Tuesday, January 15, 2008

ပဲခူးတိုင်း ဇီးကုန်းမြို့နယ်ရှိ တောင်သူလယ်သမားများကို ဆည်ခေါင်းက ငွေညှစ်

နန်းဒေဝီ
ပဲခူးတိုင်း၊ ဇီးကုန်းမြို့ အရှေ့မြောက်ဘက်ရှိ ချောင်းချောက်ကျေးရွာ အုပ်စုရှိ တောင်သူလယ်သမားများထံ ဆည်မြောင်းခေါင်းက ငွေညှစ် တောင်းခံနေသည့်အတွက် လယ်သမားများ ဒုက္ခရောက်နေသည်။
ချောင်းချောက်ကျေးရွာ အုပ်စုဝင် ဘုတလက်ကုန်းရွာတွင် နေထိုင်သူ ဆည်မြောင်းခေါင်း ဦးဟန်ထွန်း က လက်ပံပင်၊ ချောင်းချောက်၊ ဘုတလက်ကုန်းနှင့် ပေါက်တောကျေးရွာရှိ တောင်သူလယ်သမားများထံ လယ်ခွန်အဖြစ် တဧကလျှင် ကျပ်ငွေ ၂ဝဝဝ မပေးပါက စိုက်ပျိုးထားသည့် သီးနှံများ ပျက်စီးစေရန် ရေလွှတ်မည်ဟု ခြိမ်းခြောက်ပြောဆိုကာ ငွေညှစ်နေခြင်း ဖြစ်သည်။
“၁ဝ ရက်နေ့ နေ့လည် ၂ နာရီမှာ ရွာထဲဝင်ပြီးတော့ ဦးဟန်ထွန်းရယ်၊ သူ့သား ဇော်ဝင်းထွဋ်ရယ်၊ ကိုဖိုးပျော်ရယ် သုံးယောက် ပေါင်းပြီးတော့ လိုက်တောင်းတယ်တဲ့။ ရွာသားတွေက မပေးဘူးပြောတော့ နောက်တနေ့ ညနေမှာ ရေတွေ လွှတ်လိုက်တယ်။ မတ်ပဲ အခင်းတွေထဲ ရေဝင်ကုန်တယ်” ဟု လယ်သမားများကိုယ်စား ဇီးကုန်းမြို့နယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင် ဦးအေးကိုက မဇ္ဈိမကို ပြောသည်။
စိုက်ပျိုးစရိတ်အဖြစ် တဧကလျှင် ကျပ် ၃ သောင်းခွဲကျော် ကုန်ကျသည့် မတ်ပဲခင်းများအတွင်း ယခုလို ရေလွှတ်လိုက်ခြင်းဖြင့် ဧကပေါင်း ၃ဝ ကျော်အတွက် ၁ဝ သိန်း ၅ သောင်းခန့် ဆုံးရှုံးသွားနိုင်သည်။
“အစမ်းသဘော လွှတ်လိုက်တဲ့ သဘောပေါ့။ ဒါပေမယ်လို့ ဒီဟာထက် များလာရင် စိုက်ခင်းတွေ ရေလျှံပြီးတော့ မတ်ပဲခင်းတွေ ပျက်စီးနိုင်တယ်။ ဒီ့ထက်မက ဧကတွေ အများကြီး ဆက်လက် ဆုံးရှုံးနိုင်ပါတယ်” ဟု ဦးအေးကိုက ပြောသည်။
မိုးစပါး၊ နွေစပါးနှင့် မတ်ပဲများ သုံးသီးစားစိုက်ပျိုးသည့် ယခု ကျေးရွာများရှိ တောင်သူလယ်သမားများမှ ဆည်ရေလိုအပ်ချိန်တွင် ငွေညှစ်တောင်းခံခြင်းဖြင့် ရေလွှတ်ပေးခြင်း၊ ဆည်ရေ မလိုအပ်သည့် အချိန်တွင် ရေလွှတ်ခြင်းဖြင့် သီးနှံများ ပျက်စီးစေမည့်အတွက် ရေမလွှတ်စေရန် ငွေတောင်းခံခြင်းမျိုး လုပ်ဆောင်လေ့ ရှိသည်ဟု သူက ယခုလို ဆက်လက်ရှင်းပြသည်။
“ဘာဖြစ်လို့ ကောက်လဲဆိုတော့ ဆည်ကနေလာတဲ့ ရေကို သူတို့က မလိုအပ်တဲ့ နေရာတွေကို ပို့ပေးတယ်။ အဲလို ပို့ပေးမှာစိုးလို့ လယ်သမားတွေက မပို့ပေးအောင် ပိုက်ဆံပေးရတယ်။ တခါ လိုအပ်တဲ့နေရာကို မပို့ပေးဘူး၊ ပို့ပေးအောင်ဆိုပြီးတော့ ပိုက်ဆံကောက်တယ်။ ကျနော်တို့ တောရွာမှာ အဲလိုရှိတယ်” ဟု သူက ပြောသည်။
ပဲခူးတိုင်း၊ ဇီးကုန်းမြို့ရဲ့ အရှေ့မြောက်ဘက် ချောင်းချောက် အုပ်စုမှာ လက်ပံပင်၊ ချောင်းချောက်၊ ဘုတလက်ကုန်း၊ ပေါက်တောရယ်၊ ရွာလေးရွာရှိတယ်။
ဘုတလက်ကုန်း ကျေးရွာမှာဆိုရင် ကိုဟန်ထွန်းဆိုတဲ့ မြောင်းခေါင်း (မြောင်းကို ထိမ်းသိမ်းရတဲ့ ခေါင်းဆောင်) က ၁ဝ၊ ဝ၁၊ ၂ဝဝ၈ ခုနှစ် နေ့လည် ၂နာရီမှာ သူ့သား ဇော်ဝင်းထွဏ်ရယ်၊ ကိုဖိုးပျော်ရယ် သုံးယောက် ပေါင်းပြီးတော့ ရွာထဲ ဝင်လာပြီးတော့ လယ်သမားတွေကို မြေခွန် တဧကကို မြန်မာကျပ်ငွေ ၂ဝဝဝ ပေးရမယ် ဆိုပြီးတော့ တောင်းတယ်၊ လယ်သမားတွေက မပေးနိုင်ကြောင်း ပြန်ပြောတယ်၊ အဲလို ပြန်ပြောလိုက်တဲ့ အတွက်ကြောင့် နောက်တနေ့ ဖြစ်တဲ့ ၁၁၊ ဝ၁၊၂ဝဝ၈ ခုနှစ်နှစ် နေ့လည်မှာ လယ်ထဲမှာ ရေလျှံကုန်တာပေါ့၊ ရေလျှံကုန်တဲ့ အတွက်ကြောင့် မတ်ပဲစိုက်ထားတဲ့ ဧက ၃ဝ လောက်ဟာ အခု ရေတွေ စိမ့်ဝင်ကုန်ပြီးတော့ လောလောဆယ်မှာတော့ မပျက်စီးတော့ မပျက်စီးသေးဘူးပေါ့၊ ရေတင်နုံး တိုးမြင့်လာရင်တော့ ပျက်စီးမဲ့ အလားအလာ ရှိတယ်။
တဧကကို စိုက်စရိတ်က တဧက ၃ဝဝဝဝ ခွဲလောက် ရှိတယ်၊ ဧက ၃ဝ လောက် တကယ်လို့ ပျက်စီးသွားမယ်ဆိုရင် ဆုံးရှူံးသွားမယ် ဆိုပြီးတော့ လယ်သမားတွေက စိတ်အနှောက်အယှက် ဖြစ်နေကြတယ်။
သူတို့ ဘာဖြစ်လို့ကောက်လည်း ဆိုတော့ ဆယ်ကနေ လာတဲ့ရေကို သူတို့က မလိုအပ်တဲ့ နေရာတွေကို ပို့ပေးတယ်၊ အဲလို ပို့ပေးမှာစိုးလို့ လယ်သမားတွေက မပို့ပေးအောင် ပိုက်ဆံပေးရတယ်၊ တခါ လိုအပ်တဲ့ နေရာကို မပို့ပေးဘူး၊ ပို့ပေးအောင်ဆိုပြီးတော့ ပိုက်ဆံကောက်တယ်၊ ကျနော်တို့ တောရွာမှာ အဲလိုရှိတယ်။
အဲဒီ အရပ်မှာ အဲလို လုပ်နေကျ၊ အန်ကယ်တို့ကို သတင်းပို့တဲ့ ရွာတော့ သိရတယ်၊ သတင်းမပို့တဲ့ ရွာတော့ အန်ကယ်တို့ မသိရဘူး၊
ဆည်မှာ ရေတံခါးရှိတယ်၊ လိုအပ်တဲ့နေရာကို ရေလွှတ်ပေးရမယ်၊ မလိုအပ်တဲ့ နေရာကို မလွှတ်ပေးရဘူး၊ သူက မလိုအပ်တဲ့ နေရာကို ရေလွှတ်ပေးမယ်ဆိုပြီး ချိန်းချောက် ပိုက်ဆံတောင်းတယ်၊ လိုအပ်တဲ့နေရာကို ရေလွှတ်ပေးမယ်ဆိုပြီး ငွေတောင်းတယ်။
သုံးသီးစားဆိုတော့ မိုးစပါး၊ နွေစပါးရယ် မတ်ပဲရယ် ဆိုပြီးတော့ စိုက်ကြတယ်။
အစမ်းသဘော လွှတ်လိုက်တဲ့ သဘောပေါ့၊ ဒါပေမဲ့လို့ ဒီဟာထက် များလာရင် စိုက်ခင်းတွေ ရေလျှံပြီးတော့ မတ်ပဲခင်းတွေ ပျက်စီးနိုင်တယ်။ ဒီထက်ဧကတွေ အများကြီး ဆက်လက် ဆုံးရှူံးနိုင်ပါတယ်။
အထက်ကိုတိုင်ဘို့ တိုင်ပင်နေတုန်းပါဘဲ၊ မြို့ပေါ်တိုင်စာ ရောက်ရင်တော့ အရေးယူမှာမှာ ဒီအတွက် တိုင်ပင်နေကြတုန်းဘဲဗျ။
ရွာသူရွာသားတွေ အနေနဲ့ ပင်ပင်ပန်းပန်း ငွေကြေး အကုန်ခံပြီးတော့ စိုက်ပျိုးထားတာ၊ အခုလိုမျိုး ဆုံးရှုံးသွားမယ်ဆိုခဲ့ရင် အရမ်း နှစ်နာသွားမှာပေါ့။

No comments: