Monday, June 23, 2008

မုန်တိုင်းသင့် လယ်ယာမြေအချို့ သစ်တောကြိုးဝိုင်းထဲ ရောက်သွားမည်


မြင့်မောင်
တနင်္လာနေ့၊ ဇွန်လ 23 2008 20:08 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ကတုန်းကနီ ကျေးရွာအုပ်စုအတွင်းရှိ လယ်ယာမြေဧက နှစ်သောင်းခွဲခန့်သည် တိုးချဲ့ သစ်တောကြိုးဝိုင်းအတွင်း ဝင်ရောက်သွားတော့မည် ဖြစ်သည်။
ယခုလ ၁၅ ရက် နေ့စွဲဖြင့် ထွက်ပေါ်လာသည့် ဧရာဝတီတိုင်း သစ်တောဦးစီးဌာန လမ်းညွှန်ချက်ဖြင့် ဘိုကလေးမြို့နယ် သစ်တောဦးစီးဌာန ဦးစီးမှူး ဦးကံထွန်းက ၁၇ ရက်နေ့တွင် ထပ်ဆင့်ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြပါ စာရင်းအင်းအရ မုန်တိုင်းသင့် မြေဧက ၂ သောင်းခွဲ ကျော်သည် သစ်တောကြိုးဝိုင်းအတွင်း ဝင်ရောက်သွားမည်ဟု ဒေသခံများက ပြောဆိုခြင်း ဖြစ်သည်။
“ကြေညာတဲ့ အတိုင်းဆိုရင် မြေဧက ၂ သောင်းခွဲကျော် ထိန်းသိမ်းလာနိုင်တယ်” ဟု ဘိုကလေး မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။ သစ်တောမြေဧရိယာ ၃၃၃၄ဝ ရှိပြီး မြေဧက တိုးချဲ့လိုက်ပါက ဧကပေါင်း ၅၈၄၄၃ အထိ ရောက်ရှိလာမည်။
သစ်တောကြိုးဝိုင်းအတွင်း ပါဝင်သွားမည့် လယ်ယာများကို ပိုင်ဆိုင်သည့် လယ်သမားများ ပြောင်းရွှေ့ရမည်ကို တိုင်း သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးက ဧရာဝတီတိုင်းရှိ ပုသိမ်၊ မြောင်းမြ၊ ဘိုကလေး အစရှိသည့် မြို့များမှ ဌာနဆိုင်ရာများအပြင် ဘိုကလေးမြို့နယ် ကတုန်းကနီ ကျေးရွာအုပ်စုအတွင်းရှိ ကျင်ချောင်းနှင့် ကျွန်းသာယာကျေးရွာ ရယက ဥက္ကဋ္ဌ များထံ အမိန့်စာမိတ္တူ ပေးပို့ထားပြီး ဖြစ်သည်။
ဧရာဝတီတိုင်းရှိ မုန်တိုင်းထိ လယ်သမားများ အနေဖြင့် မကြာခင် မြေယာလက်မဲ့ဘဝ ကျရောက်မည့် အခြေအနေသို့ သက်ရောက်နေကြာင်း ဘိုကလေး မြို့ခံများက ပြောဆိုသော်လည်း လယ်သမား အရေအတွက် မည်ရွေ့မည်မျှ ပါရှိသွားမည်ကို အသေးစိတ် မသိရပေ။ဘိုကလေး ဒေသခံတဦးက “တချို့ လယ်သမားတွေက ထွန်ယက် စိုက်ပျိုးနေတာ ရှိသလို၊ တချို့ကလည်း စက်ပစ္စည်းတွေ မစုံသေးတဲ့ အတွက် ကြောင့်လည်း မလုပ်နိုင်သေးတဲ့ လူတွေလည်း ရှိသေးတယ်” ဟု ပြောသည်။
သူက ဆက်ပြီး “သစ်တော အာဏာပိုင်တွေဘက်က အတင်းအဓမ္မ လုပ်လာမယ်ဆိုရင် မူလတုန်းက ဒီမြေတွေကို ကုန်သွယ်လ ယ်ယာဆီက ဝယ်ခဲ့ဖူးတယ်ဆိုတဲ့ အထောက်အထား စာရွက်စာတမ်းတွေ၊ ဒီလယ်ယာမြေတွေဟာ အရင်ကတည်းက စာရင်းပေါက်ဖြစ်တယ်ဆိုတဲ့ အထောက်အထားတွေ၊ သစ်တောနဲ့လည်း အပြန်အလှန် သဘောတူညီမှု ရှိတယ်ဆိုတဲ့ အထောက်အထားတွေကို စုပြီးတော့ အသနားခံစာ တင်မယ်” ဟု ပြောသည်။

ဒီချုပ် အစည်းအဝေးလုပ်စဉ် အာဏာပိုင်များ အင်အားပြ စောင့်ကြည့်




ဖနိဒါ၊ မြင့်မောင်
သောကြာနေ့၊ ဇွန်လ 20 2008
ချင်းမိုင်-နယူးဒေလီ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်များ အစည်းအဝေး လုပ်နေစဉ် အနီး ပတ်ဝန်းကျင်တွင် အာဏာပိုင်များက အင်အားပြကာ အနီးကပ် စောင့်ကြည့်မှုများ ပြုလုပ်ခဲ့သည်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အတိုက်အခံ နိုင်ငံရေးပါတီ၏ လူငယ်အဖွဲ့ဝင်များ ပုံမှန် အစည်းအဝေးလုပ်ရာ စွမ်းအားရှင်၊ လုံထိန်း၊ ထောက်လှမ်းရေးများသည် အချုပ်ကားတစီးပါ အသင့် ခေါ်ဆောင်ထားကာ ယနေ့ နံနက်ကတည်းက ရောက်ရှိ စောင့်ဆိုင်းနေသည်။အဖွဲ့ချုပ် လူငယ်နှင့် သတင်း ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတဦးက “ရုံးနဲ့ မျက်စောင်းထိုးမှာရှိတဲ့ ကျောက်ဆည် ဓမ္မာရုံမှာ စွမ်းအားရှင်ကား ၈ စီး ရှိတယ်။
စွမ်းအားရှင်တွေက အဲဒီထဲမှာ ထိုင်နေကြတယ်။ ရေတာရှည် လမ်းဟောင်းရဲ့ တဘက်မှာ၊ ယုဇနစင်တာ ခြံဝန်းထဲမှာက စွမ်းအားရှင် ဒိုင်နာကား ၅ စီးနဲ့ အင်အား ၂ဝဝ လောက် ထိုင်နေတာ ရှိတယ်” ဟု ပြောသည်။
ရန်ကုန်တိုင်း မြို့နယ် ၃ဝ မှ အဖွဲ့ချုပ်လူငယ် ခေါင်းဆောင်များသည် ၆ လပတ် အစည်းအဝေး ကျင်းပကာ ပြီးခဲ့သည့်လတွင် အခြေခံဥပဒေ အတည်ပြုရေး ပြည်သူ့ဆန္ဒခံယူပွဲ အတွေ့အကြုံများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်ဟု ပါတီ ပြန်ကြားရေးဌာနက ပြောသည်။အစည်းအဝေး တက်ရောက်ခဲ့သူ အဖွဲ့ဝင် လူငယ်တဦးက “လူငယ်အကုန်လုံး တက်ရောက်တဲ့အတွက် အဲဒီ အပေါ်မှာ စိုးရိမ်စိတ်ဝင်တာ ဖြစ်နိုင်တယ်” ဟု ပြောသည်။
ထောက်လှမ်းရေးများက အစည်းအဝေး တက်ရောက်သော လူငယ်များ၏ အမည်များကို မှတ်တမ်းတင်ခြင်းများ ပြုလုပ်နေသည်ဟု ပြည်ထဲရေး သတင်းရပ်ကွက် အရလည်း သိရသည်။

Wednesday, June 18, 2008

ကွဲကွာပျောက်ဆုံး ၃၁ ဦးကို ကြက်ခြေနီက ဆုံစည်းပေး

မြင့်မောင်
မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 18 2008

နယူးဒေလီ။ ။ မုန်တိုင်းဒဏ်သင့် ကွဲကွာ ပျောက်ဆုံးနေသူ မိသားစုဝင် ၃၁ ဦးကို ရှာဖွေ ဆုံစည်း ပေးလိုက်နိုင်ခဲ့ကြောင်း မြန်မာ့ကြက်ခြေနီ အသင်း အပြောအရ သိရသည်။

မုန်တိုင်းကျပြီး ရက်သတ္တပတ် ၃ ပတ်ခန့်အကြာတွင် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) နှင့် ပူးတွဲကာ မုန်တိုင်းသင့် ဒေသများသို့ ကွင်းဆင်းပြီး စာရင်းကောက်ခံရာ ယခုအချိန်အထိ ၄ဝ၆ ဦး ရရှိခဲ့သည့်အနက် ၃၁ ဦးကို ယခုလို ရှာဖွေ ဆုံစည်းပေးနိုင်ခြင်း ဖြစ်သည်။

“ကျမတို့က မုန်တိုင်းဖြစ်တဲ့ မြို့နယ်တွေကို ကိုယ်တိုင် ကွင်းဆင်းတယ်။ အဓိက ကျမတို့ သွားတာက တကယ့်ကို မုန်းတိုင်းဒဏ်ခံရတဲ့ မြို့နယ်တွေကို သွားတယ်။ ကျမတို့ တပါထဲ ကောက်ခံခဲ့တာက ၄ဝ၆ စောင်၊ လျှောက်လွှာ (form) ရှိပါတယ်။ ကွင်းဆင်းနေတဲ့ အချိန်မှာ ၃၁ ယောက် တွေ့ပေးနိုင်ခဲ့ပါတယ်” ဟု ရန်ကုန်အခြေစိုက် မြန်မာကြက်ခြေနီ အသင်း၏ ပြောခွင့်ရ ပုဂ္ဂိုလ်တဦးက မဇ္ဈိမသို့ တယ်လီဖုန်းမှတဆင့် ပြောသည်။

ပြန်လည်ရှာဖွေ တွေ့ရှိနိုင်သူ အများစုသည် ဧရာဝတီတိုင်း လပွတ္တာနှင့် ဘိုကလေး မြို့နယ်များမှ ဖြစ်ကြသည်။ နာဂစ်ကြောင့် လူ ၇၇၇၃၈ ဦး သေဆုံးပြီး ၅၅၉၁၇ ဦး ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု စစ်အစိုးရက တရားဝင် ထုတ်ပြန်ထားသည်။ သို့သော် အမှန်တကယ်အားဖြင့် စနစ်တကျ သန်းခေါင်းစာရင်း ကောက်ယူထားမှု မရှိသောကြောင့် အမှန်တကယ် သေဆုံး ပျောက်ဆုံးသူ အရေအတွက်ကို မည်သူမျှ မသိနိုင်တော့ပါ။

ဘိုကလေးမြို့နယ် ကျေးရွာတခုမှ ဖြစ်ရပ်တခုတွင် သင်္ဘောစက်ပြင်သမား ဖြစ်သော သားဖြစ်သူသည် မုန်းတိုင်း ကျရောက်ပြီးနောက် နေရပ်သို့ ပြန်ရောက်မလာနိုင်ဘဲ ကယ်ဆယ်ရေး စခန်းတခုတွင် သောင်တင်နေစဉ် ရှာဖွေတွေ့ရှိသဖြင့် မိခင်ကြီးထံ သွားရောက် အကြောင်းကြားရာတွင် တွေ့ကြုံရသည့် မြင်ကွင်းသည် စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်သည်ဟု ကြက်ခြေနီအသင်းမှ ပုဂ္ဂိုလ်က ဆိုသည်။

သူက “ဘိုကလေး ရွာတရွာမှာ တွေ့တယ်။ ဘေးပတ်ဝန်းကျင်က ရွာသားတွေ ပြောပြတာက ရူးမတတ် ဖြစ်နေတာ။ ဒီအဖွားကြီးက သူ့သား သတင်းလည်း ရလည်းရရော ချုံးပွဲချပြီးတော့ ဝမ်းသာလွန်းလို့ ငိုတာ တွေ့ရတယ်။ အဘိုးက သားနဲ့ မြေး ပျောက်လို့ ရှာတာမျိုးတွေကို ကျမတို့ အဆက်အသွယ်လုပ်လို့ ရသွားတာတွေ ရှိတယ်။ တချို့က လပွတ္တာက ကွဲကွာသွားတဲ့ သူတွေကို မြောင်းမြမြို့နယ်မှာ ရှာဖွေ တွေ့ရှိပါတယ်” ဟု ပြောသည်။

မြန်မာ့ ကြက်ခြေနီ အသင်းသည် မုန်တိုင်းဖြစ်သည့် နေရာများသို့ သွားရောက်ကာ ကြက်ခြေနီ ရုံးခွဲများ ဖွင့်လှစ်သွားမည်ဖြစ်ကာ ပြန်လည် ထူထောင်ရေးနှင့် ရေသန့် ဖြန့်ဖြူးရေးများ လုပ်ဆောင်သွားမည် ဖြစ်သည်။ ထို့အပြင် ဆက်လက်၍လည်း ဒေသခံ ကြက်ခြေနီများနှင့် ပူးပေါင်းကာ ကျေးလက် ဒေသများအထိ သွားရောက်ကာ ကွဲကွာ ပျောက်ဆုံးနေသူများ ပြန်လည် ဆုံစည်းရေးအတွက် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

မုန်တိုင်းကြောင့် ကွဲကွာသွားသော မိသားစုများ၊ ဆွေမျိုးသားချင်းများထံ မိမိ သက်ရှိထင်ရှား ရှိနေကြောင်း ရှာဖွေပြောဆို လိုသူများနှင့် ပြည်ပတွင် ရောက်ရှိနေသူများက မုန်တိုင်းဒဏ် ခံရသော ဒေသရှိ ဆွေမျိုးသားချင်းများ အကြောင်း သိရှိလိုပါက စုံစမ်းပေးရန်အတွက် ရည်ရွယ်ကာ လျှောက်လွှာဖောင် နှစ်မျိုး ထားရှိသည်။ ရှာဖွေလိုသူများနှင့် လျှောက်ထားသူများ၏ အမည်နှင့် နေရပ်လိပ်စာများကို အပြည့်အစုံ ဖော်ပြ လျှောက်ထားနိုင်သည်ဟု ကြက်ခြေနီအသင်း၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ဒေါ်စု မွေးနေ့ပွဲ နိုင်ငံတကာရောက် မြန်မာများ ကျင်းပမည်

မြင့်မောင်
မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဇွန်လ 17 2008 19:19 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၃ နှစ်မြောက် မွေးနေ့ပွဲကို ကျင်းပသွားရန် နိုင်ငံတကာရှိ မြန်မာ အင်အားစုများက ပြင်ဆင်နေကြသည်။

စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ ဂျပန်နှင့် အိန္ဒိယနိုင်ငံရောက် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများက ကျင်းပသွားရန် အတွက် ပြင်ဆင်နေကြောင်း လက်ရှိ သတင်းရထားသည်။

စင်္ကာပူတွင် ကျင်းပမည့် အစီအစဉ်ကို မျိုးချစ် မြန်မာများအဖွဲ့မှ ကိုစိုးထွန်းက “ဘုန်းကြီးကျောင်းမှာ လာမယ့် တနင်္ဂနွေမှာ လုပ်မှာပါ။ အခမ်းအနားကို မနက် ၁ဝ နာရီမှာ စတင်လုပ်မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ မွေးနေ့ပွဲမှာ ဂုဏ်ပြုတဲ့အနေနဲ့ ကဗျာရွတ်ပွဲနဲ့ ဓာတ်ပုံပြပွဲကို စင်္ကာပူမှာ ရှိတဲ့ တိုပါးရိုး ဘုန်းကြီးကျောင်းမှာ လုပ်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

မလေးရှားနိုင်ငံ Puchong ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်) (မလေးရှားဌာနခွဲ) ရုံးတွင် ဓာတ်ပုံပြပွဲ ပြုလုပ်သွားမည်ဟု အဖွဲ့ ဥက္ကဋ္ဌ ကိုကျော်ကျော်က ပြောသည်။

ထိုင်းနိုင်ငံ မဲဆောက်တွင် ကျင်းပမည့် အစီအစဉ်များနှင့် ပတ်သက်ပြီး အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ သဘာပတိ အဖွဲ့ဝင်တဦးက “စကားဝိုင်းတွေ လုပ်ဖို့ရှိတယ်။ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကျောင်းတွေမှာ စကားဝိုင်း လုပ်တာတွေ ရှိမယ်။ မဲဆောက် ဒေသမှာရှိတဲ့ နေရာတနေရာမှာ အခမ်းအနား လုပ်မှာပါ။ ဓာတ်ပုံပြပွဲမျိုး မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှုတွေပါတဲ့ ဓာတ်ပုံတွေကို အခမ်းအနားမှာ ပြထားမယ်။ အခမ်းအနားအတွင်းမှာ ဆုတောင်းပွဲနဲ့ တပါထဲ လုပ်သွားမှာ ဖြစ်တယ်” ဟု ပြောသည်။

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ လွှတ်တော်ထဲတွင် မွေးနေ့ပွဲနှင့် မြန်မာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲများ စီစဉ်ထားသည်။

အခန်းအနား စီစဉ် ဆောင်ရွက်မည့်သူ ဒေါ်ချိုချိုအေးက “ဂျပန် အမျိုးသမီး အမတ်တွေက ကမကထပြု စီစဉ်ပေးတာပါ။ ကျမတို့က “လက်ရှိ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ အခြေအနေ” ခေါင်းစဉ်နဲ့ ဂျပန်ပါလီမန်မှာ ဟောပြောမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ပြသသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

မြန်မာ့အရေး ပူးပေါင်း ဆောင်ရွက်မှု ကော်မတီ (ဂျပန်) မှ ကိုနိုင်ကျော်ဦးက “လွှတ်တော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မတရား ဆက်ဖမ်း ထားတဲ့ အပေါ်မှာရယ်၊ လက်ရှိ နာဂစ်မုန်တိုင်း အချက်အလက်တွေရယ်ကို မြန်မာ့အရေး ကူညီပေးနေတဲ့ အမတ်တွေက စုံလင်အောင် တင်ပြ ပြီးတာနဲ့ ကျနော်တို့နဲ့ ပူးပေါင်းပြီးတော့ ချီတက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

နေ့လယ် ၂ နာရီခွဲတွင် မြန်မာ့အရေး လှုပ်ရှားသူများနှင့် ဒေသခံ ဂျပန်အဖွဲ့များ ပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် သူမ၏ ဓာတ်ပုံများ ပါရှိသည့် တီရှပ်အင်္ကျီများ ဝတ်ဆင်ကာ၊ ပိုစတာ ဓာတ်ပုံများ ကိုင်ဆောင်၍ တိုကျိုမြို့ရှိ ရှိပူးရာ Shi Puya အရပ်မှ ရွပ်ပွန်းဂီး Roppon Gi အရပ်အထိ ၁ နာရီကြာ လမ်းလျှောက် ချီတက်မည် ဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ဦးဆောင်ပြီး နယူးဒေလီ မြို့တွင်းသို့ လမ်းလျှောက် ချီတက်ပွဲတရပ် ပြုလုပ်သွားမည် ဖြစ်သလို၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ၊ အနောက်ဖက်ဒေသ) က ကြီးမှူးကာ ရှစ်လေးလုံး ဘုန်းကြီးကျောင်းတွင် ဆွမ်းကပ် တရားနာပွဲ ကျင်းပ သွားမည်ဟု သိရသည်။

ကိုရီးယားနိုင်ငံတွင်မူ ပြီးခဲ့သည့် တနင်္ဂနွေနေ့၊ ၁၅ ရက်နေ့ နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီအထိ ပွတ်ချွန်းမြို့ရှိ နိုင်ငံခြားသား အလုပ်သမား ရိပ်သာတွင် မွေးနေ့ပွဲကို ကိုရီးယား လွှတ်တော်အမတ်များ၊ ဥပဒေ ပညာရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့များ၊ မြန်မာနိုင်ငံသားများ စုစုပေါင်း အင်အား ၁၅ဝ ခန့် တက်ရောက်ကာ ကျင်းပခဲ့ပြီး ဖြစ်သည်။

“ကဗျာတွေ၊ တေးသီးချင်းတွေနဲ့ ဂုဏ်ပြုပွဲလုပ်တာပါ။ ကိုရီးယားနိုင်ငံမှာ ရောက်နေတဲ့ အာရှ နိုင်ငံလုံးဆိုင်ရာ ဖျော်ဖြေရေးပြပွဲ အတွင်းမှာရှိတဲ့ မြန်မာနိုင်ငံသား ဖျော်ဖြေရေး ပညာရှင်တွေရယ်၊ ဖိလစ်ပိုင် နိုင်ငံသား ဖျော်ဖြေရေး ပညာရှင်တွေရယ်၊ ကိုရီးယား ပညာရှင်တွေရယ် ပေါင်းပြီးတော့ မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ် လက်အောက်မှာ ကြုံတွေ့နေရတဲ့ အနက် အဓိပ္ပာယ်ကို ပေါ်လွင်တဲ့ ဖျော်ဖြေရေးတွေကို ပြသ သွားပါတယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်၊ ကိုရီးယားဌာနခွဲ) မှ ကိုရန်နိုင်ထွန်းက ပြောသည်။

Monday, June 16, 2008

ရုပ်ရှင်မင်းသားကျော်သူ ဆေးရုံတက်ကုသမှု ခံယူ

မြင့်မောင်
မဇ္ဈိမသတင်းဌာန

နယူးဒေလီ။ ။ လေဘေးကူညီရေးလုပ်ငန်း လုပ်ကိုင်နေသူ နိုင်ငံကျော် ရုပ်ရှင်မင်းသား ကျော်သူသည် ရန်ကုန်ရှိ ဆေးရုံတခု၌ ဆေးကုသ ခံယူနေရသည်။

ရန်ကုန်ရှိ နာရေးအသင်း ခေါင်းဆောင်လည်းဖြစ်သူ အသက် ၄၈ နှစ်အရွယ် ပြည်သူ့အချစ်တော် မင်းသား ကျော်သူသည် ဧရာဝတီတိုင်း ပျဉ်ခရိုင် ခရီးစဉ်အတွင်း နေထိုင်မကောင်း ဖြစ်လာသဖြင့် ယခုလ ၁၄ ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့ ပုဂ္ဂလိကဆေးရုံ ပန်းလှိုင်တွင် ဆေးကုသမှု ခံယူနေရခြင်း ဖြစ်သည်။

“စိတ်ရှုပ်ရင်၊ စိတ်ဒုက္ခဖြစ်ရင် ဖြစ်တတ်ပါတယ်။ သွေးတိုးလည်း နည်းနည်းရှိတယ်။ ဆေးလိပ်လည်း အရမ်းသောက်တဲ့အပြင် အစားအသောက် လည်း မဆင်ခြင်လို့ ကျန်းမာရေး ထိခိုက်တာ ဖြစ်တယ်” ဟု ဦးကျော်သူ၏ ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်က ပြောသည်။

ကယ်ဆယ်ရေး လုပ်ငန်းကို အတူတကွ လုပ်ကိုင်နေသူ တဦးကလည်း “ကျနော်တို့ ပျဉ်ခရိုင်ဘက် သွားရင်းနဲ့ ပုသိမ်အရောက် လမ်းခရီးမှာ ခြေတွေလက်တွေ အေးပြီးတော့၊ ချွေးတွေ ထွက်လာပြီးတော့ နေမကောင်းတာနဲ့ ဆေးရုံ ပြန်တက်တာပါ” ဟု ပြောသည်။

နောက်ထပ် နှစ်ရက်ခန့် အကြာတွင် ဆေးရုံမှ ဆင်းမည်ဖြစ်ကာ ပျဉ်ခရိုင် တီတူးကုန်းကျေးရွာတွင် သူ ဦးဆောင် ဆောက်လုပ်ပေးနေသည့် ကျောင်းသား ၆၂ဝ ဆန့် ဆောက်လက်စ အလယ်တန်းကျောင်းသို့ ထပ်မံ၍ သွားရောက်မည် ဖြစ်သည်။

သူ၏ နာရေးကူညီမှု အသင်းသားများသည် ယခုအခါ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်ရှိ အမာနှင့် ကွမ်းမူ၊ ကျိုက်ထော်အနီးရှိ မှော်တောဘက် တွင် လေဘေး ကူညီရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေသည်။

ဒီချုပ် လူငယ် ၁၇ ဦးကို အောင်သပြေတွင် ထိန်းသိမ်းထား

ဒီချုပ် လူငယ် ၁၇ ဦးကို အောင်သပြေတွင် ထိန်းသိမ်းထား
မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဇွန်လ 06 2008 20:08 - မြန်မာစံတော်ချိန်
အိန္ဒိယ။ ။ နေအိမ် အကျယ်ချုပ် ကျခံနေရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့သို့ သွားရောက်ရန် ကြိုးစား၍ အဖမ်းခံခဲ့ရသူ လူငယ် ၁၇ ဦးကို ရဲစစ်ကြောရေး စခန်းတခုတွင် ထိန်းသိမ်းထားသည်။

ဒီချုပ်ပါတီဝင် လူငယ်များသည် ပါတီ အနိုင်ရခဲ့သည့် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့တွင် ဒေါ်စု နေအိမ်သို့ ချီတက်ခဲ့ကြရာ လမ်းခုလတ်တွင်ပင် ရဲများက ဖမ်းဆီးခဲ့သည်။ ထို့နောက် သမိုင်းလမ်းဆုံအနီး အောင်သပြေ စစ်ကြောရေး စခန်းတွင် ချုပ်နှောင်ထားပြီး မိသားစုဝင်များနှင့်လည်း တွေ့ဆုံခွင့် မပြုဘဲထားသည်။

ဖမ်းဆီးထားသူများကို ရုံးတင် တရားစွဲဆိုလျှင် အဖွဲ့ချုပ် အနေဖြင့် ရှေ့နေငှားရမ်းကာ တရား ရင်ဆိုင်သွားရန် ပြင်ဆင်လျှက် ရှိသည်ဟု အတိုက်အခံ နိုင်ငံရေးပါတီ သတင်းရပ်ကွက်က ပြောသည်။

Thursday, June 12, 2008

Chaung Wa Photo from Haigyi

BubbleShare: Share photos - Powered by BubbleShare

Monday, June 2, 2008

ရဲနှင့် ဒုက္ခသည်များ အဓိကရုဏ်းဖြစ်

ဇာနည် ၊မြင့်မောင်
ချင်းမိုင်။ ။ ရဲနှင့် လေဘေး ဒုက္ခသည်များအကြား အချင်းများမှု ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည်။ တောင်ဒဂုံမြို့နယ် အမှတ် ၇၂ ရပ်ကွက်တွင် ပုဂ္ဂလိက အလှူရှင်များမှ လာရောက် လှူဒါန်းထားသော ပစ္စည်းများကို ရပ်ကွက် အာဏာပိုင်များက ထိန်းချုပ်မှု လုပ်သည်ဆိုကာ ဒုက္ခသည်များက တောင်းဆိုရာမှ နှစ်ဖက် တင်းမာလာပြီး လုံထိန်းရဲများ ရောက်ရှိလာခဲ့သည်။
“ရုတ်ရုတ်ဖြစ်တော့ ရဲကားတွေနဲ့ ရဲတွေ ရောက်လာတယ်။ ဒိုင်းတွေနဲ့ ရဲတွေ ပါလာတယ်။ ဝေခြမ်းပေးနေတဲ့ လူတွေကို ရဲတွေက လူအုပ်ထဲကနေ ဆွဲထုတ်သွားတယ်” ဟု အမည်မဖော်လိုသူ တောင်ဒဂုံနေသူ တဦးက ပြောသည်။အခင်းဖြစ်ပွားပြီးနောက် တောင်ဒဂုံ အ၀င်လမ်းများတွင် လုံခြုံရေး တပ်ဖွဲ့များက ပိတ်ဆို့ စီစစ်မှုများ လုပ်ခဲ့သော်လည်း ယနေ့ ညနေပိုင်းတွင်တော့ ပြန်လည် ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်သည်။
အလှူရှင်များက တအိမ်ထောင်လျှင် ဆန် ၆ ပြည်နှင့်အတူ ပုဆိုးတထည်၊ ပိတ်စတစ၊ စောင်တထည်စီ မျှဝေပေးရာ လူဦးရေ ၅ဝဝ ခန့်အတွက် ပေးပြီးနောက် ညနေ ၆ နာရီခန့်တွင် လှူဒါန်းမည့် ပစ္စည်းများကို ရပ်ကွက်နှင့် မြို့နယ် အာဏာပိုင်များ လက်သို့ အပ်နှံခဲ့ပြီးနောက် အာဏာပိုင်များက ရယက ရုံးတံခါးပိတ်၍ ဝေငှသည့်ကိစ္စ ရပ်ဆိုင်းလိုက်သည်ဟု ဒေသခံများက ပြောကြသည်။
“ရဝတ ရုံးကို တံခါးပိတ်လိုက်တယ်။ နောက်ထပ် အလှူပစ္စည်းတွေ မဝေတော့ဘူးလို့ ပြောတယ်။ ရှေ့မှာ တန်းစီနေတဲ့ သူတွေက ဒေါသဖြစ်တယ်။ လှူတဲ့သူတွေက လာလှူတာကို ဘာ့လို့ မပေးတာလဲလို့ ပြောတော့၊ တန်းစီနေတဲ့ မိန်းမတွေက ပြောတော့ ရာအိမ်မှူးက တယောက်ကို ၆ လုံး ပေးမယ် ယူမလားလို့ မေးတယ်” ဟု ဒေသခံ အမျိုးသမီးက ပြောသည်။
သူက ဆက်ပြီး “တန်းစီတဲ့ မိန်းမတွေက ယူမယ်လို့ ပြောတော့ အမျိုးသမီးရေးရာက မအေးမူက အိမ်ထဲကို လာလို့ပြောတော့ ပထမ ဝင်လာတဲ့ ကလေးမလေးကို ဝါးရင်းဒုတ်နဲ့ စီးရိုက်လိုက်တယ်။ ကလေးမလေး လက်ကို ရိုက်မိတဲ့အတွက် ကလေးမလေးက လက်ကျိုးသွားတယ်။ နောက်က တန်းစီနေတဲ့ လူတန်းက ဒေါသဖြစ်ပြီးတော့ ရုန်းရင်းဆန်ခတ် ဖြစ်သွားတယ်။
နောက်ကတန်းစီနေတဲ့ အမျိုးသမီးတွေက အထဲကို ဝင်ပြီးတော့ သတ်မယ် ဖြတ်မယ်တွေ ဖြစ်ကုန်တယ်” ဟု ပြောသည်။စိုးရိမ်ကြောင့်ကြမှု ရှိနေသော စစ်အစိုးရက မြို့နယ်အတွင်း ရဲများ တိုးမြှင့် ချထားလိုက်သည်။
ရဲသတင်းရပ်ကွက် အပြောအရ ယနေ့နံနက်ပိုင်း ၁၀ နာရီ ခန့်တွင် ကရင်ပြည်နယ်မှ ဒုပြည်နယ်မှူး ဦးဆောင်သည့် ရဲ စုစုပေါင်း ၁၀၀ ခန့် တောင်ဒဂုံမြို့နယ်တွင် ရောက်ရှိလာသည်။မယက ရုံး၊ မြို့နယ် ရဲစခန်းဝန်း အပါအ၀င် နေရာအနှံ့ နယ်မြေများခွဲ၍ အရပ်ဝတ်များဖြင့် ၁၀ ယောက်တတွဲ၊ ၁၂ ယောက်တတွဲ ချထားသည်။

မုန်တိုင်းအကျိုးဆက် ကုန်ဈေးနှုန်းများ ဆက်လက်တက်

မြင့်မောင်
မဇ္ဈိမသတင်းဌာန
အိန္ဒိယ ။ ။ မုန်တိုင်းအပြီး ရန်ကုန်တွင် ကုန်ဈေးနှုန်းများ ၂ ဆခန့် မြင့်တက်နေကာ ဆက်လက် မြင့်တက်ဖွယ် ရှိသည်ဟု စီးပွားရေး သမားများက ပြောဆိုသည်။မေလ ၂ ရက်နေ့ နောက်ပိုင်း ရန်ကုန်တိုင်းအတွင်း စားသောက်ကုန် ဈေးနှုန်းများသည် ယခင်ထက် ၂ ဆ တက်ပြီး ယနေ့အချိန်ထိ ပြန်လည် ကျဆင်းခြင်း မရှိသေးဘဲ ဆက်လက် မြင့်တက်ဖွယ် ရှိနေခြင်း ဖြစ်သည်။
“ဆန်ဈေးကတော့ အခုတလော အရမ်းတက်လာတယ်။ တပြည်ကို ၁၇ဝဝ ကျပ် ဖြစ်သွားတယ်။ နှစ်တင်းအိတ် ဆိုရင် ၅ သောင်း ၄ ထောင် ရှိတယ်။ အနည်းဆုံး ၅ဝဝ လောက် တက်သွားတယ်။

ရိုးရိုးပေါ်ဆန်း အရင်တုန်းက တပြည်ကို ၈ဝဝ ၊ အခုပေါက်ဈေး ၁၆ဝဝ။ ဧည့်မထက အရင်တုန်းက ၆ဝဝ၊ အခု ၉ဝဝ။ ပဲဆီက အရင်တုန်းက ၄ဝဝဝ ၊ အခု ပေါက်ဈေး ၇ဝဝဝ။ စားအုန်းဆီက တဆယ်သား ၂၅ဝ၊ အခု ၄၂ဝ ဈေး” ဟု ရွှေပြည်သာ မြို့နယ်မှ ဒေသခံ အိမ်ရှင်မက ပြောသည်။

