Wednesday, January 30, 2008

ချစ်ခင်သူများနှင့် သတင်းစာဆရာကြီး ဦးဝင်းတင်ကို တွေ့ဆုံခွင့်မပြု

နေသွင်

ချင်းမိုင်။ ။ ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးနောက် ရန်ကုန် ဆေးရုံကြီးတွင် ရှိနေသော အသက် (၇၈) နှစ်အရွယ်၊ ဟံသာဝတီ ဦးဝင်းတင်ကို သွားရောက် ကြည့်ရှုချင်သူများ ရှိနေသော်လည်း အာဏာပိုင်များက ခွင့်မပြုကြောင်း သိရသည်။
အာဏာပိုင်များသည် အိမ်ထောင်စု စာရင်းတွင်ပါသော ဦးမောင်မောင်ခင်နှင့် ဇနီးမှလွဲ၍ မိတ်ဆွေများ အားလုံးကို လူနာသတင်းမေးခွင့် ပိတ်ပင်ထားသဖြင့် သူထံသို့သာ လာရောက် သတင်းလာမေးနေကြရကြောင်း ဦးမောင်မောင်ခင်က မဇ္ဈိမသို့ ပြောသည်။
“အိမ်ထောင်စုဇယားမှာ ပါတဲ့လူတွေလောက်ပဲ တွေ့ခွင့် ရပါတယ်။ ကျန်တဲ့လူတွေ ဘယ်သူမှ မတွေ့ရပါဘူး” ဟု ယနေ့ နေလည်ပိုင်းတွင် ဦးဝင်းတင်ဆီ သွားရောက်ခဲ့သော ဦးမောင်မောင်ခင်က ပြောသည်။
လောလောဆယ်တွင် ဆေးရုံမှ ဆင်းရမည့်ရက် မသိသေးသော သတင်းစာ ဆရာကြီးသည် စိတ်ဓာတ်အရ “မယိမ်းမယိုင်” ရှိနေကြောင်းနှင့် “ငါသေမှပဲ လွတ်မှာ ဆိုရင်လည်း အရေးတော့မကြီးပါဘူး။ ဒါပေမယ့် ငါက ဒီမိုကရေစီရမှ သေမှာပါ” ဟု သူနှင့်တွေ့စဉ် ဦးဝင်းတင်က ပြောကြောင်း ဦးမောင်မောင်ခင်က ပြောသည်။
ဟံသာဝတီ သတင်းစာ အယ်ဒီတာဟောင်း ဖြစ်သော ဦးဝင်းတင်သည် ယခုလ (၂၅) ရက်နေ့က ခွဲစိတ်ကုသမှု ခံယူခဲ့သည်။ သူသည် ၁၉၈၉ ခုနှစ်ကတည်းက အင်းစိန်ထောင်တွင် အကျဉ်း ကျခံနေရသူ ဖြစ်ပြီး ဆေးရုံမှဆင်းလျှင် အင်းစိန်ထောင်တွင် ပြန်လည် အကျဉ်းချခံရမည် ဖြစ်သည်။

No comments: