Friday, January 1, 2010

တောင်အာရှ အမျိုးသမီးများနေ့ အခမ်းအနားသို့ WLB တက်ရောက်

မြင့်မောင် | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၀၁ ရက် ၂၀၀၉ ခုနှစ်

နယူးဒေလီ။ ။ တောင်အာရှ အမျိုးသမီးများနေ့ အခမ်းအနားတရပ်ကို အိန္ဒိယနိုင်ငံ နယူးဒေလီရှိ ဒေလီတက္ကသိုလ်တွင် ယမန်နေ့က ကျင်းပရာ မြန်မာအမျိုးသမီးများလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။

Sangat (a network of South Asian Network of Feminists) ဦးဆောင်ကျင်းပသည့် အဆိုပါ အခမ်းအနားသို့ ထိုင်း၊ နီပေါ၊ ဘင်္ဂလားဒေ့ရှှ််၊ သီရိလင်္ကာ၊ တိဘက်နှင့်အတူ မြန်မာအမျိုးသမီး အခွင့်အရေးလှုပ်ရှားသည့် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB ကပါ တက်ရောက်၍ သွေးစည်းညီညွတ်မှု ပြသခဲ့ခြင်း ဖြစ်သည်။

ကိုယ်စားလှယ်ပေါင်း ၃ဝဝ ကျော် တက်ရောက်ခဲ့ရာ ၎င်းတို့နိုင်ငံတွင် ဖြစ်ပွားနေသော အမျိုးသမီး အခွင့်အရေး အခြေအနေများ တင်ပြဆွေးနွေးခဲ့ကြပြီး၊ ယဉ်ကျေးမှု အကများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကာ တောင်အာရှတွင် ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ ဒီမိုကရေစီရေး ထွန်းကားနိုင်ရန် ရည်ရွယ်၍ ဖယောင်းတိုင်မီးများ ထွန်းညှိခဲ့ကြသည်။

အခမ်းအနားတွင် မြန်မာတိုင်းရင်းသားဒေသများ၌ စစ်တပ်က အမျိုးသမီးများကို အဓမ္မ ပြုကျင့်ခဲ့သည့်အကြောင်း ကာယကံရှင်များ၏ ထွက်ဆိုချက်များ ပါဝင်သည့် 'အမှောင်လွမ်းသော တပ်မတော်မှ ဂုဏ်ပြုထိုက်သော တပ်မတော်သို့' အမည်ရှိ ဗီဒီယိုခွေကို WLB က ပြသခဲ့သည်။

“အဓိက စစ်ဝါဒ ကြီးစိုးနေတဲ့အတွက်ကြောင့် မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်တွေ ဖြစ်ပွားနေရတာ ဖြစ်တယ်။ စစ်အစိုးရလက်ထက်မှာ ဒီမိုကရေစီအရေး လှုပ်ရှားနေသူတွေကို ဖမ်းဆီးထောင်ဒဏ် အပြစ်ပေးတာတွေ ရှိတယ်။ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ရှိတဲ့အထဲမှာ အမျိုးသမီး ၁၀၀ ကျော် အဖမ်းခံနေရတယ်” ဟု WLB သဘာပတိအဖွဲ့ဝင် မသင်းသင်းအောင်က မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံတွင် တရားမျှတမှုများ ရရှိလာရေးအတွက် တောင်အာရှဒေသရှိ အမျိုးသမီးအားလုံး သွေးစည်းညီညွတ်ရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း WLB က အခမ်းအနားတွင် ပြောဆိုခဲ့သည်။

(မြင့်မောင် သတင်းပေးပို့သည်။)

ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေသည် CEC များဖြစ်ကြောင်း အန်အယ်ဒီ ကြေညာ

မြင့်မောင် | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၀၉ ရက် ၂၀၀၉ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ဆွေးနွေးပွဲများ ဖိတ်ကြားသည့်အခါ စစ်အစိုးရက ဗဟိုအလုပ်အမှုဆောင် ကော်မတီ CEC အဖွဲ့ဝင် နှစ်ဦးကို ထည့်သွင်းဖိတ်ကြားခြင်း မရှိသဖြင့် အဖွဲ့ဝင် ၁၁ ဦး ပါရှိသည့် CEC အမည်စာရင်းကို အန်အယ်ဒီက ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။

ထို CEC အဖွဲ့ဝင် နှစ်ဦးမှာ သတင်းစာဆရာကြီး ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့ဖြစ်ပြီး၊ ယခု CEC စာရင်းကို အန်အယ်ဒီက ရွေးကောက်ပွဲ ကော်မရှင်နှင့် နအဖ ဥက္ကဋ္ဌ ထံ ပေးပို့အသိပေးခဲ့ပြီး ဖြစ်သည်။

“နိုင်ငံခြားက ဧည့်သည်တွေ၊ နိုင်ငံတကာကလာတဲ့ ဧည့်သည်တွေ၊ UN က လာတဲ့ ဧည့်သည်တွေနဲ့ တွေ့တဲ့အခါ၊ ဗဟိုအလုပ်အမှုဆောင်တွေနဲ့ တွေ့ဖို့ဆိုပြီး ခေါ်တွေ့တဲ့အခါမှာ နာမည်စာရင်းတပ်ပြီးတော့ ဖိတ်တာတွေ ရှိတယ်။ အဲလိုလာတွေတဲ့ အခါမျိုးမှာ အခုနောက်ဆုံး လွတ်မြောက်လာတဲ့ ဆရာဦးဝင်းတင်တို့၊ ဦးခင်မောင်ဆွေတို့ ဖိတ်တဲ့ အထဲမှာ မပါဘူး” ဟု ပါတီ ပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က မဇ္ဈိမကို ပြောသည်။

ထို့အပြင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က CEC နှင့် တွေ့ဆုံခွင့်ပြုရေးအတွက် စစ်အစိုးရထံ တောင်းဆိုခဲ့ရာ သူတို့နှစ်ဦး အပါအဝင် CEC အဖွဲ့ဝင်အားလုံးနှင့် တွေ့ခွင့်ပေးရန်ဖြစ်ကြောင်း သူက ပြောသည်။

CEC အဖွဲ့ဝင် ၁၁ ဦးမှာ ဦးအောင်ရွှေ (ဥက္ကဋ္ဌ)၊ ဦးတင်ဦး (ဒုဥက္ကဋ္ဌ) ၊ ဒေါ်ဆောင်ဆန်းစုကြည် (အထွေထွေ အတွင်းရေးမှူး) ၊ ဦးလွင် (အတွင်းရေးမှူး) ၊ အဖွဲ့ဝင်များအဖြစ် ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးလွန်းတင်၊ ဦးညွှန့်ဝေနှင့် ဦးခင်မောင်ဆွေတို့ဖြစ်ကြောင်း ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့မှာ ၂ဝဝ၈ ခုနှစ် စက်တင်ဘာလအတွင်း အကျဉ်းသားပေါင်း ၉ဝဝ၂ ဦးကို စစ်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ပေးရာတွင် ပြန်လည်လွတ်မြောက်လာသူများ ဖြစ်သည်။ သတင်းစာဆရာကြီး ဦးဝင်းတင် (ဟံသာဝတီ) မှာမူ အကျဉ်းထောင်အတွင်း ထောင်ဒဏ် ၁၉ နှစ် ကျခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)

ထိုင်းဘုရင့် မွေးနေ့ပွဲတွင် သီဆိုဖျော်ဖြေမည်ဟု အဆိုတော် ဇော်ပိုင် ပြောဆို

မြင့်မောင် | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၀၃ ရက် ၂၀၀၉ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ မဲဆောက်မြို့ မြို့တော်ဝင်၏ ဖိတ်ကြားချက်အရ မြန်မာအဆိုတော် ၄ ဦးသည် ယခုလ ၅ ရက်နေ့တွင် ကျရောက်မည့် ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်၏ ၈၂ နှစ်မြောက် မွေးနေ့ပွဲတော်သို့ သွားရောက်၍ သီဆိုဖျော်ဖြေမည်ဟု အဆိုတော် ဇော်ပိုင်က ပြောသည်။

သူနှင့်အတူ ဟစ်ဟော့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ကြိုးကြာနှင့် ရေဗက္ကာဝင်းတို့က ယခုလ ၅ ရက်နှင့် ၆ ရက်နေ့တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ဘုရင်ဈေး တည်နေရာတွင် ဖျော်ဖြေသွားမည်ဟု ဆိုသည်။

“ဟုတ်ကဲ့ ကျနော်က ၆ ရက်နေ့မှာ သွားမှာပါ။ ပွဲကို စီစဉ်သူက ကိုခင်မောင်ထိုက်ပါ။ သူက ကျနော်တို့ကို တခါ ခေါ်ဖူးပါတယ်။ ကျနော်တို့ကို မြို့တော်ဝင်က ဖိတ်တော့ ဖိတ်တာပါ။ ကျနော်တို့ဆီကို မြို့တော်ဝင် တိုက်ရိုက် ဆက်သွယ်တာ မဟုတ်ပါဘူး။ ကိုခင်မောင်ထိုက်က ဆက်သွယ်တာပါ” ဟု အဆိုတော် ဇော်ပိုင်က မဇ္ဈိမကို ပြောသည်။ ကိုခင်မောင်ထိုက်သည် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူတဦးဖြစ်သည်။

ရန်ကုန်တွင် ရှိုးပွဲရှိနေသဖြင့် ပထမရက်တွင် မဲဆောက်သို့ သွားရောက်နိုင်မည် မဟုတ်ဘဲ၊ ၆ ရက်နေ့တွင် ပြုလုပ်မည့် ဒုတိယပွဲကျမှသာ သွားရောက်နိုင်မည်ဖြစ်ကြောင်းနှင့် 'မင်းအတွက်ဆိုရင်' (၁ဝ စက္ကန့်စီးရီး) နှင့် 'လမ်းဆုံ' (လမ်းဆုံစီးရီး) သီချင်းများကို သီဆိုရန် ရွေးချယ်ထားကြောင်း သူက ဆက်ပြောသည်။

မဲဆောက်မြို့ ဂီတဖျော်ဖြေပွဲကို ထိုင်းစံတော်ချိန် ည ၈ နာရီမှ ၁ဝ နာရီခွဲအထိ ကျင်းပသွားမည်ဖြစ်ပြီး၊ လက်မှတ်များလည်း ရောင်းချနေသည်။

“ဝင်ကြေးကတော့ ထိုင်ခုံနဲ့ဆိုရင် ဘတ် ၂ဝဝ ၊ ရိုးရိုးတန်း ဘတ် ၁ဝဝ ပေးရတယ်။ တရက်စာ မဟုတ်ဘဲ နှစ်ရက်အတွက် တခါထဲ ရောင်းတာ” ဟု မဲဆောက်တွင် အလုပ်လုပ်နေသူ မြန်မာတဦးက ပြောသည်။

မဲဆောက်တွင် မြန်မာနိုင်ငံမှ လာရောက်၍ အလုပ်လုပ်ကိုင်သူ ဦးရေ ၅ သိန်းကျော် ရှိပြီး အများစုမှာ အထည်စက်ရုံ၊ စားသောက်ဆိုင်နှင့် အိမ်ဖော်အလုပ်များ လုပ်ကိုင်လျက်ရှိသည်။

ထိုင်းဘုရင် မွေးနေ့ပွဲတော်ကို ယခုလ ၁ ရက်နေ့မှ ၁ဝ ရက်နေ့အထိ မဲဆောက်တွင် ကျင်းပလျက်ရှိသည်။

ဒေါ်စုအမှု အယူခံ လက်ခံရေး ဗဟိုတရားရုံးက ကြားနာမည်

မြင့်မောင် | သောကြာနေ့၊ ဒီဇင်ဘာလ ၀၄ ရက် ၂၀၀၉ ခုနှစ်

နယူးဒေလီ(မဇ္ဈိမ) ။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ချမှတ်ခဲ့သည့် အကျယ်ချုပ်ပြစ်ဒဏ်ကို ပြင်ဆင်ရန် သူမ၏ ရှေ့နေများက လျှောက်ထားသည်ကို ဗဟိုတရားရုံးက ယခုလ ၂၁ ရက်နေ့တွင် ကြားနာသွားမည်ဟု ရှေ့နေ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ယခုနှစ် သြဂုတ်လအတွင်း ခရိုင်တရားရုံးက ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လဖြင့် နေအိမ်အကျယ်ချုပ် ချမှတ်ခဲ့သည်ကို ပြင်ဆင်ပေးရန် ရှေ့နေများက ဗဟိုတရားရုံးသို့ ပြီးခဲ့သည့်လ ၁၃ ရက်နေ့တွင် လျှောက်ထားရာ အယူခံကို လက်ခံရေး၊ မလက်ခံရေးအတွက် နှစ်ဖက်လျှောက်လဲချက်ကို တရားရုံးက ကြားနာရန် ရုံးချိန်းရက်ပေးလိုက်ခြင်း ဖြစ်သည်။

''ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ကျနော်တို့က လျှောက်လဲချက် ပေးမှာပါ။ ပြန်လည် သုံးသပ်ပေးဖို့အတွက် အယူခံဝင်ရောက်ရေး လျှောက်ထားတာကို တရားရုံး ဆုံးဖြတ်ပါမယ်'' ဟု ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် မေလဆန်းတွင် အမေရိကန် နိုင်ငံသားတဦးက အင်းလျားကန်အတွင်း ၂ ကီလိုမီတာခန့် ရေကူး၍ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း ဝင်ရောက်ခဲ့သည်ကို လက်ခံခဲ့သည်ကို နေအိမ်အကျယ်ချုပ် စည်းကမ်းဖောက်ဖျက်သည်ဟုဆိုကာ အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင် တရားရုံးက သြဂုတ်လ ၁၁ ရက်နေ့တွင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

သို့သော် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သက်ညှာသောအားဖြင့်ဟုဆိုကာ ပြစ်ဒဏ်တဝက်ကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ထားရှိပြီး နေအိမ်တွင် ပြန်လည်ချုပ်နှောင်ရန် ညွှန်ကြားခဲ့သည်။

ပြစ်ဒဏ်ကို ပြင်ဆင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက တိုင်းတရားရုံးသို့ အယူခံဝင်ခဲ့သော်လည်း တိုင်းတရားရုံးက ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်တွင် ခရိုင်ဆုံးဖြတ်ချက်အတိုင်း ဆက်လက်အတည်ပြုရာမှ ဗဟိုတရားသို့ အယူခံဝင်ရောက်ရေးအတွက် ရှေ့နေများက ကြိုးပမ်းနေခြင်း ဖြစ်သည်။

ပျက်ပြယ်ပြီး ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို အခြေခံထားသည့် ၁၉၇၅ ခုနှစ် ဥပဒေအရ စီရင်ခဲ့သည်ဟုဆိုကာ တရားရုံး ဆုံးဖြတ်ချက်ကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၏ ရှေ့နေများက လက်မခံဘဲ ငြင်းပယ်ခဲ့ကြသည်။ သူတို့က လက်ရှိ စစ်အစိုးရသည် နိုင်ငံတော်အာဏာကို ၁၉၈၈ ခုနှစ်တွင် သိမ်းယူခဲ့ပြီးနောက် အဆိုပါ ၁၉၇၄ အခြေခံဥပဒေသည်ပင် ရှင်သန်ခြင်း မရှိတော့ကြောင်း ပြောဆိုခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို ပြုပြင်ပြီ

မြင့်မောင် | သောကြာနေ့၊ ဒီဇင်ဘာလ ၀၄ ရက် ၂၀၀၉ ခုနှစ်

နယူးဒေလီ(မဇ္ဈိမ) ။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို ပြန်လည်ပြုပြင်ရန် ဆောက်လုပ်ရေး လုပ်သား ၆ ဦးကို အာဏာပိုင်များက ယမန်နေ့တွင် ဝင်ခွင့်ပြုလိုက်သည်။

ကိုလိုနီခေတ်ကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကြီးရှိ ဝရံတာနှစ်ခုကို ပြုပြင်ရန် လပေါင်းများစွာ စောင့်ဆိုင်းခဲ့ရာမှ အထူးရဲ သတင်းတပ်ဖွဲ့က ခွင့်ပြုခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

''အိမ်ပြင်ခွင့်ရတာ လွန်ခဲ့တဲ့ ၂ ပတ်လောက်ကတည်းကပါ။ အလုပ်စတာကတော့ မနေ့ကမှ စတင်တာ ဖြစ်တယ်။ မနေ့က ၆ ယောက်လောက် ရှိတယ်။ လိုတာက ၁၀ ယောက်ကျော်ကျော် လိုပါလိမ့်မယ်။ နောက်ရက်တွေမှာ ရပါလိမ့်မယ်” ဟု ပါတီပြောခွင့်ရ ဦးဥာဏ်ဝင်းက ပြောသည်။

အပေါ်ထပ် အိမ်မကြီးနှင့် ဝရံတာအကြားတွင် မှန်တံခါးတချပ်သာ ကာရံထားသဖြင့် လုံခြုံရေးအရ လိုအပ်ချက်ရှိနေကြောင်း သိရသည်။

“အပေါ်ထပ် လေသာဆောင် (ဝရံတာ) ကို အဓိကထား ပြင်ပါတယ်။ အခန်းသစ် ဖွဲ့ပြင်မယ်။ ကျနော် သိတာက လေသာဆောင် ၂ ခု ရှိတယ်။ နောက် သေးသေးမွှားမွှားလေးတွေလည်း ပြင်ဖို့ ရှိပါတယ်။ လေသာဆောင်က အိမ်မကြီးဝင်တဲ့ အပေါက်က မှန်တံခါးဖြစ်တယ်။ သံပန်း တံတခါး မရှိတော့ လုံခြုံရေး စိတ်မချရဘူး။ လုံခြုံရေးကောင်းအောင် အခန်းလုပ်လိုက်မယ်။ အခန်းလုပ်ပြီး အဲဒီမှာ သံတခါးတပ်မယ်” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

''နေ့ရက်နဲ့ နှစ်ကိုတော့ ကျနော် အတိအကျ မမှတ်မိဘူး။ ဒါပေမဲ့ ၀ရံတာကတဆင့် မှန်တံခါးကို ဖျက်ပြီးတော့ အိမ်မကြီးထဲကို သူခိုးဝင်ဖို့ ကြိုးစားခဲ့တဲ့ အဖြစ်အပျက်လည်း ရှိခဲ့ဖူးတယ်'' ဟု သူက ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်သည် ၁၉၆၀ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် မြန်မာဝန်ကြီးချုပ် ဦးနုက ကိုလိုနီခေတ်တွင် တည်ဆောက်ခဲ့သည့် ယခုနေအိမ်ကို ဒေါ်ခင်ကြည်ထံ ပေးအပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သို့ ပြန်ရောက်လာသည့် ၁၉၈၈ ခုနှစ်ကတည်းက ထိုနေအိမ်၌ပင် နေထိုင်လာခဲ့သည်။

ပြီးခဲ့သည့် မေလအတွင်း အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံ ယက်တောသည် အင်းလျားကန်မှတဆင့် ယခုနေအိမ်အတွင်း ဝင်ရောက်ခဲ့သဖြင့် အကျယ်ချုပ်စည်းကမ်း ဖောက်ဖျက်သည်ဟုဆိုကာ အာဏာပိုင်များက ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ထပ်မံချထားခဲ့ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ယခုနေအိမ်၌ ၁၄ နှစ်ခန့် အကျယ်ချုပ် ချခံခဲ့ရပြီး ဖြစ်သည်။

(မြင့်မောင် သတင်းပေးပို့သည်။ မုံပီး တည်းဖြတ်သည်။)