ကြက်သွန်နီ အညံ့စားသည် ယခင်က ကျပ် ၁ဝဝ ရှိရာမှ ယခုအခါ ၂၅ဝ အထိ ရှိသည်ဟု သူက ဆက်ပြောသည်။ ကြက်သွန်ပွဲစား တဦးကလည်း “မြစ်သား၊ မြင်းခြံ၊ ပခုက္ကူ၊ ပျော်ဘွယ်၊ တောင်တွင်းကြီးမှာ ထွက်တဲ့ ကြက်သွန်တွေက ၂၅ဝ မှာ ၅ဝဝ အထိ ရှိမယ်။ ကြက်သွန် အသေးကတော့ ၂ဝဝ မှာ ၃ဝဝ အကြား ရှိပါတယ်။ ပိဿာ ၂ဝဝ ဆိုရင် ပစ္စည်းအညံ ဖြစ်တယ်။ အခွံကျွတ်များမယ်။ ပခုက္ကူထွက် အသေး ၃ဝဝ နဲ့ ၃၂၅ အကြားမှာ ရှိတယ်။

ကျန်တဲ့ဟာ အထားမခံတဲ့ ဟာမျိုးဆိုရင် လတ်တလော သုံးမယ် ဆိုတဲ့ဟာဆိုရင် ၂၅ဝ နဲ့ ၂၇၅ ၊ ကြက်သွန်ဖြူ တပိဿာ ၂ဝဝဝ ပေါက်တယ်” ဟု ပြောဆိုသည်။ဧရာဝတီနှင့် ပဲခူးတိုင်းအတွင်း မုန်တိုင်းနှင့် ရေဘေးကြောင့် ဆန်များ ပျက်စီး ဆုံးရှုံးရသဖြင့် ရန်ကုန်တိုင်းအတွင်း ဆန်တင်ပို့မှု အကြီးအကျယ် ကျဆင်းသွားသဖြင့် ဆန်ဈေးနှုန်း ဆက်လက် မြင့်တက်ဖွယ် ရှိသည်ဟု ဘုရင့်နောင် အမည်ရှိ ဆန်ပွဲရုံမှ ပွဲစားတဦးက ပြောသည်။ သူက “ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်း တင်ပို့ဆန်တွေဟာ မုန်တိုင်းကြောင့် ပျက်စီးသွားတယ်။

ဆန်တင်ပို့မှု နည်းပါးလာတဲ့အတွက် ဆန်ဈေး တက်လာနိုင်ဖွယ်ရာ ရှိတယ်” ဟု ပြောသည်။ ယခုအခါ ပုသိမ် ပေါ်ဆန်းမွှေး စူပါရှယ် (၂၄ ပြည်) တအိတ်လျှင် ကျပ် ၄၇ဝဝဝ၊ ပုသိမ်ပေါ်ဆန်း ရိုးရိုး ၄၁ဝဝဝ၊ ပုသိမ် ဒုတိယ အတန်းအစားမှ (အလတ်စား) ၃၉ဝဝဝ၊ ဆန်အညံ့ ၂၇ဝဝဝ ၊ ပဲဆီသန့်စစ်စစ် တပိဿာ ၇ဝဝဝ ၊ ပဲဆီ အလတ်စား တပိဿာ ၅၅ဝဝ ၊ စားအုန်းဆီ ၃၈ဝဝ၊ ဆားတပိဿာ ၁၂ဝဝ ရှိပြီး ယခင်ဈေးထက် နှစ်ဆနီးပါး တက်နေသည်ဟု ဆန်ပွဲရုံတခုက ပြောသည်။
ယခင်ဈေးထက် ၂ ဆခန့် အမည်မဖော်လိုသူ ငရုပ်ပွဲရုံတခုမှ စီးပွားရေး လုပ်ငန်းရှင်ကလည်း “ငရုပ်၊ ကြက်သွန်၊ ပဲအမျိုမျိုး လောလောဆယ် တက်လာဖို့ မရှိသေးပါဘူး။ အခြေအနေကိုတော့ တိတိကျကျ မပြောနိုင်ပေမယ့် အနည်းအကျဉ်း တက်လာနိုင်တယ်။

လမ်းပန်း ဆက်သွယ်ရေး အခက်အခဲ ရှိတယ်။ မိုးလည်း ကျနေတယ်။ ဒါကြောင့်ပါ” ဟု ပြောသည်။ သူက “ငရုပ်သီးတွေကတော့ မြစ်ဝကျွန်းပေါ်ဘက်က ထွက်တဲ့ ငရုပ်သီး ရှိတယ်၊ အညာက ထွက်တဲ့ ငရုပ်သီးတွေ ရှိတယ်။ ငရုပ်သီးက အစားစား ရှိတယ်။ မြစ်ဝကျွန်းပေါ် ဝါးခယ်မ၊ ရွှေလောင်း၊ အိမ်မဲတို့မှာ ထွက်တဲ့ ငရုပ်သီးခြောက် အရှည်တွေက တပိဿာ ၁၆ဝဝ နဲ့ ၁၈ဝဝ အထိ ရှိတယ်။ ပခုက္ကူ ထွက်တဲ့ ငရုပ်သီးမှာလည်း တပိဿာ ၁၈ဝဝ နဲ့ ၁၉ဝဝ ပေါက်တယ်။ ကျောက်ဆည်ဘက်က ထွက်တဲ့ မိုးထောင် တပိဿာ ၂ဝဝဝ မှာ ၂၁ဝဝ အထိရှိတယ်” ဟု ဆက်ပြောသည်။