Friday, January 25, 2008

သတင်းစာဆရာ ဦးဝင်းတင်အား ခွဲစိတ်ရက် မသိရသေး

နယူးဒေလီ။
။ ရန်ကုန်ဆေးရုံကြီးတွင် ဒုတိယအကြိမ် ခွဲစိတ်ကုသရန် ဆေးရုံတင်ထားသည့် သတင်းစာဆရာကြီး ဦးဝင်းတင်အား ခွဲစိတ်မည့်ရက် အတိအကျ မသိရသေးကြောင်း နီးစပ်သူများ အဆိုအရ သိရသည်။
ပြီးခဲ့သည့် အင်္ဂါနေ့တွင် အင်းစိန်ထောင်မှ ရန်ကုန် ဆေးရုံကြီးတွင် အူကျရောဂါဖြင့် ဆေးကုသခံနေသည့် သတင်းစာဆရာ ဦးဝင်းတင်အား လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပြီးသော်လည်း ယနေ့ညနေထိတိုင် ခွဲစိတ်မည့်ရက် ရက်ချိန်းကိုမူ အတိအကျ မသိရသေးကြောင်း ဦးဝင်းတင်၏ ကျန်းမာရေးအား အနီးကပ် စောင့်ကြည့်ပေးနေသည့် မိသားစုဝင်များက မဇ္ဈိမကို ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“လိုအပ်တဲ့ အီးစီဂျီ၊ X ray ၊ Ultra Sound တွေ အကုန်ရိုက်ပြီး စစ်တာ။ အခြေအနေ အကုန် ကောင်းပါတယ်။ ကာယကံရှင်က ခွဲစိတ်ဖို့ တောင်းဆိုတာ မဟုတ်ပါဘူး။ ထောင်ထဲမှာ ဆေးစစ်ရင်းနဲ့ နောက်တော့လည်း ခွဲစိတ်ရမှာချင်း အတူတူ၊ အခု ခွဲစိတ်လိုက်ရင် ကောင်းပါတယ် ဆိုပြီးတော့ ဆေးရုံ တင်လိုက်ရတာပါ။ ဒီညနေအထိတော့ မခွဲစိတ်ရသေးပါဘူး။ စိုးရိမ်စရာ အခြေအနေ မရှိပါဘူး” ဟု နီးစပ်သူက ပြောသည်။
ထောင်သက်တန်း ၁၈ နှစ်ကျော်ကြာ ရှိပြီဖြစ်သည့် သတင်းစာဆရာ ဦးဝင်းတင် (၇၈ နှစ်) အား အမြန်ဆုံး လွှတ်ပေးသင့်ပြီဟု မြန်မာသတင်းသမဂ္ဂ (BMA) မှ အတွင်းရေးမှူး ဦးစံမိုးဝေက မဇ္ဈိမကို ယခုလို ပြောသည်။
“လွှတ်ပေးသင့်တာကြာလှပြီ။ ထောင်သက်ကလည်း ကြာနေပြီ။ ကျနော်တို့ ဦးဝင်းတင် ကျန်းမာရေးကို တော်တော် စိုးရိမ်ပါတယ်။ နောက်ပြီး ကြားတာက အပြင်ဆေးရုံ ခေါ်လာတယ်ဆိုတော့ ဒါက ကြီးကြီးကျယ်ကျယ်ဖြစ်လို့ ထောင်ဆေးရုံ မဟုတ်ဘဲနဲ့ အပြင်ဆေးရုံမှာ ကုရတယ်ဆိုတော့ တော်တော့်ကို စိုးရိမ်တဲ့ အခြေအနေဆိုတာ ထင်ရှားပါတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ၊ အသက်အရွယ်ကြီးမှာ ခွဲစိတ် ကုသရတယ်ဆိုတာ တော်တော် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်။ ထပ်ခါထပ်ခါ ပြောရမယ်ဆိုရင် လွှတ်ပေးပါ၊ မေတ္တာ ရပ်ခံပါတယ်၊ မြန်မာသတင်းသမဂ္ဂအဖွဲ့ကနေ ပြောလိုက်ပါရစေ” ဟု သူက ပြောသည်။
၁၉၈၉ ခုနှစ်မှစတင်ကာ အကျဉ်းချခံထားရသော သတင်းစာဆရာကြီး ဦးဝင်းတင်သည် ပုဒ်မ ၂၁၆ ဖြင့် ၃ နှစ် ထောင်ဒဏ်ပေးခံရပြီး၊ ၁၉၉၁ ခုနှစ်တွင် ၅ (ည) ဖြင့် ထောင်ဒဏ် ၁၂ နှစ်နှင့် ၁၉၉၆ ခုနှစ်တွင် ထောင်ဒဏ် ၇ နှစ် ဆက်တိုက် အချခံထားရသည်။
ယခုအချိန်တွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၁၉ဝဝ ကျော်ရှိပြီး၊ ပြီးခဲ့သည့်နှစ် မတ်လကုန်ပိုင်းတွင် ရှိခဲ့သော အရေအတွက်ထက် ၇ဝဝ ကျော် တိုးလာကြောင်းနှင့် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားများ၏ ကျန်းမာရေးသည် ပိုမို ဆိုးရွားလာနေကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ယခုလို ပြောသည်။
“ထောင်ထဲမှာ လုံလောက်တဲ့ အစာအဟာရ၊ အစားသောက်တွေ သူတို့မရဘူး။ နှစ်ရှည် ကြာလာတဲ့ အခါကျတော့ ကိုယ်ခံစွမ်းအား တဖြည်းဖြည်းကျလာတယ်။ ကျလာတော့ တခြား ကူးစက်ရောဂါတွေ ဝင်လာတယ်။ တီဘီ၊ HIV တို့၊ တခြားဒေသတွေမှာ ဌက်ဖျားတွေ ရှိတယ်။ ဒီရောဂါတွေက အကျဉ်းသားတွေကို အသက်ဆုံးရှုံးစေတဲ့ အရာတွေဖြစ်တယ်” ဟု သူက ပြောသည်။
၂ဝဝ၅ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ ယခင် ကမ္ဘာ့ကြက်ခြေနီအဖွဲ့ (CRC) မှ မြန်မာနိုင်ငံတဝှမ်းရှိ အကျဉ်းဦးစီးဌာနများ၏ လိုအပ်သည့် ဆေးဝါးပံ့ပိုးမှု ၅ဝ ရာခိုင်နှုန်း ကူညီမှု ရပ်တန့်ပြီး နောက်ပိုင်းတွင် ထောင်တွင်းရှိ အကျဉ်းသားများ အခြေအနေသည် ပိုမို ဆိုးရွားလာနေကြောင်း ကိုဘိုကြည်က ယခုလို ဆက်ပြောသည်။
“CRC ဝင်လို့မရတော့လို့ ကူညီတဲ့အလုပ်၊ ထောင့်ပံ့တဲ့အလုပ် မလုပ်နိုင်တော့လို့ အကျဉ်းသားတွေအတွက် ဆေးဝါး မလုံလောက်မှု ပြဿနာ ပိုကြီးထွားလာတယ်။ ကျွမ်းကျင်တဲ့ ဆရာဝန်တွေ မရှိဘူး။ တချို့ နေရာတွေမှာဆိုရင် ဆရာဝန်တောင် မရှိဘူး။ အချိန်မီ မကုသလို့ အသက် ဆုံးရှုံးသွားတာတွေလည်း ရှိတယ်” ဟု သူက ပြောသည်။

No comments: