုင်ငံ၌ တားဆီး၍ ရနိုင်သော ရောဂါများကြောင့် အသက် ၅ နှစ်အောက် ကလေးငယ်များသည် နေ့စဉ် ၄ဝဝ ခန့် သေဆုံးနေရသည်ဟု ကုလသမဂ္ဂ ကလေးသူငယ်များ ရံပုံငွေအဖွဲ့ (ယူနီဆက်) က ထုတ်ပြန်လိုက်သည့် အစီရင်ခံစာက ဆိုသည်။
မြန်မာနိုင်ငံအတွင်း၌ ကလေးသေဆုံးမှု မြင့်မားခြင်းသည် တနိုင်ငံလုံးတွင် ရင်ဆိုင်နေရသည့် စားဝတ်နေရေး စီးပွားရေး အကျပ်အတည်းကြောင့် ဖြစ်သည်ဟု ယူနီဆက်၏ “ကလေးများ ရှင်သန်ရေး ကမ္ဘာတဝှမ်း အခြေအနေ ၂ဝဝ၈” အမည်ရှိ အစီရင်ခံစာတွင် ရေးသား ပါရှိသည်။
ယူနီဆက်သည် နှစ်စဉ်ပင် တသိန်းမှ တသိန်းခွဲအထိ ရှိသော ကလေးငယ်များ၏ အသက်များကို ကယ်တင်ရန် လုပ်ဆောင်နေသည်ဟု မြန်မာနိုင်ငံအတွင်းရှိ ယူနီဆက်မှ မီဒီယာ ဆက်ဆံရေး အရာရှိ ဦးဖေတင်သိန်းက ပြောပြခဲ့သည်။
“အဆုပ်ရောင်ရောဂါ၊ ဝမ်းရောဂါ၊ သွေးအဆိပ်တက်ခြင်းနဲ့ အသက်ရှူ လမ်းကြောင်းကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကြောင့် ကလေးငယ်တွေ အများဆုံး သေဆုံးနေရတယ်” ဟု ဦးဖေတင်သိန်းက ပြောသည်။
သေဆုံးမှု နှုန်းထားသည် ကလေးများ၏ ကျန်းမာရေးကို စိုးရိမ်ဘွယ်ရာ ပြသနေကြောင်း သူက ဆက်ပြောသည်။
မြန်မာနိုင်ငံသည် အာဖကန်နစ္စတန်ပြီးလျှင် အာရှတိုက်တွင် ကလေးငယ် သေဆုံးမှုနှုန်း ဒုတိယအများဆုံး နိုင်ငံဖြစ်သည်ဟု ယူနီဆက်၏ အစီရင်ခံစာတွင် ပါရှိသည်။
နိုင်ငံဆင်းရဲ၍ ကျန်းမာရေးအတွက် ထိရောက်စွာ ကူညီပံ့ပိုးမှုများ မလုပ်ဆောင်နိုင်ခြင်း ဖစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသေးသည်။ မြန်မာနိုင်ငံ၏ အခြေခံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကျဆင်းခြင်းကြောင့် ၁၉၈၇ ခုနှစ်၌ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
သေဆုံးသွားသော ကလေးငယ်အများစုသည် ဆေးဝါးကုသ၍ ပျောက်ကင်းနိုင်သော ရောဂါများကြောင့် သေဆုံးရခြင်း ဖြစ်သည်ဟု ဆိုသည်။
ဤကဲ့သို့ သေဆုံးရခြင်းသည် မြန်မာစစ်အစိုးရက နိုင်ငံတော် အသုံးစရိတ် ခွဲဝေရာတွင် စစ်တပ် အသုံးစရိတ်နှင့် လူမှုရေး အသုံးစရိတ်၌ ကြီးမားသော ကွာဟမှုကြောင့် ဖြစ်သည်ဟုလည်း ဝေဖန် သုံးသပ်ကြသည်။ စစ်အသုံးစရိတ်နှင့် ကျန်းမာရေး အသုံးစရိတ်အကြား ကွာဟမှု ၁၃ ဆ ရှိသည်ဟု ဆိုကြသည်။
အာဖရိကနိုင်ငံများသည် ကလေးသူငယ်များ သေဆုံးမှုနှုန်း အမြင့်မားဆုံး နိုင်ငံများ ဖြစ်ကြသည်။ မြန်မာနိုင်ငံ၏ ကလေး သေဆုံးမှုနှုန်းသည် ယူနီဆက်၏ စာရင်းဇယားအရ ဇင်ဘာဘွေနိုင်ငံထက် ကောင်းမွန်သော်လည်း ဆူဒန်နိုင်ငံထက် ပို၍ ဆိုးရွားသည်။
၂ဝဝ၇ ခုနှစ် ထုတ်ပြန်ချက်စာရင်းအရ မြန်မာနိုင်ငံက အဆင့် ၄၄ တွင် ရှိသည်။ ၂ နှစ်တွင်း၌ ဆီရာယာလုံး၊ အင်ဂိုလာ၊ အာဖကန်နစ္စတန်၊ နိုင်ဂျီးရီးယားနှင့် လစ်ဘီးယားနိုင်ငံတို့က မြန်မာနိုင်ငံထက် သေဆုံးမှုနှုန်း မြင့်တက်သွားခဲ့သည်။ စင်္ကာပူနိုင်ငံသည် ကမ္ဘာပေါ်တွင် ကလေးငယ် သေဆုံးမှုနှုန်း အနိမ့်ဆုံးနိုင်ငံ ဖြစ်သည်။

သတင်းစာဆရာ ဦးဝင်းတင်အား ခွဲစိတ်ရက် မသိရသေး

နယူးဒေလီ။
။ ရန်ကုန်ဆေးရုံကြီးတွင် ဒုတိယအကြိမ် ခွဲစိတ်ကုသရန် ဆေးရုံတင်ထားသည့် သတင်းစာဆရာကြီး ဦးဝင်းတင်အား ခွဲစိတ်မည့်ရက် အတိအကျ မသိရသေးကြောင်း နီးစပ်သူများ အဆိုအရ သိရသည်။
ပြီးခဲ့သည့် အင်္ဂါနေ့တွင် အင်းစိန်ထောင်မှ ရန်ကုန် ဆေးရုံကြီးတွင် အူကျရောဂါဖြင့် ဆေးကုသခံနေသည့် သတင်းစာဆရာ ဦးဝင်းတင်အား လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပြီးသော်လည်း ယနေ့ညနေထိတိုင် ခွဲစိတ်မည့်ရက် ရက်ချိန်းကိုမူ အတိအကျ မသိရသေးကြောင်း ဦးဝင်းတင်၏ ကျန်းမာရေးအား အနီးကပ် စောင့်ကြည့်ပေးနေသည့် မိသားစုဝင်များက မဇ္ဈိမကို ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“လိုအပ်တဲ့ အီးစီဂျီ၊ X ray ၊ Ultra Sound တွေ အကုန်ရိုက်ပြီး စစ်တာ။ အခြေအနေ အကုန် ကောင်းပါတယ်။ ကာယကံရှင်က ခွဲစိတ်ဖို့ တောင်းဆိုတာ မဟုတ်ပါဘူး။ ထောင်ထဲမှာ ဆေးစစ်ရင်းနဲ့ နောက်တော့လည်း ခွဲစိတ်ရမှာချင်း အတူတူ၊ အခု ခွဲစိတ်လိုက်ရင် ကောင်းပါတယ် ဆိုပြီးတော့ ဆေးရုံ တင်လိုက်ရတာပါ။ ဒီညနေအထိတော့ မခွဲစိတ်ရသေးပါဘူး။ စိုးရိမ်စရာ အခြေအနေ မရှိပါဘူး” ဟု နီးစပ်သူက ပြောသည်။
ထောင်သက်တန်း ၁၈ နှစ်ကျော်ကြာ ရှိပြီဖြစ်သည့် သတင်းစာဆရာ ဦးဝင်းတင် (၇၈ နှစ်) အား အမြန်ဆုံး လွှတ်ပေးသင့်ပြီဟု မြန်မာသတင်းသမဂ္ဂ (BMA) မှ အတွင်းရေးမှူး ဦးစံမိုးဝေက မဇ္ဈိမကို ယခုလို ပြောသည်။
“လွှတ်ပေးသင့်တာကြာလှပြီ။ ထောင်သက်ကလည်း ကြာနေပြီ။ ကျနော်တို့ ဦးဝင်းတင် ကျန်းမာရေးကို တော်တော် စိုးရိမ်ပါတယ်။ နောက်ပြီး ကြားတာက အပြင်ဆေးရုံ ခေါ်လာတယ်ဆိုတော့ ဒါက ကြီးကြီးကျယ်ကျယ်ဖြစ်လို့ ထောင်ဆေးရုံ မဟုတ်ဘဲနဲ့ အပြင်ဆေးရုံမှာ ကုရတယ်ဆိုတော့ တော်တော့်ကို စိုးရိမ်တဲ့ အခြေအနေဆိုတာ ထင်ရှားပါတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ၊ အသက်အရွယ်ကြီးမှာ ခွဲစိတ် ကုသရတယ်ဆိုတာ တော်တော် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်။ ထပ်ခါထပ်ခါ ပြောရမယ်ဆိုရင် လွှတ်ပေးပါ၊ မေတ္တာ ရပ်ခံပါတယ်၊ မြန်မာသတင်းသမဂ္ဂအဖွဲ့ကနေ ပြောလိုက်ပါရစေ” ဟု သူက ပြောသည်။
၁၉၈၉ ခုနှစ်မှစတင်ကာ အကျဉ်းချခံထားရသော သတင်းစာဆရာကြီး ဦးဝင်းတင်သည် ပုဒ်မ ၂၁၆ ဖြင့် ၃ နှစ် ထောင်ဒဏ်ပေးခံရပြီး၊ ၁၉၉၁ ခုနှစ်တွင် ၅ (ည) ဖြင့် ထောင်ဒဏ် ၁၂ နှစ်နှင့် ၁၉၉၆ ခုနှစ်တွင် ထောင်ဒဏ် ၇ နှစ် ဆက်တိုက် အချခံထားရသည်။
ယခုအချိန်တွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၁၉ဝဝ ကျော်ရှိပြီး၊ ပြီးခဲ့သည့်နှစ် မတ်လကုန်ပိုင်းတွင် ရှိခဲ့သော အရေအတွက်ထက် ၇ဝဝ ကျော် တိုးလာကြောင်းနှင့် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားများ၏ ကျန်းမာရေးသည် ပိုမို ဆိုးရွားလာနေကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ယခုလို ပြောသည်။
“ထောင်ထဲမှာ လုံလောက်တဲ့ အစာအဟာရ၊ အစားသောက်တွေ သူတို့မရဘူး။ နှစ်ရှည် ကြာလာတဲ့ အခါကျတော့ ကိုယ်ခံစွမ်းအား တဖြည်းဖြည်းကျလာတယ်။ ကျလာတော့ တခြား ကူးစက်ရောဂါတွေ ဝင်လာတယ်။ တီဘီ၊ HIV တို့၊ တခြားဒေသတွေမှာ ဌက်ဖျားတွေ ရှိတယ်။ ဒီရောဂါတွေက အကျဉ်းသားတွေကို အသက်ဆုံးရှုံးစေတဲ့ အရာတွေဖြစ်တယ်” ဟု သူက ပြောသည်။
၂ဝဝ၅ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ ယခင် ကမ္ဘာ့ကြက်ခြေနီအဖွဲ့ (CRC) မှ မြန်မာနိုင်ငံတဝှမ်းရှိ အကျဉ်းဦးစီးဌာနများ၏ လိုအပ်သည့် ဆေးဝါးပံ့ပိုးမှု ၅ဝ ရာခိုင်နှုန်း ကူညီမှု ရပ်တန့်ပြီး နောက်ပိုင်းတွင် ထောင်တွင်းရှိ အကျဉ်းသားများ အခြေအနေသည် ပိုမို ဆိုးရွားလာနေကြောင်း ကိုဘိုကြည်က ယခုလို ဆက်ပြောသည်။
“CRC ဝင်လို့မရတော့လို့ ကူညီတဲ့အလုပ်၊ ထောင့်ပံ့တဲ့အလုပ် မလုပ်နိုင်တော့လို့ အကျဉ်းသားတွေအတွက် ဆေးဝါး မလုံလောက်မှု ပြဿနာ ပိုကြီးထွားလာတယ်။ ကျွမ်းကျင်တဲ့ ဆရာဝန်တွေ မရှိဘူး။ တချို့ နေရာတွေမှာဆိုရင် ဆရာဝန်တောင် မရှိဘူး။ အချိန်မီ မကုသလို့ အသက် ဆုံးရှုံးသွားတာတွေလည်း ရှိတယ်” ဟု သူက ပြောသည်။

အရှင်ဂမ္ဘီရ (ဆောင်းပါး)


vimutti.blogspot.com
အယ်ဒီတာ။ ။ သမိုင်းတွင်ရစ်မည့် ရွှေဝါရောင် တော်လှန်ရေးအတွင်း အရေးပါဆုံးသူ တဦးဖြစ်ပြီး စစ်အစိုးရ၏ အဓိကရန်သူ ဖြစ်လာခဲ့သည် အရှင် ဂမ္ဘီရ အကြောင်းကို ပြည့်ပြည့်စုံစုံ ရေးသားတင်ပြထားသည့် ၀ိမုတ္တိ ဘလော့ဂ်မှ ပြန်လည်ကူးယူ ဖော်ပြလိုက်ပါသည်။ (http://www.vimutti.blogspot.com)
အရှင်ဂမ္ဘီရ
ဘွဲ့အမည်။ ။ ဦးစန္ဒောဘာသလူအမည်။ ။ ညီညီလွင်ဦးဂမ္ဘီရကို ၁၉၇၉ ခုနှစ်၊ ဇွန်လ ၁၉ ရက်၊ အင်္ဂါနေ့၌ အဖ ဦးမင်းလွင်၊ အမိ ဒေါ်ရေးတို့မှ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကိုင်းလယ် ကျေးရွာတွင် မွေးဖွားခဲ့သည်။
မိသားစုနောက်ခံပုံရိပ် တစေ့တစောင်း
ဖခင်ဖြစ်သူမှာ စစ်မှုထမ်းဟောင်း တဦးဖြစ်ပြီး ၁၀နှစ်ကျော်ကြာ တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။ မဟုတ်မခံစိတ် ရှိပြီး အများအတွက် အနစ်နာခံလိုစိတ်များရှိ၍ ထိုစိတ်ဓါတ်ကြောင့်ပင် အထက် လူကြီးများနှင့် မတည့်ဖြစ်ကာ တပ်မှ ထွက်ခဲ့ရသည်။ တပ်မှ ထွက်ပြီးနောက် ဒေါ်ရေးနှင့် အိမ်ထောင်ပြုကာ လက်ဖက်ခြောက်၊ ကျားရိုး၊ ကျားရေ၊ ကျောက်မျက်ရတနာ ကုန်သည်အဖြစ် အသက်မွေးခဲ့သည်။
မိခင်ဖြစ်သူ ဒေါ်ရေးမှာ ကျောင်းဆရာမဟောင်း တဦးဖြစ်ခဲ့ပြီး တာဝန်ကျရာ ပေါက်မြို့နယ်၊ သပွတ်စုကျေးရွာ၊ ကိုင်းလယ်ကျေးရွာတို့တွင် ၁၃ နှစ်ကြာ တာဝန်ထမ်းခဲ့သည်။ သူမသည်လည်း ၀ါသနာကြောင့်သာလျှင် ကျောင်းဆရာမအလုပ်ကို ၁၃ နှစ်ကြာ တာဝန် ထမ်းဆောင်နိုင်ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က မဆလ လူကြီးများနှင့် အထက်ဖားအောက်ဖိ ကျောင်းအုပ် ဆရာကြီးများ၏ ပညာပြမှုမှာ သြချရလောက်သောကြောင့် ဖြစ်ပေသည်။

မိသားစုနှင့်အတူ အရှင်ဂမ္ဘီရ (ယာဘက်အစွန်)
သပွတ်စုကျေးရွာတွင် တာဝန် ထမ်းဆောင်စဉ်ကဆိုလျှင် အခြားဆရာမများကို ရွာတွင် ၀န်ထမ်းအိမ်ရာများ ပေးခဲ့သော်လည်း ဒေါ်ရေးကိုမူ ပေါက်မြို့မှ နေ့ချင်းပြန် ကျောင်းတက်စေခဲ့သည်။ ထိုအချိန်က ဒေါ်ရေးတွင် သားသမီးနှစ်ယောက် ရှိနေပြီဖြစ်ပြီး ဒုတိယသမီးမှာ ရက်ငါးဆယ်သာ ရှိသေးသည်။ မဆလကောင်စီလူကြီး ဦးမောင်မောင်၏ တူမဖြစ်သူမှာ ဒေါ်ရေး၏ နေရာတွင် တာဝန် ထမ်းဆောင်လိုသည် ဆိုသောကြောင့် ဒေါ်ရေးမှာ ပေါက်မြို့နှင့် (၈) မိုင်ဝေးသော ကိုင်းလယ်ရွာသို့ ပြောင်းရွှေ့ခြင်း ခံရသည်။
ထိုအချိန်တွင် ဖခင်ဖြစ်သူ ဦးမင်းလွင်မှာ ဆန်စက်၊ ဆီစက်များ စတင်တည်ထောင်ကာ စီးပွားရေးကို ကြိုးစားရှာ ဖွေခဲ့ရာ အတန်အသင့် စုမိဆောင်းမိဖြစ်လာခဲ့သည်။ ကလေးငယ် နှစ်ဦးတာဝန်၊ ဆီစက်၊ ဆန်စက်များတာဝန်၊ ထမင်းဟင်းလျာများချက်ခြင်းတာဝန်များကို တစ်ဦးတည်းယူခဲ့ရသည်။ မိခင်ဖြစ်သူဒေါ်ရေးကတော့ အလုပ်ထွက် ရန်ခေါင်းမာနေဆဲ၊ ကျောင်းအုပ်ဆရာကြီး၏ပညာပြမှုများကို နေ့စဉ် ခါးစည်းခံနေရမြဲ ဖြစ်သည်။
ဤသို့ဖြင့် ကိုင်းလယ်ရွာသို့ရောက်ပြီး ၁၁-နှစ်အကြာ အလုပ်မှ ထွက်ခဲ့ရသည်။ ဦးမင်းလွင်သည်လည်း မဆလ လူကြီးများ၏ စစ်မေးမှုများကို မကြာခဏ ခံခဲ့ရသည်။ အကြောင်းပြချက်မှာ “ဘာကြောင့် ဒီလောက် ချမ်းသာသလဲ“ ဟူ၍ ဖြစ်သည်။ မကြာခဏလည်း ဖမ်းဆီးရန် ထောင်ချောက်ဆင်ခြင်း ခံရသည်။ မဆလ လူကြီးမင်းများ မုန်းတီးရသည့် အကြောင်းအရင်းမှာ ဦးမင်းလွင်သည် တနယ်သားဖြစ်ပြီး စီးပွား တက်လာခြင်းနှင့် သူ၏မဟုတ်မခံစိတ် ရှိခြင်းကြောင့်သာ ဖြစ်ပေသည်။ ထိုသို့သော အခြေအနေ အရပ်ရပ်ကြောင့် ၁၉၈၃-ခုနှစ်တွင် ပေါက်မြို့သို့ ပြောင်းရွှေ့ခဲ့သည်။
၁၉၈၈ ခုနှစ် အရေးအခင်း ဖြစ်သောအခါ ပေါက်မြို့နယ် သပိတ်ခေါင်းဆောင်၊ NLD အဖွဲ့ဝင်ဖြစ်ပြီး တသီးပုဂ္ဂလ အမတ်အဖြစ် ရပ်ရွာလူထု၏ ရွေးချယ် တင်မြှောက်ခြင်း ခံရသူဖြစ်သည်။ ထိုအရေးအခင်းတွင် ဦးဂမ္ဘီရ၏ ဖခင်မှာ နှိပ်စက်ခံ ပြည်သူလူထု၏ စိတ်ဓါတ်အုံကြွမှု၊ လက်စားချေလိုမှု၊ လက်တုံ့ပြန်လိုမှုများကို အကြမ်းမဖက်စေဘဲ ငြိမ်းချမ်းရေး အသွင်ဖြင့် ထိန်းသိမ်းခဲ့သောသူ ဖြစ်ပါသည်။
အကယ်ဆိုလျှင် ၎င်း မဆလများအပေါ် လက်တုံ့ပြန်လျှင် ရနိုင်သော်လည်း ရန်ကိုရန်ချင်း မတုံ့နှင်းခဲ့ပေ။ ရှစ်လေးလုံး ကာလအတွင်းက ဆီစက်တလုံးမှလွဲ၍ ရှိသမျှ စည်းစိမ်ဥစ္စာများ အားလုံး ကုန်ဆုံးသွားခဲ့သည်။ ပြည်သူလူထုအတွက် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ အိမ်၌လည်း အငယ်ဆုံး ကလေးမှလွဲလျှင် အားလုံး ကျောင်းသားများ ဖြစ်ကြသည်။ အငယ်ဆုံး ကလေးမှာ (၄) နှစ်အရွယ် ဖြစ်သည်။ အရေးအခင်း ပြီးချိန်တွင် ဖခင်ဖြစ်သူနှင့် အကိုကြီးတို့မှာ ထောင် (၁နှစ်ခွဲ) နှင့် (၃) နှစ်စီ ကျခံခဲ့ရသည်။ မိခင်ဖြစ်သူမှာ ဖခင်နှင့် အကိုကြီးတို့၏ အမှုကိစ္စများကို လိုက်လံဆောင်ရွက် နေရသောကြောင့် အိမ်မှုကိစ္စများကို မရှောင်မလွှဲသာ ပခုံးပြောင်း တာဝန်ထမ်းဆောင်ရန် လိုအပ်လာသဖြင့် ဒုတိယသမီးဖြစ်သူ မခင်သူဌေးမှာ (၁၀) တန်းနှင့် ကျောင်းထွက်လိုက်ရပြီး မောင်ညီမလေးများ အားလုံး (၁၀)တန်း အောင်မြင်ပြီးမှ တဖန် (၁၀) တန်း ပြန်ဖြေခဲ့ရသည်။ ဂုဏ်ထူး ၁ ခုနှင့် နှစ်ချင်းပေါက် အောင်မြင်ခဲ့သည်။
ငယ်စဉ်ဘဝ
၁၉၈၃ခုနှစ် ထိုကာလက ဦးဂမ္ဘီရမှာ အသက်လေးနှစ် ရှိပြီဖြစ်သည်။ မွေးချင်း (၇) ယောက်ရှိပြီး ဦးဂမ္ဘီရမှာ (၅) ယောက်မြောက် ဖြစ်သည်။ အသက် (၅) နှစ်အရွယ်တွင် ပေါက်မြို့၊အောင်တံခွန်ရပ်၊ အမှတ် (၄) မူလတန်း ကျောင်းတွင် စတင် ကျောင်းနေခဲ့သည်။ သူငယ်တန်းမှ လေးတန်းအထိ၊ အတန်းစဉ် ပထမရကာ ကျောင်းအုပ် ဆရာမကြီး၏ ချစ်ခင်မှုကို အထူးခံရသူ ဖြစ်သည်။
ကလေးစစ်သားဖြစ်ရသေး
၁၉၈၈ ခုနှစ်မှစ၍ ဦးဂမ္ဘီရ၏ စိတ်တွင် မိသားစုများ တကွဲတပြားစီ ဖြစ်ရခြင်း၊ စီးပွားရေး ကျဆင်းမှုများကို ခံစားရခြင်းနှင့်အတူ နိုင်ငံရေး စိတ်များလည်း အမြစ်တွယ်ခဲ့ဟန် ရှိပါသည်။ ကျောင်းများ (၂) နှစ်ခန့် ပိတ်လိုက်ခြင်းကြောင့် လည်းကောင်း၊ အုပ်ထိန်းသူ မိဘများ၏ အုပ်ချုပ်မှု ကင်းလွတ်သွားခြင်းကြောင့် လည်းကောင်း၊ အသက် ငယ်ငယ်နှင့် ပေခဲ့၊ တေခဲ့သေးသည်။ မိသားစု အုပ်ချုပ်မှု ပုံစံမှာလည်း ဖခင်မှာ စစ်မှုထမ်းဟောင်းတဦး ဖြစ်ခြင်းကြောင့် စည်းကမ်းတင်းကျပ်ကာ စစ်တပ်ပုံစံ အုပ်ချုပ်ခဲ့သည်။ လူငယ်ဘ၀တွင် ကြောက်ရွံ့ရသော ပုံစံနှင့် ရှင်သန်ရလျှင် ထွက်ပေါက်ရှာကြစမြဲ ဖြစ်သည်နှင့်အညီ မိဘ၏ တင်းကျပ်မှုအောက်တွင် အသက်ငယ်ငယ်နှင့် ပေတေ လေလွင့်ခဲ့သည်။ ထိုအခါ မိဘများက ပို၍တင်းကျပ်၊ တဖန် လူငယ်က ထွက်ပေါက် ရှာမှားသည့်အခါ နောက်ဆုံး ငရဲတွင်း ရောက်ခဲ့ရသည်။ ဤသို့ဖြင့် အသက် ၁၂ နှစ်အရွယ် ၅ တန်းကျောင်းသား ဘ၀တွင် ကလေးစစ်သား ဖြစ်ခဲ့ရသည်။
သာသာနာ့ဘောင်ရောက်ပြီ
အိမ်မှရုတ်တရက် ပျောက်သွားသော သားဖြစ်သူ၏ သတင်းကို မိဘများက အပူတပြင်း လိုက်လံ စုံစမ်းခဲ့သည်။ ရန်ကုန်ရှိ စစ်ဌာန တစ်ခုတွင်ဟု စုံစမ်း သိရှိရသောအခါ လိုက်လံ ကယ်ထုတ်ခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ အာဏာပိုင်များက ပေါက်မြို့သို့ လာရောက် စုံစမ်းခဲ့သည်။ သားဖြစ်သူကို တွေ့သွားလျှင် အဖမ်းခံရမည်၊ အသက် မပြည့်ဘဲ စစ်မှုထမ်းရမည်၊ ထောင်ဒဏ် ကျခံရမည် စိုးသောကြောင့် ပေါက်မြို့လေသာတောင် ကျောင်းတိုက် ဆရာတော်ကို ဥပဇ္ဇယ်ပြုကာ သာမဏေ အဖြစ် စတင် ရောက်ရှိခဲ့သည်။ ထို့နောက် ရန်ကုန်ရှိ အင်းစိန်ရွာမ ကျောင်းတိုက်သို့ ပို့ဆောင် ပေးခဲ့သည်။ သာသနာ့ဘောင်တွင် ပျော်ပိုက်ကာ စာဝါများ လိုက်ခဲ့သည်။ မူလတန်း၊ အငယ်တန်း၊ အလတ် တန်း၊ အကြီးတန်း၊ စာမေးပွဲများနှင့် နိကာယ် လေးကျမ်းကို ထူးချွန်စွာ အောင်မြင်ခဲ့ပြီး ဖြစ်သည်။
နေထိုင်ခဲ့သော ကျောင်းများကတော့ အစုံအနှံ့ပင် ဖြစ်သည်။ အင်းစိန်ရွာမ၊ ထောက်ကြံ့တောရ၊ သဒ္ဓမ္မ၀ံသ အလုံ ကျောင်းတိုက်၊ ပခုက္ကူအရှေ့တိုက်၊ အလယ်တိုက်၊ မန္တလေး မစိုးရိမ်ကျောင်းတိုက်တို့ ဖြစ်သည်။ အသက် ၂၀ အရွယ်တွင် လှည်းကူးမြို့မှ ရဟန်းဒကာ ဦးသိန်းဦးတို့ ဇနီးမောင်နှံနှင့်အတူ၊ မိသားစုတို့က ရဟန်းခံပေးခဲ့ခြင်း ဖြစ်ပါသည်။ စာဝါလိုက်နေစဉ်အတွင်း ကရင်ပြည်နယ် မြိုင်ကြီးငူတွင် ၅ နှစ်ကြာမျှ ဗုဒ္ဓဘာသာ ပြန့်ပွားရေး အတွက် သာသနာ ပြုခဲ့ပါသည်။

အရှင်ဂမ္ဘီရ (ယပ်တောင်နှင့်)
ပင်ကိုယ်စိတ်နေစိတ်ရင်း
မိမိ၏ တိုင်းပြည်နှင့်လူမျိုးအပေါ် အထူးချစ်ခင်သူ၊ အမှန်တရားကို မြတ်နိုးပြီး လွတ်လပ်မှုကိုခုံမင်သူ၊ ဖိနှိပ်စိုးမိုး အနိုင်ကျင့်မှုများကို စက်ဆုပ်သူ ဖြစ်သည်။ စာပေကို မြတ်နိုးသော အရှင်ဂမ္ဘီရသည် ဘာသာရေးဆိုင်ရာ စာအုပ်များ၊ အင်္ဂလိပ်စာနှင့် ဆိုင်သော စာအုပ်များ၊ ကွန်ပြူတာ နည်းပညာနှင့်ဆိုင်သော စာအုပ်များကို အမြဲ ၀ယ်ယူဖတ်ရှု စုဆောင်းခဲ့သည်။ မြန်မာနိုင်ငံ အရပ်ရပ်ရှိ စာကြည့်တိုက်များသို့ စာအုပ်များ လှူဒါန်းခဲ့သည်။ သူနေထိုင်ရာ ပေါက်မြို့တွင် စာကြည့်တိုက် တခုကို ထူထောင်၍ စာအုပ်များ လှူဒါန်းခဲ့သည်။ ဇီဝိတဒါန သွေးလှူခြင်း အမှုကိုလည်း နှစ်စဉ်နှစ်တိုင်းလိုပင် ပြုလုပ်မြဲ ဖြစ်သည်။
ရည်မှန်းချက်မှာ ------
ထောက်ကြံ့တောရ၌ နေစဉ်အတွင်း ကျောင်းထိုင်ဘုန်းကြီး၏ ချစ်ခင်မှုကို အထူးခံရသူ ဖြစ်သည်။ စာချဘုန်းကြီးအဖြစ် တာဝန် ပေးအပ်ခြင်း ခံရသည်။ ရခိုင်ပြည်နယ် ဘုန်းကြီးကျောင်း တကျောင်းမှလည်း ကျောင်းထိုင်ဘုန်းကြီးအဖြစ် ပင့်ဖိတ်ခြင်း ခံရသည်။ သို့သော် ဓမ္မာစရိယတန်း ပြီးလျှင် သာသနာပြု တက္ကသိုလ်တက်ရန် ရည်ရွယ်ချက် ရှိခဲ့သောကြောင့် ကျောင်းမထိုင်ခဲ့ပေ။ သာသနာပြု တက္ကသိုလ်မှ ဘွဲ့ရပြီးလျှင် အိန္ဒိယနိုင်ငံတွင် ပညာသင်ကြားပြီးလျှင် နိုင်ငံတကာ သာသနာပြု ဓမ္မကထိကအဖြစ် ရှင်သန်သွားရန် ရည်ရွယ်ထားသည်။ အချိန် ရလျှင်လည်း အင်္ဂလိပ်စာနှင့် ကွန်ပြူတာ ပညာတို့ကို လေ့လာ လိုက်စားခဲ့သည်။ နိုင်ငံရေး သိပ္ပံ၊ ရသစာပေ၊ ကဗျာ၊ ဂီတ တို့ကိုလည်း လေ့လာ လိုက်စားခဲ့သည်။ ဘာသာရေး ဆောင်းပါး၊ ၀တ္ထု၊ ကဗျာတို့လည်း ရေးသားခဲ့သည်။
လမ်းကြောင်းပြောင်းပြီ
ဓမ္မာစရိယတန်း စာဝါလိုက်နေစဉ်အတွင်း ၂၀၀၅ ခုနှစ်တွင် ပြည်သူလူထု၏ စားဝတ်နေရေး၊ ပညာရေး၊ ဘာသာရေး နိမ့်ကျနေမှုများကို အထူးသိမြင်ကာ လျစ်လျူ မရှုရက်တော့ဘဲ သံဃာထုအတွင်း စည်းရုံးမှုများကို စတင်ခဲ့သည်။ ဒီပဲယင်း အရေးအခင်းကာလက နှစ်ကြီး ထောင်ကျ အကျဉ်းသားများကို သင်္ကန်းစည်းပေးကာ ဒေါ်အောင်ဆန်းစုကြည်နှင့် ကျောင်းသားများအား အာဏာပိုင်များက အသတ်ခိုင်းမှုအပေါ် အထူး စိတ်နာခဲ့သည်။ စစ်အစိုးရ အာဏာပိုင်များ၏ ဘာသာတရား ကင်းမဲ့မှု၊ သာသနာတော်ကြီးအား အသရေ ညှိုးနွမ်းအောင် ပြုလုပ်မှု၊ ဘုန်းကြီး အယောင်ဆောင်ကာ နာမည်ဖျက်မှု၊ စစ်အုပ်စု အာဏာတည်မြဲရေး တခုတည်းကိုသာ ကြည့်မှုတို့ကြောင့် မိမိ၏ ရည်ရွယ်ချက်များ အပျက်ခံကာ စာဝါ မလိုက်နိုင်တော့ဘဲ ဤစက်တင်ဘာ အရေးအခင်းကို ဦးဆောင် ပါဝင်လှုပ်ရှား ခဲ့ရပါတော့သည်။
သူ၏ မအိပ်မနေ လှုပ်ရှားမှုများကတော့ အံ့မခန်းပင် ဖြစ်သည်။ ထို့ကြောင့်လည်း တနိုင်ငံလုံးရှိ သံဃာတော် အရှင်သူမြတ် အားလုံးလိုလိုနှင့် ပေါင်းစည်း လက်တွဲနိုင်ခဲ့သည်။ ထို့ကြောင့်ပင်၂၀၀၇ ခုနှစ် စက်တင်ဘာ အရေးတော်ပုံကြီးမှာ အောင်မြင်စွာ ပေါ်ပေါက် လာခဲ့ရသည်။
သို့သော် အာဏာရှင် ဗိုလ်ချုပ်ကြီးများ အနေဖြင့် သံဃာတော် အရှင်သူမြတ်များ၊ ပြည်သူများ၊ ကျောင်းသား လူငယ်များအပေါ် ဤကဲ့သို့ ရက်ရက်စက်စက် ချေမှုန်း သတ်ဖြတ်ပစ်မည်ကိုတော့ သူ-လုံးဝ မျှော်လင့်မထားမိခဲ့။ ဤမျှ ရိုင်းစိုင်း ယုတ်မာလိမ့်မည်ဟု မထင်ခဲ့ခြင်းကြောင့်လည်း လမ်းပေါ် ထွက်ခဲ့ခြင်း ဖြစ်ကြောင်း သူက နောက်ပိုင်းတွင် ဖွင့်ဟမြွက်ကြားခဲ့သည်။
ဤအဖြစ်ဆိုးကြီးကို ပြန်လည်း စဉ်းစားမိတိုင်း စိတ်ဖိစီးမှုများ ခံစားရကာ ကျန်းမာရေး ထိခိုက်လာခဲ့သည်။ သို့သော်လည်း ကျန်းမာရေး ချို့ငဲ့နေသည့် အကြားကပင် ရှောင်တိမ်း ပုန်းအောင်းရင်းနှင့် အရေးတော်ပုံ အရှိန်အဟုန် ကျမသွားရေး ဆက်လက် ထိန်းသိမ်း သယ်ပိုးနေခဲ့ရသည်။ မိတ်ဆွေ အသိုင်းအ၀ိုင်းများမှ သူ လွတ်မြောက်ရေးအတွက် ပြည်ပသို့ ထွက်ခွာသွားရန် တိုက်တွန်း ပြောဆိုခဲ့သော်လည်း "တိုက်ပွဲ မအောင်မြင် မချင်း ပြည်ပသို့ ထွက်ခွာမသွားကြေး" ဆိုသည့် တိုက်ပွဲဝင် ရဲဘော်များအကြား ထားရှိခဲ့သည့် ကတိသစ္စာကို သစ္စာရှိရှိ ခိုင်ကျည်စွာ စောင့်ထိန်းခဲ့သည်။
အဖမ်းခံရပြီ
ယခုအချိန်တွင်မူ အာဏာပိုင်များ၏ ပိုက်စိပ်တိုက် ရှာဖွေ ဖမ်းဆီးမှုအောက်၌ အဖမ်း ခံလိုက်ရပေပြီ။ နိုဝင်ဘာ ၄ ရက်နေ့၌ သူပုန်းအောင်နေထိုင်သည့် စဥ့်ကိုင်နယ်ထဲတွင် အဖမ်းခံလိုက်ရပြီး၊ ရန်ကုန်၊ အင်းစိန် အကျဉ်းထောင်၊ အဆောင် (၂)၊ အခန်း (၂၃) ၌ တဦးတည်း အထီးကျန် စံပယ်နေရသည်။
ထောင်ကျသော်လည်း
ဒီဇင်ဘာ ၅ ရက်နေ့တွင် မိသားစုအနေဖြင့် ပထမအကြိမ် ထောင်ဝင်စာ တွေ့ဆုံခွင့် ရခဲ့သည်။ မိသားစု၏ စီးပွားရေး အခြေအနေ ယိမ်းယိုင်နေခြင်းနှင့်အတူ ခရီးလည်း ဝေးကွာသည့်အတွက် ထောင်ဝင်စာ ပုံမှန် တွေ့ဆုံနိုင်ရန် အတွက်ပင် ရုန်းကန်နေကြရသည်။ အရှင်ဂမ္ဘီရသည် ထောင်တွင်း အထီးကျန်မှုကို တရားတော်များ မှတ်ရင်းနှင့်ပင် ပယ်ဖျောက်ရင်း ပြင်ပတွင် ကျန်နေရစ်သည့် ရဟန်းရှင်လူ ပြည်သူများ၏ နောက်ထပ်တကြိမ် တိုက်ပွဲခေါ်သံကို နားစွင့်နေမည်မှာ မလွဲဧကန်ပင်။
ဦးဂမ္ဘီရ ပြောနေကြ စကားတခွန်း ရှိပါသည်။
“ကျုပ်တို့ဘုန်းကြီးတွေဆိုတာက လူတွေလို ဇနီးမယား၊ စည်းစိမ် ဥစ္စာ တွယ်တာစရာတွေ ဘာမှရှိတာ မဟုတ်ဘူး၊ ကျုပ်တို့ လူဖြစ်လာရတာကိုက သာသနာပြုဖို့ အတွက်ဗျ၊ လူတွေ အတွက်ဗျ၊ သာသနာပြုနိုင်ဖို့ ဆိုတာကလည်း လူတွေရဲ့ဘ၀ စားဝတ်နေရေး၊ လူမှုရေး၊ မင်းဆိုးမင်းညစ်တွေ ဘေးက ပြေလည် ကင်းလွတ်နေမှဗျ၊ ဘာ သံယောဇဉ်မှ မရှိတဲ့ ကျုပ်တို့က လူတွေရဲ့ အခက်အခဲတွေကို ပြေလည်အောင် ဖြေရှင်းပေးရမယ်။ ဒီအလုပ်တွေကို လုပ်ကတည်းက ဘ၀တွေ၊ အသက်တွေ ရင်းထားရတာ၊ အဖမ်း ခံရမှာနဲ့ သေမှာ နှစ်မျိုးပဲ ရှိတယ်”

အဖွဲ့ချုပ်ဝင် ၅ ဦးကို ရဲ ၈ဝ က လူစုခွဲ

ထိန်လင်း

နယူးဒေလီ။ ။ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် ၅ ဦးသည် မြို့နယ် ပါတီ ဒုဥက္ကဋ္ဌ ၏ နေအိမ်သို့ ယနေ့ နံနက်ပိုင်းက သွားရောက်ရာတွင် လက်နက် ကိုင်ဆောင်ထားသည့် ရဲတပ်ဖွဲ့ဝင် ၈ဝ ခန့်က ပိတ်ဆို့ တားမြစ်ခဲ့သည်။
ကိုသန်းလွင်နှင့် ကိုမိုးနေစိုး အပါအဝင် အန်အယ်ဒီ လူငယ် ၅ ဦးသည် ရပ်ကွက်အတွင်းရှိ လ္ဘက်ရည်ဆိုင်တခုမှ ချောင်းကောက် ရပ်ကွက်ရှိ ပါတီ ဒုဥက္ကဋ္ဌ ဦးသန်းဖေ၏ နေအိမ်သို့ သွားရောက်ရာတွင် ဦးဥတ္တမလမ်း၌ မြို့နယ်ရဲတပ်ဖွဲ့မှ တပ်သား ၈ဝ ခန့်က တုတ်၊ သေနတ်နှင့် ဒိုင်းများ ကိုင်ဆောင်ကာ လူစုခွဲခိုင်းခြင်း ဖြစ်သည်။
“ကျနော်တို့ ၅ ယောက် မနက်ကဗျာ၊ လ္ဘက်ရည်ဆိုင်က ထွက်ပြီး ဦးသန်းဖေ အိမ်ဘက်သွားတာကို ဦးဥတ္တမ လမ်းပေါ်မှာ ရဲအုပ် ဝင်းအောင်နီ ကိုယ်တိုင် ဦးဆောင်ပြီးတော့ ရဲ ၈ဝ လောက်က အကြမ်းဖက်မယ့် ပုံစံတွေနဲ့ ကျနော်တို့ကို အတင်း လူစုခွဲခိုင်းတယ်ဗျ” ဟု ကိုမိုးနေစိုးက ပြောသည်။
မြို့တွင်းရှိ လူစည်ကားရာ နေရာများတွင် လုံခြုံရေးများကို ထူထပ်စွာ ချထားပြီး ဆန္ဒပြပွဲများ ဖြစ်ပွားလာပါက ဖြိုခွင်းရန်အတွက် အသင့်အနေအထား ပြင်ဆင်ထားသည်။
မြို့ခံလူထုအနေဖြင့် လုံခြုံရေး တင်းကျပ်မှုနှင့် စားဝတ်နေရေး ပြေလည်မှု မရှိသည့်အတွက် နောက်ထပ် ဆန္ဒပြပွဲများ ဖြစ်ပွားလာနိုင်ကြောင်း သူက ယခုလို ဆက်ပြောသည်။
“သူတို့ (အစိုးရ) က ပြည်သူတွေရဲ့ ဆန္ဒကို မဖြေရှင်းပေးသ၍ ဘယ်လို လက်နက်တွေနဲ့ ခြိမ်းခြောက်ခြိမ်းခြောက်၊ ဘယ်လို ဖိနှိပ်ဖိနှိပ် ပြည်သူတွေရဲ့ဆန္ဒ ဖော်ထုတ်သံကတော့ ညံနေအုံးမှာပဲ” ဟု ကိုမိုးနေစိုးက ပြောသည်။
ရွှေဝါရောင် တော်လှန်ရေး အတွင်း ပါဝင် လှုပ်ရှားခဲ့သူများထဲက အန်အယ်ဒီ ပါတီဝင် ၁၃ ဦးကို ဆက်လက် ဖမ်းဆီးထားရာတွင် ရန်အောင်မြေ ရပ်ကွက် ရယက အဖွဲ့ဝင် ကိုဝင်းမောင်အား ပြီးခဲ့သည့် နိုဝင်ဘာလတွင် ဒေသ အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းပြီးနောက် ယခုအခါ ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်ခဲ့သော်လည်း ယနေ့ထိတိုင် မာန်အောင် ရဲစခန်းတွင် ချုပ်နှောင်ထားဆဲ ဖြစ်သည်။
ဇနီးသည်ဖြစ်သူက “ကိုဝင်းမောင်က တပတ်မှာ ရေ ၂ ရက်ပဲ ချိုးရတယ်။ ခါးနာရောဂါ ပြန်ခံစားနေရတယ်။ ကျမကတော့ ကိုဝင်းမောင်ကို ကျောက်ဖြူထောင် ဘာလို့မပို့မှန်း မသိဘူး။ သူ့မှာ ခါးနာဝေဒနာ ရှိတယ်။ ခါးနာပေါ်ရင် လေ့ကျင့်ခန်း လုပ်ပြီး ရေချိုးရတယ်။ မာန်အောင် အချုပ်ခန်းထဲမှာက မကောင်းဘူး” ဟု မဇ္ဈိမကို ပြောသည်။
အာဏာပိုင်များက ကိုဝင်းမောင်အား လူထု လှုပ်ရှားမှုကို စောင့်ကြည့်ခိုင်းနေစဉ် လူထုရှေ့ထွက်ကာ အစိုးရဆန့်ကျင်ရေး တရားဟောပြောခဲ့သဖြင့် ဖမ်းဆီး၍ ပုဒ်မ ၁၄၃၊ ၅ဝ၅ (ခ) များဖြင့် ထောင်ဒဏ် ၂ နှစ်ခွဲ ပြစ်ဒဏ် ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။
ယမန်နေ့က တောင်ကုတ်မြို့အတွင်း စက်ဘီးစီးပြီး လမ်းတလျှောက် ဆန္ဒပြ ကြွေးကြော်ခဲ့သော ကိုကုလားရှည် (ခေါ်) သန်းဌေးနှင့် ကိုဇော်နိုင်တို့ကိုလည်း မြို့နယ်ရဲစခန်းတွင် ဆက်လက် ဖမ်းဆီးထားသည်။

Wednesday, January 23, 2008

ချီးလေးချီး ခွေးရောင်စုံအငြိမ့် ကြည့်ကြမလားတဲ့ ...

http://www.drlunswe.blogspot.com/

ရိုဟင်ဂျာ ၄၁၅ ဦး ဖန်ငခရိုင်မှာ အဖမ်းခံရ

ဖနိဒါ
ချင်းမိုင်။ ။ ထိုင်းတောင်ပိုင်း ဖန်ငခရိုင် တကောပါမြို့နယ်တွင် မြန်မာပြည်မှ ရိုဟင်ဂျာ ၂ဝ ဦးကို ထိုင်းအာဏာပိုင်များမှ ယမန်နေ့က ထပ်မံ ဖမ်းဆီးရမိလိုက်သဖြင့် ယခုနှစ်အတွင်း ဖန်ငခရိုင်အတွင်း အဖမ်းခံရသော ရိုဟင်ဂျာပေါင်း ၄၁၅ ဦး ရှိသွားပြီဟု GHRE က ပြောသည်။
အသက် ၁၂ နှစ်နှင့် ၅ဝ နှစ်အတွင်းရှိသော အမျိုးသား အများစုပါဝင်သော ရိုဟင်ဂျာ ၂ဝ ဦးကို ယမန်နေ့က ဖန်ငခရိုင် တကောပါ မြို့နယ်ရှိ ခေါင်လတ် ကမ်းခြေတွင် ဖမ်းဆီး ရမိလိုက်ခြင်းဖြင့် အဆိုပါ ခရိုင်အတွင်း ဖမ်းဆီးခံလိုက်ရသည့် ရိုဟင်ဂျာ စုစုပေါင်းသည် ယခုနှစ်အတွင်း ၄၁၅ ဦးရှိသွားပြီဟု အခြေခံ လူထု အခွင့်အရေးပညာပေး ကော်မတီ Grassroots Human Rights Education - GHRE က ပြောဆိုလိုက်ခြင်းဖြစ်သည်။
“သူတို့ပြောတာက မြန်မာပြည်မှာ အခြေချမရလို့။ စစ်တပ်က နယ်မြေသိမ်းတာတို့၊ စစ်အစိုးရဲ့ နှိပ်ကွပ်မှုအောက်မှာ တော်တော်လည်း ခံရတယ်။ နိုင်ငံသားချင်း လက်မခံဘဲနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြန်မောင်းထုတ်တာတို့ လုပ်လို့ပါ။ သူတို့ထဲမှာလည်း ဗမာစကား တတ်တာက အနည်းအကျဉ်းပဲ ပါတယ်။ စားဝတ်နေရေး လုံးဝ အခက်အခဲ ဖြစ်တယ်။ သူတို့ ဘဝရပ်တည်မှုအတွက် လုံခြုံမှု မရှိဘူးလို့ ပြောတယ်” ဟု ရိုဟင်ဂျာများကို သွားရောက် ကူညီခဲ့သော GHRE မှ ကိုမောင်ကိုက ပြောသည်။
သူတို့ အများစုသည် ရခိုင်ပြည်နယ်က စစ်တွေ၊ မောင်းတော၊ ဗူးသီးတောင်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်ဘက်မှ ဖြစ်ပြီး ထိုင်းနှင့် မလေးရှားနိုင်ငံသို့ အလုပ်လုပ်ရန် လာရောက်ကြသူများ ဖြစ်ကြောင်းနှင့် ယခုအချိန်ထိ ခရိုင်လူဝင်မှု ကြီးကြပ်ရေး ဌာနတွင် ထိန်းသိမ်းထားကြောင်း သိရသည်။
ယမန်နေ့က ရနောင်းကမ်းခြေ အနီးတွင်လည်း အသက် ၂ဝ နှင့် ၅ဝ အတွင်းရှိသော ရိုဟင်ဂျာ ၄၃ ဦး ပါရှိသည့် အဖွဲ့တဖွဲ့ကို ဖမ်းဆီးလိုက်ကြောင်း ရနောင်း လူဝင်မှုကြီးကြပ်ရေး ရုံးက မဇ္ဈိမကို ပြောသည်။
ယခုလ ၁၂ ရက်နေ့က ၅၉ ဦးနှင့် ၁၄ ရက်နေ့တွင် ၂၇၃ ဦးကို ဖန်ငခရိုင်အတွင်း၌ပင် ဖမ်းဆီးရမိပြီး အားလုံးကို မြန်မာပြည်သို့ ပြန်လည် ပို့ဆောင်ခဲ့ပြီ ဖြစ်သည်ဟု ရွှေ့ပြောင်း အလုပ်သမား ကျောင်းဆရာတဦးဖြစ်သူ ကိုဇော်က ပြောပြသည်။
သူက “သူတို့ကို ခူရပူရီစခန်းက ထိုင်းရဲတွေက သတင်းရတော့ ဖမ်းဆီးလိုက်တယ်လေ။ သူတို့ကို ဘယ်ကို ပို့မယ်ဆိုတာတော့ ကျနော်လည်း မသိသေးဘူးလေ။ နောက်တရက် အကျော်မှာလည်း အများကြီး ပြန်ထပ်ရောက်လာတယ်လေ။ သူတို့က မလေးရှားနိုင်ငံကို သွားမယ်လို့ ပြောတယ်” ဟု ပြောသည်။
ဖန်ငခရိုင်အတွင်းရှိ ခူရပူရီနှင့် တကောပါ မြို့နယ်များသည် မြန်မာနိုင်ငံမှ ရိုဟင်ဂျာများကို အများဆုံး ဖမ်းဆီးမိသည့် ဒေသများဖြစ်ပြီး ယမန်နှစ်ကလည်း ရိုဟင်ဂျာပေါင်း ၁၄၁၇ ဦး ဖမ်းဆီးရမိသည့် ဒေသများ ဖြစ်သည်။

မြန်မာ့အရေးအတွက် ထိုင်းအစိုးရသစ်အပေါ် စိုးရိမ်မကင်းဖြစ်

နေသွင်
ချင်းမိုင်။ ။ လူထု ရွေးကောက်ပွဲ စနစ်ဖြင့် ပေါ်ထွက်လာပြီဖြစ်သော ထိုင်းအစိုးရသစ် အနေနှင့် နအဖ စစ်အုပ်စုကို ဖက်လဲတကင်း ဆက်ဆံ လာနိုင်သည့်အတွက် ထိုင်းအခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူများက စိုးရိမ်မကင်း ဖြစ်နေကြသည်။
ထိုင်းနိုင်ငံတွင် ၁၆ လခန့် သက်တမ်း ကြာမြင့်ခဲ့သည့် စစ်တပ်အုပ်ချုပ်ရေး အဆုံးသတ်ပြီးနောက် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်နေ့က ကျင်းပခဲ့ရာတွင် အမတ်နေရာအများစု အနိုင်ရလိုက်သော ပြည်သူ့အင်အားပါတီ (ပီပီပီ) နှင့် အခြားပါတီငယ် ၅ ပါတီတို့၏ ညွန့်ပေါင်းအစိုးရအပေါ် ထိုင်းအခြေစိုက် မြန်မာအတိုက်အခံ ခေါင်းဆောင်များက ယခုလို စိုးရိမ်မကင်း ဖြစ်နေသည်။
“အခုတက် လာမယ့် အစိုးရပေါ့လေ၊ ပီပီပီ ပါတီပေါ့နော်။ အရင်တုန်းက ထိုင်းရတ်ထိုင်းပါတီရဲ့ တဖြစ်လဲပါတီပဲ။ ကျနော်တို့ မြင်တာက ပေါ်လစီအရ မစ္စတာသက်ဆင် အစိုးရ ပေါ်လစီအရ သွားမယ်လို့ မြင်တယ်” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (ဘန်ကောက်ရုံးခွဲ) မှ ဝန်ကြီးတဦးဖြစ်သူ ဒေါက်တာ စန်းအောင်က ပြောသည်။
အစိုးရသစ်သည် မစ္စတာသက်ဆင် လက်ထက်တွင် တည်ရှိခဲ့သော မြန်မာ စစ်အစိုးရနှင့် စီးပွားရေးအရ တရင်းတနှီး ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်နိုင်ငံ အစိုးရအကြား ရင်းနှီးမှုကိုသာ ဦးစားပေး တည်ဆောက်မည်ဟု မျှော်လင့်ရပြီး၊ မြန်မာပြည် ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးအတွက် ပြောဆိုမည်ဟု မယူဆကြောင်း ဝန်ကြီး ဒေါက်တာစန်းအောင် က ဆက်ပြောသည်။
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (အန်စီယူဘီ) မှ တွဲဖက်အတွင်းရေးမှူး ဦးမြင့်သိဏ်းက “ထိုင်းနိုင်ငံက နိုင်ငံရေး အပြောင်းအလဲဟာ ဒီမိုကရေစီ ကျင့်စဉ်နဲ့အညီ ပြုပြင်ပြောင်းလဲရေးတွေ လုပ်သွားတာကို တွေ့ရတယ်။ အခုတက်တာက ဒီမိုကရေစီနည်းကျ တက်လာတဲ့ အစိုးရဖြစ်တဲ့အတွက် ဒီမိုကရေစီကျင့်စဉ်ကို လေးစားလိုက်နာမယ်လို့ ယုံကြည်တယ်။ ဒီအတွက် အားလုံးဟာ၊ ကိုယ်တို့ကိုယ်တိုင်လည်း ဒီမိုကရေစီ တိုက်ပွဲဝင်နေတာဆိုတော့ အဆိုးဆုံး အခြေအနေအထိ ဖြစ်လာစရာ အကြောင်းမရှိဘူးလို့တော့ မြင်တယ်” ဟု ပြောသည်။
အစိုးရသစ်ကို ထိုင်းနိုင်ငံရောက် မြန်မာအတိုက်အခံ ခေါင်းဆောင်များက ကြိုဆိုကြသော်လည်း နအဖ စစ်အစိုးရနှင့် ဆက်ဆံရာတွင် ဝန်ကြီးချုပ်ဟောင်း မစ္စတာသက်ဆင် လက်ထက်က အလေးထားခဲ့သော စီးပွားရေးအပေါ် ဦးစားပေးလွန်းသည့် မူဝါဒမျိုးကို မနှစ်သက်ကြောင်း ပြောဆိုကြသည်။
ဒီ့အပြင် လက်ရှိ ဝန်ကြီးချုပ်သည် ညွန့်ပေါင်းအစိုးရ၏ ပေါင်းစည်းမှုကို ရေရှည်ထိန်းသိမ်းရေး၊ တကျော့ပြန် စစ်အာဏာသိမ်းမှု မပေါ်ပေါက်စေရေး အစရှိသည့် ပြည်တွင်းရေးကိစ္စများကို အရေးတကြီး ကိုင်တွယ်ရမည် ဖြစ်သဖြင့် မြန်မာ့အရေးကို အာရုံစိုက်နိုင်မည် မဟုတ်ဟုလည်း သုံးသပ်ကြသည်။
သို့သော်လည်း မြန်မာမှ ထိုင်းသို့ အများအပြား ဝင်ရောက်နေသည့် ရွှေ့ပြောင်း အလုပ်သမားများ အရေး၊ ဒုက္ခသည်အရေးနှင့် မူးယစ်ဆေးဝါး ပြဿနာသည် ဒေသတွင်း ပြဿနာအဖြစ် ဆက်လက် တည်ရှိနေသဖြင့် မြန်မာ့နိုင်ငံရေး ပြဿနာအား ကိုင်တွယ်ဖြေရှင်းရာတွင် ထိုင်းနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၊ နိုင်ငံတကာနှင့် ပူးပေါင်းသင့်ကြောင်းလည်း တိုက်တွန်းကြသည်။
အာဏာရပါတီ ပီပီပီသည် အောက်လွှတ်တော်တွင် အမတ်နေရာ ၄၈ဝ ရှိသည့်အနက် အခြားပါတီ ၅ ခုနှင့် ပူးပေါင်းကာ ၃၁၅ နေရာ ရရှိထားပြီး ပါတီခေါင်းဆောင် မစ္စတာ Samak Sundaravej (၇၂ နှစ်) သည် လာမည့် သောကြာနေ့တွင် အရပ်သားအစိုးရ၌ ဝန်ကြီးချုပ် ဖြစ်လာပါက သူသည် ထိုင်းနိုင်ငံ၏ ၂၅ ဦးမြောက် ဝန်ကြီးချုပ် ဖြစ်မည်။
ဝန်ကြီးချုပ်ဟောင်း မစ္စတာသက်ဆင်နှင့် နီးစပ်သူ မစ္စတာ Samak Sundaravej ပီပီပီ ပါတီတွင် မစ္စတာသက်ဆင်၏ ထိုင်းရတ်ထိုင်း ပါတီမှ ခေါင်းဆောင်အများစု ပါဝင်နေသဖြင့် အစိုးရအဖွဲ့ကို ဝန်ကြီးချုပ်ဟောင်းက နောက်ကွယ်မှ ကြိုးကိုင်သွားနိုင်သည် ဟူသော သုံးသပ်ချက်များလည်း ထွက်ပေါ်နေသည်။

စစ်တွေမှာ စလောင်းတခု ၁ဝ သိန်း

ငြိမ်းချမ်း

ဒါကာ။ ။ စစ်တွေမြို့တွင် ဂြိုဟ်တုစလောင်း သုံးစွဲလိုသူများသည် ဝန်ဆောင်ကြေးအဖြစ် ကျပ် ၁ဝ သိန်း ပေးသွင်းရမည် ဖြစ်သောကြောင့် ရှိနှင့်ပြီးသား စလောင်းအများအပြား ပြန်ဖြုတ်နေကြသည်။
စစ်တွေမြို့တွင် နအဖ စစ်တပ်ဖွဲ့ဝင်များဟု ယူဆရသော အရပ်ဝတ်နှင့် လူတစုက ယခု လဆန်းစပိုင်းက ဂြိုဟ်တုစလောင်း သုံးစွဲနေသည့် နေအိမ်များသို့ လာရောက်ပြီး ဆက်လက်၍ စလောင်းသုံးလိုပါက တနှစ်လျှင် ကျပ်ငွေ ၁ဝ သိန်း ပေးဆောင်ရမည်ဟု စာလာပေးသဖြင့် အချို့က စလောင်းများကို ပြန်ဖြုတ်နေကြခြင်း ဖြစ်သည်။
“အရင် ၆ဝဝဝ ၊ အခု ၁ဝ သိန်းပေးရမယ် ဆိုတော့ မသုံးဖြစ်အောင် တမင် လုပ်လိုက်တာပါ။ မကြာသေးခင်က စလောင်းကနေ ဗဟုသုတတွေ ရတယ်ဆိုပြီး ကြည့်ဖို့ ဝယ်လိုက်တဲ့ သူတွေလည်း အခု ကြည့်ဖြစ်မှာ မဟုတ်ဘူး။ ဒီလောက်များတဲ့ ပိုက်ဆံနဲ့ ဘယ်သူကမှ ဆက်ပြီးတော့ ကြည့်ကြမှာ မဟုတ်ဘူး။ အများအားဖြင့်တော့ စလောင်းတွေကို ပြန်ဖြုတ်နေကြတယ်” ဟု စစ်တွေ မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။
စစ်တွေတွင် သာမာန်လူများကအစ ဂြိုဟ်တုစလောင်းကို အသုံးပြုလာကြပြီး အစိုးရအာဘော် ရုပ်မြင်သံကြား အစီအစဉ်နှင့် ရေဒီယိုလိုင်းများကို ကြည့်ရှုနားဆင်မှု လျော့ကျသွားကာ စလောင်းကိုသာ အားကိုးတကြီး ကြည့်နေကြသလို ဒေသခံများစုသည် စလောင်းဖြင့် ကြည့်လိုသူများ ပိုမို များပြားလာသည်ဟု သူက ဆက်ပြောသည်။
ကျပ်ငွေ ၁ဝ သိန်း မသွင်းမနေရ ပေးသွင်းရမည် ဟူသည့် စာတွင် မလိုက်နာပါက ပြင်းထန်စွာ အရေးယူသွားမည်ဟုလည်း ပါရှိသည်။
စစ်တွေတွင် ဂြိုဟ်တုစလောင်း သုံးစွဲသူ ဦးရေ ၁ဝဝဝ အထက် ရှိနေသည်။

ဆန္ဒပြ၍ တောင်ကုတ်အဖွဲ့ချုပ်ဝင် ၂ ဦး အဖမ်းခံရ

ထိန်လင်း

နယူးဒေလီ။ ။ ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ယနေ့ နေ့လည်ပိုင်းက စက်ဘီးဖြင့် လှည့်လည်ကာ ဆန္ဒပြခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် ၂ ဦးကို အာဏာပိုင်များက ဖမ်းဆီးသွားခဲ့သည်။
ယခုလ ၁၇ ရက်နေ့က မအောင်မြင်ခဲ့သည့် ဆန္ဒပြပွဲ အစီအစဉ်ကို ပြန်လည် အသက်သွင်းသည့် အနေဖြင့် ယနေ့ နေ့လည် ၁ နာရီခွဲခန့်က တောင်ကုတ်မြို့ ချောင်းကောက် ရပ်ကွက်နေ ကိုကုလားရှည်နှင့် ကိုစိုးမင်းဦးတို့သည် အာဏာပိုင်များ စောင့်ကြပ်နေသည့် ကြားမှပင် မြို့အတွင်း၌ စက်ဘီးနှင့် လှည့်လည် ဆန္ဒပြခဲ့ရာတွင် ဆန္ဒပြပြီး ၁၅ မိနစ်ခန့်အကြာတွင် ဖမ်းခံရခြင်း ဖြစ်သည်။
“သူတို့က ဖောင်တော်ဦး ဘုရားနားကနေပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ ဒီမိုကရေစီ ရရှိရေး၊ ကုန်ဈေးနှုန်း ကျဆင်းရေး ကြွေးကြော်သံတိုင်ပြီး ဦးဥတ္တမ လမ်းတလျှောက် အော်လာခဲ့ပြီး ညောင်ပင်ကြီးနား ရောက်တော့ ရဲအဖွဲ့က ဖမ်းသွားတယ်” ဟု တောင်ကုတ်မြို့ခံ တဦးက ပြောသည်။
ဆန္ဒပြသူ နှစ်ဦးသည် အသက် ၂၅ နှစ်နှင့် ၃ဝ နှစ်အကြားရှိ အဖွဲ့ချုပ် လူငယ်များ ဖြစ်ကြပြီး ယနေ့ ဆန္ဒပြပွဲ မတိုင်မီက အာဏာပိုင်များမှ မီးကင်း စောင့်ခိုင်းမှုကြောင့် အာဏာပိုင်များနှင့် အခြေအတင် စကားများခဲ့ကြသေးသည်။
လူထုဆန္ဒပြပွဲ ပြန်လည် လုပ်ဆောင်ရန် စီစဉ်သော်လည်း ပျက်ပြယ်ခဲ့သည့် ယခုလ ၁၇ ရက်နေ့မှ စတင်ကာ တောင်ကုတ်မြို့ ဖောင်တော်ဦးဘုရား ရင်ပြင်ပေါ်တွင် လုံခြုံရေးများ ထူထပ်စွာ ချထားသည့် အတွက်ကြောင့် ဘုရားဖူးလာသူများ စိတ်အနှောင့်အယှက် ဖြစ်နေကြရသည်ဟု တောင်ကုတ်မြို့ခံက ပြောသည်။
တောင်ကုတ်မြို့ အာဏာပိုင်များက နောက်ထပ် လူထုဆန္ဒပြပွဲ ထပ်မံ ဖြစ်ပွားလာမည်ကို စိုးရိမ်သောကြောင့် တောင်ကုတ် မြို့တွင်းရှိ နေရာအနှံ့၌ ကင်းပုန်းများနှင့် လုံခြုံရေးများ တိုးမြှင့် ချထားသကဲ့သို့ အန်အယ်ဒီ အဖွဲ့ဝင်များ၏ လှုပ်ရှားမှု မှန်သမျှကို စောင့်ကြည့်ခြင်းများ ပြုလုပ်နေသည်။

မြန်မာ့အရေးအတွက် ထိုင်းအစိုးရသစ်အပေါ် စိုးရိမ်မကင်းဖြစ်

နေသွင်
ချင်းမိုင်။ ။ လူထု ရွေးကောက်ပွဲ စနစ်ဖြင့် ပေါ်ထွက်လာပြီဖြစ်သော ထိုင်းအစိုးရသစ် အနေနှင့် နအဖ စစ်အုပ်စုကို ဖက်လဲတကင်း ဆက်ဆံ လာနိုင်သည့်အတွက် ထိုင်းအခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူများက စိုးရိမ်မကင်း ဖြစ်နေကြသည်။
ထိုင်းနိုင်ငံတွင် ၁၆ လခန့် သက်တမ်း ကြာမြင့်ခဲ့သည့် စစ်တပ်အုပ်ချုပ်ရေး အဆုံးသတ်ပြီးနောက် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်နေ့က ကျင်းပခဲ့ရာတွင် အမတ်နေရာအများစု အနိုင်ရလိုက်သော ပြည်သူ့အင်အားပါတီ (ပီပီပီ) နှင့် အခြားပါတီငယ် ၅ ပါတီတို့၏ ညွန့်ပေါင်းအစိုးရအပေါ် ထိုင်းအခြေစိုက် မြန်မာအတိုက်အခံ ခေါင်းဆောင်များက ယခုလို စိုးရိမ်မကင်း ဖြစ်နေသည်။
“အခုတက် လာမယ့် အစိုးရပေါ့လေ၊ ပီပီပီ ပါတီပေါ့နော်။ အရင်တုန်းက ထိုင်းရတ်ထိုင်းပါတီရဲ့ တဖြစ်လဲပါတီပဲ။ ကျနော်တို့ မြင်တာက ပေါ်လစီအရ မစ္စတာသက်ဆင် အစိုးရ ပေါ်လစီအရ သွားမယ်လို့ မြင်တယ်” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (ဘန်ကောက်ရုံးခွဲ) မှ ဝန်ကြီးတဦးဖြစ်သူ ဒေါက်တာ စန်းအောင်က ပြောသည်။
အစိုးရသစ်သည် မစ္စတာသက်ဆင် လက်ထက်တွင် တည်ရှိခဲ့သော မြန်မာ စစ်အစိုးရနှင့် စီးပွားရေးအရ တရင်းတနှီး ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်နိုင်ငံ အစိုးရအကြား ရင်းနှီးမှုကိုသာ ဦးစားပေး တည်ဆောက်မည်ဟု မျှော်လင့်ရပြီး၊ မြန်မာပြည် ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးအတွက် ပြောဆိုမည်ဟု မယူဆကြောင်း ဝန်ကြီး ဒေါက်တာစန်းအောင် က ဆက်ပြောသည်။
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (အန်စီယူဘီ) မှ တွဲဖက်အတွင်းရေးမှူး ဦးမြင့်သိဏ်းက “ထိုင်းနိုင်ငံက နိုင်ငံရေး အပြောင်းအလဲဟာ ဒီမိုကရေစီ ကျင့်စဉ်နဲ့အညီ ပြုပြင်ပြောင်းလဲရေးတွေ လုပ်သွားတာကို တွေ့ရတယ်။ အခုတက်တာက ဒီမိုကရေစီနည်းကျ တက်လာတဲ့ အစိုးရဖြစ်တဲ့အတွက် ဒီမိုကရေစီကျင့်စဉ်ကို လေးစားလိုက်နာမယ်လို့ ယုံကြည်တယ်။ ဒီအတွက် အားလုံးဟာ၊ ကိုယ်တို့ကိုယ်တိုင်လည်း ဒီမိုကရေစီ တိုက်ပွဲဝင်နေတာဆိုတော့ အဆိုးဆုံး အခြေအနေအထိ ဖြစ်လာစရာ အကြောင်းမရှိဘူးလို့တော့ မြင်တယ်” ဟု ပြောသည်။
အစိုးရသစ်ကို ထိုင်းနိုင်ငံရောက် မြန်မာအတိုက်အခံ ခေါင်းဆောင်များက ကြိုဆိုကြသော်လည်း နအဖ စစ်အစိုးရနှင့် ဆက်ဆံရာတွင် ဝန်ကြီးချုပ်ဟောင်း မစ္စတာသက်ဆင် လက်ထက်က အလေးထားခဲ့သော စီးပွားရေးအပေါ် ဦးစားပေးလွန်းသည့် မူဝါဒမျိုးကို မနှစ်သက်ကြောင်း ပြောဆိုကြသည်။
ဒီ့အပြင် လက်ရှိ ဝန်ကြီးချုပ်သည် ညွန့်ပေါင်းအစိုးရ၏ ပေါင်းစည်းမှုကို ရေရှည်ထိန်းသိမ်းရေး၊ တကျော့ပြန် စစ်အာဏာသိမ်းမှု မပေါ်ပေါက်စေရေး အစရှိသည့် ပြည်တွင်းရေးကိစ္စများကို အရေးတကြီး ကိုင်တွယ်ရမည် ဖြစ်သဖြင့် မြန်မာ့အရေးကို အာရုံစိုက်နိုင်မည် မဟုတ်ဟုလည်း သုံးသပ်ကြသည်။
သို့သော်လည်း မြန်မာမှ ထိုင်းသို့ အများအပြား ဝင်ရောက်နေသည့် ရွှေ့ပြောင်း အလုပ်သမားများ အရေး၊ ဒုက္ခသည်အရေးနှင့် မူးယစ်ဆေးဝါး ပြဿနာသည် ဒေသတွင်း ပြဿနာအဖြစ် ဆက်လက် တည်ရှိနေသဖြင့် မြန်မာ့နိုင်ငံရေး ပြဿနာအား ကိုင်တွယ်ဖြေရှင်းရာတွင် ထိုင်းနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၊ နိုင်ငံတကာနှင့် ပူးပေါင်းသင့်ကြောင်းလည်း တိုက်တွန်းကြသည်။
အာဏာရပါတီ ပီပီပီသည် အောက်လွှတ်တော်တွင် အမတ်နေရာ ၄၈ဝ ရှိသည့်အနက် အခြားပါတီ ၅ ခုနှင့် ပူးပေါင်းကာ ၃၁၅ နေရာ ရရှိထားပြီး ပါတီခေါင်းဆောင် မစ္စတာ Samak Sundaravej (၇၂ နှစ်) သည် လာမည့် သောကြာနေ့တွင် အရပ်သားအစိုးရ၌ ဝန်ကြီးချုပ် ဖြစ်လာပါက သူသည် ထိုင်းနိုင်ငံ၏ ၂၅ ဦးမြောက် ဝန်ကြီးချုပ် ဖြစ်မည်။
ဝန်ကြီးချုပ်ဟောင်း မစ္စတာသက်ဆင်နှင့် နီးစပ်သူ မစ္စတာ Samak Sundaravej ပီပီပီ ပါတီတွင် မစ္စတာသက်ဆင်၏ ထိုင်းရတ်ထိုင်း ပါတီမှ ခေါင်းဆောင်အများစု ပါဝင်နေသဖြင့် အစိုးရအဖွဲ့ကို ဝန်ကြီးချုပ်ဟောင်းက နောက်ကွယ်မှ ကြိုးကိုင်သွားနိုင်သည် ဟူသော သုံးသပ်ချက်များလည်း ထွက်ပေါ်နေသည်။

ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာတွင် ဆွမ်းလောင်းလှူပွဲများ ကျင်းပ

ထိန်လင်း
နယူးဒေလီ။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များနှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ရည်ရွယ်သည့် အင်္ဂါနေ့ ဆွမ်းလောင်းပွဲများကို ရန်ကုန်မြို့ အန်အယ်ဒီ ရုံးချုပ်နှင့် မန္တလေးတိုင်း မိတ္ထီလာမြို့တွင် အာဏာပိုင်များမှ နှောင့်ယှက်နေသည့် ကြားကပင် ပါတီဝင်များက အောင်မြင်စွာ ပြုလုပ်ခဲ့သည်။
အာဏာပိုင်များမှ စောင့်ကြည့် မှတ်တမ်းတင်ခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ ဆွမ်းခံကြွလာသော သံဃာတော်များအား ကျောင်းတိုက်အမည်နှင့် နေရပ်လိပ်စာ မေးမြန်းခြင်းများ ပြုလုပ်လေ့ရှိသဖြင့် ကြွရောက်လာသော သံဃာတော်များ အနေနှင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ကြရသော်လည်း ယခုတပတ် ဆွမ်းလောင်းပွဲကို ရန်ကုန် ရုံးချုပ်နှင့် မိတ္ထီလာမြို့မှ ပါတီဝင်များက အောင်မြင်စွာ ကျင်းပခဲ့ကြခြင်း ဖြစ်သည်။
“ကျမတို့ ရုံးရှေ့ဘက်က နေပြီးတော့ အမြဲတမ်း ထောက်လှမ်းနေတဲ့ အဖွဲ့ရှိတယ်။ ဘာတွေ လှုပ်ရှားအုံးမလဲ ဆိုပြီး ဆွမ်းလောင်းပြီးတာတောင် မပြန်ဘဲ စောင့်ကြည့်တဲ့အဖွဲ့ ရှိသေးတယ်” ဟု ရန်ကုန်ရှိ ဗဟိုအမျိုးသမီးအဖွဲ့ဝင် ဒေါ်အေးအေးမာက မဇ္ဈိမကို ပြောသည်။
ရုံးချုပ်ရှေ့သို ကြွချီလာသည့် သံဃာအပါး ၁၅ဝ ကို ဗဟို အမျိုးသမီးအဖွဲ့မှ ကြက်သား-အာလူးဟင်း၊ ခရမ်းချဉ်သီး-ငပိချက်၊ မုန်ညင်းရွက်ကြော်နှင့် ဘီစကွတ်မုန့်များကို လောင်းလှူကြပြီး၊ စမ်းချောင်းမှ ကုသိုလ်ရှင် တဦးကလည်း ပေါင်မုန့်များ လာရောက်လှူဒါန်းခဲ့သည်။
မိတ္ထီလာမြို့က ယနေ့ ဆွမ်းလောင်းပွဲအား ရဲများက လာရောက်၍ သတင်းယူကြသော်လည်း ကြွလာသော သံဃာတော်များကို ဆွမ်းနှင့် ပူတင်းပေါင်မုန့်များ လောင်းလှူခဲ့ကြသည်။
“အရင်တပတ်လောက်တော့ စောင့်ကြည့်တာ မရှိဘူး။ ရဲတွေက ဘာလောင်းလဲ လာကြည့်တာပေါ့။ သူတို့ကတော့ ဒါ အလုပ်ပဲလေ။ မလုပ်ရင် ဖြစ်မှမဖြစ်တာ” ဟု မိတ္ထီလာ အန်အယ်ဒီ အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက ပြောသည်။
ပြီးခဲ့သည့်အင်္ဂါနေ့က မိတ္ထီလာမြို့မှ ဆွမ်းလောင်းပွဲအား ခယက အတွင်းရေးမှူး ကိုယ်တိုင် လာရောက်၍ သံဃာတော်များကို ချိုချဉ်တလုံးစီ ကပ်လှူရင်း “ဘယ်ကျောင်းကလဲ” ဟု သံဃာတိုင်းကို မေးမြန်းပြီး ရေစက်ချ တရားချီးမြှင့်ပေးသော ကိုယ်တော်အား နောက်မှလိုက်ကာ စိတ်အနှောင့်အယှက် ပေးခဲ့သဖြင့် ယနေ့တွင် အဆိုပါ ကိုယ်တော်မှ တရားမဟောရဲကြောင်း မိန့်ဆိုခဲ့ပုံကို ဒေါ်မြင့်မြင့်အေးက ယခုလို ဆက်ပြောသည်။
“ဒီတပတ် လပြည့်နေ့လည်း ဖြစ်တော့ အရင်တပတ်က ကိုယ်တော်ကိုပဲ တိုက်ပေါ်ပင့်၊ ရေစက်ချ တရားဟောဖို့ လျှောက်တော့ ဟောမပေးနိုင်ဘူး ပြောတယ်။ “ပြီးခဲ့တဲ့ တပတ်က ကျုပ်ကို လိုက်မေးခံရတယ်။ ဒါကြောင့် ဟောမပေးတော့ဘူး” လို့ ပြောသွားတယ်” ဟု သူက ပြောသည်။
ပြီးခဲ့သည့်နှစ် ဇွန်လ ၂၆ ရက်မှ စတင်၍ ဆွမ်းလောင်းလှူခဲ့ရာ ၃၁ ကြိမ်မြောက် လောင်းလှူခဲ့ကြခြင်း ဖြစ်သည်။

ဒေါ်စုကို ကာကွယ်ရန် စာဖြင့် တောင်ကုတ်တွင် လှုံ့ဆော်

သန်းထိုက်ဦး
ချင်းမိုင်။ ။ “အမိမြန်မာပြည်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်စောင့်ရှောက်ကြ” ဟူသည့် စာတမ်းပါရှိသော နအဖ စစ်အစိုးရ ဆန့်ကျင်ရေး စာရွက်များသည် ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ယခုလ ၁၉ ရက်နေ့မှ စတင်ကာ ပြန့်နှံ့နေသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များက ပြောသည်။
တောင်ကုတ်မြို့အပြင် တမိုင်ခန့်အကွာရှိ ကျောက်ဖြူ ကားလမ်းမပေါ်တွင် အဆိုပါ စာရွက်များကို တွေ့ရှိသူများက မြို့ထဲတွင် ဆက်လက် ဖြန့်ဝေကြသဖြင့် ယခုလို ပြန့်နှံ့သွားခြင်း ဖြစ်သည်ဟု တောင်ကုတ် အဖွဲ့ချုပ်ဝင် ကိုမိုးနေစိုးက ပြောသည်။
“တချို့ကျလည်း ရကြတာ။ ဒါပေမဲ့ ပေါ်တင်ကြီးတော့ မပြကြဘူးပေါ့။ ကိုယ့်အချင်းချင်း တိုးတိုးတိတ်တိတ်ပေါ့။ ဒီမှာ စာစောင်တခု ဘာညာ အဲဒီလိုဆိုတာမျိုး ပြောတာတွေ ရှိတယ်ခင်ဗျ။ ပေါ်တင်ကြီးတော့ ပြတာတွေ မရှိဘူးဗျာ။ ရတဲ့လူတွေက သိမ်းထားလိုက်တယ်။ အဲဒီလို တိုးတိုးတိတ်တိတ်တော့ ဖတ်နေကြတယ် ခင်ဗျ” ဟု သူက ပြောသည်။
စာရွက်ထဲတွင် “အမိမြန်မာပြည်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ် စောင့်ရှောက်ကြ” စာတမ်းနှင့် “ကျနော်တို့ ရှိတယ် အမေ” ဟု ခေါင်းစဉ်တပ်ထားသည့် ကဗျာတပုဒ် အပါအဝင် နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဦးခေါင်းတွင် ဘီးလူးရုပ်ပုံကို တင်ထားပြီး သေနတ်နှင့် ချိန်ရွယ်ထားပုံလည်း ပါရှိသည်။
တောင်ကုတ်တွင် ပြီးခဲ့သည့် ၁၇ ရက်နေ့က ဒေသခံများနှင့် သံဃာတော်များ ပူးပေါင်းထားသည့် ဦးရေ ၂ဝဝ ခန့်သည် လက်ရှိ ကြုံတွေ့နေရသည့် စီးပွားရေး အကျပ်အတည်းကို ဖော်ထုတ်ရန်အတွက် ရည်ရွယ်သည့် ဆန္ဒပြပွဲ အစီအစဉ် ပျက်ပြားခဲ့ပြီး နောက်နှစ်ရက်အကြာမှ စတင်ကာ ယခုလို နအဖ ဆန့်ကျင်ရေး စာရွက်များ ပြန့်နှံ့နေခြင်း ဖြစ်သည်။
ဒေသ အာဏာပိုင်များသည် အဆိုပါ စာရွက်များကို ကားလမ်းမပေါ်တွင် တွေ့ရှိခဲ့ပြီး လိုက်လံရှာဖွေမှုများ ပြုလုပ်နေသလို လူစုလူဝေး နေရာများ၊ လမ်းထောင့်များ၊ လက်ဖက်ရည်ဆိုင်များနှင့် ဖောင်တော်ဦးဘုရား အနီးပတ်ဝန်းကျင်တွင် လုံခြုံရေးများကို ယခင်ကထက် ပိုမို ချထားလာသည်။

Thursday, January 17, 2008

နအဖ ကို ပေးသည့် ဂျပန့်အကူအညီကို မြန်မာများ ကန့်ကွက်

ဖနိဒါ
ဂျပန်အစိုးရမှ မဲခေါင်မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းမှတဆင့် မြန်မာနိုင်ငံကို ကူညီ ထောက်ပံ့မှုနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအကူအညီများ ရပ်ဆိုင်းပေးရန်အတွက် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများက ယနေ့တွင် ကန့်ကွက် ဆန္ဒပြကြသည်။
မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံတို့အတွက် မဲခေါင်မြစ်ဝှမ်း ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ရောက်ရှိနေကြသော နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပြုလုပ်ရာ မြို့တော်တိုကျိုရှိ New Otani Hotel ရှေ့တွင် မြန်မာ စစ်အစိုးရကို ခေါ်ဖိတ်မှုနှင့် စီမံကိန်းများအတွက် ကူညီထောက်ပံ့ ပေးနေမှုများ ရပ်တန်းက ရပ်ရန်အတွက် မြန်မာများက ဂျပန်အစိုးရကို တောင်းဆို ဆန္ဒပြလိုက်ခြင်း ဖြစ်သည်။
ဂျပန်အခြေစိုက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (နိုင်ငံခြားရေးရာ ကော်မတီ) မှ အဖွဲ့ဝင်တဦးဖြစ်သူ ဦးဘုန်းမြင့်ထွန်းက မဲခေါင်မြစ်ဝှမ်း စီမံကိန်း ကူညီပံ့ပိုးမှုနှင့် ပတ်သက်၍ ဂျပန်အစိုးရတွင် လုံးဝ တာဝန်ရှိသည်ဟု ပြောဆိုကာ ဆန္ဒပြရသည့် ရည်ရွယ်ချက်ကိုလည်း ယခုလို ဆက်ပြောသည်။
“အဓိက မဲခေါင်မြစ်ဝှမ်းဒေသ စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ဂျပန်အစိုးရမှာ တာဝန်ရှိတယ် ဆိုတဲ့အကြောင်းရယ်၊ နောက်ပြီးတော့ အခု ကျင်းပနေတဲ့ အစည်းအဝေးဟာက မြန်မာ စစ်အစိုးရကို လူသားချင်း စာနာထောက်ထားတဲ့ အကူအညီ ဆိုပြီးတော့ အကူအညီပေးနေတဲ့ အထောက်အပံ့အားလုံး ရပ်တန့်ဖို့ အတွက်ရယ်၊ ရဟန်းပြည်သူတွေကို သတ်တဲ့ နိုင်ငံခြားရေးဝန်ကြီး အခုချိန်ကနေ ထွက်သွားဆိုတာတွေကို တောင်းဆိုခဲ့ပါတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။
ဂျပန်အစိုးရမှ အဆိုပါ စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၅၅ သန်း ထောက်ပံ့မည်ဖြစ်ပြီး၊ ထောက်ပံ့ငွေသည် ဒေသအတွင်းရှိ ထိုင်း၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့ကို ဆက်သွယ်ပေးမည့် အဝေးပြေးလမ်းမ နှစ်ခုအပြင်၊ အခြား ဒေသတွင်း ဖွံ့ဖြိုးရေး အကောင်အထည် ဖော်ရေးအတွက် သုံးစွဲသွားမည် ဖြစ်သည်။
ဂျပန်အစိုးရ၏ တရားဝင် ဖိတ်ခေါ်ချက်ဖြင့် ပြီးခဲ့သည့် အင်္ဂါနေ့မှ လာမည့် သောကြာနေ့အထိ ဂျပန်တွင် ရောက်ရှိနေမည့် နအဖ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကို မြန်မာ့ ဒီမိုကရေစီ အင်အားစုများက မနက်ဖြန်အထိ ဆက်လက်၍ ဆန့်ကျင် ဆန္ဒပြသွားမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - လွတ်မြောက်နယ်မြေ (ဂျပန်ဌာနခွဲ) ဒုဥက္ကဌ ဦးလင်းအောင်က ယခုလို ပြောသည်။
“ကမ္ဘာကသိတဲ့ မြန်မာစစ်အစိုးရ၊ ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံမှာ သံဃာတွေကိုတောင် သတ်တဲ့ လူသတ်သမား မြန်မာအစိုးရကို ဂျပန်နိုင်ငံရဲ့ လူသားချင်းစာနာတဲ့ အထောက်အပံ့တွေကို ဆက်လက်ပြီး နာမည်ပြောင်းပြီး ကူညီမယ့် ဂျပန်တွေကို ရှင်းရှင်းပြောမယ်ဆိုရင် ဒီ့ထက်ပိုပြီး၊ ဒီ့ထက်မက ပြင်းပြင်းထန်ထန် ကန့်ကွက်ဖို့ အစီအစဉ် ရှိပါတယ်။ ပါးစပ်ကလည်း ပြောမှာဖြစ်သလို အဖွဲ့အစည်းအားလုံး ပေါင်းပြီးရေးထားတဲ့ ကျနော်တို့ရဲ့ သဘောထား မူဝါဒတွေကို တရားဝင် ပေးမှာဖြစ်တယ်” ဟု သူက ပြောသည်။
ဆန္ဒပြသူများသည် ဝန်ကြီးများ ညနေစာစားသည့် နေရာနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ရုံးရှေ့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ ကျောင်းသားခေါင်းဆောင်များ၏ ဓာတ်ပုံများကို ကိုင်ဆောင်ပြီး၊ နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေးရန်အတွက် ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။
ဦးဘုန်းမြင့်ထွန်းက “လူစုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပုံ၊ နိုင်ငံရေး အကျဉ်းသား ဦးတင်ဦးနဲ့ ဦးခွန်ထွန်းဦး၊ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ပုံ၊ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျ၊ ကိုဌေးကြွယ်၊ သူတို့ရဲ့ဓာတ်ပုံတွေကို ကိုယ်စီတန်းစီကိုင်ပြီးတော့ ‘လူသတ်သမား နိုင်ငံခြားရေးဝန်ကြီး အလိုမရှိ’၊ ‘စစ်အာဏာရှင် အစိုးရ အလိုမရှိ’၊ ‘လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားများ အမြန်လွှတ်ပေး’ ဆိုပြီး ကြွေးကြော်ကြတယ်” ဟု ပြောသည်။

အန်အယ်ဒီ မြို့နယ်စည်း ဥက္ကဌ၏ ဆန်လှူပွဲ တားမြစ်ခြိမ်းခြောက်ခံရ

မောင်ဒီး
မန္တလေးတိုင်း တံတားဦးမြို့နယ် သာဂေါင် ရပ်ကွက်အတွင်းရှိ လက်လုပ်လက်စား ဆင်းရဲသား မိသားစုများကို တအိမ်ထောင်လျှင် ဆန်တပြည်နှုန်း လှူဒါန်းသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD မြို့နယ်စည်း ဥက္ကဌ၏ အလှူကို အာဏာပိုင်များက ယမန်နေ့က ပိတ်ပင်တားဆီးပြီး နောက်နောင် လှူဒါန်းခြင်း မပြုရန် ခြိမ်းခြောက်ခဲ့သည်။
နေ့စဉ် စားရေးသောက်ရေးအတွက် ပူပန်နေရသည့် မရှိဆင်းရဲသား လက်လုပ်လက်စား မိသားစု အိမ်ထောင်စု ၁ဝဝ အတွက် တံတားဦးမြို့နယ် NLD မြို့နယ်စည်း ဥက္ကဌ ဦးကြင်မောင် မိသားစုက ဆန်တပြည်နှုန်းဖြင့် ၁၅ ရက်နေ့က ဆန်လှူဒါန်းခဲ့ရာ ဒေသ အာဏာပိုင်များက ပိတ်ပင်တားဆီးပြီး နောက်နောင်တွင် ယခုလို လှူဒါန်းမှုမျိုး မပြုလုပ်ရန် ပြောဆို ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်သည်။
“ဘာခေါင်းစဉ်မှ မပါပါဘူး။ သူတို့ မိသားစုအနေနဲ့ လှူတာပါ။ ဒါကို မယက ဥက္ကဌ၊ ရယက ဥက္ကဌတို့က ‘ခင်ဗျားတို့ ပြည်သူလူထုကို တနည်းတဖုံနဲ့ စည်းရုံးတာပဲ။ နောက်နောင်ကို ဒီလိုပုံစံမျိုး လုပ်မယ်ဆိုရင် တရားဥပဒေအရ အရေးယူမယ်’ ဆိုပြီး အဲလို ခြိမ်းခြောက်ခဲ့သေးတယ်တဲ့” ဟု ဦးကြင်မောင် မိသားစုနှင့် နီးစပ်သူ အဖွဲ့ချုပ်ဝင် ဦးကိုကြီးက မဇ္ဈိမကို ပြောသည်။
ဦးကြင်မောင်နှင့် မိသားစုက ဆင်းရဲသားအိမ်ထောင်စု ၁ဝဝ အတွက် ရည်ရွယ်ကာ နံနက် ၉ နာရီမှ စတင်ကာ လှူဒါန်းခဲ့ရာ အိမ်ထောင်စု ၂၅ စုခန့်ကိုသာ လှူဒါန်းအပြီး ဒေသအာဏာပိုင်များ ဖြစ်သော မယက ဥက္ကဌနှင့် ရယက ဥက္ကဌတို့က လာရောက်တားမြစ်ပြီး ခြိမ်းခြောက် ပြောဆိုသွားသည်။
ဆန်လှူဒါန်းခြင်းကို မြို့နယ်စည်း ဥက္ကဌ ဦးကြင်မောင်အဖြစ် လှူဒါန်းခြင်း မဟုတ်ဘဲ သာမန်မိသားစု ဦးကြင်မောင်အဖြစ် လှူဒါန်းခဲ့သော်လည်း အာဏာပိုင်များက အဖွဲ့ချုပ်ဝင်များ၏ လူမှုရေး ကိစ္စများအထိပါ ဝင်ရောက်စွက်ဖက်ကာ ဖိအားပေး ခြိမ်းခြောက်မှုများ လုပ်ဆောင်နေဆဲ ဖြစ်သည်ဟု ဦးကိုကြီးက ဆက်ပြောသည်။
“သဘောက ကျနော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပုဂ္ဂိုလ်တွေ လုပ်လို့ရှိရင် ဘာမှလုပ်လို့ မရတဲ့ ပုံစံမျိုး ဖြစ်သွားတာပေါ့။ လှူတာ တန်းတာတောင်မှ ပိတ်ပင်တယ်ဆိုတော့ ဒီ့ပြင်ဟာတွေဆို ပိုပြီး လုပ်လို့ မရတော့တဲ့ အနေအထားမျိုး ဖြစ်သွားမှာပေါ့” ဟု သူက ပြောသည်။
ယမန်နှစ် သြဂုတ်လအတွင်းကလည်း ရန်ကုန်တိုင်း မြောက်ဥက္ကလာပ မြို့နယ်အတွင်းရှိ အစားအစာအတွက် အလွန်ခက်ခဲနေသည့် ဆင်းရဲသား ရပ်ကွက်များသို့ သွားရောက်ကာ ဆန်လှူတန်းခဲ့သည့် ဝါရင့် နိုင်ငံရေးသမားကြီး ဦးဝင်းနိုင်နှင့် မိတ်ဆွေများကို အာဏာပိုင် ကျောထောက်နောက်ခံ ပြုထားသည့် စွမ်းအားရှင်များက အလစ်ချောင်း တိုက်ခိုက်ခဲ့သေးသည်။
တိုင်းပြည်အတွင်း တရိပ်ရိပ်တက်လာသည့် ကုန်ဈေးနှုန်းကြောင့် မြို့တော်ဟောင်း ရန်ကုန်မြို့တွင် တနေ့တာ စားသောက်ရေးအတွက် အခက်ကြုံနေရသူ ၁ သိန်းခန့်ရှိပြီး၊ လက်လုပ်လက်စား ဆင်းရဲသား အများစုမှာ ထမင်းရည်ကိုသာ ဝယ်သောက်နေရသည့် အခြေအနေကို ဆိုက်ရောက်နေပြီဟု အမျိုးသားရေး ဦးဝင်းနိုင်က သုံးသပ် ပြောဆိုခဲ့သည်။
“ကျနော်တို့ နိုင်ငံမှာကတော့ တက်နေတဲ့ ကုန်ဈေးနှုန်းကြောင့် လက်လုပ်လက်စားတွေမှာ တနေ့ရတဲ့ လုပ်ခလေးနဲ့ မိသားစု စားလောက်အောင် ကြံဖန် စားသောက်နေရတာပဲ။ တောနေ လူတန်းစားတွေမှာ ပိုခက်ခဲတာပေါ့။ နေ့စဉ် စားရေးသောက်ရေးအတွက်ပဲ ပူပန်နေကြရတယ်” ဟု ဦးကိုကြီးက ပြောသည်။

ကရင် ၂၅ဝဝဝ ပုန်းအောင်းနေရဟု ရိန်းဂျားများ ပြောဆို

သန်းထိုက်ဦး၊ နေသွင်
ကရင်ပြည်နယ်အတွင်း စစ်အစိုးရ တပ်များ၏ ထိုးစစ်ကြောင့် လွန်ခဲ့သည့် ၂ လအတွင်း အနဲဆုံးရွာသား ၁ဝ ဦး သေဆုံးပြီး၊ ၂ သောင်းခွဲခန့် အိုးအိမ်စွန့်ကာ ထွက်ပြေးနေရသည်ဟု ဖရီးဘားမားရိန်းဂျား (Free Burma Rangers) အဖွဲ့က သတင်းထုတ်ပြန်သည်။
စစ်နှင့်ဝေးရာ သွားလာနေရသည့် ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည် အရေအတွက်သည် ညောင်လေးပင်တွင် ၁၂၉ဝဝ ဦး၊ ဖာပွန်ခရိုင်တွင် ၄ဝဝဝ ဦးအထိနှင့် တောင်ငူခရိုင်တွင် ဦးရေ ၇ဝဝဝ ခန့်ရှိမည်ဟု စစ်ပွဲများဖြစ်ပွားရာ ဒေသတွင် တိုင်းရင်းသား အဖွဲ့အစည်းများကို အကူအညီများ ပေးနေသည့် ရိန်းဂျားများက ခန့်မှန်းထားသည်။။
၂ဝဝ၆ ခုနှစ်မှစ၍ အဆိုပါ ဒေသများအတွင်း နအဖ က စစ်အခြေစိုက် စခန်းအသစ် ၅၄ ခု တိုးချဲ့လာခဲ့ပြီး ကရင်ကျေးရွာသားများထံမှ ပစ္စည်းယူ၊ ဖျက်ဆီးမှု ပြုသည့်အပြင် မြေမြှုပ်မိုင်းပါ ထောင်ထားခဲ့သည်ဟုလည်း ပြောသည်။
နယ်စပ်အခြေစိုက် ကရင်ရွှေ့ပြောင်းဒုက္ခသည်များ အကူအညီပေးရေး အဖွဲ့ဖြစ်သော Commitee for Internally Displaced Karen People - CIDKP အဖွဲ့၏ အတွင်းရေးမှူး စောလှဟင်နရီက ရိန်းဂျားများ၏ အစီရင်ခံစာကို ထောက်ခံ ပြောဆိုလိုက်ပြီး ရွာပုန်း၊ ရွာရှောင် ဒုက္ခသည်များ စိုက်ပျိုးထားသော တောင်ယာများကို စွန့်ပစ် ထွက်ပြေးခဲ့ရသဖြင့် နေထိုင်စားသောက်ရေးတွင် အခက်အခဲများစွာ တွေ့ရသည်ဟု ပြောပြသည်။
ကရင်အမျိုးသားအစည်းအရုံး (ကေအင်ယူ) ပြန်ကြားရေးဌာနမှ ဗိုလ်လှငွေက လောလောဆယ်တွင် အဆိုပါခရိုင် ၃ ခု အပါအဝင်၊ ကရင်ပြည်နယ်တွင် နအဖ တပ်ရင်းပေါင်း ၁၈၇ ရင်း လှုပ်ရှားနေရာ အင်အား ၂ သောင်းကျော်ရှိမည်ဟု မဇ္ဈိမကို ပြောသည်။
ကေအင်ယူက ထုတ်ပြန်ထားသော စာရင်းများအရ ၂ဝဝ၇ ခုနှစ်အတွင်း ကေအင်ယူနှင့် ဒီကေဘီအေတပ်၊ နအဖ တပ်များ တိုက်ပွဲဖြစ်ပွားမှု ၁၃၉၁ ကြိမ်ရှိခဲ့သည်ဟု သိရသည်။

ချိန်ကိုက်ဗုံးခြောက်လုံးနှင့် အချုပ်ခန်းထဲက နံနက်စာ (ဆောင်းပါး)

စိုးဇေယျထွန်း
၂၀၀၆ ခုနှစ် နှစ်ဦးပိုင်းကာလက ဖြစ်သည်။
ခပ်ဝေးဝေးမှ ပေါက်ကွဲသံလိုလို အသံကြောင့် ကျနော် အိမ်နေရာမှ လန့်နိုးလာသည်။ နာရီကို ကြည့်လိုက်တော့ ညနှစ်နာရီ ကျော်နေပြီ။
ထုံးစံ အတိုင်းဆို ကျနော့်မှာ အစောကြီး အိပ်တတ်သည့် အကျင့်မရှိပါ။ ပုံမှန်အားဖြင့် ညနှစ်နာရီ ကျော်မှသာ အိပ်ဖြစ်သည်။ ရုံးပိတ်သော စနေလို ညမျိုးဆိုလျှင် နေထွက်လောက်မှ အိပ်ဖြစ်သည်။ ထိုသို့ ညပိုင်း အအိပ်နည်းသော ကျနော်သည် ထိုနေ့က ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ခဏလဲခိုက် အိပ်ပျော်သွားခဲ့ခြင်း ဖြစ်သည်။
ကျနော် အိပ်ရာမှ လူလဲထက ၀ရံတာကို ထွက်ကြည့်လိုက်တော့ ကျီးကန်း အော်သံ ဆူဆူ ကြားရသည်။ ထို့ကြောင့် မအိပ်သေးသော သူငယ်ချင်းများကို ဘာဖြစ်တာလဲဟု ကျနော် လိုက်မေးကြည့်သေးသည်။ သူတို့က မသိကြ။ ပေါက်ကွဲသံလိုလို အသံတသံ မကြားမိဘူးလားဟု ကျနော်က မေးတော့လည်း သူတို့က မကြားမိကြပြန်ဘူး။ ထို့ကြောင့် ကျနော် ပြန်အိမ်မည်ဟု စီစဉ်နေတုန်း နောက်ထပ် ပေါက်ကွဲသံ တသံကို ထပ်ကြားရပြန်သည်။
သေချာပြီ တနေရာရာမှာတော့ ဗုံးပေါက်ပြီ။ ယခု တဖန်ကြားရသော အသံသည် ကျနော်တို့ သိပ်ဝေးပုံ မပေါ်။ ထို့ကြောင့် ကျနော် ကင်မရာကို ယူကာ အောက်သို့ ဆင်းလာခဲ့သည်။
မဟာဗန္ဒုလ လမ်းပေါ်ရောက်တော့ လမ်းထိပ် ဆိုက္ကားဂိတ်က လူတချို့က ပုစွန်တောင် ဘက်ကို လှမ်းကြည့် နေကြသည်။ ကျနော် မေးကြည့်တော့ ဗုံးပေါက်တာ ထင်တယ် ဆိုရုံကလွဲပြီး သေသေချာချာ မသိကြ။ ကုန်သည် လမ်းဘက်ကို ကျနော် လှမ်းမျှော် ကြည့်ပြန်တော့ အဲဒီ ဘက်က လူစုကလည်း ပုစွန်တောင်ဘက်ကို လှမ်းမျှော် ကြည့်နေကြသည်။ ထို့ကြောင့် ကျနော် ကုန်သည်လမ်းဘက် ဆီသို့ ဆင်းလာခဲ့သည်။
ကုန်သည်လမ်း ရောက်တော့ ဗိုလ်အောင်ကျော် လမ်းဆီမှ လူတယောက်က ကျနော်တို့ ဘက်ကို လာနေသည်။ သူ့လက်ထဲတွင်လည်း ကျီးကန်း အသေတကောင်ကို ကိုင်ထားသည်။ ဗုံးဘယ်နားမှာ ကွဲတာလဲလို့ အဲလူကို မေးတော့ ဗိုလ်အောင်ကျော်နဲ့ ကုန်သည် လမ်းဒေါင့်မှာတဲ့။
ကျနော် ကုန်သည်လမ်းနှင့် ဗိုလ်အောင်ကျော်လမ်း ဒေါင့်ကို ရောက်တော့ လူတယောက် ဓာတ်မီးတလက်နဲ့ ရပ်နေသည်။ သူက ဗုံးကွဲသည့် နေရာကိုလည်း ကြည့်ချင်သေးသည် ကြည့်ကလည်း မကြည့်ရဲ ဖြစ်နေသည်။ ကျနော်က သူ့ဆီက ဓာတ်မီးငှားပြီး သွားကြည့်တော့ ထို လမ်းဒေါင့်ရှိ လျှပ်စစ်ဘရိတ်ကာ ပုံးကြီးကို ဗုံးကွဲထားသည်ကို တွေ့ရသည်။ ဗုံးရမ်းအား ပျော့၍လား မသိ သိပ်ကြီးကြီးမှား အပျက်အစီး မရှိပေ။ သို့ပေမယ့် ထိုဘရိတ်ကာ ပုံအပေါ်ရှိ အပင်ပေါ်မှ ကျီးကန်းများကတော့ ဆူဆူညံညံ ဖြစ်နေကြသည်။ ကျနော်လည်း ဓာတ်ပုံ နှစ်ပုံသုံးပုံ ရိုက်ကာ ရုံးသို့ ပြန်လာခဲ့သည်။
ကျနော် ပြန်ရောက်တော့ သူငယ်ချင်းတွေက ကျနော် ရိုက်ခဲ့သော ဗုံးကွဲသည့် ပုံများကို ပြန်ကြည့်ကြသည်။ ကင်မရာ LCD တွင်ကြည့်တာ အားမရကြတာကြောင့် ကွန်ပျူတာအတွင်း ထည့်ကာ ကြည့်ရန် ပြင်ကြသည်။ ထိုသို့ ပုံများ ကွန်ပျူတာ အတွင်းသို့ ထည့်ရန် ပြန်နေတုန်း နောက်ထပ် ပေါက်ကွဲသံ နှစ်ချက်ကို ထပ်ကြားရသည်။
ထို့ကြောင့် ကျနော် ကင်မရာကို ပြန်ယူကာ အောက်သို့ ပြန်ဆင်းလာခဲ့သည်။ ကျနော် ဆင်းသာ ဆင်းလာရသည် ပထမအသံ ကြားတုန်းကကဲ့သို့ပင် မည်သည့်နေရာတွင် ကွဲသည်ကိုကား ခန့်မှန်း၍ မရ။ ထုံးအစံအတိုင်း အထက်အောက် ကြည့်လိုက်တော့ လူတွေက ကုန်သည် လမ်းထပ်မှာပဲ စုနေပြီး ဗိုလ်အောင်ကျော်လမ်းဘက်ကိုပဲ ကြည့်နေကြသည်။ ထို့ကြောင့် ကျနော် ပထမဗုံးကွဲသည့် နေရာသို့ပင် ဆက်လာခဲ့သည်။
ကျနော် စောစောက ဓာတ်ပုံရိုက်သွားသည့် နေရာရောက်တော့ ရဲတွေနှင့် တခြား ဓာတ်ပုံ သမားတွေ ရောက်နေကြပြီ။ ထို့ကြောင့် ကျနော်လည်း အခြား ဓာတ်ပုံ သမားများနှင့် အတူ ပထမ ကျနော် ရိုက်ခဲ့ပြီးသား နေရာကို ပင်ထပ်ကာ ရိုက်လိုက်သေးသည်။
ယခု ဗုံးကွဲခြင်းသည် စုစု ပေါင်းငါးလုံး ရှိသွားပြီ ဖြစ်ပြီး တလုံးကိုတော့ လမ်းမတော် ဘက်တွင် မကွဲမှီ တွေ့ရှိလိုက်ကာ ဗိုလ်အောင် ကျော်လမ်းထဲတွင်ပင် နှစ်နေရာ ကွဲသည်ဟု ရဲများ၏ ပြောစကား အရသိရသည်။ သို့ပေမယ့် ဗိုလ်အောင်ကျော် လမ်းထဲက နောက်တနေရာ ဘယ်နားမှာကွဲမှန်း ရှာ၍မရသေး။ ထိုအချိန်တွင် စာတိုက်ကြီးဘက်မှ လူတဦး ရောက်လာပြီး ဗုံးကွဲသည့် နောက်တနေရာကို လိုက်ပြသည်။ ဗုံးကွဲသည့် နေရာမှာ Silver Oak အနီးရှိ ဆက်သွယ်ရေး ရုံးအရှေ့တွင် ဖြစ်သည်။ ပထမ နေရာနှင့် ဒုတိယနေရာ အလွန်ဆုံး ပေနှစ်ရာခန့်သာ ကွာမည် ထင်သည်။
ထိုနေရာတွင် ကျနော်တို့ ဓာတ်ပုံ ရိုက်နေခိုက် တိုင်းမှူးနှင့် ရဲချုပ်ရုံးမှ ရဲအရာ ရှိများ ရောက်လာကြသည်။ သူတို့ ပြောနေသော စကားသံများအရ အခြားလေးနေရာမှာ လမ်းလေးဆယ် ဗိုလ်ချုပ်လမ်းထိပ်၊ ဆူးလေ အနော်ရထာထိပ် ရထားသံလမ်း နဲ့ လမ်းမတော် မြို့နယ်အတွင်း တို့မှာ ဖြစ်ကြောင်း ကျနော် သိလိုက်သည်။ ထို့ကြောင့် ကျန်နေရာများကိုလည်း သွားရိုက်ရန် ကျနော် လှည့်ထွက်လာခဲ့သည်။
လမ်းလေးဆယ်နှင့် ဗိုလ်ချုပ်လမ်းထိပ် ရောက်တော့ ထရန်စဖော်မာကို ဗုံးခွဲထားသည်ကို တွေ့ရသည်။ ဗုံးအားသေးသောကြောင့် ထရန်စေဖော်မာကို ထိခိုက်မှု မရှိသော်လည်း ကာရံထားသည့် အုတ်ထရံများ ကျိုးပဲ့နေသည်ကို တွေ့ရသည်။ ကျနော်လည်း ထိုနေရာတွင် ဓာတ်ပုံ နှစ်ပုံ၊ သုံးပုံခန့် ထပ်ရိုက်လိုက်သည်။ ထိုသို့ ရိုက်နေတုန်း AFP မှ ဓာတ်ပုံဆရာ ရောက်လာသည်။ နောက်ထပ် ကွဲသည့်နေရာ ရွှေမြင်းပျံ စတိုးအရှေ့ (ဂျပန် သတင်းထောက် သေသွားသည့် နေရာနှင့် မျက်နှာချင်းဆိုင်) မှာကွဲခြင်း ဖြစ်ပြီး သူကတော့ ရိုက်ခဲ့ပြီ ဖြစ်ကြောင်း ပြောသည်။ ထို့ကြောင့် ထိုနေရာတွင် ရိုက်ရန် ဆက်လက် ထွက်ခဲ့သည်။
ကျနော်လည်း ဒီတိုင်းသွားရမှာ ခြေညှောင်းသောကြောင့် ဆိုက္ကားငှားပြီး ထွက်လာခဲ့သည်။ ရွှေမြင်းပျံ စတိုးအရှေ့ကို ရောက်တော့ အစောင့်ချထားသော ရဲနှစ်ယောက်ကို တွေ့ရသည်။ ကျနော်က ထိုရဲ နှစ်ယောက်ကို ဗုံးကွဲသည့် နေရာအား မေးကာ ဓာတ်ပုံ နှစ်ချက်ရိုက်လိုက်သည်။
ထိုအခါ ရဲနှစ်ယောက်က ဘာဖြစ်လို့ ဓာတ်ပုံရိုက်တာလဲဟု မေးသည်။ ကျနော် ဂျာနယ်တိုက်က ဖြစ်ကြောင်း ပြောသည်။ သူတို့က ဂျာနယ်တိုက် အမည် မေးသည်။ ကျနော်က ဂျာနယ်တိုက် အမည်ပြောကာ ပြန်မည် လုပ်နေတုန်း ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲဟု ဆိုကာ ဝေါ်ကီ တော်ကီ ကိုင်ထားသော သုံးပွင့်နှင့် စစ်ဗိုလ်တဦး ရောက်လာသည်။
ရဲများက ဓာတ်ပုံ ရိုက်သွားကြောင်း ပြောတော့ ထိုသုံးပွင့်နှင့် စစ်ဗိုလ်က ပုံများကို ဖျက်ပစ်ခဲ့ဖို့ ကျနော့်ကိုပြောသည်။ စောစောက တိုင်းမှုး အရှေ့တွင် ရိုက်တာတောင် ဘာမှ မပြောသည့်ဟာကို သူကလာပြီး ဖျက်ဖို့ ပြောနေတော့ ကျနော်လဲ မဖျက်နိုင်ဘူးဟု ပြောလိုက်သည်။ ဖျက်ပြီးသား ပုံများကို Recovery ဆော့ဖ်ဝဲနှင့် ပြန်ခေါ်လျှင် ရသည်ကိုလည်း ထိုစဉ်က မသိသေးပါ။ ထို့ကြောင့် ခဲရာခဲဆစ် ရိုက်ထားသည့် ပုံများကို ကျနော် ဘယ်နည်းနှင့်မျှ ဖျက်မပေးနိုင်ပါ။
ထိုအခါ သုံးပွင့်နှင့် ပုဂ္ဂိုလ်က မဖျက်ပေးနိုင်လျှင် ကင်မရာ ထားခဲ့ရမည်ဟု ပြောသည်။ ကျနော်လည်း သူ့ကို ကင်မရာ ပေးလိုက်သည်။ ထို့နောက် ကျနော်က ထိုပုဂ္ဂိုလ် နာမည်နှင့် တာဝန် ဌာနတို့ကို ပြန်မေးသည်။ ကျနော် မေးသည့် ရည်ရွယ်ချက်မှာ အခြားတော့ မဟုတ် နောက်တနေ့ ကင်မရာ ပြန်ရွေးရန်အတွက် ကိုယ့်ကင်မရာကို မည်သူက သိမ်းသွားသည်ကို သိရန်ဖြစ်သည်။
ကျနော်လည်း ကင်မရာကို စစ်ဗိုလ် လက်ထဲသို့ ထည့်ကာ ပြန်ထွက်ရန် အတွက် ဆိုက္ကားပေါ်သို့ တက်ခဲ့သည်။ ဆိုက္ကား ထွက်မည်ပြုစဉ် ခဏလာဦးဟု ဆိုကာ စောစောက စစ်ဗိုလ်က ပြန်ခေါ်သည်။ ကျနော်လည်း ဆိုက္ကားပေါ်က ဆင်းသွားတော့ သူနဲ့ခဏ လိုက်သွားလိုက် ဆိုကာ ရဲတပ်ကြပ်ကြီး တဦးနှင့် ကျနော့်ကို ထည့်ပေးလိုက်သည်။
ရဲတပ်ကြပ်ကြီးက ကျနော့်ကို ကျောက်တံတား ရဲစခန်းသို့ ခေါ်သွားသည်။ ကျနော်လည်း ရဲစခန်းရောက်မှ ရုံးကို ဖုန်းလှမ်းဆက်ရင် ရုံးက လိုက်ရှင်းလိမ့်မည် ဟုတွေးကာ အေးအေး ဆေးဆေးပင် လိုက်ခဲ့သည်။ ရဲစခန်းရောက်တော့ နာမည်၊ အသက်၊ နေရပ်၊ အလုပ်အကိုင်တို့ကို မေးကာ စာအုပ်ကြီးထဲတွင် ရေးထည့်နေသည်။ ထိုသို့ ကျနော့်ကို ထိုင်ခုံတွင် ထိုင်ခိုင်းထားသည်။ ကျနော်က ရုံးကို ဖုံးခေါ်ပေးရန် ပြောသောအခါ ခေါ်ပေးခြင်းမရှိ။ စစ်ဒေသမှ အပ်ထားခြင်း ဖြစ်သောကြောင့် သူတို့ခေါ်ဆိုခွင့် ပေးနိုင်ခြင်း မရှိဟုဆိုသည်။
ခဏလောက် ကြာတော့ လူကြီးတွေ လာမည်ဖြစ်ကြောင်း ကျနော့်ကို ခုံတန်းမှာ မထိုင်ဘဲ အတွင်းခန်းတွင် ထိုင်ရန် ပြောသည်။ ထို့ကြောင့် ကျနော် အတွင်းခန်းသို့ ၀င်ခဲ့ရသည်။ ကျနော် အတွင်းခန်းထဲသို့ ရောက်သည်နှင့် အပြင်က တံခါးကို သော့ခတ် လိုက်ကြသည်။ ကျနော်လဲ ခတ်ပါစေ ဆိုပြီး အသာ ကြည့်နေ လိုက်သည်။ အတွင်းခန်းဆိုသည်မှာ တာဝန်မှူးအခန်းနှင့် အချုပ်ခန်းကြားရှိ အခန်းလေး တခန်း ဖြစ်သည်။ ကျနော်နှင့် အချုပ်ခန်းနေရာသည် ဆယ်ပေခန့်သာ ဝေးတော့မည် ထင်သည်။ ထို့ကြောင့် အချုပ်ခန်းအတွင်းမှ အချုပ်သားများကို လှမ်းမြင်နေရသည်။
ထိုကဲ့သို့ အချုပ်သားများထဲတွင် ကျနော်နှင့် သိသော အရာရှိကြီး တယောက်ကိုလည်း တွေ့ရသည်။ ထိုအရာရှိကြီးသည် လုပ်ငန်းအတွင်း ငွေကြေးကွာဟသဖြင့် ကျောက်တံတား ရဲစခန်းတွင် ဖမ်းခံထားရသည်ကို ကျနော် ယခင်ကတည်းပင် ကြားပြီးသားဖြစ်သည်။ ထိုအရာရှိကြီး ဘေးတွင် တရုတ်တယောက်က စာအုပ်တအုပ်ကို သဲကြီးမဲကြီး ဖတ်နေသည်။
အချုပ်ခန်း၏ အပြင်ဘက်၌ ဆယ်နှစ် ၀န်းကျင်ခန့်ရှိ ကောင်လေး နှစ်ယောက်ကို တွေ့ရသည်။ တခုခုကို အလစ်သုတ်၍ ချုပ်ထားဟန် တူသည်။ ခဏလောက် ကြာတော့ ထိုကောင်လေး နှစ်ယောက်သည် အချုပ်သားများ ပေးသော ဆေးပေါ့လိပ်ကို တယောက်တလှည့်စီ ဟန်ပါပါ သောက်နေကြသည်။
ကျနော် စိတ်ထဲတွင် ထင်ထားသည်က ကျနော့်ကို အတွင်းခန်းထဲတွင် ခဏထည့်ထားခြင်း သာဖြစ်သည်ဟု ထင်ထားသည်။ သူတို့လူကြီး ဆိုသူတွေ လာပြီးသွားပါက ကျနော့်ကို အပြင်သို့ ပြန်ထုတ် ပေးလိမ့်မည်ဟု ထင်ထားသည်။ ထို့ကြောင့် သူတို့ လူကြီးဆိုသူများ အလာကို ကျနော် စောင့်ကြည့်နေသည်။ ကျနော် စောင့်ရင်း စောင့်ရင်းဖြင့် တနာရီခန့်သာ ကြာသွားသည် သူတို့ လူကြီးဆိုသူလည်း ကျနော့်ကိုလည်း အပြင်သို့ ထုတ်မပေးဘဲ ထားသည်။
ထိုအခါ ကျနော်ကို အပြင်ထုတ်ပေးဖို့ လှမ်းမြင်နေရသော ရဲတပ်ကြပ်ကြီးကို ပြောသည်။ ထုတ်ပေးလို့ မရဘူး မင်းကို စစ်ဒေသက အပ်ထားတာ။ ခဏနေရင် အချုပ်ခန်းထဲကို ထည့်မယ် ဟု ရဲတပ်ကြပ်ကြီးက ပြန်ပြောသည်။ အဲဒီတော့ ကျနော် သဘောပေါက်လိုက်သည်။ သေချာသည်ကတော့ ဒီည ကျနော့်ကို ပြန်လွတ်ပေးဖို့ အစီစဉ်မရှိ။
ကိုယ့်ကို ချုပ်နှောင်လိုက်ပြီဟု သိရသည့်အခါတွင် စိတ်ထဲတွင် ကျဉ်းကျပ်လာသလို ခံစားလာရသည်။ ကျနော် အချုပ်ခန်းအတွင်းက သံတိုင်ကြီးများကို ကြည့်ကာ စဉ်းစားနေမိသည်။ ကျနော် တကယ်ပဲ အပြစ်ကျူးလွန် မိခဲ့သလား။ ကျနော်ပဲ နိုင်ငံတကာ ဥပဒေတွေကို လက်လှမ်းမှား၍လား မသိ သာမန်နေရာ တခုမှာ ဗုံးကွဲတာကို ဓာတ်ပုံရိုက်ရင် ဖမ်းခံရတယ် ဆိုတာ နိုင်ငံတကာမှာတော့ ကျနော်တကြိမ်မှ မကြားဖူးပါ။ မကြားဖူးပေမယ့် လောလောဆယ်တော့ အချုပ်ခန်း ၀ ကိုတော့ ကျနော် ရောက်နေပြီ။
ကျနော် အပြင်ကို ထွက်လို့ ရနိုင်တဲ့ နည်းလမ်းများကို စဉ်းစားကြည့်မိသည်။ ကျနော်စဉ်းစား မိသော နည်းလမ်းများထဲက တခုမှာ ကျနော့် ပတ်ဝန်းကျင်တွင် အိမ်သာကို မတွေ့ရ။ ထို့ကြောင့် အပေါ့စွန့်ခြင်းကို အကြောင်းပြလျှင်တော့ အိမ်သာတက်ဖို့ တခါးဖွင့်ပေး ပေလိမ့်မည်။ ထိုအခါ ကျနော် အပြင်သို့ ထွက်ရမည်။ အပြင်သို့ ထွက်ရသည့် အချိန်သည် ငါးမိနစ်ပဲ ဖြစ်ဖြစ်၊ ဆယ်မိနစ်ပဲ ဖြစ်ဖြစ် သော့ခတ်ထားသော အခန်းထဲတွင် ဒီတိုင်း ငုတ်တုပ်ကြီး ထိုင်နေရ တာထက်တော့ မွန်းကျပ်မှု သက်သာပေလိမ့်မည်။ ထို့ကြောင့် ကျနော် အပေါ့စွန့် ချင်သည်ဟု လှမ်းအော်ပြောလိုက်သည်။
ထိုသို့လဲ ပြောလိုက်ရော ရဲတယောက် တံခါးဖွင့်ပြီး ၀င်လာသည်။ ကျနော့် စိတ်ထဲမှာ အပြင်သို့ ထုတ်ပေးမည်ဟု ထင်ထားသော်လည်း သူက အမျိုးသမီး အချုပ်ခန်းအတွင်းသို့ ခေါ်သွားသည်။ ထိုအချိန်တွင် အမျိုးသမီး အချုပ်သားများ မရှိသောကြောင့် အချုပ်ခန်းက လွတ်နေသည်။ ကျနော့်ကို ထိုအခန်းအတွင်းတွင် စွန့်ရန် ပြောသည်။ ထိုအခန်းသွင်းသို့ ခွေးတိုးပေါက်လို တံခါးလေးမှ ကုန်းပြီး ၀င်ရသည်။ အထဲရောက်ပြီး ကျနော် အပေါ့စွန့်သည်။ ပြီးတော့ ပြန်ထွက်မလို့ ကြည့်လိုက်တော့ အပြင်က သော့ခတ်သွားသည်။ ပြန်ထွက်၍ကား မရတော့ပြီ။ ကျနော် မှန်းချက်နှင့် နှမ်းထွက်လွဲသွားသည်။ အပြင်ထွက်ရမလားလို့ အပေါ့စွန့်ချင်သည် ဆိုလိုက်ခါမှ ပိုဆိုးသော အချုပ်ခန်း အတွင်းသို့ ရောက်သွားသည်။
ဒီတကြိမ်တွင်တော့ ကျနော် တင်းသွားသည်။ ထို့ကြောင့် ကျနော်ကို အပြင်ထုတ်ပေးဖို့ လှမ်းအော် ပြောလိုက်သည်။ ထိုအခါ ကျနော့်ကို အမျိုးသမီး အချုပ်ခန်း အတွင်းမှ ထုတ်က စောစောက နေရာတွင် ပြန်ထားလိုက်သည်။ ညနေက အိပ်ထားသည့် အရှိန်ကြောင့်ပဲလား သို့တည်းမဟုတ် အချုပ်ထဲမှာ မို့လားမသိ ကျနော် အိပ်၍မရပါ။ ထို့ကြောင့် ကျနော် တချိန်လုံး ငုတ်တုပ် ထိုင်နေလိုက်သည်။
မနက်မိုးလင်း၍ အလင်းရောင်ကို မြင်ရပြီ။ အခု အချိန်ထိ ကျနော်တို့ ရုံးက လိုက်မလာ ကြသေး။ နံနက် ခြောက်နာရီခန့် ရောက်သော အခါတွင် တရုတ်မလေး တယောက် ဂျိုင့်လေးဆွဲကာ ရောက်လာသည်။ ထိုအခါ ယမန်နေ့ညက မြင်ရသော တရုတ်ကြီးကို အချုပ်ခန်း အတွင်းက ထုတ်ပေးပြီး ကျနော့် ဘေးနားသို့ ခေါ်လာသည်။ ထိုအခါ တရုတ်မလေးက ၀င်လာကာ ဂျိုင့်အတွင်းမှ မုန့်ဟင်းခါးများကို တရုတ်ကြီး အတွက် ပြင်ပေးသည်။ ကြည့်ရသည်မှာ ထိုတရုတ်မလေးသည် တရုတ်ကြီး၏ သမီး ဖြစ်ဟန်တူပြီး ကျနော်နှင့် ရွယ်တူခန့် ရှိသည်။
ထိုတရုတ်ကြီး သားအဖကို မြင်တော့ ကျနော် အကြံတခု ရသွားသည်။ တရုတ်ကြီးကို မုန့်ဟင်းခါး ကျွေးပြီးလျှင် သူ့သမီး သေချာပေါက် ပြန်လိမ့်မည်။ ထိုအခါတွင် ကျနော့်ရုံးကို ဖုန်းဆက်ပေးဖို့ အကူညီ တောင်းမည်ဟု စိတ်ကူးထားသည်။ ခဏကြတော့ တရုတ်ကြီး မုန့်ဟင်းခါး စားပြီးသွားပြီ။ တရုတ်မကလဲ ပြန်ဖို့ ပြင်နေပြီ။ ထို့ကြောင့် ကျနော်က ရုံးကို ဖုန်းဆက်ပေးဖို့ တရုတ်မထံတွင် အကူအညီတောင်းသည်။ ကောင်မလေးက ဖုန်းနံပါတ်ကို မှတ်ဖို့ပြင်တုန်းပင် ရှိသေးသည် တရုတ်ကြီးက သူ့သမီးကို ဇွတ်အပြန် ခိုင်းလိုက်သည်။ သူ့ကို ကြည့်ရတာ သူ့သမီးကို ကျနော် စကားပြောတာကိုပင် ကြိုက်ပုံမရ။ ထို့ကြောင့် ကျနော်၏ ဖုန်းဆက်ခိုင်းဖို့ မျှော်လင့်ချက် ပျက်သွားသည်။ မည်သို့ ပင်ဖြစ်စေ ည၀တ်အိပ်သည့် အင်္ကျီအစုတ် ပုဆိုးအစုတ်၊ ဆံပင် ဘုတ်သိုက် နှင့် ဘာအမှုနဲ့ ရောက်လာမှန်း မသိတဲ့ ကျနော့်ကို အကူအညီ မပေးစေလိုသည်ကတော့ သဘာဝကျပါသည်။
ခဏလောက်ကြာတော့ ချုပ်ခံထားရသည့် အရာရှိကြီး၏ ဇနီးနှင့် သားရောက်လာသည်။ ထိုအခါ ပထမ တရုတ်ကြီးတုန်းက ကဲ့သို့ပင် အချုပ်ခန်းတွင်းမှ ထုတ်ကာ ကျနော့်ဘေးသို့ ခေါ်လာသည်။ အရာရှိကြီးက ကျနော့်ကို မြင်တော့ မေးသည်။ မင်းက ဘာဖြစ်လို့ ရောက်လာတာလဲတဲ့။ ကျနော်က အကျိုးအကြောင်း ပြောပြတော့ အဲဒါဆိုရင်တော့ မပူပါနဲ့ ခဏနေ မင့်ရုံးက ရောက်လာရင် ပြန်လွတ်ပေးလိမ့်ဟု အားပေးစကား ပြောသည်။ ထိုအရာရှိနှင့် သူ့ဇနီးတို့ စကားပြောနေကြတုန်း ကျနော် အိပ်ငိုက်သွားသည်။
"စစ်ဒေသက အပ်ထားတာမို့ ကျနော်တို့ လွှတ်ပေးလို့ မရဘူး"
ကျနော် အသံကြားလို့ ခေါင်းထောင် ကြည့်လိုက်တော့ ကျနော်တို့ ရုံးက အယ်ဒီတာ ရောက်နေပြီ။ ကျနော်တို့ အယ်ဒီတာနှင့် တာဝန်မှူးနှင့် စကားပြောနေကြသည်။ ပြီးနောက် အယ်ဒီတာက ကျနော့်ဆီ ရောက်လာသည်။ "မင်း မပူပါနဲ့ကွာ အကို စစ်ဒေသကို သွားလိုက်ဦးမယ်။ ခဏစောင့်ဦး" ပြောကာ ပြန်ထွက်သွားသည်။
၁၅ မိနစ်လောက် နေတော့ ကျနော့် အယ်ဒီတာ ပြန်ရောက်လာသည်။ ထို့နောက် စစ်ဒေသမှူးက မရောက်သေးလို့ စောင့်ရဦးဖြစ်ကြောင့် ကျနော့်အတွက် နံနက်စာ ၀ယ်ကျွေးလို့ ရမလားဟု တာဝန်မှူးကို မေးသည်။ တာဝန်းမှူးက ကောင်းတာပေါ့ဗျာဟု ပြောသည်။
ထိုအခါ ကျနော်တို့ အယ်ဒီတာက ကျောက်တံတား ရဲစခန်း အပြင်ဘက်ရှိ ဆိုင်မှ ထမင်းကြော်နှင့် ရေသန့်ဘူးတဘူး ၀ယ်ပြီးလာပေးသည်။ သူ စစ်ဒေသတွင် သွားစောင့်နေ ဦးမည် ဖြစ်ကြောင်း နှင့် အားမငယ်ဖို့ ပြောပြီး ပြန်ထွက်သွားသည်။
ကျနော် ညကတည်း အိပ်ရာ ထနေခြင်းဖြစ်သောကြောင့် ဗိုက်ထဲမှာ ဆာသလိုလိုတော့ ရှိသည်။ သို့ပေမယ့် စားချင်စိတ် မရှိ။ ထိုအခါ ကျနော့် ဘေးနားတွင် ထိုင်နေသော အချုပ်ကျနေသည့် အရာရှိကြီးက စားထားဖို့ ပြောသည်။ ကျနော် အဲဒီမှာ သဘောပေါက်လိုက်သည်။ ကံမကောင်းလို့ ဒီနေ့ မနက် ပြန်မလွတ်ရင် ငတ်သွားလိမ့်မယ်။ စားစရာရှိတာတုန်း စားထားလိုက်ဟု တိုက်ရိုက် မပြောသော်လည်း ထိုအဓိပ္ပယ်ကို ဆိုလိုမှန်းတော့ ကျနော် သဘောပေါက်သည်။ ထိုကြောင့် ထိုထမင်းကြော်ကို မစားချင်ဘဲ တို့ဂဏန်း ဆိတ်ဂဏန်းဖြင့် စားနေရသည်။ တ၀က်လောက် ကုန်သွားသောအခါ ကျနော် လုံးဝ ဆက်စား၍ မရတော့ပေ။ ထို့ကြောင့် ထမင်းမစားတော့ဘဲ ရေတငုံ၊ နှစ်ငုံလောက် သောက်ပြီး နေလိုက်သည်။
ကျနော်တို့ အယ်ဒီတာ ထွက်သွားပြီး တနာရီခန့် အကြာတွင် တာဝန်မှူးက ကျနော့်ကို လာထုတ်သည်။ ထို့နောက် ရဲတယောက်ကို ခေါ်ကာ ကင်မရာကို ပေး၍ ကျနော့်ကို မြို့တော်ခန်းမအတွင်းရှိ စစ်ဒေသသို့ လိုက်ပို့ရန် ပြောသည်။
ကျနော် စစ်ဒေသမှူး ရုံးခန်းကို ရောက်တော့ ကျနော်တို့ အယ်ဒီတာ ရောက်နှင့်နေပြီ။ စစ်ဒေသမှူးကို ကြည့်လိုက်တော့ ကျနော့်ကို မနေ့ညက ရဲလက်အပ်လိုက်သည့် သုံးပွင့်နှင့် ပုဂ္ဂိုလ် ဖြစ်နေသည်။ ကျနော် သူ့စားပွဲ အရှေ့တွင် မှတ်တပ်ရပ်နေတော့ ထိုင်ဖို့ ပြောသည်။ ထို့နောက် ဗုံးကွဲသည့် နေရာမှာ ဓာတ်ပုံ ရိုက်ခွင့်ရှိသလားဟု ကျနော့်ကို မေးသည်။
"ကျနော်က ရှိပါတယ်" ဟု ပြန်ဖြေလိုက်သည်။
"တွေ့တယ် မဟုတ်လား ခင်ဗျားတပည့်က၊ စကား ပြောတာ အချိုးမပြေဘူး။ မနေ့ညကလဲ ဒီပုံပဲ။ တော်ပြီ ကျနော်သူ့ကို ရဲလက်ပဲ အပ်လိုက်တော့မယ်" ဟု ဆိုကာ ရဲစခန်းကို ဖုန်းခေါ်ပြီး စောစောက ကျနော့်ကို လိုက်ပို့တဲ့ ရဲကို ပြန်ခေါ်သည်။
"မလုပ်ပါနဲ့၊ မလုပ်ပါနဲ့ ကျနော့် ကလေးက ငယ်သေးတော့၊ စကားပြော မတတ်လို့ပါ"
ထိုအခါတွင် ကျနော်တို့ အယ်ဒီတာက ပျာပျာသလဲ တောင်းပန်သည်။ ပြီးနောက် စစ်ဒေသမှူးကို ပြန်တောင်းပန်ဖို့ ကျနော်ကို ပြောသည်။
ထို့ကြောင့် ကျနော်လည်း စစ်ဒေသမှူးကို တောင်းပန်လိုက်ရသည်။
"မင်းနားလည်အောင်ပြောထားမယ်။ မင့်ဆရာက လာတောင်းပန်လို့ မင့်ဆရာ မျက်နာနဲ့မို့ မင့်ကို ရဲစခန်းက ပြန်ခေါ်လိုက်တာ။ မင်းတို့က ဓာတ်ပုံရိုက်တယ်ဆိုရင် အလွယ်ပဲ ရိုက်လိုက်ကြတယ်။ တကယ်လို့ အဲဒီနေရာမှာ နောက်ထပ် တလုံး ထပ်ကွဲရင် ဘယ်လို လုပ်မလဲ။ မင်းလဲ သေမယ် နိုင်ငံရေးအရလည်း သိက္ခကျတယ်။ အဲလို ပေါက်ကွဲမှု ဖြစ်တဲ့နေရာတွမှာ ဓာတ်ပုံကို စွတ်စွတ် ရိုက်ခွင့်မရှိဘူးကွ။ မင်းနိုင်ငံခြား ဇာတ်လမ်းတွေမှာ မမြင်ဖူးဘူးလား။ တခုခု ဖြစ်ပြီ ဆိုတာနဲ့ အ၀ါရောင်စီးတွေ တားထားဖြစ်၊ တားမြစ် ဧရိယာ လုပ်ထားတာ။ နောက်ကို ဘယ်တော့မှ မရိုက်ပါနဲ့။ ခံဝန်မှာ လက်မှတ်ထိုး"
ထို့နောက် ကျနော် ခံဝန်တွင် လက်မှတ်ထိုး ကင်မရာထဲမှ ပုံများ ဖျက်ကာ ပေးပြီးနောက် ပြန်လွတ်ပေး လိုက်သည်။
ဘာပဲဖြစ်ဖြစ် ထိုနေ့ညက အဖြစ်အပျက် ကျနော့်အတွက် အများကြီး အသိတရား ရသွားပါသည်။ ဗုံကွဲသွားပြီးသည့် နေရာတွင် နောက်ထပ်ဗုံး တလုံး ထပ်ကွဲနိုင်သည် ဆိုတာကို ကျနော် အရင်က မစဉ်းစားခဲ့မိပါ။ နောက်တချက်က ကျနော်တို့သည် သတင်းထောက်များ ဖြစ်သည်။ ဓာတ်ပုံ ရိုက်ခြင်းသည် သတင်းအတွက် ရိုက်ခြင်းဖြစ်သည်။ အဖြစ်အပျက်ကြီး တခုလုံးကို မှတ်တမ်း တင်နေခြင်း မဟုတ်။ ယခု ကျနော် အဖမ်းခံထိခြင်းမှာ အဖြစ်အပျက် တခုလုံး လိုက်ရိုက်နေသောကြောင့် ဖြစ်သည်။ သတင်းတွင် ဓာတ်ပုံ ဖော်ပြသည့် အခါတွင်လည်း အဖြစ်အပျက် တခုလုံးက ပုံတွေ ဖော်ပြနိုင်မည် မဟုတ်။ သို့ဖြစ်သောကြောင့် သတင်းအတွက် ဖော်ပြရန် လုံလောက်သော ဓာတ်ပုံ တပုံ နှစ်ပုံကောင်းရသည် နှင့် ကိုယ့်ရဲ့ ဓာတ်ပုံ ရိုက်ကူးမှုကို အဆုံးသတ်ရမည်။
* * * *
နောက်တရက် ညနေရောက်တော့ ကျနော် ဗြိတိသျှ ဘုရင်မကြီး မွေးနေ့ အထိမ်းမှတ် ညစာစားပွဲသို့ သွားရသည်။ ထိုညစာစားပွဲသည် အလံပြဘုရား လမ်းရှိ ဗြိတိသျှ သံအမတ်ကြီး နေအိမ်ဝင်း အတွင်းတွင် ပြုလုပ်ခြင်း ဖြစ်သည်။
ထို့နေ့ညက တိုက်ပုံအင်္ကျီ၊ ပိုးပုဆိုးနှင့် စားသော ညစာနှင့် မနေ့မနက်က အင်္ကျီအစုတ် ပုဆိုးစုတ် ဆံပင်စုတ်ဆောင်းနှင့် အချုပ်ခန်းတွင်းက နံနက်စာက မည်သို့မျှ မဆိုင် ……………
သို့ရာတွင် ကျနော် အသက်ကြီး၍ မေ့မေ့ပျောက်ပျောက် ဖြစ်သည့်အခါတွင် အခြားသော နေရာများတွင် စားသောက်ခဲ့သည့် ပုံရိပ်များကို မေ့ပျောက်ကောင်း မေ့ပျောက်ပါလိမ့်မည်။ အချုပ်ခန်း အတွင်းက နံနက်စာကိုတော့ မည်သည့်အခါတွင်မျှ မေ့ပျောက်၍ ရနိုင်မည်ကား မဟုတ်။

Wednesday, January 16, 2008

ကျောက်ပန်းတောင်းအနီး ရေနံတွေ့

ဖနိဒါ

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နှင့် မကွေးတိုင်း ရေနံချောင်းမြို့အကြားရှိ ငါးရှင်တောင်ကျေးရွာအနီးတွင် လွန်ခဲ့သည့် ၆ လခန့်မှ စတင်ကာ ရေနံ ထွက်ရှိနေသည်။
ရေနံထွက်ရှိသည်ကို သိရှိကြပြီးနောက် ဒေသခံများအပြင် တောင်ကြီး၊ ရေနံချောင်း၊ ပခုက္ကူ၊ ရေစကြို၊ ပြည်၊ မန္တလေးနှင့် ရန်ကုန်မြို့မှ လုပ်ငန်းရှင်များနှင့် တွင်းတူးလုပ်သားများ သောင်းချီ၍ လာရောက် တူးဖော်နေကြခြင်း ဖြစ်သည်။
“ရေနံထွက်နှုန်းက တနေ့တနေ့ ရတဲ့ အရေအတွက်က မတူဘူး။ တချို့က ၂ ပီပါ။ တချို့က ၃ ပီပါ။ တချို့ကျ ၄ ပီပါ ရကြတယ်” ဟု ကျောက်ပန်းတောင်း ဒေသခံက မဇ္ဈိမကို ပြောသည်။
ရေနံတွင်း လုပ်ကွင်းတခုတွင် ကျင်းတကျင်းသည် ပေ ၁ဝဝ မှ ပေ ၄ဝဝ အထိ ကျယ်ဝန်းကာ၊ လုပ်ကွင်းမြေများကို သိန်းရွှေပြည်သာ အမည်ရှိ ကုမ္ပဏီက ဒေသခံများထံမှ ဝယ်ယူပြီး ရေနံတူးဖော် လုပ်ကိုင်မည့် ပုဂ္ဂလိက လုပ်ငန်းရှင်များထံ ပြန်လည် ရောင်းချနေသည်။
“ဒီဒေသက လူတွေက တွင်းတူးသမားတွေ လုပ်ကြတယ်ပေါ့။ တချို့ဆိုရင် အိမ်ရောင်း၊ မြေရောင်းပြီး ရေနံမထွက်တာနဲ့ ဒုက္ခ ရောက်ကြတယ်” ဟု သူက ဆက်ပြောသည်။
ရေနံလုပ်ကွင်း ပေ ၁ဝဝ ပတ်လည် တူးဖော်ရာတွင် မြန်မာကျပ်ငွေ ၅ သိန်းမှ ၁ဝ သိန်းခန့်ကုန်ကျပြီး၊ ပေ ၁ဝဝ အထက် ကွင်းဖော်ရာတွင် သိန်း ၂ဝ မှ သိန်း ၄ဝ အထိ ကုန်ကျကြောင်းနှင့် ရေနံစိမ်း တပီပါလျှင် ပြင်ပပေါက်ဈေး ကျပ်ငွေ ၁၆ဝဝဝဝ (၁ သိန်း ၆ သောင်း) အထက်ရှိသော်လည်း၊ သိန်းရွှေပြည်သာ ကုမ္ပဏီက ကျပ်ငွေ ၇၅ဝဝဝ (၇ သောင်း ၅ ထောင်) ခန့်သာ ပေးကြောင်း သိရသည်။
ရေနံစိမ်းတူးဖော်စက် ၄ဝဝဝ ခန့်ရှိသည့် အဆိုပါ ရေနံစိမ်း လုပ်ကွင်းတွင် ယခုအခါ ရေနံစိမ်းထွက်နှုန်း သိသာစွာ ကျဆင်းသွားသဖြင့် ယခင်က လာရောက် လုပ်ကိုင်သူ တသိန်းခန့် ရှိခဲ့ရာမှ ယခုအခါ ၅ သောင်းခန့် အထိ လျော့ကျသွားသည်။
“အခု တချို့တော့ ထွက်သေးတယ်။ အရင်လောက်တော့ မထွက်တော့ဘူး။ ရေနံတင် ဘောက်စာကားကြီးတွေနဲ့ ၁ဝ စီး၊ ၁၅ စီး ထွက်တာ။ အခုတော့ ၅ စီး ပတ်ဝန်းကျင်ပဲ ထွက်တော့တယ်” ဟု ဒေသခံတဦးက ပြောသည်။

သုံးလကျော် ရပ်ခဲ့သည့် အမ်အေအိုင် ပြန်လည်သက်ဝင်

မဇ္ဈိမသတင်းဌာန
သုံးလကျော်ကြာ ရပ်ဆိုင်းထားခဲ့သည့် မြန်မာအဲယားဝေး အင်တာနေရှင်နယ်၏ ဘန်ကောက်-ရန်ကုန်-ဘန်ကောက် ခရီးစဉ်များကို ယနေ့ စတင်၍ ပြန်လည် ပြေးဆွဲနေပြီ ဖြစ်သည်။
လေကြောင်းလိုင်း အာမခံကုမ္ပဏီက ငွေကြေးပေးလျော်မည့် အစီအစဉ် ရပ်ဆိုင်းခဲ့သဖြင့် ပြည်ပခရီးစဉ်များ ရပ်ဆိုင်းခဲ့ရသည့် အမ်အေအိုင်သည် ထိုင်းနှင့်မြန်မာသို့ ကူးလူးပျံသန်းသည့် ခရီးစဉ်များအတွက် ရက်သတ္တပတ် တပတ်လျှင် ၆ ရက်ပြေးဆွဲမည့် အစီအစဉ်ဖြင့် ပြန်လည် သက်ဝင်လာခြင်း ဖြစ်သည်။
ရန်ကုန်-ဘန်ကောက် အသွား-အပြန် လက်မှတ်များကို အက်ဖ်အီးစီ ၂ဝဝ နှင့် ရန်ကုန် လေကြောင်းလိုင်းရုံးတွင် ရောင်းချနေပြီး လေကြောင်းလိုင်း၏ အရောင်းမြှင့်တင်ရေး အစီအစဉ်အရ လက်မှတ်တစုံ ဝယ်လျှင် အသွား-အပြန် လက်မှတ် အပိုတစုံပေးမည် ဖြစ်သည်ဟု သိရှိရသည်။
အင်္ဂါ၊ ဗုဒ္ခဟူး၊ တင်္နဂနွေနေ့များတွင် ထိုင်းနိုင်ငံ ဘန်ကောက်မှ ညနေ ၅ နာရီ (၁၇း ဝဝ )တွင် ထွက်ခွာမည် ဖြစ်ပြီး ရန်ကုန်သို့ ၅း ၄၅ (၁၇း၄၅) ရောက်ရှိမည် ဖြစ်သည်။ ထိုနေ့များတွင် ရန်ကုန်မှ ညသန်းခေါင်ကျော် ဝဝး ၄၅ နာရီတွင် ထွက်ပြီး နံနက် ၂း၃ဝ နာရီတွင် ဘန်ကောက်သို့ ရောက်မည် ဖြစ်သည်။
ကြာသာပတေး၊ သောကြာ၊ စနေနေ့များတွင်တော့ ဘန်ကောက်မှ ည ၆း၄၅ နာရီ (၁၈း ၄၅) ထွက်ပြီး ရန်ကုန်သို့ ည ၇း၃ဝ နာရီ (၁၉း၃ဝ) ရောက်မည် ဖြစ်သည်။ ထိုနေ့များတွင် ရန်ကုန်မှ ည ၈းဝဝ နာရီ (၂ဝးဝဝ ) ထွက်ခွာပြီး ဘန်ကောက်သို့ ည ၉း၅၅ နာရီ (၂၁း၅၅) တွင် ဆိုက်ရောက်မည် ဖြစ်သည်။
တပြိုင်တည်းတွင် ရပ်နားထားခဲ့သည့် ကွာလာလမ်ပူ ခရီးစဉ်ကို ယခုသီတင်းပတ်တွင်း ပြန်လည် ပြေးဆွဲရန် စီစဉ်ထားသော်လည်း စင်္ကာပူခရီးစဉ်ကတော့ ပြေးဆွဲရန် အစီအစဉ် မရှိသေးကြောင်း လေကြောင်းလိုင်း သတင်းရပ်ကွက်က ပြောသည်။
စက်တင်ဘာလ ၊ ၂ဝဝ၇ ခုနှစ်အတွင်း ရဟန်းရှင်လူ အုံကြွမှုဖြစ်ရာ စစ်အစိုးရက သတ်ဖြတ် နှိမ်နင်းခဲ့မှု ပြုပြီးနောက် လန်ဒန်အခြေစိုက် အာမခံ ကုမ္ပဏီက အာမခံပေးမှု ရပ်ဆိုင်းခဲ့သည်။

ဒေါ်စုအကြောင်း ရုပ်ရှင်ရိုက်မည်

မဇ္ဈိမသတင်းဌာန

မြန်မာပြည်၏ ထိန်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏ စွန့်လွှတ် တိုက်ပွဲဝင်မှုများကို ဂုဏ်ပြုသည့် အနေဖြင့် အီတလီ ဒါရိုက်တာ Giuseppe Tornatore က အင်္ဂလိပ် စကားပြော ရုပ်ရှင်ကားတကား ရိုက်ကူးမည် ဖြစ်ကြောင်း ထုတ်လုပ်သူက ပြောကြားလိုက်ပါသည်။
ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၃ဝ မျှ ကုန်ကျမည့် ထိုရုပ်ရှင်ကားကို ဂျပန်လူမျိုး ထုတ်လုပ်သူ Naofumi Okamoto က ထုတ်လုပ်မည် ဖြစ်သည်။ အဆိုပါ ထုတ်လုပ်သူသည် လွန်ခဲ့သော ၁၇ နှစ်အတွင်း ၁၂ နှစ်မျှ အကျဉ်းကျ ခံနေရသည့် မြန်မာ့ဒီမိုကရေစီ သူရဲကောင်းကို တွေ့ဆုံခွင့် ရခဲ့သည့် နိုင်ငံခြားသား လက်တဆုပ်စာထဲမှ တယောက်ဖြစ်သည်။
ထုတ်လုပ်သူ Okamoto က မဇ္ဈိမကို တယ်လီဖုံးဖြင့် ပြောကြားရာတွင် “ဒီကားကို ရိုက်ရတာ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုဘို့ပါ။ ဘာလို့လဲဆိုတော့ အမျိုးသမီး တယောက်အနေနဲ့ လုပ်ဘို့ အင်မတန်ခက်ခဲတဲ့ မိသားစုတခုရဲ့ မိခင်ဘဝထက် နိုင်ငံတခုလုံးရဲ့ မိခင်ဘဝကို သူမက ရွေးချယ်ခဲ့လို့ပါပဲ။”
ဇာတ်ကားအတွက် ဇာတ်ညွှန်းရေးသားခြင်း လုပ်ငန်းမှာ မေလတွင် ပြီးစီးမည် ဖြစ်ပြီး ရုပ်ရှင်ရိုက်ကူးခြင်းကို ယခုနှစ် စက်တင်ဘာ သို့မဟုတ် အောက်တိုဘာလတွင် စတင်နိုင်ဘွယ် ရှိသည်။ အဆိုပါဇာတ်ကားသည် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ရိုက်ကူးသည့် ပထမဆုံး ရုပ်ရှင်ကားတကား ဖြစ်လာမည် ဖြစ်သည်။
“ကျနော်တို့ အခုဇာတ်ညွှန်းပိုင်းကို လုပ်နေတုံးပါ။ အဲဒါက မေလလောက်မှာ ပြီးလောက်မှာပါ။ ဒါပြီးရင် ရုပ်ရှင်ရိုက်တာကို စက်တင်ဘာ၊ အောက်တိုဘာလလောက်မှာ စနိုင်မှာပါ” ဟု ထုတ်လုပ်သူ Okamoto က ပြောကြားသွားပါသည်။
ရုပ်ရှင်ထဲမှ ဇာတ်ဝင်ခန်းများကို အရှေ့တောင်အာရှနိုင်ငံများတွင် ရိုက်ကူးသွားမည် ဖြစ်ပြီး အလားအလာ အများဆုံးမှာ ထိုင်း၊ ဗီယက်နမ် သို့မဟုတ် မလေးရှားတို့ ဖြစ်နိုင်ဘွယ် ရှိသည်။ သို့သော် မည်သည့်အရာမျှ ယခုအချိန်တွင် မသေချာသေးကြောင်း သူက ထပ်လောင်း ပြောကြားသွားပါသည်။
ဂျပန်လူမျိုး ထုတ်လုပ်သူက ဆက်လက် ပြောကြားရာတွင် အီတလီ ရုပ်ရှင်ထူးချွန်ဆုရ ဒါရိုက်တာကို ရွေးချယ်ရခြင်းမှာ သူသည် အမျိုးသမီး ဇာတ်ကောင်များကို ကိုင်တွယ်ရာတွင် နာမည်ကျော်သောကြောင့် ဖြစ်သည်ဟု ဆိုသည်။
“ကျနော် Tornatore ကို ဒါရိုက်တာလုပ်ဘို့ ရွေးချယ်ရတာ သူက ဒီလိုကားမျိုး ဒီလို လှုပ်ရှားမှုမျိုးဆို အတော်ဆုံး ဒါရိုက်တာတယောက် ဖြစ်နေလို့ပါ” ဟု Okamoto က ဆက်လက် ပြောကြားသွားပါသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉ဝ စုနှစ်များ အစောပိုင်းတွင် ကိုယ်တိုင် တွေ့ဆုံခွင့်ရခဲ့သူ Okamoto က ပြောကြားရာတွင် သူ့အနေဖြင့် ဤကားကိုရိုက်ရန် နှစ်ပေါင်းများစွာ ကြိုးပန်းခဲ့ရကြောင်း၊ နောက်ဆုံးတွင် ရုပ်ရှင်ရိုက်ရန် အကြံရခဲ့ကြောင်း ပြောဆိုသွားပါသည်။
“ကျနော် ဒီကားကို ရိုက်ဘို့ လွန်ခဲ့တဲ့ ၁ဝ နှစ်လုံးလုံး ကြိုးပန်းခဲ့ရတာပါ။ ကျနော် ဒေါ်စုကို ၃ ကြိမ် တွေ့ပြီးပါပြီ။ သူမဆီကလည်း ဒီကားရိုက်ဘို့ ခွင့်ပြုချက် ရထားပြီးပါပြီ” ဟု Okamoto က ပြောကြားသွားပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးလက်အောက်မှ လွတ်လပ်ရေးရရန်အတွက် ရှေ့ဆုံးမှ ဦးဆောင်တိုက်ပွဲ ဝင်ခဲ့သူ လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်သည်။
အောက်စဖို့ဒ် တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး အင်္ဂလိပ်လူမျိုး ပညာရှင်တဦးကို လက်ထပ်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ်တွင် အမိမြန်မာနိုင်ငံသို့ ပြန်လာခဲ့ရာ နိုင်ငံရေး မငြိမ်မသက်မှု ပြဿနာများနှင့် ရင်ဆိုင်တိုးရန် ပြန်လာခဲ့ရသလို ဖြစ်ခဲ့ရသည်။ ထိုနှစ်တွင် ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြသူများက နှစ်ပေါင်း ၂ဝ ကျော်ကြာ တပါတီအုပ်စိုးမှုကို မြန်မာနိုင်ငံတွင် အဆုံးသတ်နိုင်ခဲ့ကြသည်။
ထိုဆန္ဒပြပွဲများအတွင်း လူထုရှေ့တွင် ပြောကြားခဲ့သော မိန့်ခွန်းများကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့ အတိုက်အခံ ခေါင်းဆောင်နေရာကို ရောက်ရှိသွားခဲ့သည်။ နောင်တွင်သူမသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အမည်ဖြင့် နိုင်ငံရေး ပါတီတရပ်ကို ဖွဲ့စည်းထူထောင်ခဲ့ပြီး ထိုပါတီသည် ၁၉၉ဝ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။
အနိုင်ရပါတီ၏ ခေါင်းဆောင် ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မည်သည့်အခါမျှ တိုင်းပြည်ကို အုပ်ချုပ်ခွင့် မရခဲ့ပါ။ ထိုတိုင်းပြည်မှာ သူမဖခင် ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်၍ သာယာဝပြောသော နိုင်ငံ တခုအဖြစ် မျှော်မှန်း ထူထောင်ခဲ့သော နိုင်ငံလည်း ဖြစ်သည်။ သို့သော် စစ်အစိုးရကမူ သူမကို နေအိမ် အကျယ်ချုပ် ချထားရာ လွန်ခဲ့သော ၁၈ နှစ်အတွင်း ၁၂ နှစ်မျှပင် ကြာမြင့်ပြီ ဖြစ်သည်။

၁ဝ၅ မိုင် အကောက်ခွန် ဝန်ထမ်းများကို ဖမ်းပြန်ပြီ

မျိုးကြီး
တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ မိုင်းယု (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုံ တာဝန်ကျ အကောက်ခွန် ဝန်ထမ်းများနှင့် နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန ဝန်ထမ်းများကို လာဘ်စားမှုဖြင့် တကျော့ပြန် အရေးယူမှုများ ယမန်နေ့ ညပိုင်းက ပြုလုပ်ခဲ့သည်။
အရာရှိ (၃)ဦး အဖမ်းခံရပြီး အကောက်အခွန်မှူး ဦးဇော်ဇော်ဟန်နှင့် ဒုအကောက်ခွန်မှူး ဦးသန်းဇော်နိုင်တို့ နှစ်ဦးမှာ ထွက်ပြေး တိမ်းရှောင်သွားသည်ဟု (၁ဝ၅) မိုင် ဝန်ထမ်း သတင်းရပ်ကွက်က မဇ္ဈိမကို ပြောသည်။
တရုတ်နိုင်ငံဘက်သို့ တင်ပို့မည့် တရားမဝင် မှောင်ခိုပစ္စည်း တင်ဆောင်လာသည့်ကား စုစုပေါင်း (၁၃) စီးကို နိုဝင်ဘာလအတွင်း (၁ဝ၅) မိုင် ဂိတ်တွင် (၂) ကြိမ် ဖမ်းမိရာတွင် ဝန်ထမ်းများက လာဘ်ယူခဲ့သည်ဆိုသော စွပ်စွဲချက်များဖြင့် ဖမ်းဆီးမှု ပြုလုပ်ခြင်း ဖြစ်သည်။
မှောင်ခိုခိုးထုတ်မည့် အင်ကြင်းကျောက်၊ တမလန်းသစ်၊ နံသာနီ သစ်မွေးများ တင်ဆောင်လာသော ကုန်ကားများကို အကောက်ခွန်ဌာနက နှစ်ကြိမ်ခွဲမိခြင်း ဖြစ်သည်။ ပထမအကြိမ်တွင် ကား ၅ စီး ဖမ်းမိခဲ့သည်။
လာဘ်စားမှုကြောင့် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုံ ဝန်ထမ်းများ အားလုံး နီးပါးကို ၂ဝဝရ ခုနှစ် အောက်တိုဘာလ ကုန်ပိုင်းတွင် အစားထိုး လဲလှယ်ခဲ့ပြီး နောက်ပိုင်း ထပ်မံ အရေးယူမှု ဖြစ်သည်။
အကောက်ခွန် လောကတွင်း နာမည်ကျော် လာဘ်စားမှုများကို နှိမ်နင်းဖြိုခွင်းမှာ ၁ဝ၅ မိုင်မှစခဲ့ခြင်း ဖြစ်သည်။ ၂ဝဝ၆ ခုနှစ် မေလ၌ ၁ဝ၅ မိုင်ရှိ ဝန်ထမ်းတချို့ ဖမ်းဆီးခံရပြီးနောက် လာဘ်စားမှု ကွင်းဆက်များ မီးခိုးကြွက်လျှောက်ပေါ်ပြီး ရာနှင့်ချီသော ဝန်ထမ်းများ ဖမ်းဆီး ထောင်ချခံရသည်။ အဆိုပါ ဖြိုခွင်းမှုကို စစ်အစိုးရအဖွဲ့ နံပါတ် ၂ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးက ညွှန်ကြားခဲ့သည်။
တရုတ်နိုင်ငံသည် မြန်မာနှင့် အကြီးဆုံး နယ်စပ် ကုန်သွယ်ဖက်ဖြစ်ပြီး ၁ဝ၅ မိုင်ဂိတ်မှာ ကုန်စည်ဖြတ်သန်းမှု အများဆုံးတခု ဖြစ်သည်။

သူပုန်တယောက်၏ နိဒါန်း (ရသ ဆောင်းပါး)

ရွှေအိမ်စည်

နှစ်နာရီမျှ ကျနော်တို့ လျှောက်ခဲ့ပြီးသည့် အခါတွင်မူ ကားသံများအား သဲ့သဲ့ ကြားရပြီ ဖြစ်သည်။ ဖြေးဖြေးမှန်မှန်သာ လျှောက်ခဲ့ကြသည်ဖြစ်၍ မပင်ပန်း …။ လမ်းက အတက်အဆင်းမရှိ…..။ လူသွားလမ်းအတိုင်း မသွားပဲ တောတိုး၍ လာခဲ့သည့်အတွက်သာ ခရီးက ဖင့်၏။ စမ်းချောင်းငယ်အတိုင်း သွားသည့်အခါ သွားသည်။ ၀ါးတောကြီးအတွင်း ဖြတ်၍ သွားသည့်အခါ သွား၏။ ကားသံများက တခါတခါ ကျယ်၍လာသည်။ တခါတခါတွင်မူ သဲ့သဲ့မျှသာ …။ အသံက လေယူရာတိမ်း၍ တိုးလိုက် ကျယ်လိုက်…..။
ဤကားသံများက အန္တရာယ်သံများ …။ ကားသံများနှင့် နီးလာလေ … အန္တရာယ်နှင့် နီးလေ ဖြစ်သည်။ စစ်တပ်က နှစ်စဉ် `ဖာပွန်´သို့ ရိက္ခာပို့သည်။ TE 11- စစ်ကားကြီးများနှင့် ပို့ခြင်း ဖြစ်၏။ အခေါက်ခေါက် အခါခါ …။ တခေါက်လျှင် ယာဉ်အစီး လေးငါးဆယ်မှ ရာကျော်အထိ ပါတတ်သည်။ သူတို့ အသုံးပြုသည့် လမ်းကား … သိမ်ဆိပ်၊ ပိန္နဲတောလေးကေမှ ကျသောင်းဆိပ် လဂွန်ပြို ဖာပွန်လမ်း ဖြစ်သည်။ လမ်းက လမ်းကြမ်း …..။ လမ်းလုံခြုံရေးအတွက် စစ်ဗျူဟာ (၃)ခုခန့် သုံး၏။ တပ်ရင်း ၉-ရင်းအင်အားနှင့် လမ်းကင်းချထားခြင်း ဖြစ်၏။ လက်ယှက်ထိုးထားသကဲ့သို့ …….။
ကျနော်တို့က ဤကြားမှ ဤလမ်းအား ဖြတ်ကျော်ကြရမည် ဖြစ်သည်။
`ကျနော်တို့ရှေ့မှာ ခဏနားကြပြီး သတင်းထောက်ပြီးတော့မှ ကားလမ်းကူး ကြမယ်…..´
ဖဒို့အောင်ရွှေက ကျနော်တို့အား ပြောသည်။ နားမည့်နေရာအား ကျနော် ကြည့်မိ၏။ တောင်ယာဟောင်း …..`ဖုန်းဆိုးမြေ´။ တောင်ယာက မို့မို့လေး မြင့်တက်သွားသည်။ တောအုပ်နှင့် တောင်ယာအကြား အနိမ့်ပိုင်းတွင် စမ်းချောင်းငယ်တခုက ရစ်ခွေထား၏။ တောင်ယာအား အနားသတ်မျဉ်းအဖြစ် စမ်းချောင်းငယ်သည် မြောက်မှတောင်သို့ ခွေရစ်၍ ထား၏။ ချောင်းငယ်အတွင်းသို့ ကျနော်တို့ ဆင်းလိုက်၏။ ချောင်းရေက ခြေမျက်စိမြုပ်ရုံမျှသာ….။ သဲချောင်းလေးဖြစ်၍ အေးစိမ့်၍ နေသည်။ ဖားလောင်းလေးများ အုပ်လိုက် ကူးခတ်နေသည်ကို တွေ့ရ၏။ ကုန်းမို့မို့ပေါ်သို့ ကျနော်တို့ တတ်ခဲ့ကြပြန်သည်။ ထိကရုံး ဆူးပင်များက တောထ၍ နေသည်။ ပိဇပ်ရိုင်း ပင်များ၊ မြက်ရိုင်းပင်များက လူတရပ်မက …..။
ဖုန်းဆိုး၏အလယ်တွင် တောင်ယာတဲပျက် တလုံးရှိသည်။ အမိုးမရှိ….၊ အခင်းမရှိ….။ မဓမ တိုင် ထိုးထိုးထောင်ထောင်များကသာ ……။ ယခင်က တောင်ယာခင် ရှင်တို့ နေခဲ့သည့် တဲဟူ၍ ပြောနိုင်တော့သည်။ တဲပျက်တွင်ပင် ကျနော်တို့ နားကြ၏။ ဖဒိုအောင်ရွှေနှင့် ပါလာသော KNU ရဲဘော်လေး ၃-ယောက်က ရှေ့သို့ ဆက်သွားပြီး ကင်းပုံးဝပ်၍ နေရာယူထားကြသည်။ ကားလမ်းနှင့် နီးပြီဖြစ်၍ ရန်သူက လမ်းလုံခြုံရေးအတွက် ကင်းရှည်လှည့်တတ်သည်။ သတိထားရမည့် နေရာ …..။
ကျနော်တို့နားပြီး အတန်ကြာမှ …. ဦးမောင်မောင်လတ် ရောက်လာသည်။ သူက….ဘီးလင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်သည်။ ဆင်ခြေလျောလေးအတိုင်း သူတက်လာသည်မှာ ပေ ငါးထောင်အမြင့် စောက်ကမ်းပါးကြီးအား တက်နေသည်နှင့် တူတော့၏။ သူ့အသက်ရူသံက ခပ်းလှမ်းလှမ်းမှပင် ကြားနေရ၏။ ချွေးသီးချွေးပေါက်များက သူ့မျက်နှာတွင် ရွစိထနေသည်။ ရေနှင့် ဖျန်းပက်ထားသကဲ့သို့…..။ တိုက်ပုံ အင်္ကျီအနက်၊ တတ်ထရွတ်ပုဆိုး ကချင်ကွက် အစိမ်းအောက်၌ သူ့ခန္ဒာသည် ပိန်လှီလွန်းလှ၏။ ဖြူရော်သော် အသားရောင်သည် သွေးဆုတ်သွားသည့် လူသေတဦးကဲ့သို့ …..။ ဆံပင်တို့က ရှည်၍ ပွယောင်းနေသည်။
သူလမ်းလျှောက်နေသည်မှာ ….၀ိဥာဉ်တကောင် လွင့်ပါးနေသည့်အလား…။ ကျနော်တို့အနား၌ သူဝင်၍ ထိုင်လိုက်သည်။ သူအသက်ရှုနေသည်မှာ ခက်ခဲ ပင်ပန်းလွန်းလှ၏။ သူ့အဆုတ်သည် ညှစ်ရဖန်များ၍ ပွင့်ထွက်လာလေမည်လား ထင်ရသည်။
ကျနော်တို့ သက်သက်သာသာ သွားခဲ့ရသည့်ခရီးအား သူသည် ပင်ပန်းလွန်းစွာနှင့် လာခဲ့ရ၏။ သူ့အခြေအနေအား ဖဒို့အောင်ရွှေလည်း သတိထားမိ၏။ ရှေ့ခရီးက သွက်သွက်လက်လက် သွားရမည်။ ရှောင်ရ တိမ်းရမည်။ ရန်သူကြားမှ ဖြတ်ကျော်သွားရမည် ဖြစ်၍ ပြေးပြေးလွှားလွှား သွားရကောင်း သွားကြရမည်။ သူ့အခြေအနေနှင့် ဖြစ်နိုင်ပါ့မလား ….။ သူ့ကျန်းမာရေးက လိုက်နိုင်ပါ့မလား…..။
(ခ)
ကျနော်တို့ အစီအစဉ် ပြောင်းကြရသည်။ ပထမက ဖုန်းဆိုးမြေတွင် ခဏနားပြီး ….. ကားလမ်းအား ဖြည်းဖြည်းချင်း ကပ်မည်။ ကားတန်းအားလုံး လွန်သွားပါက ဖြတ်ကူးရန် ဖြစ်သည်။ ယခုမူ ဤအတိုင်း သွား၍မဖြစ်တော့…..။ ဦးမောင်မောင်လတ်က လိုက်နိုင်မည့်ဟန်မပေါက်……။ နားရမည်။ သူ့အား ဆေးမှူးနှင့်ပြပြီး ကုသပေးရမည်။ ပြီးမှ …. ခရီးအား ဆက်ကြရမည်။
ဖဒိုအောင်ရွှေက လမ်းလျှောက် စကားပြောစက်ဖြင့် ဆေးမှူးတယောက်အား ခေါ်၏။ တနေရာတွင် ဆုံရန်ချိန်း၏။ ကျနော်တို့ ယခုရောက်နေသည့် နေရာမှ မိနစ် ၂၀-ခန့် သွားရမည်။ ကျသောင်းဆိပ်ရွာနှင့် ကြိုးဝိုင်းအကြားတွင် ဖြစ်သည်။
ဝါးလုံးတွင် ပုခက်ဆင်ပြီး ဦးမောင်မောင်လတ်အား ကျနော်တို့ ထမ်းကြရ၏။ အရှေ့တယောက် အနောက်တယောက်…..။ ဖုန်းဆိုးမြေမှ တောင်ဖက်ဆီသို့ ပြန်ဆင်းခဲ့ကြ၏။ တက်နေဖြစ်သော်လည်း တပေါင်းနေက ပူပြင်းသည်။ ကျသောင်းဆိပ်ရွာအား ကွင်းရှောင်ပြီး သွားကြသည်။ ကျသောင်းဆိပ် ရွာတွင်က ရန်သူ၏ နည်းဗျူဟာ (၃၃၁) ရှိသည်။ ဆယ်မိနစ်ခန့် လျှောက်ပြီးသည်နှင့် လယ်ကွင်းအား တွေ့ရ၏။ လယ်က မလုပ်ပဲ ထားသည့်အတွက် `ကော´ ၍နေပြီ။ လယ်ကွင်းအား တည့်တည့် အလယ်မှ မဖြတ်ရဲ…..။ ရန်သူနှင့်တိုးပါက သတ်ကွင်းအတွင်း သွားသလို ဖြစ်နေမည်။ လယ်ကွင်းအား ကွင်း၍ ခင်းတန်းလေးအတိုင်း သွားကြသည်။ ခရီးကရှည်၏။ ထမ်းစက မလေးသော်လည်း ကြာလာသည့်အခါ၌ ပုခုံးများက ကြိမ်းလာသည်။ လယ်ကွင်းဆုံးသည်နှင့် ရွာအ၀င်လမ်းအား တွေ့ရ၏။ ရွာက ရွာပျက်……။
စစ်သားများ အလုံးအရင်းနှင့် တက်လာခဲ့သည်မှစ၍ ….. ရွာသားများ ရွာတွင်မနေရဲ….။ လယ်ထဲသို့ မဆင်းနိုင်…..။ တောင်ယာသို့ မသွားနိုင်ကြတော့…..။ ဤဒေသတွင် …. ရွာများက ရွာပျက်…..။ လယ်များက ကော၍ နေသည်။ တောင်ယာတို့က ဖုန်းဆိုးမြေ…..။
ရွာအတွင်းသို့ ရောက်၏။ အုန်းပင်များ၊ ကွမ်းသီးပင်များနှင့် အုပ်အုပ်ဆိုင်းဆိုင်း…..။ အိမ်ခြေငါးဆယ်ကျော် ရှိခဲ့မည့် ရွာဖြစ်မည်။ ယခုတော့ ….. ထရံများ ကွာကျနေသော အိမ်၊ အမိုးပွင့်နေသော တဲ….။ အခင်းပြုတ်နေသော ဇရပ်တို့သာ ရှိတော့၏။ ရွာလယ်တွင် ဘုန်းကြီးကျောင်း ရှိ၏။ ဘုန်းကြီးကျောင်းကမူ မပျက်ယွင်းသေး…..။ ယခင်က ဤရွာလမ်းတလျှောက် ခလေးငယ်တို့ လုံချည်ကွင်းသိုင်းနှင့် ပြေးလွှားကစားကြမည်။ သက်ကြီးရွယ်အိုတို့က အခါကြီးရက်ကြီးများတွင် ဘုန်းတော်ကြီးကျောင်းသို့ သွား၍ သီလ ဆောက်တည်ကြမည်။ ကြေးစည်သံတို့က လွင်နေလိမ့်မည်။
ယခုတော့ ရွာက တစပြင် …..။ သုသာန်ကဲ့သို့…..။
ဖဒိုအောင်ရွှေ၏ ရဲဘော် ၃-ယောက်အား ဘုန်းကြီးကျောင်းအတွင်း ကင်းရှည်အဖြစ် ထားခဲ့ပြီး ကျနော်တို့ ရွာ၏ မြောက်ဖျားပိုင်းသို့ ဆက်၍ ထွက်ခဲ့ကြသည်။ ရွာမြောက်ဖျားပိုင်းက ကုန်းမို့မို့ပေါ်တွင် ရှိ၏။ ဆုတ်ရန်၊ ရှောင်ရန် လွယ်ကူသည်။ ကျနော်တို့ နားကြပြီး ခဏတွင်ပင် ဖဒိုအောင်ရွှေ လှမ်းခေါ်ထားသည့် ဆေးမှူး ရောက်လာ၏။ ခမောက်ဆောင်းပြီး ပလိုင်းတလုံး လွယ်ထားသည်။ အရပ်ဝတ် အရပ်စားနှင့်ပင်။ မသိပါက KNU မှ ဆေးမှူးဟူ၍ မသိနိုင်။ ပျောက်ကျားရဲဘော် ပီသလှ၏။ ကွမ်းတမြုံ့မြုံ့နှင့် လူနာအား ကြည့်၏။ သွေးပေါင်ချိန်သည်။ ကိုယ်အပူချိန် တိုင်း၏။ အင်္ကျီအား လှန်၍ ကျောပြင်အနှံ့ လက်ခေါက်နှင့် ဖွဖွထု၏။ နားကြပ်နှင့် ထောက်၍ စမ်းသပ်၏။
`အဆုတ်ပွပြီး အဆုတ်ထဲ ရေ၀င်နေတယ်။ စုပ်ထုတ်လိုက်ရင် ကောင်းသွားမှာပါ´
ကွမ်းငုံထားသည့် အသံနှင့် ဆေးမှူးက ပြောသည်။ သူ့ပလိုင်းအတွင်းမှ ဆေးထိုးအပ်နှင့် `ဆလင်း´ အားထုတ်၏။ အပ်က ရှည်သည်။ တုတ်၏။ `ဆလင်း´ က ကြီး၏။ နွားများ၊ ကျွဲများအား ထိုးသည့် အပ်နှင့်ဆလင်းမျိုး…..။
`ဟန်းကော´ တွင်ထည့်ကာ `အပ်´နှင့် `ဆလင်း´ အားပြုတ်၏။ မပျက်မစီး ကျန်နေသည့် တဲငယ်၏ ၀ါးကွပ်ပျစ်ပေါ်တွင် လူနာအား လဲလျောင်းစေ၏။ အမိုးမရှိတော့သည့် တဲငယ်သည် ချက်ချင်းပင် စစ်မြေပြင် ဆေးရုံ ဖြစ်သွား၏။ လူနာအား တစောင်းလှဲစေ၏။ အင်္ကျီအား လှန်သည်။ ပြီးလျှင် …. အရက်ပျံ ဆွတ်ထားသော ဂွမ်းစနှင့် လက်ဖျံနှစ်ခုအကြား ကျောပြင်အား ပွတ်တိုက်၏။ ထိုနောက် ….. အပ်အား အဆုတ်ဆီသို့ ထိုးသွင်းသည်။ သူ့ဟန်က တည်တည်ငြိမ်ငြိမ်။ သူ့အလုပ်အပေါ် ယုံကြည်မှု အပြည့်ရှိသည့် သဏ္ဍာန်က သူ့မျက်နှာတွင် အထင်သား ……။ သူ့လက်က ဆလင်းအား စုပ်ယူလိုက်သည်။ လူနာ၏ အဆုတ်အတွင်းမှ ရေများ ဆလင်းအတွင်းသို့ ရောက်လာသည်။ ဆလင်းအတွင်း ပြည့်သွားသည်။ အပ်ကို မဖြုတ်ပဲ ဆလင်းအား အပ်မှ ချွတ်လိုက်သည်။ ပြီးလျှင် ….. အနီးရှိ ရေခွက်ထဲသို့ ထိုးထုတ်လိုက်သည်။ ဆလင်းအား အပ်တွင် ပြန်၍တပ်၏။ စုပ်ထုတ်၏။ တကြိမ်…..နှစ်ကြိမ်…..သုံးကြိမ်။
လီတာဝက်ခန့် ရေများ ထွက်လာ၏။ ဆေးမှူး၏ လှုပ်ရှား ဆောင်ရွက်နေသည်အား ကြည့်ရင်း ….. ကျနော်စိတ်၌ `နော်မန်ဘီသွန်´အား အတွေးရောက်စေ၏။
၁၉၃၉ ခုနှစ် အောက်တိုဘာလ နောက်ဆုံးအပါတ်၏ နေ့တနေ့တွင် ဒေါက်တာ နော်မန်ဘီသွန်သည် ဒဏ်ရာရ စစ်သည်တစုအား ခွဲစိတ် ကုသနေခဲ့၏။ ခွဲစိတ်ခန်းသုံး လက်အိတ်မရှိ …..။ လက်ကြီးဗလာနှင့် ခွဲနေသည်။ ခွဲစိတ်ရင်း သူ၏ လက်ဝဲဖက်လက်အား ခွဲစိတ်ဓါး ထိသွားခဲ့၏။ ပိုးသေစေရန် အိုင်အိုဒင်း ဆေးရည်ထဲသို့ သူ့လက်ကို ချက်ချင်း ထိုးနှစ်လိုက်၏။ ပြီးလျှင် …. ခွဲစိတ်မှုအား ဆက်လက် ဆောင်ရွက်သည်။ ဤသို့ ခွဲစိတ်နေစဉ် လက်ဓါးထိသည်မှာ ဒေါက်တာ နော်မန်ဘီသွန်အတွက် မဆန်း…..။ အကြိမ်ကြိမ် ရှိ၏။ ယခုလည်း အရင်ကကဲ့သို့ပင် အနာ ကျက်သွားလိမ့်မည်ဟု ဒေါက်တာဘီသွန် ယုံကြည်၏။ သို့သော် အနာက မကျက် …..။ ပြည်တည်လာ၏။ ပြည်တည်အနာကို ဖောက်ထုတ် ဆေးကြောသော်လည်း မထူးခြား….။ ပျံနှံ့၍သာ နေခဲ့၏။ လက်မောင်းတခုလုံး ဖူးယောင်ဖောင်းပွ လာခဲ့ပြီ။ သူကား သွေးအဆိပ်သင့်ခဲ့ပြီ။ သူတကိုယ်လုံး သွေးအဆိပ်သင့်မှုကား ပျံ့နှံ့လို့ နေခဲ့ပြီ။ ၁၉၃၉ခုနှစ် နိုဝင်ဘာလ ၁၂ နေ့တွင် ဒေါက်တာ နော်မန်ဘီသွန်သည် တရုတ်ပြည်၏ စစ်မြေပြင်၌ပင် ကွယ်လွန်ခဲ့သည်။
ဆေးမှူး၏ လူနာအား ပြုစုကုသမှုက ပြီးလေပြီ။ ဆေးပစ္စည်းများအား ပလိုင်းအတွင်းသို့ ပြန်ထည့်၏။ ပြီးလျှင် …. ကွမ်းပေါင်းနှင့် ထုံးဗူးအား ထုတ်၍ ယာနေ၏။
ဇန်န၀ါရီ ၁၅ ရက်၊ ၂၀၀၈ ခုနှစ်