Thursday, January 17, 2008

နအဖ ကို ပေးသည့် ဂျပန့်အကူအညီကို မြန်မာများ ကန့်ကွက်

ဖနိဒါ
ဂျပန်အစိုးရမှ မဲခေါင်မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းမှတဆင့် မြန်မာနိုင်ငံကို ကူညီ ထောက်ပံ့မှုနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအကူအညီများ ရပ်ဆိုင်းပေးရန်အတွက် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများက ယနေ့တွင် ကန့်ကွက် ဆန္ဒပြကြသည်။
မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံတို့အတွက် မဲခေါင်မြစ်ဝှမ်း ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ရောက်ရှိနေကြသော နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပြုလုပ်ရာ မြို့တော်တိုကျိုရှိ New Otani Hotel ရှေ့တွင် မြန်မာ စစ်အစိုးရကို ခေါ်ဖိတ်မှုနှင့် စီမံကိန်းများအတွက် ကူညီထောက်ပံ့ ပေးနေမှုများ ရပ်တန်းက ရပ်ရန်အတွက် မြန်မာများက ဂျပန်အစိုးရကို တောင်းဆို ဆန္ဒပြလိုက်ခြင်း ဖြစ်သည်။
ဂျပန်အခြေစိုက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (နိုင်ငံခြားရေးရာ ကော်မတီ) မှ အဖွဲ့ဝင်တဦးဖြစ်သူ ဦးဘုန်းမြင့်ထွန်းက မဲခေါင်မြစ်ဝှမ်း စီမံကိန်း ကူညီပံ့ပိုးမှုနှင့် ပတ်သက်၍ ဂျပန်အစိုးရတွင် လုံးဝ တာဝန်ရှိသည်ဟု ပြောဆိုကာ ဆန္ဒပြရသည့် ရည်ရွယ်ချက်ကိုလည်း ယခုလို ဆက်ပြောသည်။
“အဓိက မဲခေါင်မြစ်ဝှမ်းဒေသ စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ဂျပန်အစိုးရမှာ တာဝန်ရှိတယ် ဆိုတဲ့အကြောင်းရယ်၊ နောက်ပြီးတော့ အခု ကျင်းပနေတဲ့ အစည်းအဝေးဟာက မြန်မာ စစ်အစိုးရကို လူသားချင်း စာနာထောက်ထားတဲ့ အကူအညီ ဆိုပြီးတော့ အကူအညီပေးနေတဲ့ အထောက်အပံ့အားလုံး ရပ်တန့်ဖို့ အတွက်ရယ်၊ ရဟန်းပြည်သူတွေကို သတ်တဲ့ နိုင်ငံခြားရေးဝန်ကြီး အခုချိန်ကနေ ထွက်သွားဆိုတာတွေကို တောင်းဆိုခဲ့ပါတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။
ဂျပန်အစိုးရမှ အဆိုပါ စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၅၅ သန်း ထောက်ပံ့မည်ဖြစ်ပြီး၊ ထောက်ပံ့ငွေသည် ဒေသအတွင်းရှိ ထိုင်း၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့ကို ဆက်သွယ်ပေးမည့် အဝေးပြေးလမ်းမ နှစ်ခုအပြင်၊ အခြား ဒေသတွင်း ဖွံ့ဖြိုးရေး အကောင်အထည် ဖော်ရေးအတွက် သုံးစွဲသွားမည် ဖြစ်သည်။
ဂျပန်အစိုးရ၏ တရားဝင် ဖိတ်ခေါ်ချက်ဖြင့် ပြီးခဲ့သည့် အင်္ဂါနေ့မှ လာမည့် သောကြာနေ့အထိ ဂျပန်တွင် ရောက်ရှိနေမည့် နအဖ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကို မြန်မာ့ ဒီမိုကရေစီ အင်အားစုများက မနက်ဖြန်အထိ ဆက်လက်၍ ဆန့်ကျင် ဆန္ဒပြသွားမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - လွတ်မြောက်နယ်မြေ (ဂျပန်ဌာနခွဲ) ဒုဥက္ကဌ ဦးလင်းအောင်က ယခုလို ပြောသည်။
“ကမ္ဘာကသိတဲ့ မြန်မာစစ်အစိုးရ၊ ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံမှာ သံဃာတွေကိုတောင် သတ်တဲ့ လူသတ်သမား မြန်မာအစိုးရကို ဂျပန်နိုင်ငံရဲ့ လူသားချင်းစာနာတဲ့ အထောက်အပံ့တွေကို ဆက်လက်ပြီး နာမည်ပြောင်းပြီး ကူညီမယ့် ဂျပန်တွေကို ရှင်းရှင်းပြောမယ်ဆိုရင် ဒီ့ထက်ပိုပြီး၊ ဒီ့ထက်မက ပြင်းပြင်းထန်ထန် ကန့်ကွက်ဖို့ အစီအစဉ် ရှိပါတယ်။ ပါးစပ်ကလည်း ပြောမှာဖြစ်သလို အဖွဲ့အစည်းအားလုံး ပေါင်းပြီးရေးထားတဲ့ ကျနော်တို့ရဲ့ သဘောထား မူဝါဒတွေကို တရားဝင် ပေးမှာဖြစ်တယ်” ဟု သူက ပြောသည်။
ဆန္ဒပြသူများသည် ဝန်ကြီးများ ညနေစာစားသည့် နေရာနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ရုံးရှေ့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ ကျောင်းသားခေါင်းဆောင်များ၏ ဓာတ်ပုံများကို ကိုင်ဆောင်ပြီး၊ နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေးရန်အတွက် ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။
ဦးဘုန်းမြင့်ထွန်းက “လူစုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပုံ၊ နိုင်ငံရေး အကျဉ်းသား ဦးတင်ဦးနဲ့ ဦးခွန်ထွန်းဦး၊ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ပုံ၊ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျ၊ ကိုဌေးကြွယ်၊ သူတို့ရဲ့ဓာတ်ပုံတွေကို ကိုယ်စီတန်းစီကိုင်ပြီးတော့ ‘လူသတ်သမား နိုင်ငံခြားရေးဝန်ကြီး အလိုမရှိ’၊ ‘စစ်အာဏာရှင် အစိုးရ အလိုမရှိ’၊ ‘လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားများ အမြန်လွှတ်ပေး’ ဆိုပြီး ကြွေးကြော်ကြတယ်” ဟု ပြောသည်။

No comments: