Friday, January 1, 2010

ဒေါ်စုအမှု အယူခံ လက်ခံရေး ဗဟိုတရားရုံးက ကြားနာမည်

မြင့်မောင် | သောကြာနေ့၊ ဒီဇင်ဘာလ ၀၄ ရက် ၂၀၀၉ ခုနှစ်

နယူးဒေလီ(မဇ္ဈိမ) ။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ချမှတ်ခဲ့သည့် အကျယ်ချုပ်ပြစ်ဒဏ်ကို ပြင်ဆင်ရန် သူမ၏ ရှေ့နေများက လျှောက်ထားသည်ကို ဗဟိုတရားရုံးက ယခုလ ၂၁ ရက်နေ့တွင် ကြားနာသွားမည်ဟု ရှေ့နေ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ယခုနှစ် သြဂုတ်လအတွင်း ခရိုင်တရားရုံးက ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လဖြင့် နေအိမ်အကျယ်ချုပ် ချမှတ်ခဲ့သည်ကို ပြင်ဆင်ပေးရန် ရှေ့နေများက ဗဟိုတရားရုံးသို့ ပြီးခဲ့သည့်လ ၁၃ ရက်နေ့တွင် လျှောက်ထားရာ အယူခံကို လက်ခံရေး၊ မလက်ခံရေးအတွက် နှစ်ဖက်လျှောက်လဲချက်ကို တရားရုံးက ကြားနာရန် ရုံးချိန်းရက်ပေးလိုက်ခြင်း ဖြစ်သည်။

''ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ကျနော်တို့က လျှောက်လဲချက် ပေးမှာပါ။ ပြန်လည် သုံးသပ်ပေးဖို့အတွက် အယူခံဝင်ရောက်ရေး လျှောက်ထားတာကို တရားရုံး ဆုံးဖြတ်ပါမယ်'' ဟု ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် မေလဆန်းတွင် အမေရိကန် နိုင်ငံသားတဦးက အင်းလျားကန်အတွင်း ၂ ကီလိုမီတာခန့် ရေကူး၍ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း ဝင်ရောက်ခဲ့သည်ကို လက်ခံခဲ့သည်ကို နေအိမ်အကျယ်ချုပ် စည်းကမ်းဖောက်ဖျက်သည်ဟုဆိုကာ အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင် တရားရုံးက သြဂုတ်လ ၁၁ ရက်နေ့တွင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

သို့သော် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သက်ညှာသောအားဖြင့်ဟုဆိုကာ ပြစ်ဒဏ်တဝက်ကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ထားရှိပြီး နေအိမ်တွင် ပြန်လည်ချုပ်နှောင်ရန် ညွှန်ကြားခဲ့သည်။

ပြစ်ဒဏ်ကို ပြင်ဆင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက တိုင်းတရားရုံးသို့ အယူခံဝင်ခဲ့သော်လည်း တိုင်းတရားရုံးက ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်တွင် ခရိုင်ဆုံးဖြတ်ချက်အတိုင်း ဆက်လက်အတည်ပြုရာမှ ဗဟိုတရားသို့ အယူခံဝင်ရောက်ရေးအတွက် ရှေ့နေများက ကြိုးပမ်းနေခြင်း ဖြစ်သည်။

ပျက်ပြယ်ပြီး ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို အခြေခံထားသည့် ၁၉၇၅ ခုနှစ် ဥပဒေအရ စီရင်ခဲ့သည်ဟုဆိုကာ တရားရုံး ဆုံးဖြတ်ချက်ကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၏ ရှေ့နေများက လက်မခံဘဲ ငြင်းပယ်ခဲ့ကြသည်။ သူတို့က လက်ရှိ စစ်အစိုးရသည် နိုင်ငံတော်အာဏာကို ၁၉၈၈ ခုနှစ်တွင် သိမ်းယူခဲ့ပြီးနောက် အဆိုပါ ၁၉၇၄ အခြေခံဥပဒေသည်ပင် ရှင်သန်ခြင်း မရှိတော့ကြောင်း ပြောဆိုခဲ့ကြသည်။

No comments: