Wednesday, January 23, 2008

ဒေါ်စုကို ကာကွယ်ရန် စာဖြင့် တောင်ကုတ်တွင် လှုံ့ဆော်

သန်းထိုက်ဦး
ချင်းမိုင်။ ။ “အမိမြန်မာပြည်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်စောင့်ရှောက်ကြ” ဟူသည့် စာတမ်းပါရှိသော နအဖ စစ်အစိုးရ ဆန့်ကျင်ရေး စာရွက်များသည် ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ယခုလ ၁၉ ရက်နေ့မှ စတင်ကာ ပြန့်နှံ့နေသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များက ပြောသည်။
တောင်ကုတ်မြို့အပြင် တမိုင်ခန့်အကွာရှိ ကျောက်ဖြူ ကားလမ်းမပေါ်တွင် အဆိုပါ စာရွက်များကို တွေ့ရှိသူများက မြို့ထဲတွင် ဆက်လက် ဖြန့်ဝေကြသဖြင့် ယခုလို ပြန့်နှံ့သွားခြင်း ဖြစ်သည်ဟု တောင်ကုတ် အဖွဲ့ချုပ်ဝင် ကိုမိုးနေစိုးက ပြောသည်။
“တချို့ကျလည်း ရကြတာ။ ဒါပေမဲ့ ပေါ်တင်ကြီးတော့ မပြကြဘူးပေါ့။ ကိုယ့်အချင်းချင်း တိုးတိုးတိတ်တိတ်ပေါ့။ ဒီမှာ စာစောင်တခု ဘာညာ အဲဒီလိုဆိုတာမျိုး ပြောတာတွေ ရှိတယ်ခင်ဗျ။ ပေါ်တင်ကြီးတော့ ပြတာတွေ မရှိဘူးဗျာ။ ရတဲ့လူတွေက သိမ်းထားလိုက်တယ်။ အဲဒီလို တိုးတိုးတိတ်တိတ်တော့ ဖတ်နေကြတယ် ခင်ဗျ” ဟု သူက ပြောသည်။
စာရွက်ထဲတွင် “အမိမြန်မာပြည်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ် စောင့်ရှောက်ကြ” စာတမ်းနှင့် “ကျနော်တို့ ရှိတယ် အမေ” ဟု ခေါင်းစဉ်တပ်ထားသည့် ကဗျာတပုဒ် အပါအဝင် နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဦးခေါင်းတွင် ဘီးလူးရုပ်ပုံကို တင်ထားပြီး သေနတ်နှင့် ချိန်ရွယ်ထားပုံလည်း ပါရှိသည်။
တောင်ကုတ်တွင် ပြီးခဲ့သည့် ၁၇ ရက်နေ့က ဒေသခံများနှင့် သံဃာတော်များ ပူးပေါင်းထားသည့် ဦးရေ ၂ဝဝ ခန့်သည် လက်ရှိ ကြုံတွေ့နေရသည့် စီးပွားရေး အကျပ်အတည်းကို ဖော်ထုတ်ရန်အတွက် ရည်ရွယ်သည့် ဆန္ဒပြပွဲ အစီအစဉ် ပျက်ပြားခဲ့ပြီး နောက်နှစ်ရက်အကြာမှ စတင်ကာ ယခုလို နအဖ ဆန့်ကျင်ရေး စာရွက်များ ပြန့်နှံ့နေခြင်း ဖြစ်သည်။
ဒေသ အာဏာပိုင်များသည် အဆိုပါ စာရွက်များကို ကားလမ်းမပေါ်တွင် တွေ့ရှိခဲ့ပြီး လိုက်လံရှာဖွေမှုများ ပြုလုပ်နေသလို လူစုလူဝေး နေရာများ၊ လမ်းထောင့်များ၊ လက်ဖက်ရည်ဆိုင်များနှင့် ဖောင်တော်ဦးဘုရား အနီးပတ်ဝန်းကျင်တွင် လုံခြုံရေးများကို ယခင်ကထက် ပိုမို ချထားလာသည်။

No comments: