Wednesday, January 23, 2008

ဆန္ဒပြ၍ တောင်ကုတ်အဖွဲ့ချုပ်ဝင် ၂ ဦး အဖမ်းခံရ

ထိန်လင်း

နယူးဒေလီ။ ။ ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ယနေ့ နေ့လည်ပိုင်းက စက်ဘီးဖြင့် လှည့်လည်ကာ ဆန္ဒပြခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် ၂ ဦးကို အာဏာပိုင်များက ဖမ်းဆီးသွားခဲ့သည်။
ယခုလ ၁၇ ရက်နေ့က မအောင်မြင်ခဲ့သည့် ဆန္ဒပြပွဲ အစီအစဉ်ကို ပြန်လည် အသက်သွင်းသည့် အနေဖြင့် ယနေ့ နေ့လည် ၁ နာရီခွဲခန့်က တောင်ကုတ်မြို့ ချောင်းကောက် ရပ်ကွက်နေ ကိုကုလားရှည်နှင့် ကိုစိုးမင်းဦးတို့သည် အာဏာပိုင်များ စောင့်ကြပ်နေသည့် ကြားမှပင် မြို့အတွင်း၌ စက်ဘီးနှင့် လှည့်လည် ဆန္ဒပြခဲ့ရာတွင် ဆန္ဒပြပြီး ၁၅ မိနစ်ခန့်အကြာတွင် ဖမ်းခံရခြင်း ဖြစ်သည်။
“သူတို့က ဖောင်တော်ဦး ဘုရားနားကနေပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ ဒီမိုကရေစီ ရရှိရေး၊ ကုန်ဈေးနှုန်း ကျဆင်းရေး ကြွေးကြော်သံတိုင်ပြီး ဦးဥတ္တမ လမ်းတလျှောက် အော်လာခဲ့ပြီး ညောင်ပင်ကြီးနား ရောက်တော့ ရဲအဖွဲ့က ဖမ်းသွားတယ်” ဟု တောင်ကုတ်မြို့ခံ တဦးက ပြောသည်။
ဆန္ဒပြသူ နှစ်ဦးသည် အသက် ၂၅ နှစ်နှင့် ၃ဝ နှစ်အကြားရှိ အဖွဲ့ချုပ် လူငယ်များ ဖြစ်ကြပြီး ယနေ့ ဆန္ဒပြပွဲ မတိုင်မီက အာဏာပိုင်များမှ မီးကင်း စောင့်ခိုင်းမှုကြောင့် အာဏာပိုင်များနှင့် အခြေအတင် စကားများခဲ့ကြသေးသည်။
လူထုဆန္ဒပြပွဲ ပြန်လည် လုပ်ဆောင်ရန် စီစဉ်သော်လည်း ပျက်ပြယ်ခဲ့သည့် ယခုလ ၁၇ ရက်နေ့မှ စတင်ကာ တောင်ကုတ်မြို့ ဖောင်တော်ဦးဘုရား ရင်ပြင်ပေါ်တွင် လုံခြုံရေးများ ထူထပ်စွာ ချထားသည့် အတွက်ကြောင့် ဘုရားဖူးလာသူများ စိတ်အနှောင့်အယှက် ဖြစ်နေကြရသည်ဟု တောင်ကုတ်မြို့ခံက ပြောသည်။
တောင်ကုတ်မြို့ အာဏာပိုင်များက နောက်ထပ် လူထုဆန္ဒပြပွဲ ထပ်မံ ဖြစ်ပွားလာမည်ကို စိုးရိမ်သောကြောင့် တောင်ကုတ် မြို့တွင်းရှိ နေရာအနှံ့၌ ကင်းပုန်းများနှင့် လုံခြုံရေးများ တိုးမြှင့် ချထားသကဲ့သို့ အန်အယ်ဒီ အဖွဲ့ဝင်များ၏ လှုပ်ရှားမှု မှန်သမျှကို စောင့်ကြည့်ခြင်းများ ပြုလုပ်နေသည်။

No comments: