Tuesday, July 22, 2008

ကားမှောက်၍ နော်အုန်းလှ ပြင်းထန်စွာ ဒဏ်ရာရ

မြင့်မောင်
အင်္ဂါနေ့၊ ဂျူလိုင်လ 22 2008

နယူးဒေလီ။ ။ နိုင်ငံရေးလှုပ်ရှားတက်ကြွသူ ဒေါ်နော်အုန်းလှသည် ယမန်နေ့က မှော်ဘီမြို့နယ်အတွင်းရှိ အောင်ဆန်းကျေးရွာသို့အသွား လိုက်ပါလာသည့် မော်တော် ကား တိမ်းမှောက်သဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီး တွင် အရေးပေါ် လူနာအဖြစ် ဆေးကုသခံနေရသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အင်္ဂါနေ့တိုင်း ဆုတောင်းပွဲများ ပြုလုပ်နေသည့် မှော်ဘီမြို့သူ ဒေါ်နော်အုန်းလှသည် ဒဏ်ရာပြင်းထန်စွာရကာ ဆေးရုံကြီးသို့ ယမန်နေ့ ညနေ ၄ နာရီခန့်တွင် ရောက်ရှိလာပြီး နောက် ကျား၊မ ဆောင် - ကုတင်နံပါတ် ၁ ၊ ခွဲစိတ်ကုသဆောင် ၅၊၆ တွင် အရေးပေါ် လူနာအဖြစ် ကုသခံနေရ ခြင်းဖြစ်သည်။

“သူ ရတဲ့ ဒဏ်ရာကတော့ တော်တော် ပြင်းထန်ပါတယ်။ ဦးခေါင်းမှာ ကွဲပြီးတော့ ၁၇ နှစ်ချက် ချုပ်လိုက်ရတယ်။ ဝဲဘက် ညှပ်ရိုးကျိုးသွားတယ်။ ခါးဆစ်ရိုးကလည်း ကျေသွားတယ်။ ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ သူ့ကို ကုတင်ပေါ်မှာ တွေ့ရတယ်။ သူက သတ္တိကောင်းတဲ့ အမျိုးသမီးဆိုတော့ သူ့ကို လာတွေ့တဲ့ အဖွဲ့ချုပ်ဝင်တွေကို စကား ပြောဆို နိုင်ပေမယ့် ဒဏ်ရာက အတော်ကို ပြင်းထန်တယ်” ဟု ဆေးရုံသို့ ကိုယ်တိုင်သွားရောက်ခဲ့သူ ရန်ကုန် အန်အယ်ဒီ အဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။

မွန်းလွဲ ၂ နာရီခန့်က မှော်ဘီမြို့နယ် အောင်ဆန်းကျေးရွာတွင် အင်္ဂါနေ့တိုင်း ပြုလုပ်နေကျ အတိုက်အခံခေါင်းဆောင် လွတ်မြောက်ရေးအတွက် သံဃာတော်များကို ဆွမ်းကပ်ရန်နှင့် ဝါဆိုသင်္ကန်း ကပ်လှူ ပွဲအတွက် လိုင်းနံပါတ် ၁၃၈ ၊ တိုက်ကြီး-ရန်ကုန် ကားလိုင်း (ဟိုင်းလပ်စ်ကား ပ၊၈၆၇၉) နှင့် စီးနင်း လိုက်ပါ သွားစဉ် အောင်ဆန်းရွာအနီးတွင် ကားတိမ်းမှောက်ခြင်းဖြစ်သည်။

ဒေါ်နော်အုန်းလှနှင့် ခရီးသည်တဦးသည် အရေးပေါ် လူနာအဖြစ် ကုသခံနေရသလို၊ ၅ ဦးသည် သာမန် ထိခိုက် ဒဏ်ရာများ ရရှိကာ၊ သူနာပြုဆရာမ တဦးမှာမူ အခြေအနေဆိုးရွားကြောင်း သိရသည်။

၂ဝဝ၄ ခုနှစ် ဇူလိုင်လမှ စတင်ကာ ဒေါ်နော်အုန်းလှ ဦးဆောင်သည့် ဘုရားဖူးအဖွဲ့သည် ရန်ကုန်မြို့ ရွှေတိဂုံဘုရားသို့ အပတ်စဉ် သွားရောက်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဝတ်ပြု ဆုတောင်းလေ့ရှိခဲ့သည်။

၂ဝဝ၇ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သည့် ရွှေဝါရောင်လှုပ်ရှားမှုတွင်လည်း တက်ကြွစွာ ပါဝင်ခဲ့သဖြင့် နောက်ပိုင်းတွင် မှော်ဘီမြို့ပြင်ပသို့ ခရီးမထွက်ရန် ခြေချုပ်ချထားခြင်းခံခဲ့ရသည်။ ယခင်ကတည်းက အရိုး၊ အကြောကု ဆရာများနှင့် ကုသနေခဲ့ရသူ ဒေါ်နော်အုန်းလှသည် ခြေချုပ်ကျခံရပြီးနောက် ပြသနေကျ ဆရာများထံ သွားရောက် ကုသခွင့် မရခဲ့ပေ။

ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆုတောင်းပွဲ ၄ နှစ်မြောက်ဖြစ်သဖြင့် အောင်ဆန်းကျေးရွာ ရွှေမှော် တင်စေတီအတွင်းရှိ ဘုရားကြီးကျောင်းတိုက်မှ သံဃာတော်များထံ ဆွမ်း၊ သင်္ကန်းကပ်လှူရန် သွားရောက်နေစဉ် ယခုလို ကားမှောက်ခဲ့ရခြင်းလည်းဖြစ်သည်။

သို့သော် အင်္ဂါနေ့တိုင်း ကပ်လှူသည့် အစီအစဉ်နှင့် ဝါဆိုသင်္ကန်း ကပ်လှူပွဲကို ကျန်ရှိသူများက ဆက်လက်၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ နိုင်ငံရေးရပ်တည်ချက်များ


ငြိမ်းဝေ
အင်္ဂါနေ့၊ ဂျူလိုင်လ 22 2008 17:13 - မြန်မာစံတော်ချိန်

(၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် အသက် ၈၉ နှစ်အရွယ်၌ ကွယ်လွန်အနိစ္စရောက်ခဲ့သည့်အတွက် ၄၄ နှစ်မြောက် ဆရာကြီး သခင်ကိုယ်တော်မှိုင်း အောက်မေ့ဖွယ် အခါသမယတွင် ဂုဏ်ပြုသည့်ဆောင်းပါး ဖြစ်ပါသည်။)

သခင်ကိုယ်တော်မှိုင်းဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ နိုင်ငံရေးရပ်တည်ချက်ကို လေ့လာတဲ့အခါ ဆရာကြီးသခင် ကိုယ်တော်မှိုင်း ဖြတ်သန်းလာခဲ့ရတဲ့ သမိုင်းရေးခေတ်ကာလ အမျိုးမျိုးကို အခြေခံထားပြီး လေ့လာသင့်တယ်လို့ ထင်ပါတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဖြတ်သန်းကြီးပြင်းလာခဲ့ရတဲ့ သမိုင်းရေးခေတ်ကာလတွေကို အောက်ပါအတိုင်း တွေ့နိုင်ပါတယ်။

(က) ၁၉၀၀ ပြည့်နှစ်လွန် အမျိုးသားရေးစိတ်ဓာတ် နိုးကြားစကာလ

(ခ) ၁၉၂၀ ခုနှစ် ၀န်းကျင် အမျိုးသားရေးစိတ်ဓာတ်များ အနိုးကြားဆုံးကာလ

(ဂ) ၁၉၄၀ - ပြည့်နှစ်ဝန်းကျင် လွတ်လပ်ရေးကြိုးပမ်းမှုကာလ

(ဃ) ၁၉၄၈ ခုနှစ်အလွန် လွတ်လပ်စ ငြိမ်းချမ်းရေး၊ဒီမိုကရေး ကြိုးပမ်းမှုကာလ

ကဗျာဆရာ၊ စာရေးဆရာ၊ သတင်းစာဆရာတွေဟာ သူတို့ဖြတ်သန်းရတဲ့ ခေတ်ကာလအသီးသီးနဲ့ တနည်း မဟုတ်တနည်း ပါဝင်ပါတ်သက်နေမှာပဲ ဖြစ်ပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာလည်း ကဗျာဆရာ၊ သတင်းစာဆရာ၊ စာရေးဆရာတဦးဖြစ်တာမို့ အထက်က ကျနော်တင်ပြခဲ့တဲ့ ခေတ်ကာလ ၄ ခုအတွင်း မလွဲမသွေ ပါဝင်ပတ်သက်ခဲ့ရပါတယ်။ ဒါဆိုရင် အဲဒီခေတ်ကာလ ၄ ခုအတွင်း ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဘယ်လို ရပ်တည်ခဲ့သလဲ။ ဘယ်လိုပါဝင်ပါတ်သက်ခဲ့သလဲ။

(က) ၁၉၀၀ ပြည့်နှစ်ဝန်းကျင် အမျိုးသားရေးစိတ်ဓာတ် နိုးကြားစကာလ

၁၉၀၀ ပြည့်ဝန်းကျင်ကာလဆိုတာ ကျနော်တို့နိုင်ငံ၊ အင်္ဂလိပ်နယ်ချဲ့လက်အောက် တနိုင်ငံလုံး အပြီးအပိုင် ရောက်ရှိခဲ့ရတဲ့ ၁၈၈၅ - ခုနှစ်ကစပြီးတွက်ရင် ကျွန်သက် ၁၅ နှစ်ကြာ ကာလဖြစ်ပါတယ်။ ကျွန်ဘ၀ကိုစပြီး ရောက်တဲ့အချိန်ကစလို့ မြန်မာတမျိုးသားလုံးရဲ့ ခုခံရေးစစ်ပွဲတွေကို ၁၀ နှစ်တာကာလအတွင်း အင်္ဂလိပ်နယ်ချဲ့တွေဟာ ဗိုလ်ချုပ် ၃ ဦး ကွပ်ကဲတဲ့ စစ်အင်အား ၃၅၀၀၀ ကို အသုံးပြုပြီးမှ နှိမ်နင်းခဲ့ရပါတယ်။

ကျွန်ဘ၀ကိုရောက်ရှိပြီး ၁၀ နှစ်၊ ၁၅ နှစ်အထိ ခုခံရေးတိုက်ပွဲတွေ အရှိန်မသေခဲ့ပါဘူး။ ဒီတုန်းက ဆရာကြီးရဲ့ အသက်ဟာ ၂၀ ၀န်းကျင်ဖြစ်ပါတယ်။ တမျိုးသားလုံးရဲ့ ခုခံရေးစစ်ပွဲတွေကို အင်္ဂလိပ်တွေက အဆမတန် အင်အားသုံးပြီး နှိပ်ကွပ်ပြီးတဲ့နောက် အမျိုးသားရေးစိတ်ဓာတ်တွေ အညွှန့်ချိုးခံရသလိုဖြစ်ပြီး နယ်ချဲ့ကို အထင်ကြီး၊ နယ်ချဲ့ကို ကြောက်ရွံ့၊ နယ်ချဲ့နဲ့ ပူးပေါင်းသွားကြတဲ့ အမျိုးသားရေးစိတ်ဓာတ် ဖြူဖျော့သူများ ပေါ်ပေါက်လာနေတဲ့ အချိန်ဖြစ်ပါတယ်။ ဒီလို အမျိုးသားရေးစိတ်ဓာတ် ဒီရေ ကျဆင်းနေတဲ့အချိန်မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက့ 

"သတင်းလှစွာ၊ အင်းဝတည်စဉ်အခါက

ထီမထင်သကွာ ဘာကိုမျှမစိုးတဲ့အပြင်

စည်ပင်သာယာ မြန်မာတွေလဲ မညှိုးခဲ့ပေဘု

တမ်းခိုးဂုဏ်ထောင်ရောင်ခြည်နဲ့

မှောင်မသီပြောင်ကြည်လို့ထွန်းတဲ့ပြင်

တောင်ဒီမှာ အောင်စည်ရွှမ်းခဲ့တယ်

နန်းသိုက်ကွာဝေးကာမှ၊ လွမ်းလိုက်ပါသေး ... " ဆိုတဲ့ မိဘုရားရှင်ဘို့မယ်ဘွဲ့ကဗျာကို ရေးပါတယ်။ ဒါဟာ အမျိုးသားရေး စိတ်ဓာတ်နိုးကြားဖို့အတွက် အဲဒီအချိန်က ရှေ့ဆုံးက ရပ်တည်ထားတဲ့ သူရိယသတင်းစာကြီးမှာ ရေးခဲ့တာပါ။

သခင်ကိုယ်တော်မှိုင်းဒီနေရာမှာ တဖက်က ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှါန်းနဲ့ လွတ်လပ်တဲ့လူမျိုးအဖြစ် ရပ်တည်ခဲ့တဲ့ ဒဇာတိပုညဒ ကို ဖော်ထုတ်အမွှန်းတင်သလို၊ အခြားတဖက်ကလည်း အဲဒီခေတ် အဲဒီအခါက အင်္ဂလိပ်အစိုးရက ဖိတခါ ခြောက်တလှည့်၊ မြှောက်တခါ ပင့်တလှည့် လုပ်ထားလို့ မြန်မာတချို့က နယ့်ချဲ့ကို အထင်ကြီးပြီး နယ်ချဲ့ယဉ်ကျေးမှုကို လက်ခံပြီး ကိုယ့်အမျိုးသားယဉ်ကျေးမှုကို အထင်အမြင်သေးလာကြပါတယ်။ မြန်မာနာမည် အခေါ်အဝေါ်တွေရဲ့ရှေ့က ဦးတို့၊ ကိုတို့၊ မောင်တို့ကို ဖြုတ်ပြီး မစ္စတာတွေ ရှေ့ကတပ်ပြီး မှည့်ကြ၊ ခေါ်ကြပါတယ်။ မင်းပွဲစိုးပွဲ၊ အခမ်းအနားတွေမှာ တောင်ရှည်ပုဆိုးကို ချွတ်ပြီး ဘောင်းဘီဝတ်၊ ဘွတ်ဖိနပ်စီးကြပါတယ်။ ဒီလိုအမျိုးသားယဉ်ကျေးမှု မှေးမှိန်ဖို့ ဖြစ်လာတဲ့အခါ ဆရာကြီးက ချဉ်ပေါင်ရွက်သယ် မောင်မှိုင်းဝတ္ထုထဲက အင်မတန် ကိုယ်ကျင့်တရားဖောက်ပြားတဲ့ ဇာတ်ကောင် 'မောင်မှိုင်း' ရဲ့ နာမည်ကိုယူပြီး အဲဒီမောင်မှိုင်းရဲ့ရှေ့က မစ္စတာတပ်ပြီး 'မစ္စတာမောင်မှိုင်း' ကလောင်အမည်နဲ့ 'ဗိုလ်ဋီကာ' ဆောင်းပါးတွေကို ဒလစပ် ရေးပါတော့တယ်။ ဒီအခါကျတော့မှ မစ္စတာတပ်ပြီး ရင်ကော့၊ ခြေဖျားထောက်လမ်းလျှောက်ကြတဲ့ အမျိုးသားရေး စိတ်ဓာတ်ချွတ်ခြုံကျ မြန်မာတချို့ဟာ သတိသံဝေဂနဲ့ အရှက်ရစေခဲ့ပါတယ်။

ဒီနေရာမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ဇာတိပုညကိုဖေါ်ထုတ်ပြီး၊ ဇာတိပုညမှေးမှိန်မှုကို သတိပေးပြီး အမျိုးသားရေးစိတ်ဓာတ် မြှင့်တင်ဖို့ ကြိုးစားခဲ့သလို မြန်မာတမျိုးသားလုံး ဆင်းရဲမွဲတေသထက် မွဲတေလာ ရတဲ့အဖြစ်ဟာ နယ်ချဲ့အင်္ဂလိပ်အစိုးရရဲ့ ဖိနှိပ်သွေးစုတ်မှုသာဖြစ်တယ်ဆိုတဲ့ အတွေးကို ခြေရာခံနိုင်ဖို့ အခုလို ကဗျာမျိုးကိုလည်း ရေးခဲ့ပါတယ်။

” မွဲဘို့ရာကံကြမ္မာနှင့်

ဖန်လာပုံ ကုသိုလ်ကလည်းမကောင်းချင်တော့

အထက်ဟိုအညာမှာလေ

ကြက်ဆိုတာတောင်မှ မလောင်းခဲ့ပါဘု

အညာမြေ ဌါနေဟောင်းဆီက

အကြွေး(တရာ)ကို၊ ဒွေးခါကလည်း တောင်းပြန်ပေါ့တဲ့

'အမယ်မင်း' မောင်းစရာရယ်လို့များတပ်လိုက်မှဖြင့်

ခေါင်းတခါခါနှင့်ဆပ်လှစွာသော

လှလှ စွေ့စွေ့ရယ်နှင့်၊ ၀၀ပြည့်ပြည့် နပြာတရှဉ်းကိုလ

ကျောင်းတကာကိုသာအပ်လိုက်ပေရော့

ရသရွေ့ဘာဘာညာ ညာရယ်လို့မငြင်းလေနဲ့

'မလေးရယ်' ရောင်းကာသာဆပ်လိုက်ပေတော့၊ ရွာရှေ့ယာတခင်း ဆိုပြီး ”အညာ မင်္ဂလာဆောင်ဘွဲ့ လေးချိုးကြီး” ကဗျာမှာ တစစ ဆင်းရဲမွဲတေလာနေတဲ့ မြန်မာတောင်သူလယ်သမားတွေရဲ့ဘ၀ကိုလည်း မီးမောင်း ထိုးပြခဲ့ပါတယ်။

(ခ) ၁၉၂၀ ခုနှစ်ဝန်းကျင် အမျိုးသားရေးစိတ်ဓာတ် အနိုးကြားဆုံးကာလ

၁၉၂၀ ခုနှစ်ဝန်းကျင်ဆိုတာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း အသက်အားဖြင့် အသက် ၄၀ ကျော် ကာလဖြစ်ပါတယ်။ ဒီကာလမှာ အမျိုးသားရေးလှုပ်ရှားမှုတွေဟာလည်း ပင်လယ်ရေလှိုင်းတွေလို တခုပြီးတခု မြင့်သထက် မြင့်လာနေတာတွေ့ကြရပါတယ်။ လယ်သမားဆိုရင်လည်း လယ်သမားမို့၊ အလုပ်သမားဆိုရင်လည်း အလုပ်သမားမို့၊ ကျောင်းသားဆိုရင်လည်း ကျောင်းသားအလျောက်၊ လူတန်းစား အလွှာအသီးသီးဟာ တချိန်က တသီးတကန့်စီ လှုပ်ရှားနေခဲ့ကြရာက တပ်ပေါင်းစုပုံသဏ္ဍန်အဆင့်အထိ အမျိုးသားရေးတိုက်ပွဲ ပုံသဏ္ဍန်ဟာ တိကျမှန်ကန်အားကောင်းလာခဲ့ပါတယ်။

ဒီလို အမျိုးသားရေးတိုက်ပွဲ၊ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲတွေ ထန်ပြင်းလာနေတဲ့အခါ အမျိုသားရေး တိုက်ပွဲ နည်းနာကိစ္စမှာလည်း အငြင်းပွားစရာတွေ၊ အမြင်ရှုပ်ထွေးနိုင်စရာတွေကို ကြုံကြရပါတယ်။ ဥပမာအနေနဲ့ ပြောရရင် ဟိုတချိန်တုန်းက ကိုယ့်ထီးကိုယ့်နန်းနဲ့ ဂုဏ်ရောင်ပြောင်စွာ နေလာနိုင်ခဲ့ကြတယ်ဆိုတဲ့ ခေတ်ကို ဖော်ထုတ် ပြောဆိုတဲ့အခါ အမျိုးသားလွတ်လပ်မှု၊ အမျိုးသားဂုဏ်သိက္ခာ၊ အမျိုးသားယဉ်ကျေးမှု အခိုင်အမာရှိမှုကိုပဲ မီးမောင်းထိုးသင့်ပြီး ပဒေသရာဇ်စနစ်ကို ပြန်လည်လက်ယပ်မခေါ်မိဘို့၊ နိုင်ငံရေးအမြင်ကြည်လင်ဖို့ လိုအပ်တယ် ဆိုတဲ့အချက်ကို လူအတော်များများက မသိကြပါဘူး။ နယ်ချဲ့ကိုဆန့်ကျင်တဲ့အခါ အခုလို ခေတ်မီမှန်ကန်တဲ့ ခံယူချက်မထားနိုင်ခဲ့ကြပါဘူး။ ဒီနေရာမှာတော့ ဆရာကြီးဟာ မှားယွင်းတဲ့ မျိုးချစ်စိတ်ဓာတ်နဲ့ မှန်ကန်တဲ့ မျိုးချစ်စိတ်ဓာတ်ကို ခွဲခြားနိုင်ခဲ့ပါတယ်။ အမျိုးသားရေး ကျိုးပမ်းဆောင်ရွက်သူတွေထဲမှာ အဲဒီအယူအဆနဲ့ ပတ်သက်ပြီး အငြင်းပွားလာရင် ဆရာကြီးက "မှန်ကန်တဲ့ အမျိုးသားရေးသမား" တွေဘက်က ရပ်တည်ပါတယ်။

ဒီနေရာမှာ ဟိုခေတ်ဟိုအခါအနေနဲ့ လွယ်မယောင်နဲ့ ခက်တဲ့ပြဿနာတွေကတော့ ကိုယ်ပိုင်အုပ်ချုပ်ရေး ကိစ္စတို့၊ အင်္ဂလိပ်အစိုးရလက်အောက်မှာပဲ အိန္ဒိယနဲ့ တွဲပြီးနေမလား၊ ခွဲပြီးနေမလားဆိုတဲ့ တွဲရေး၊ ခွဲရေးပြဿနာ၊ တခါ ကုလားဗမာ အဓိကရုဏ်းပြဿနာတွေဟာ အမျိုးသားရေး ကြိုးပမ်းမှု လှေကားထစ် အဆင့်တိုင်း အဆင့်တိုင်းမှာ ရင်ဆိုင်ဖြတ်သန်းကြရတဲ့ နိုင်ငံရေးအကျပ်အတည်းများ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်၊ ဒီနိုင်ငံရေး အကျပ်အတည်း၊ ဒီနည်းနာကိစ္စတွေဟာ တကယ်တော့ အဲဒီခေတ်က စာပေသမားတွေကို စိန်ခေါ်ခဲ့တဲ့ ကိစ္စတွေပဲဖြစ်ပါတယ်။ ဒီတုန်းက အဲဒီအမျိုးသားရေး ကြိုးပမ်းမှု၊ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲ လှေကားထစ်တချို့မှာ အမျိုးသားရေး ၀ါဒီဆိုတဲ့ ပုဂ္ဂိုလ်တချို့ဆိုရင် နိုင်ငံရေးအမြင် မွဲကျံတဲ့အတွက် လှေကားထစ်ဆုံးတဲ့အထိ တက်မလာနိုင်ဘဲ လမ်းခုလတ်မှာတင် ဘေးထွက်ကျန်ရစ်ခဲ့ကြရပါတယ်။

ဒီတုန်းက ဆရာကြီးက အခုလို ကဗျာမျိုးရေးပြီး သူ့ရဲ့ရပ်တည်ချက်ကို ဖော်ပြတာတွေ့ရပါတယ်။

" သို့လော သို့လော၊ သဘောနှစ်ဖြာ

မြို့ရောတောပါ မကွဲတဲ့အပြင်

ပေါင်းအသင်း တညီတညာ

ကသောင်းကနင်း ဖီလာလဲ မခွဲကြပေဘု

ဘ၀င်စောဖြူသဒ္ဓါ တမောက်မောက်ကဲချိန်မို့

ရှင်ရောလူပါ သောက် သောက်လဲပါရော ... " ဆိုတဲ့ ကဗျာမျိုးကို ရေးပါတယ်။ ဒီကဗျာဟာ ဦးဘဘေ၊ ဦးပုနဲ့ ဦးထွန်းရှိန်တို့ ဘိလပ်ကို သွားပြီး အရေးဆိုနေတဲ့အချိန်မှာ နောက်ပိုင်းက ကျန်နေရစ်ခဲ့ကြတဲ့ ဒ၀ိုင်၊ အမ်၊ ဘီ၊ အေဒ လူကြီးပိုင်းတချို့က အဲဒီ ပုဂ္ဂိုလ် ၃ ဦးကို ကန့်ကွက်ပြီး ဘုရင်ခံက ရေးဆွဲတင်ပြတဲ့ ဓမြန်မာပြည် အနာဂတ် အုပ်ချုပ်ရေးဓ ဆိုတာကိုပဲ ထောက်ခံကြောင်း ကြေညာတဲ့အခါ 'ဘေ၊ ပု၊ ရှိန်' သုံးဦးရဲ့နောက် လူထုတရပ်လုံး နှလုံးမကွဲ၊ သဘောနှစ်ခု မရှိတဲ့အကြောင်း နှိုးဆော်တဲ့ ကဗျာကို ရေးခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ အားလုံးသိရှိကြတဲ့အတိုင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားထုရဲ့ ပထမ၊ ဒုတိယ၊ သပိတ်တွေ၊ အမျိုးသားကျောင်းတွေ ပေါ်ပေါက်လာခဲ့တာတွေ၊ ဆရာတော်ဦးဥတ္တမရဲ့ နိုင်ငံရေးကြိုးပမ်းမှု၊ ဂျီ၊ စီ၊ ဘီ၊ အေ အဖွဲ့ကြီးရဲ့ အကွဲအပြဲကိစ္စ၊ ဒိနောက်ပိုင်း ဆရာစံအရေးတော်ပုံ၊ ဗိုလ်စံဖဲအရေးတော်ပုံ၊ ၉၁ - ဌာနအုပ်ချုပ်ရေးကိစ္စ၊ ကုလားဗမာအဓိကရုဏ်း၊ သခင်ဂိုဏ်းကြီးပြိုကွဲခြင်း ... အစရှိတဲ့ သမိုင်းရေးပြဿနာတွေအတွင်းမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဘယ်လိုရှုမြင်ခဲ့တယ်၊ ဘယ်လိုရပ်တည်ခဲ့တယ်ဆိုတာကို ကဗျာတပိုဒ်ချင်းစီ အနည်းငယ်မျှ ကျနော်တင်ပြချင်ပါတယ်။

" အော် ... တချို့တွေကဖြင့် အမြို့မြို့ကြွကြွပြီး

ငို့ဘ ပလီဥာဏ်ဖြင့်

ဝစီကံ အလိမ်အညာစကားတွေနှင့်

အတည်အမှန်ကိုလိမ်ကာ ထားတဲ့ပြင်

အသား ပြာတာတာနှင့်

ကုလားမြန်မာခွဲလျင်ဖြင့်

မနည်းပေါင် တကဲ့ တန်ခိုးတွေက မိုးနှင့်ကမ္ဘာတေမျှ ပေပ

ကိုးဆယ့်တဌါနကိုလ၊ မြန်မာရလျင် မရှည်ကြာဘု

တပြည်တရွာ မျက်နှာငယ်နှင့်ပြောင်းလာတဲ့

ကလီကမာ အနက်ထည်တွေဂျောင်းရမယ့်အပြင်

အပေါင်ဆုံးနယ်မြေမှာ အချောင်ဆုံးနယ်မြေကောင်းတွေတဲ့

သြော် ၀တိန်နီးအောင်ပ၊ အရှိန်ကြီးပေတဲ့ သိမ်ကြီးဈေး 'စူရတီဘဇာ' ကိုတောင်

ပုသိမ်မနီးမဝေး လူစည်ရာသို့ပြောင်း တဲ့ပြီး

အတွေးမသာယာတဲ့ ရသေ့တကာမွေ့စရာ ကောင်းပါတဲ့

သြော် ... ထမင်း၀၀ကျွေးမဲ့ဘုရင်ကိုတောင် မင်းကမွေးတဲ့ အင်းခွေးက အင်္ဂလန်မောင်းမည်သို့

ကပြောင်းကပြန် အရှုပ်ညဏ်သမားတွေရဲ့

ကြောင်းမတန် မဟုတ်မှန်စကားတွေနှင့်

မတရားတချို့ မတော်လေတယ်နော်ကွယ်

နားတဖြို့ဖြို့၊ ခါးသမို့သာပ ကြားလို့မလျော် ... "

ဒါကတော့ ၁၉၂၉ ခုနှစ်မှာဖြစ်လာတဲ့ ဟိုတုန်းက အင်္ဂလိပ်လက်အောက်ခံဖြစ်တဲ့ အိန္ဒိယနဲ့ တွဲမလား၊ ခွဲမလားဆိုတဲ့ ပြဿနာပေါ်လာတဲ့အခါ၊ ကျွန်အချင်းချင်း ကြောချင်းကပ်ပြီး အမျိုးသားရေး တိုက်ပွဲဝင်တဲ့ နည်းဟာ မှန်ကန်တယ်ဆိုတဲ့ တွဲရေးအတွက် နှိုးဆော်တဲ့အစုနဲ့၊ အိန္ဒိယနဲ့ ခွဲပြီးနေသင့်တယ်ဆိုတဲ့ အစုရယ်လို့ ၂ စု ကွဲတဲ့အခါ အင်္ဂလိပ်အစိုးရရဲ့ သွေးခွဲရေးဥာဏ်နီဥာဏ်နက်ကို အမျိုးသားရေးခေါင်းဆောင် တချို့က အမှန်အတိုင်း မမြင်နိုင်ခဲ့ကြပါဘူး။ ခွဲရေးသမား ၂၁ ဦးကတဖက်၊ တွဲရေးသမား ဦးစိုးသိမ်း၊ ဦးချစ်လှိုင်တို့ အစုကတဖက် ဖြစ်လာပါတယ်။ လူထုကလည်း ဘယ်ဘက်ကို လိုက်ရမှန်း မသိအောင် ဖြစ်ခဲ့ပါတယ်။ သတင်းစာတွေထဲမှာလည်း ခွဲရေးဘက်က ထောက်ခံတဲ့ သတင်းစာနဲ့ တွဲရေးဘက်က ထောက်ခံတဲ့ သတင်းရယ်လို့ ဖြစ်ခဲ့ပါတယ်။ ဒီတုန်းက ဆရာကြီးက တွဲရေးဘက်က ထောက်ခံပြီး ရပ်တည်ခဲ့ပါတယ်။ ကိုလိုနီဘ၀လွတ်မြောက်ဖို့ တိုက်ပွဲဝင်ရာမှာ ကိုလိုနီနိုင်ငံအချင်းချင်း ညီညွတ်လာနေတဲ့ အခြေအနေကို အင်္ဂလိပ်အစိုးရက ညီညွတ်ရေးပြိုကွဲအောင် ဖန်တီးလိုက်တဲ့ ပြဿနာဖြစ်တယ်ဆိုတာကို နားလည်ပါတယ်၊ ဆရာကြီးက နိုင်ငံရေးအမြင် မကြည်လင်နိုင်ခဲ့ကြတဲ့ ခွဲရေးသမား၂၁ ဦးနဲ့ ပတ်သက်ပြီး အခုလို ကဗျာဖွဲ့ပြီး ထိုးနှက်ရှုတ်ချလိုက်ပါတယ်။

"အစာမြင်လျင်။ ဗမာမခင်မူ၍

သာသနာပလ္လင်နှင့် ဝေးတဲ့အောင်

(အမယ်မင်း)ကျွေးမဟဲ့ အနှူးတွင်ဖြင့်

ခွေးအဖွဲ့ထူးရယ်လို့၊ နဘေးလှည့်လှည့်ပြီး

ပြေးသနဲ့၊ကျွေးမကွဲ့ မြူးတတ်တဲ့ ၀န်မင်းရယ်

ခွေးနှစ်ဆယ့်တဦး ..." ဆိုပြီးရေးခဲ့ပါတယ်။

ဆရာကြီးရေးဖွဲ့ရှုတ်ချခဲ့တဲ့ အဲဒီခွဲရေးသမား ၂၁ ဦးဟာလည်း အင်္ဂလိပ်ကပေးတဲ့ လစာ ၅၀၀၀ ကို ယူခဲ့ကြတာမို့ အမျိုးသားရေး သစ္စာဖောက်များအဖြစ်နဲ့ နာမည်ပျက်ခဲ့ကြပါတယ်။

တခါ ... ၊ တက္ကသိုလ်ကျောင်းသားများက ကျွန်ပညာရေးစနစ် တိုက်ဖျက်ရေး တိုက်ပွဲခေါ်သံကို ရန်ကုန် တက္ကသိုလ်ဝန်းထဲကနေပြီး ဟစ်ကြွေးလိုက်တဲ့ အခါမှာလည့်း့ 

"အော် ... ဝေးခရီးကပေမဲ့

အရေးကြီးလျှင်ဖြင့်၊ သွေးနီးရာပါစမြဲပေမို့

ဆရာလည်းကွာ၊ ပထမအရင် ကနဦးဆီက

မြန်မာ့တခွင်မှာ၊ သမတ ရှင်ဘုရင် မလူးခင်ပ

' ထ ' ဆင်ထူးကို တမြည်မြည်သင်ခဲ့သမို့

' ထီ ' မထင်ကျောင်းတော်သားတွေရဲ့

အမည်စဉ်မှာ ခေါင်းအပေါ်ဖျားမှာလ

မင်းရို့ဆရာကို စာရင်းတို့ကာ ထားလိုက်ကြပေတော့" လို့၊ ရဲတင်းသံ အကျယ်လောင်ဆုံးနဲ့ ပြန်ထူးခဲ့ပါတယ်။

တခါ ... လယ်သမားသူပုန်ကြီး ဂဠုန်ဆရာစံရဲ့ ပုန်ကန်မှုကြီး ပေါ်ပေါက်လာတဲ့ အခါကျပြန်တော့လည်း ဓရဂုံစံ ချစ်စရာ တပည့်တို့မှာဖြင့်၊ ဥုံအရဟံ သစ္စာဂတိတွေနှင့်၊ ဂဠုန်သရဏံ ဂစ္ဆာမိကြပေတော့ ..." ဆိုပြီး အတိအလင်း ထောက်ခံအားပေးခဲ့ပါတယ်။

ဒီလိုကျောင်းသားထုတိုက်ပွဲ၊ လယ်သမားထုတိုက်ပွဲတွေဟာ ရန်၊ငါ စည်းခြားဖို့ လွယ်ကူတဲ့ပြဿနာ ဖြစ်ပါတယ်။ ဒီနေရာမှာ ရန်၊ငါ ခွဲခြားဖို့ခက်တဲ့ နိုင်ငံရေးပြဿနာတွေ ဖြစ်ပွားလာတဲ့ အခါမျိုးမှာ တနည်းအားဖြင့် နိုင်ငံရေး နည်းနာအရ အမှန်အမှား ခွဲခြားဖို့ရန် ခက်ခဲတဲ့ ပြဿနာမျိုးတွေမှာ ဆရာကြီးရဲ့ ရပ်တည်ချက်တွေဟာ ဘယ်တော့မှ မမှားခဲ့တာ၊ မတွေဝေခဲ့တာ၊ မှုန်ဝါးခဲ့တာရယ်လို့ မရှိခဲ့တဲ့ အချက်ဖြစ်ပါတယ်။ ဥပမာ တခုပြောရရင် ' ကုလားဗမာ အဓိကရုဏ်း' ပြဿနာမျိုး ဖြစ်ပါတယ်။ ကုလားတွေဟာ မြန်မာတမျိုးသားလုံးရဲ့ ရန်သူလား။ ရန်သူအစစ်ဟာ ဘယ်သူလဲ။ ဒီလိုခွဲခြားစမ်းစစ်တဲ့အခါ ကုလားလူမျိုးတွေဟာ မြန်မာတွေရဲ့ ရန်သူမဟုတ်ဘူး၊ အင်္ဂလိပ်နယ်ချဲ့ အစိုးရသည်သာ ရန်သူအစစ်ဖြစ်တယ်။ ကုလားဗမာ အဓိကရုဏ်းတွေ ဖြစ်လာရတာကိုက နယ်ချဲ့အစိုးရရဲ့ သွေးခွဲအုပ်ချုပ်မှု စနစ်ကြောင့်သာဖြစ်တယ် ကုလားလည်းကျွန်၊ ဗမာလည်းကျွန်ပဲ ကျွန်အချင်းချင်း လက်တွဲပြီး ဘုံရန်သူ အင်္ဂလိပ်နယ်ချဲ့ အစိုးရကိုသာ ဦးတည်တိုက်ကြရမှာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းမြင်ပါတယ်။ ဒီတုန်းက အဲဒီခေတ်၊ အဲဒီနိုင်ငံရေး ရေချိန်အရ ပြောရရင် အခုလို အမှန်အတိုင်းမြင်ဖို့ရာ ခက်ခဲလှတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဒေါင်ဒေါင်မြည်ပါတယ်ဆိုတဲ့ အမျိုးသားရေးဝါဒီတချို့ဆိုရင် ကုလားဆန့်ကျင်ရေး တရားတောင် ဟောခဲ့ကြသေးတယ်။ ဒီလိုအင်မတန် သိမ်မွေ့မြင့်မားလှတဲ့ နိုင်ငံရေးပြဿနာမျိုးမှာတောင်မှ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက " သြော် ... အခွန်တိုး စာရင်းတွေနှင့်၊ ၀န်ထမ်းပိုးမကင်းနိုင်တဲ့၊ အလွန်ဆိုးခြင်း ပမာမှာလေ၊ ကျွန်မျိုးချင်းစာနာလို့မှ မနှိုင်းကြရော့သလား၊ နထိုင်းနပျက်၊ နနက်-နပြာတွေကိုနော်ကွယ်၊ အရိုင်းသက်သက်၊ တလိုင်း နှက်သလိုမို့၊ အို (အုန်းခင်)ရဲ့၊ ကသိုဏ်းဓမ္မစက်၊ စစ်ကိုင်းဘက်ဆီက၊ မှိုင်းရှက်သကွာဓ ဆိုပြီး ကုလားဗမာအဓိကရုဏ်းကို ဆန့်ကျင်ရှုတ်ချပြီး ကုလားလည်းကျွန်၊ ဗမာလည်းကျွန၊် ကျွန်အချင်းချင်း ညီညွတ်ဖို့ကိုပဲ တိုက်တွန်းခဲ့ ရပ်တည်ခဲ့ပါတယ်။

(ဂ) ၁၉၄၀ ခုနှစ်လွန်ဝန်းကျင် လွတ်လပ်ရေဿးကြိုးပမ်းမှုများကာလ

ဒီကာလအတွင်းမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ စိတ်နှလုံးကို အဆွဲဆောင်နိုင်ဆုံးအဖြစ်အပျက် ၂ ခုရှိပါတယ်။ တခုက ဖဆပလအဖွဲ့ချုပ်ကြီးက ခေါင်းဆောင်ပြီး အထွေထွေသပိတ်ကြီးဆင်နွှဲလာတဲ့ အဖြစ်အပျက်နဲ့ နောက် တခုက အမျိုးသားခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ကြရတဲ့ အဖြစ်အပျက် ဖြစ်ပါတယ်။

အထွေထွေသပိတ်ကြီး ပေါ်ပေါက်လာတဲ့အခါ ဟိုအရင် ဗဟန်းကောလိပ် သပိတ်တိုက်ပွဲတွေကို ပြန်လည် အောင့်မေ့ပြီး စိတ်အားတက်ကြွစေတဲ့ 'လွတ်လပ်ရေးအတိတ် သပိတ်ဘွဲ့ မဟာကဗျာ လေးချိုးကြီး' ထဲမှာ ဆရာကြီး က အခုလို ထည့်သွင်းရေးစပ်ပါတယ်။

" မြန်မာတခွင်၊ သပိတ်အမှောက်ပေါချိန်မို့၊ ဆရာသခင် အရိပ်နမိတ် တဆိတ်ဟောလိုက်မကွဲ့၊ မြှောက်သနဲ့ ခြောက်သနဲ့၊ ရာဇာဂုဏ်းကို မြောက်တဲ့ ကြောက်တဲ့ အာရုံမခေါ်ကြလေနဲ့၊ (အမယ်မင်း) အဟောဒိဋ္ဌ လောဂျိတ်ပြသလိုပ၊ စောစိတ်က အောင်ပစေ အောင်ပစေ ညွှန်းညွှန်းပြီးတော့ (သြော်) တောသပိတ် ဒကာမတွေနဲ့၊ ရောကြိတ်လိုက် ရောကြိတ်လိုက်ဟလို့၊ သြဒိဿ အောင်သပြေ ညောင်ရေသွန်း ..." ဆိုပြီး ရေးပါတယ်။

ဒီနေရာမှာ ကြားညှပ်ပြီး ပြောစရာရှိတာက အထွေထွေသပိတ်ကြီးကို ကြောက်ပြီး ဘုရင်ခံ ဒဆာဒေါ်မန်စမစ်ဒ က ၀မ်းကိုက်လို့ဆိုတဲ့ အကြောင်းပြပြီး အင်္ဂလန်ကို ပြန်ပြေးတဲ့အခါ ဆရာကြီးက အင်္ဂလန်သို့ ဘုရင်ခံပြန်ပို့တဲ့ မေတ္တာစာလေးချိုးကို ရေးပါတယ်။ ဒီကဗျာထဲမှာ ဆရာကြီးက လူမျိုးခြားအစိုးရပဲဖြစ်ဖြစ်၊ ကိုယ့်လူမျိုးအချင်းချင်း အစိုးရပဲဖြစ်ဖြစ်၊ ဘယ်အစိုးရမဆို မတရား ဖိနှိပ်သွေးစုပ်အုပ်ချုပ်ရင် လူထုက ဆန့်ကျင်ကြမှာသာဖြစ်ကြောင်း ရေးပါတယ်။ ဒီအချက်ဟာ ဆရာကြီးတို့ခေတ်၊ ဆရာကြီးတို့ ဖြတ်သန်းနေကြရတဲ့ ကာလမှာ ဆရာကြီးရဲ့ နိုင်ငံရေးရပ်တည်ချက် ဘယ်လောက်အထိ မြင့်မားကြည်လင်တယ်ဆိုတဲ့ အချက်ကို အဖြေထုတ်ပေးတဲ့ ကဗျာပိုဒ် ဖြစ်လာခဲ့ပါတယ်။ ဆရာကြီးက အခုလိုဖွဲ့ပါတယ်။

" မြန်ပေါ်ဇမ္ဗူ လူတမျိုးဟာက

လူမျိုးခြား အရှင်သခင်မဆိုထားနှင့်တော့၊

ကိုယ့်အမျိုးသား ဘုရင်ကိုတောင် မမှီခိုသာမှဖြင့်

မကြည်ညို မသဒ္ဒါ ရက်ရက်စက်စက် ဆဲတဲ့ပြီး

သည်လိုအခါမှာ အသက်နဲ့လဲမဟဲ့လို့

ဝက်ဝက်ကွဲအောင် ဆူကြပူကြတဲ့အပြင်

လူအ လူန တက်တက်ရိုးတွေမို့

(အမယ်မင်း)အိုးတိုး အတနဲ့

အမျိုးမျိုး ဂွကျ ဂွကျပြီး

နသိုးထပိုး ကသကဲ့သို့ ရိုးရိုးရွရွ မရွှင်မပြုံးမှု၍

(သြော်)တန်ခိုးတပြပြ သူခိုးဓားပြကဲ့သို့သော

အစိုးတရ ရှင်ဘုရင်ကိုတောင် မမြင်ချင်အောင်မုန်းဓ

ဆရာကြီးရဲ့ စိတ်နှလုံးကို ထိခိုက်စေတဲ့ နောက်ထပ်အဖြစ်အပျက်တခုကတော့၊ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ အများသိကြတဲ့အတိုင်း ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံကြရတဲ့ ကိစ္စဖြစ်ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်တဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရတဲ့အခါ ဆရာကြီးက ကဗျာတပုဒ်ရေးပြီး ကြေကွဲခဲ့ပါတယ်။ ဒီကဗျာတပုဒ်ဟာဖြင့် ဆရာကြီးဘယ်လောက်အထိ စိတ်ထိခိုက် ကြေကွဲခဲ့ရတယ်ဆိုတာ အလွန် ပေါ်လွင်စေတဲ့ ကဗျာပါ။

" သြော် ... အဆောင်ဆောင်နန်းတွေ ကြငှါန်းတွေနှင့်နှော

အခေါင်မမြန်းခင်က အောင်စာတမ်းချို့စေဘို့

အောင်ပန်းညှို့ရရှာတဲ့၊ တောင်တမန်းတို့ ဗမာမှာ အဟောင်းသံသရာ အငုတ်တွေနှင့်

အောင်ဆန်းတို့ မသာမယာဟာ ၎င်းကံကြမ္မာအလုပ်ပေထင့်

သောင်းမြန် မရဏာစမုတ်မှာတော့ ချုပ်သနဲ့ ယင်းအလိုတွင်

ဒေါင်းလံ ပုဝါအုပ်ပါလို့ ကျုပ်ဖြင့် သဂြိုလ်ချင် ..." ဆိုပြီး ရေးပါတယ်။

(ဃ) ၁၉၄၈ ခုနှစ်လွန် လွတ်လပ်စ၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး ကြိုးပမ်းမှုကာလ

၁၉၄၈ ခုနှစ် လွတ်လပ်ပြီးနောက်၊ ၁၉၅၀ ခုနှစ်တ၀ိုက်မှာ အမျိုးသားသွေးကွဲမှုကြီး ဖြစ်လာခဲ့ပါတယ်။ အမျိုးသား စည်းလုံးရေးပြိုကွဲမှုကို ကိုင်တွယ်ဖြေရှင်းကြတဲ့အခါ တိုင်းရင်းညီအကိုအချင်းချင်း၊ ကိုယ့်လူမျိုးအချင်းချင်း၊ သွေးစွန်းတဲ့အထိ သွေးကွဲလာခဲ့ပါတယ်။ ဒီလို အမျိုးသား ညီညွတ်ရေးပြိုကွဲပြီး သွေးစွန်းတဲ့အထိ ပဋိပက္ခှတွေ ဖြစ်လာတဲ့အခါ ဆရာကြီးက ဒီပြဿနာတွေကို နိုင်ငံရေးနည်း၊ တနည်းအားဖြင့် အကြမ်းမဖက်တဲ့ နည်းနဲ့သာ ဖြေရှင်းဖို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း အာဏာရအစိုးရ တာဝန်ရှိသူတွေဟာ ဆရာကြီးရဲ့စကားကို လျစ်လျှူရှုခဲ့ကြပါတယ်။ အပြုတ်တိုက်ရေးလမ်းစဉ်ဟာ မှားပြီး အကြမ်းမဖက် ဆွေးနွေးညှိနိုင်းရေး လမ်းစဉ်က မှန်တယ်လို့ ယူဆပါတယ်။ ဆရာကြီးရဲ့ သင်ပုန်းချေတဲ့ နည်းနဲ့ ငြိမ်းချမ်းရေးရအောင် လုပ်ဖို့ဆိုတာ အစိုးရကိုယ်တိုင်က မကျင့်သုံးနိုင်တော့ ပြည်တွင်းစစ်မီးဟာ တဟုန်းဟုန်း ထတောက်ပါတော့တယ်။ ဒါကြောင့်မို့ ဆရာကြီးက နိုင်ငံတော် အေးချမ်းသာယာရေး အဖွဲ့ကြီးကို ဖွဲ့ပြီး ရန်ကုန်မြို့လုံးကျွတ် ငြိမ်းချမ်းရေး လူထုဆန္ဒပြပွဲကြီး လုပ်ပါတယ်။ လူထုပရိသတ် ၂၀၀၀ ကျော် ပါဝင်ပြီး၊ သံဃာထု ၃၀၀၀ ပါဝင်တဲ့ သံဃာထုအစည်းအဝေးကြီး ဖြစ်အောင်လုပ်ပြီး ငြိမ်းချမ်းရေး ပန်ကြားလွှာတွေ ထုတ်ပါတယ်။ ဒီကိစ္စကို ထိရောက်အောင် ဆောင်ရွက်ဖို့ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ တွေ့ခွင့်ရဖို့ ကြိုးစားပေမယ့် ၀န်ကြီးချုပ်ဦးနုက အတွေ့မခံခဲ့ပါဘူး။ ဒီတုန်းက ဆရာကြီးရဲ့ " သူမသာ ကိုမနာ နည်းနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ကြပါ၊ တွေ့ဆုံဆွေးနွေးကြပါဆိုတဲ့ သြ၀ါဒ" ဟာ တမျိုးသားလုံးရဲ့ နှလုံးသားမှာ စွဲမက်သွားစေခဲ့ပါတယ်။

ဒါပေမဲ့လည်း တတိုင်းပြည်လုံး ပြည်တွင်းစစ်မီး တားမရ ဆီးမရ၊ ငြှိမ်းမရ သတ်မရ ဖြစ်လာတဲ့အခါ ဆရာကြီးခမျာ သောကဖိစီးပြီး အခုလို ကဗျာမျိုးကို ဖွဲ့ပါတယ်။

" ဒဂုံမြို့က အလွန်အကျွံ ချီးကြတဲ့

ချွန်လည်း ချွန်သတည်းဆိုတဲ့ ထိုတကဲ့ဝန်ကြီးခမျာတွေကို

အလွန်လည်း ဆရာသနားမိတဲ့အပြင်

အများတပည့် ကိုယ့်အမျိုးဘာသာတွေမှာ ခိုကိုးရာမဲ့ချိန်မို့

တလှဲ့တဖုံမျိုးသာပ ဘိုးဘိုးခေါ်ဒဆရာအောင်ဒနှင့်

မြန်မာဘောင် ကနက်ဘမရာသနဆီသို့

လာမယောင် ' စင်္ကြာ ' တမိပါတော့

လောကတခွင်မှာနော်ကွယ်

ဟောမရ ပြောမရတွေကြောင့် သောက ပူပင်" ဆိုပြီး ပူဆွေးမြည်တမ်းခဲ့ပါတယ်။

အဲဒီ လွတ်လပ်စခေတ်ဦးမှာပဲ အာဏာရအစိုးရက ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ' အလင်္ကာ ကျော်စွာဘွဲ့' အပ်နှင်းပါတယ်။ နိုင်ငံတော် အထောက်အပံ့ဆိုတာမျိုးတွေ ပေးပါတယ်။ ဒီအခါကျတော့ လူတချို့က ဆရာကြီးကို အစိုးရက ချီးမြှောက်သလိုလိုနဲ့ စည်းရုံးသိမ်းသွင်းတာ ခံနေရပြီလို့ ဝေဖန်ကြပါတယ်။ ဆရာကြီးကတော့ ဟောသလိုကဗျာမျိုး ရေးပြီး သူ့ရပ်တည်ချက်က ဘယ်လိုဆိုတာ နိုင်ငံသိအောင် ကြေညာလိုက်ပါတယ်။

" သြော် ...နှီသည့် အတွက်ကယ်ကြောင့်

ဆီထည့်သည့် ခွက်လိုပေါ့

ပီတိပွက်ပွက်ပြီဲး ပြည်ကြီးဘက်မှာ အတော်ပေါတဲ့ပြင်

ဘော်ကြော့ဘက်မှာ တသက်လည်း ချစ်မကွာ ချစ်မကွာနဲ့ မေတ္တာရောက်လေတော့

တချက်တည်း ပစ်ပစ်ခါခါ သစ္စာဖောက်မယ်လို့

သခင် - အထင်မရောက်ကြလေနဲ့

မကြောက်မညှာာ မှန်ရာလုပ်သူမို့

အနုတ်စုတ် ဂုတ်စုတ်၊ အမြှောက်စိန် ဖေါက်ချိန်လို့ ခွဲသလိုပေါ့

တသုပ်နောက်တကြိမ် ပေါက်ဆိန်ပွဲမှာလဲ

သြော် - အသင်းတို့ အပင်းတို့ သတင်းတို့နဲ့ အဆက်မကွာအောင်ဟာ

မင်းတို့ဘက်မှာသာ ကြဲမဲ့ နွှဲမဲ့ပြင် ..."

ဒါကတော့ ဆရာကြီးက သူဟာ လူထုဖက်သာရပ်မယ့်လူဖြစ်တယ်လို့ အတိအလင်းကြေညာတဲ့ ကဗျာပါပဲ။

၁၉၅၂ ခုနှစ်အလွန်မှာ ကိုရီးယားစစ်ပွဲဟာ၊ ကမ္ဘာငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာပါတယ်။ ပြည်တွင်း စစ်မီးက မငြိမ်းသတ်နိုင်တဲ့ကြားက ကမ္ဘာ့စစ်မီး ထတောက်တော့မယ့် အန္တရာယ်ကိုလည်း မြင်ရတော့ ဆရာကြီးအဖို့ အင်မတန် သောကရောက်ခဲ့ရပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေး၊ မြန်မာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေကို အသက် ၇၀ ကျော်ကာမှ လူငယ်တွေနဲ့ ရင်ဘောင်တန်းပြီး အလုပ်လုပ်ရရှာပါတယ်။

၁၉၅၂ ခု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံပေါင်း ၃၇ နိုင်ငံ ကိုယ်စားလှယ်များနဲ့အတူ ကမ္ဘာ့ငြိမ်းချမ်းရေး ညီလာခံကြီးကို ဆရာကြီး တက်ရောက်ပြီး ကမ္ဘာ့စစ်မီး ထတောက်မယ့်အရေးကို ၀ိုင်းဝန်းဖြေရှင်းကြဖို့ ကြိုးပမ်းခဲ့ပါတယ်။ ၁၉၅၃ ခုနှစ်၊ ဟန်ဂေရီနိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ညီလာခံကြီးကိုလည်း တက်ရောက်ခဲ့ပါတယ်။

ဒီနေရာမှာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆရာကြီးထားရှိတဲ့၊ ဆရာကြီးလက်ကိုင်ထားတဲ့ ငြိမ်းချမ်းရေး နည်းနာဆိုတာ၊ မူအားဖြင့် လူထုနည်းနဲ့ ဖြေရှင်းဆောင်ရွက်တဲ့ နည်းဖြစ်ပါတယ်။ လူထုညီညွတ်ရင် စစ်မီးတွေကို နိုင်အောင်ငြှိမ်းနိုင်တယ်လို့ ယုံကြည်ပါတယ်။ စစ်မီးတွေ၊ ပြည်တွင်းစစ်မီးတွေကို မွှေးတဲ့ တရားခံဟာ၊ နယ်ချဲ့သမားတွေနဲ့ ဖောက်ပြန်မှားယွင်းတဲ့ အစိုးရတွေသာဖြစ်တယ်ဆိုတဲ့ စစ်ကိုဖန်တီးတဲ့ စစ်ရဲ့တရားခံကိုလည်း ရှင်းရှင်းပြတ်ပြတ်ပဲ မြင်ပါတယ်။ တခါ စစ်မီးတွေကို အပြီးအပြတ် ငြှိမ်းသတ်နိုင်တဲ့နည်းဟာ အပြုတ်တိုက်ရေးနည်း မဟုတ်ဘဲ တွေ့ဆုံဆွေးနွေး ညှိနှိုင်းတဲ့နည်းသာ မှန်တယ်ဆိုတဲ့ နည်းကို ဆရာကြီးက ယုံကြည်ပါတယ်။

တခါ ...၊ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းတဲ့အခါ လူတန်းစားအမြင် ကြည်လင်ဖို့လည်း လိုအပ်ပါတယ်။ ဆရာကြီးဟာ အလုပ်သမား၊ လယ်သမား လူတမ်းစား ၂ ရပ်ရဲ့ အရေးပါပုံကို လက်ခံသူဖြစ်ပါတယ်။ ဒါဟာ ဟိုခေတ် ဟိုအခါ သမိုင်းရေးအခြေအနေမှာ အမှန်ကန်ဆုံးနဲ့ အတိုးတက်ဆုံးအမြင်ဖြစ်ပါတယ်။ ဒီလိုအယူအဆကို ဆရာကြီးရဲ့ ကဗျာတပုဒ်မှာ အခုလိုတွေ့ရပါတယ်။

" သြော် ... ဇမ္ဓူတခွင်တွင်ဖြင့်

လူအသွင် အပြင်နှင့်တကွ

မူအဆင်ဆင်တွေနှင့် အယူအငင်မှာတော့

တူချင်လည်းတူကြ၊ မတူချင်လဲ နေကြပေါ့နော်

ဖြူဖြူစင်စင် ဗြဟ္မာစရိယ ဂိုဏ်းတွေနဲ့

တူတံဇင် ဓမ္မ ကထိကမှိုင်းရယ်လို့

ကမ္ဘာ့အထိကရ နှစ်ပိုင်းတွင်ဖြင့်

စစ်ကိုင်းအောင် ကမ္ဘားယံတခွင်

(အိုကွယ်)ကမ္ဘာ့က၀ိဓစ မှိုင်းရယ်လို့

သမိုင်းအောင်လံတင် ..." ဆိုပြီး ရေးတာတွေ့ရပါတယ်။

ဒီကဗျာပိုဒ်ထဲက အောက်ပါစာသားတွေကို ဂရုတစိုက်ထားပြီး ဖတ်ကြည့်ပါ။

" လူအသွင် အပြင်နှင့်တကွ

မူအဆင်ဆင်တွေနှင့် အယူအငင်မှာတော့

တူချင်လည်း တူကြ၊မတူချင်လဲ နေကြပေါ့နော် ..."

ဒီကဗျာစာသားတွေဟာ ဒီကနေ့ လက်ခံကျင့်သုံးလာကြတဲ့ ဒဗဟုဝါဒဒ ကို ဆရာကြီးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ၀န်းကျင်ကတည်းက လက်ခံယုံကြည် ကျင့်သုံးခဲ့တယ်ဆိုတဲ့ အချက်ကို အံ့သြဘွယ် တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဂိုဏ်းဂနကိစ္စ၊ ပုဂ္ဂလကိစ္စ၊ အယူဝါဒကိစ္စ၊ လူမျိုးကိစ္စ၊ ဘာသာကိစ္စတွေမှာ ဆရာကြီးရဲ့အမြင်ဟာ ဓမတူတာတွေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဓဆိုတဲ့ ဒဗဟုဝါဒဒ ကို ဆရာကြီး လက်ခံယုံကြည်ခဲ့တယ်ဆိုတာ သိတာထင်ရှားစေနိုင်တဲ့ ကဗျာစာသားများဖြစ်ပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ နိုင်ငံရေးရပ်တည်ချက်တွေကို ကျနော်ဘာ့ကြောင့်တင်ပြခဲ့ရသလဲ။

ကျနော်တို့ စာပေသမားတွေအနေနဲ့ ကျနော်တို့ခေတ်မှာ ကျနော်တို့ကို စိန်ခေါ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းတဲ့အခါ ဘယ်လိုရပ်တည်ချက်မျိုးနဲ့ ရပ်တည်ဖြေရှင်းသင့်သလဲဆိုတဲ့ အဖြေကိုရဖို့အတွက် ဆရာကြီးရဲ့ နိုင်ငံရေးရပ်တည်ချက်တွေကို ကျနော် တင်ပြခဲ့တာဖြစ်ပါတယ်။ ဆရာကြီးဆီက ကျနော်တို့အတုယူ သင့်တဲ့အကြောင်း တင်ပြခဲ့တာပဲဖြစ်ပါတယ်။

အမှန်အားဖြင့် ၀န်ခံရမယ်ဆိုရင် ဆရာကြီးရဲ့ နိုင်ငံရေးရပ်တည်ချက်ကို ကျနော် တင်ပြခဲ့တာ ပြီးပြည့်စုံခြင်း မရှိဘူးဆိုတာ ၀န်ခံရမှာဖြစ်ပေမယ့် ကျနော် လက်လှမ်းမီသလောက် အခုလို တင်ပြခြင်းဖြင့်ပဲ စာပေရဲဘော်များအတွက် တစုံတရာ အကျိုးရှိစေမယ့် တင်ပြချက် ဖြစ်နိုင်ကောင်းရဲ့လို့ ကျနော် ယုံကြည်မိပါတယ်။

ညှိနှိုင်းကိုးကားသည့် စာအုပ်များ

(၁) ဆရာကြီးသခင်ကိုယ်တော်မှိုင်း လေးချိုးပေါင်းချုပ်

(၂) သခင်ကိုယ်တော်မှိုင်း လက်ရွေးစဉ်လေးချိုးတရာ (မောင်တင်ရွှေ)

(၃) ဗိုလ်ဋီကာ (မစ္စတာမောင်မှိုင်းး)

(၄) စာပေအင်အား (အထက်ဗမာနိုင်ငံစာရေးဆရာအသင်း)

(၅) ခွေးဋီကာ (သခင်ကိုယ်တော်မှိုင်း)

(၆) မြန်မာကဗျာစာတမ်းများ(စာပေဗိမာန်ထုတ်၊ ပြည်သူ့လက်စွဲစာစဉ်)

(၇) သခင်ကိုယ်တော်မှိုင်း(မောင်တင်ရွှေ)

(၈) မှာတော်ပုံနှင့် စစ်ကိုင်းပြန်မှာတော်ပုံ (ဆရာကြီးသခင်ကိုယ်တော်မှိုင်း)

အာဇာနည်နေ့ အခမ်းအနားများ အတိုက်အခံများ ကျင်းပ

မဇ္ဈိမသတင်းဌာန
စနေနေ့၊ ဂျူလိုင်လ 19 2008

အိန္ဒိယ။ ။ ၆၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ အဖွဲ့ချုပ်ရုံးနည်းတူ အခြား မြို့နယ်များတွင်လည်း အခမ်းအနားများကို ကျင်းပကြသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အဖွဲ့ချုပ်ရုံးတွင် အဖွဲ့ချုပ်၊ အဖွဲ့ဝင်များ၊ မိတ်ဖက် နိုင်ငံရေးပါတီ အသီးသီးမှ ကိုယ်စားလှယ်များ၊ ဝါရင့်နိုင်ငံရေး သမားကြီးများ၊ သံရုံးဝန်ထမ်းများနှင့် နိုင်ငံခြား သတင်းထောက် တက်ရောက်ကြသည်။

မိတ္ထီလာ၊ ရေနံချောင်း၊ မန္တလေး၊ အောင်လံ၊ မှော်ဘီမြို့နယ်များရှိ အဖွဲ့ချုပ် ရုံးများတွင် ကျင်းပသလို အိန္ဒိယနိုင်ငံနှင့် ဂျပန်နိုင်ငံများတွင်လည်း အတိုက်အခံများက အာဇာနည် ခေါင်းဆောင်ကြီးများကို အောက်မေ့ ဂါရဝပြု အခမ်းအနားများ ကျင်းပခဲ့ကြသည်။

မိတ္ထီလာမြို့ အဖွဲ့ချုပ်က လွမ်းသူပန်းခွေကို အာဇာနည်ကျောက်တိုင်တွင် လုပ်ရန် ခွင့်တောင်းခြင်းကို အာဏာပိုင်များက ပိတ်ပင်၍ ဘုန်းကြီးဆွမ်းကပ်ခြင်းနှင့် ရုံးတွင်း အခမ်းအနားသာ ပြုလုပ်ခဲ့ရသည်။

“အာဏာပိုင်တွေက နေပြည်တော်နဲ့ ဗဟိုက လွဲပြီးတော့ ဘယ်မှ လုပ်ဖို့ အစီအစဉ် မရှိပါဘူးပြောတယ်။” ဟု မိတ္ထီလာ အဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက ပြောသည်။

အာဏာပိုင်များက မိတ္တီလာမြို့တွင် လုံခြုံရေးများ ထူးကဲစွာချထားပြီး လမ်းများတွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

အလားတူပင် ရေနံချောင်းမှာလည်း အာဇာနည်နေ့ အခမ်းအနားကို ပြုလုပ်ခဲ့ကြသည်။

“ကျဆုံးသွားတဲ့ အာဇာနည်များရဲ့ ကိုယ်ကျိုးစွန့် စိတ်ဓာတ်ကို နောင်လာနောက်သားတွေ သိဖို့လုပ်ရမယ် ဖော်ထုတ်ရမယ်။ ကျေးဇူးကို ဆပ်ရမယ်။ မစားဘဲနဲ့ စွန့်သွားတဲ့ ပုဂ္ဂိုလ်တွေ ကို မစွန့်ဘဲနဲ့ စားတဲ့ လူတွေကို ဘာလို့ မနာလိုနေရတာလဲ မသိဘူး” ဟု ရေနံချောင်း အဖွဲ့ချုပ် ဒုဥက္ကဌ ဖြစ်တဲ့ ဒေါ်ခင်စောဌေးက ပြောသည်။

အဖွဲ့ချုပ်ဝင်များက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို ပြန်လွတ်ပေးရန် ထပ်မံ တောင်းဆိုလိုက်ပြီး ဖျက်သိမ်းခံ နိုင်ငံရေး ပါတီများအား တရားဝင် ပြန်လည်ဖွဲ့စည်းခွင့်၊ စည်းရုံး လှုံ့ဆော်ခွင့်များ ပေးရန် တောင်းဆိုခဲ့ကြသည်။

အန်အယ်လ်ဒီရုံးတွင် အာဇာနည်နေ့ အခမ်းအနား ကျင်းပ

မဇ္ဈိမသတင်းဌာန
စနေနေ့၊ ဂျူလိုင်လ 19 2008

နယူးဒေလီ။ ။ အာဏာပိုင်များ စောင့်ကြည့်နေသည့်ကြားက အတိုက်အခံ နိုင်ငံရေးပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် အာဇာနည်နေ့ အခမ်းအနားကို ကျင်းပနေဆဲ ဖြစ်သည်။

အနည်းဆုံး အင်အား တထောင်ကျော်ရှိသော ကြံ့ခိုင်ဖွံ့ဖြိုးရေး၊ စွမ်းအားရှင်၊ လုံထိန်းရဲနှင့် မီးသတ်တို့က အဖွဲ့ချုပ် ရုံးတဝိုက်နှင့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှိရာ လမ်းမကို ပိတ်ဆို့ စောင့်ကြပ်နေခဲ့သည်။ အဖွဲ့ချုပ်ရုံးသို့ သွားရာလမ်းများတွင် ယာဉ်သွားလာမှု ပိတ်ပင်ထားပြီး လမ်းလျှောက်၍သာ ဖြတ်သန်း သွားလာခွင့်ရှိပြီး ဒေါ်စုနေအိမ် သွားရာလမ်းကို အပြင်လူ ဖြတ်သွားလာခွင့် ပိတ်ပင်ထားသည်။

သို့သော်လည်း ၆၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရာ အဖွဲ့ချုပ်ဝင် ၄ဝဝ ခန့် တက်ရောက်ခဲ့ကြသည်ဟု တက်ရောက်ခဲ့သူ ပါတီဝင် လူငယ်တဦးက ပြောသည်။

“ကျနော်တို့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ဓမ္မရုံမှာ စွမ်းအားရှင်နှင့် ကြံ့ဖွံ့များကားများ ၈ စီးလောက်ရှိပြီး ကျောက်ဆည် ဓမ္မာရုံး လုံထိန်းကားတွေ ရပ်ထားတယ်။ ရွှေဂုံတိုင်လမ်းကို ရုံးဘက်ကိုဝင်တဲ့ ကားလမ်းကို ပိတ်ထားတယ်။ ပြည်လမ်းကနေ ရုံးဘက်ကိုဝင်တဲ့ လမ်းကို ပိတ်ထားတယ်။ ထွက်ရင် ထွက်လို့ ရတယ်။ အဲဒီဘက်မှာလည်း စွမ်းအားရှင်နှင့် ကြံ့ဖွံ့များကားများ ၁၅ စီးလောက် ရပ်ထားတယ်” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သတင်း နှင့် ပြန်ကြားရေး အဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က ပြောသည်။

“ထူးခြာတာကတော့ ရပ်မိရပ်ဖတွေ လိုပြောပေမဲ့လည်း လာတဲ့သူတွေက စနစ်တကျ ကားတွေဘာတွေနဲ့ စုစည်းပြီးတော့ လာကြတယ်ဆိုတော့ လူတစု အဖွဲ့တခုကနေပြီးတော့ စီစဉ်တဲ့ သဘောရှိတယ်။ အရင်တုန်းက ကားနံပါတ်တွေကို ဒိုင်နာတွေမှာ အရင်တုန်းက ဗျောင်ရေးထားပေမဲ့လည်း အခုဟာက နံပါတ်ပြားတွေ ဖြုတ်ထားတယ်။ လိုင်းနာမည်ကိုလည်း စတစ်ကာနဲ့ ပိတ်ထားတယ်” ဟု သူက ဆက်ပြောသည်။

ရွှေတိဂုံဘုရားသို့ တက်ရာလမ်းကြောင်းများတွင်လည်း အစစ်အဆေးများ ပိုက်စိတ်တိုက် လုပ်ဆောင်ခဲ့ပြီး ရန်ကုန်မြို့ လူစည်ကားရာ နေရာများတွင် လုံထိန်းများက စောင့်ဆိုင်းနေခဲ့ကြသည်။

ဗိုလိချုပ်ပြတိုက်ကို ယနေ့ ဖွင့်လှစ်ထားခဲ့ရာ လာရောက် ကြည့်ရှုသူများ ရှိခဲ့သည်။ ပြတိုက်အပေါ်ထပ်သို့ တက်ရောက်ခွင့်ကို ပိတ်ပင်ထားခဲ့ပြီး နာဂစ်မုန်တိုင်းကြောင့် ဗိုလ်ချုပ်အောင်ဆန်း နေခဲ့သော အိမ်သည် ပျက်စီး ထိခိုက်မှုများ ရှိခဲ့သည်ဟု ပြတိုက် တာဝန်ရှိသူများ အပြောအရ သိရသည်။

အန်အယ်ဒီ ပါတီဝင် ၆ ဦး ပြန်လည် လွတ်မြောက်လာ

သန်းထိုက်ဦး၊ မြင့်မောင်
တနင်္လာနေ့၊ ဂျူလိုင်လ 21 2008

ချင်းမိုင်။ ။ မကြာသေးခင်က ဖမ်းဆီးခံရသူ ရန်ကုန်တိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၆ ဦးနှင့် ကျူရှင်ဆရာ တဦးကို ဇူလိုင်လ ၁၉ ရက်နေ့ ညနေပိုင်းတွင် အာဏာပိုင်များက ပြန်လွှတ်ပေးခဲ့သည်။

ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ၆၁ နှစ်မြောက် အာဇာနည်နေ့ မတိုင်ခင် နှစ်ရက်အတွင်း နယ်မြေခံ အထူး ရဲတပ်ဖွဲ့ဝင်များက မေးမြန်းရန်ရှိသည် ဟုဆိုကာ သူတို့ကို နေအိမ်များမှ ရန်ကုန်မြို့ ပြည်ထဲရေးရုံးချုပ်နှင့် နီးစပ်ရာ ရဲစခန်းများတွင် ထိန်းသိမ်းပြီးနောက် ပြန်လွှတ်လိုက်ခြင်း ဖြစ်သည်။

“ကြည့်ရတာက သူတို့က ထိန်းချုပ်တာပေါ့နော်။ အဲဒီ (အာဇာနည်ကုန်း) ကို မရောက်အောင်၊ လှုပ်ရှားမှု မရှိအောင် ထိန်းချုပ်တဲ့ သဘောပဲ။ မနက်ဖြန် ဘယ်သွားဖို့ ရှိလဲပေါ့။ ကျနော်က သွားမယ်၊ နှစ်တိုင်း ချီတက်နေကျပဲ၊ အာဇာနည်ကုန်းအထိ သွားအလေးပြုမယ်ပေါ့နော်။ အဲဒီလောက်ပါပဲ” ဟု တွံတေးမှ ကျူရှင်ဆရာ ဦးအောင်ဖေက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ကျနော်က မေးတယ်။ အဲဒီထဲက ဒု-ရဲအုပ် တယောက်ကို မေးတယ်ပေါ့နော်။ ဒီလိုပဲ ခေါ်လို့ ရလားလို့ဆိုတော့ - မဟုတ်ဘူးတဲ့၊ ကျနော်တို့က အဲဒီလို နိုင်ငံရေးနဲ့ ပတ်သက်လို့ မသင်္ကာတဲ့အခါမျိုးမှ ခေါ်မေးလို့ ရတာပေါ့နော်။ သူတို့က အဲဒီလို ပြောတယ်။ ၂၄ နာရီအတွင်းမှာ ချုပ်နှောင်ခြင်း မရှိဘဲနဲ့ ခေါ်မေးလို့ ရတယ်တဲ့” ဟု ပြောသည်။

အဖွဲ့ချုပ် လူငယ်တာဝန်ခံ (၁) ကိုသီဟန် (ဒဂုံမြို့သစ်)၊ မထက်ထက်ဦးဝေ (ရွှေပြည်သာ)၊ ရန်ကုန်တိုင်း လူမှုအထောက်အကူပြု အဖွဲ့ဝင် ကိုမြင့်ဌေး (တာမွေ)၊ အဖွဲ့ချုပ် လူငယ်အဖွဲ့ ကိုဝင်းမြင့်မောင် (ခရမ်းမြို့)၊ လူမှုအထောက်အကူပြုအဖွဲ့ဝင် ဦးသိန်းမြင့်ထွန်း (ဒဂုံမြို့သစ်)၊ အဖွဲ့ချုပ်လူငယ် တာဝန်ခံ (၂) ကိုကျော်ဇေယျ (မောင်းမကန်) နှင့် ကျူရှင်ဆရာ ဦးအောင်ဖေ (တွံတေး) တို့ကို ယခုလ ၁၇ ရက်နှင့် ၁၈ ရက်နေ့များတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဦးသိန်းမြင့်ထွန်းကမူ သူ့ကို ဇူလိုင်လ ၁၈ ရက် ည ၁၂ နာရီခန့်တွင် တောင်ဒဂုံ ရဲစခန်းသို့ စတင်ခေါ်ဆောင်ပြီး နောက်ရက်တွင် ပြည်ထဲရေး ရုံးချုပ်သို့ ခေါ်ဆောင်ကာ အနောက်ပိုင်းခရိုင် မူးယစ်အထူးတပ်ဖွဲ့က စစ်ဆေးခဲ့သည်ဟု ပြောသည်။

သူက “စခန်းရောက်တော့ SP ကားနဲ့ ပြည်ထဲရေးကို ခေါ်သွားတာ။ ကျနော်နဲ့အတူ ကိုသီဟန်ကို ပြည်ထဲရေးရုံးမှာ အခန်းတခန်းစီ ထားပါတယ်။ ဟိုရောက်တော့ မူးယစ်အထူးမှာ ထားတယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ ရပ်ကွက်ထဲမှာ မူးယစ်ဆေးဝါး ရောင်းတာတွေ ကြားလားလို့ပဲ မေးတယ်။ ကျနော်က နိုင်ငံရေးသမားမို့လို့ ဘာမှမသိဘူးလို့ ပြန်ပြောလိုက်တယ်” ဟု ပြောသည်။

မောင်းမကန် အဖွဲ့ချုပ်လူငယ် တာဝန်ခံ (၂) ကိုကျော်ဇေယျကို ဇူလိုင်လ ၁၈ ရက်နေ့ ည ၉ နာရီခွဲခန့်တွင် မြောက်ဥက္ကာပမြို့နယ် ပြည်သူ့ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး နောက်တရက်တွင် ဒုရဲအုပ် ရဲဝန်ထမ်းတဦးက အန်အယ်ဒီ လူငယ်အချို့နှင့် စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များအကြောင်း သူ့ကို မေးမြန်းခဲ့သည်ဟု ဆိုသည်။

ကိုကျော်ဇေယျက “ရွှေပြည်သာမှာ ဖောက်ခွဲတဲ့ ရယက ရုံး ဗုံးဖောက်ကွဲတဲ့ ကိစ္စတွေမေးတယ်။ အဲဒါတွေ မသိကြောင်း၊ သူတို့ပြောမှ သိကြောင်း ပြောပြတယ်။ အဖွဲ့ချုပ်အနေနဲ့လည်း အဲဒီလို လုပ်ရပ်တွေကို ဆန့်ကျင်ကြောင်း၊ ကျနော်တို့အနေနဲ့လည်း မသက်ဆိုင်တဲ့အကြောင်း ပြောပြတယ်” ဟု ပြောသည်။

“(အာဇာနည်ကြီးများ ကျဆုံးချိန်) မနက် ၁ဝ နာရီ ၃၇ မိနစ်မှာ စစ်ဆေးနေတဲ့ အတောအတွင်းမှာပဲ ကျနော် ထပြီးတော့ အလေးပြုလိုက်ပါတယ်။ ဘေးနားမှာ စစ်နေတဲ့ သူတွေအားလုံး ထပြီးတော့ အလေးပြုကြပါတယ်” ဟု သူက ဆက်ပြောသည်။

အားလုံးကို ခံဝန်ကတိ လက်မှတ်ရေးထိုးခြင်းနှင့် တစုံတရာ လှုပ်ရှားမှု မပြုလုပ်ရန် ဖိအားပေးခြင်း မရှိဘဲ ပြန်လွှတ်လိုက်ခြင်း ဖြစ်သည်။

အာဇာနည်နေ့ကို မဖြစ်မနေ ကျင်းပသွားမည်ဟု အန်အယ်ဒီ ပြောကြား

သန်းထိုက်ဦး၊ မြင့်မောင်
သောကြာနေ့၊ ဂျူလိုင်လ 18 2008

ချင်းမိုင်။ ။ အာဏာပိုင်များဘက်မှ နှောက်ယှက် ကန့်သတ်မည့် အရိပ်ရောင်များ ရှိနေသော်လည်း မနက်ဖြန် ကျရောက်မည့် အာဇာနည်နေ့ အခမ်းအနားကို အောင်မြင်သည်အထိ ကျင်းပသွားမည်ဟု အတိုက်အခံ နိုင်ငံရေး ပါတီကြီးက ပြောဆိုလိုက်သည်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) ဗဟိုရုံးချုပ်၊ ရွှေတိဂုံ၊ ဆူလေးဘုရား အနီးတဝိုက်နှင့် အာဇာနည်ကုန်းတွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ တိုးမြှင့် ချထားသော်လည်း မနက်ဖြန် ကျရောက်မည့် ၆၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရုံးချုပ်တွင် မဖြစ်မနေ ကျင်းပရန် စီစဉ်ထားရှိခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ၆၃ နှစ်မြောက်မွေးနေ့ ကျင်းပစဉ်ကကဲ့သို့ပင် ကြံ့ခိုင်ဖွံ့ဖြိုးရေးများက ဝင်ရောက် ရိုက်နှက်ခြင်းများ ပြုလုပ်သကဲ့သို့ ယခုလည်း အလားတူ လုပ်လာမည်ဟူသော စိုးရိမ်ချက်မှုများလည်း တက်ကြွ လှုပ်ရှားသူများအကြား ဖြစ်ပေါ်နေသည်။

“ကျနော်တို့ အစဉ်အလာအတိုင်း နိုင်ငံ့ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ လုပ်မယ်ဆိုရင်တော့ နှောင့်ယှက် လာနိုင်စရာတွေတော့ ရှိတယ်။ သို့သော်လည်း နှောင့်ယှက်ခြင်း မနှောင့်ယှက်ခြင်းက သူတို့အပိုင်းပေါ့။ ကျနော်တို့က ဥပဒေနဲ့အညီ ကျနော်တို့ ရုံးခန်းထဲမှာ ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုမယ့် အခမ်းအနားကို မဖြစ်ဖြစ်အောင် လုပ်ကြမယ်၊ အောင်မြင်အောင် လုပ်မယ်” ဟု အန်အယ်ဒီ သတင်းနှင့် ပြန်ကြားရေးမှ ဒေါက်တာဝင်းနိုင်က မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲ အခမ်းအနားကို ရုံးချုပ်တွင် ကျင်းပရာ အာဏာပိုင်များ၏ ရှေ့မှောက်၌ပင် ကြံ့ဖွံ့နှင့် စွမ်းအားရှင်များက ရုံးဝန်းအတွင်း ဝင်ရောက်ကာ ပါတီဝင် နှစ်ဦးနှင့် အခမ်းအနား တက်ရောက်လာသူ နှစ်ဦးသည် ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်ခံခဲ့ရသည်။

နှစ်စဉ် ရန်ကုန်မြို့တွင် ကျင်းပမြဲဖြစ်သော နိုင်ငံတော်အဆင့် အခမ်းအနားကို မြို့အဆင့်သို့သာ လျော့ချလိုက်သည်။ ယဉ်ကျေးမှုဝန်ကြီး အစား ရန်ကုန်မြို့တော်ဝန်သာ တက်ရောက်မည်ဟု ဒီပီအေ သတင်းတပုဒ်က ဖော်ပြထားသည်။ နိုင်ငံခြား သံတမန်များကိုလည်း ဖိတ်ကြားပြီးမှ ပြန်လည် ပယ်ဖျက်ခဲ့သည်။

ထိုသို့ ဖြစ်ထွန်းမှုများက အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူများက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းတကွ လွတ်လပ်ရေး သူရဲကောင်း ၉ ဦးကို ဂါရဝပြုခြင်းအပေါ် အာဏာပိုင်များဘက်မှ နှောက်ယှက်ရာတွင် မမြင်တွေ့လိုစေလိုသဖြင့် လုပ်ဆောင်သည်ဟု အတိုက်အခံ အသိုင်းအဝိုင်းတွင် ယုံကြည်နေကြသည်။

ဒေါက်တာဝင်းနိုင်က “နအဖ စစ်အစိုးရ အနေနဲ့ လုံခြုံရေးတင်းကျပ်တဲ့ အဆင့်ထက် တင်းကျပ်ပြီးတော့ ရန်စကျုးကျော် အကြမ်းဖက် ရိုက်နှက်တဲ့ အဆင့်မျိုးထိ ရောက်လာတာပါ။ ဒါပေမဲ့ ကျနော်တို့ကတော့ လူတွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ အခမ်းအနားကို အောင်အောင်မြင်မြင်နဲ့ ပြီးဖို့ ရည်ရွယ်ထားတယ်” ဟု ပြောသည်။

အာဏာပိုင်များက ယနေ့တွင်မူ ရုံးချုပ် အနီးတဝိုက်တွင် ရဲတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးကို တိုးမြှင့်ချထားသည်။

မနက်ဖြန် နံနက်အစောပိုင်းတွင် ရုံးချုပ်၌ သံဃာတော်များအား အာရုဏ်ဆွမ်း ကပ်လှူပြီး ၁ဝ နာရီ ၃၇ မိနစ်တွင် ကျဆုံးသွားသော အာဇာနည် ခေါင်းဆောင်များကို အလေးပြုမည်ဖြစ်ကာ နေ့လယ် ၁၂ နာရီတွင် အခမ်းအနားကို စတင် ကျင်းပသွားမည်ဟု သိရသည်။

အခမ်းအနားသို့ နိုင်ငံခြား သံတမန်များ၊ ဝါရင့်နိုင်ငံရေးသမားကြီးများ၊ ပြည်သူ့လွတ်တော် ကိုယ်စားပြု ကော်မတီ (စီအာပီပီ) အဖွဲ့ဝင်များ၊ အခြား နိုင်ငံရေး ပါတီများနှင့် ပြည်တွင်းပြည်ပ သတင်းထောက်များ တက်ရောက်ရန်အတွက် ဖိတ်ကြားပြီး ဖြစ်သည်။

ဒေါက်တာဝင်းနိုင်က “သူတို့ ဝင်ပြီးတော့ ရိုက်တယ်၊ နှက်တယ်။ ပြောရရင်တော့ အင်ဒိုနီးရှားက မဂ္ဂါဝဒီ ဆူကာနိုပူတြီတို့ ပါတီကို ရုံးထဲ အကြမ်းဖက် ဝင်ရောက် ရိုက်နှက်တာမျိုးတွေ၊ အခု ဇင်ဘာဘွေမှာ ဖြစ်နေတဲ့ အတိုက်အခံ ပါတီဝင်တွေကို ရိုက်နှက်တာမျိုးတွေ ရှိနေတယ်ဆိုတော့ သူတို့ လုပ်ချင်လည်း လုပ်မှာပေါ့။ ဒေါ်စုမွေးနေ့တုန်းက သက်သေပြနေတာက ရုံးထဲဝင်ရောက် ဖမ်းဆီးတာတွေ ရှိခဲ့တယ်ဆိုတော့ လက်စလက်န ရှိနေတဲ့ သူတွေကို မလုပ်ဘူးလို့တော့ မပြောနိုင်ဘူး” ဟု ပြောသည်။

ဝါရင့် နိုင်ငံရေး သမားကြီးများအဖွဲ့မှ သခင်ချန်ထွန်းက ဓဒေါ်အောင်ဆန်းစုကြည် သွားလာနေတုန်းလည်း ရိုက်လာတာပဲ။ ဒီပဲယင်းမှာတုန်းကလည်း လူဦးရေ အများကြီး သေတာတို့၊ ကားတွေ အများကြီး မီးရှို့ခံရတာတို့၊ အများကြီးပဲ။ ဒါတွေက သမိုင်းမှာ မကောင်းတဲ့ အချက်တွေပဲ၊ အမဲကွက်ကြီးတွေပဲ။ ဖျောက်ဖျက်လို့မရတဲ့ ကိစ္စတွေပဲ။ ဒါမျိုးတွေကို အမှန်ကတော့ မလုပ်သင့်ဘူးလို့ ယူဆပါတယ်။ အစိုးရအနေနဲ့၊ တပ်မတော် ခေါင်းဆောင်ကြီးတွေအနေနဲ့လည်း ထိန်းသိမ်းပေးဖို့၊ စောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။

ဗြိတိသျှ ကိုလိုနီ နယ်ချဲ့လက်အောက်မှ မြန်မာနိုင်ငံ လွတ်လပ်ရေးရခါနီး ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ အတွင်းဝန်များရုံး၌ အစိုးရအဖွဲ့ဝင်များ အစည်းအဝေး ကျင်းပနေစဉ် ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ ခေါင်းဆောင်ကြီး ၉ ဦးမှာ ပြိုင်ဘက် နိုင်ငံရေးသမား ဂဠုန်ဦးစော၏ လူများက လုပ်ကြံ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

လုပ်ကြံသတ်ဖြတ်မှုကြောင့် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဝင်း၊ မန်းဘခိုင်၊ စပ်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေးတို့ ကျဆုံးခဲ့ရသည်။

အာဇာနည်များအတွက် ငှက်လွှတ်ပွဲကျင်းပ

မြင့်မောင်
သောကြာနေ့၊ ဂျူလိုင်လ 18 2008

နယူးဒေလီ။ ။ တရားမျှတမှုအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သည့် ကျောင်းသားပြည်သူများနှင့် လက်ရှိ နိုင်ငံရေး အကျဉ်းသားများအတွက် ရည်စူးကာ ကောင်းမှုကုသိုလ် ပြုသည့်အနေဖြင့် ဝါဆိုသင်္ကန်းကပ်ပွဲနှင့် ငှက်လွှတ်ပွဲကို ယမန်နေ့က ရန်ကုန်ရှိ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ လူငယ် ၁၅ ဦးက ပြုလုပ်ခဲ့သည်။

ဝါဆိုလပြည့်နေ့ ကျရောက်သည့် ယမန်နေ့က နံနက် ၆ နာရီခန့်တွင် သံဃာတော်များကို သင်္ကန်းကပ်လှူပြီး နံနက် ၁၁ နာရီခန့်တွင် မဟာဝိဇယ စေတီတော်၌ စာကလေးကောင်ရေ ၁၅ ကောင် လွှတ်ပေးကာ ကျဆုံးလေပြီးသော ကျောင်းသားများနှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရန်အတွက် ရည်ရွယ်ပြီး မဟာဝိဇယ စေတီတော်တွင် ကောင်းမှုကုသိုလ် ပြုခဲ့ကြခြင်း ဖြစ်သည်။

“ခေတ်အဆက်ဆက်မှာ ကျဆုံးသွားတဲ့ ကျောင်းသားပြည်သူတွေကို ရည်စူးပြီးတော့ ကျနော်တို့ ရဲဘော်အိမ်မှာ မနက် ၆ နာရီက အာရုံဆွမ်းနဲ့ ဝါဆိုသင်္ကန်းကို ကပ်လှူခဲ့တယ်။ နေ့လယ် ၁၁ မှာ အဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ ရည်စူးပြီး ငှက်တွေ လွှတ်ခဲ့တယ်” ဟု အမည်မဖော်လိုသူ လူငယ်တဦးက ပြောသည်။

သူက ဆက်ပြီး “ကျနော်တို့ ရွှေတိဂုံစေတီ အနောက်ဘက်မုဒ်မှာ ပြုလုပ်ဖို့ ရည်ရွယ်ထားပေမယ့် လုံခြုံရေး အရပ်ဝတ် ထောက်လှမ်းရေး၊ အရပ်ဝတ်နယ်ထိန်းနဲ့ ရဲအရပ်ဝတ်တွေက စောင့်နေတဲ့အတွက် မဟာဝိဇယကို ပြောင်းလဲ လုပ်လိုက်တယ်” ဟု ပြောသည်။

မနက်ဖြန်တွင် ကျရောက်မည့် ၆၁ နှစ်မြောက် အာဇာနည်နေ့ နီးကပ်လာသည်နှင့်အမျှ ရန်ကုန်မြို့ရှိ လူစည်ကားသည့် နေရာများ၊ လမ်းဆုံလမ်းခွများတွင် လက်နက်ကိုင် စစ်သားများကို လုံခြုံရေး တိုးချဲ့ချထားသလို၊ ဆူးလေဘုရားနှင့် ရွှေတိဂုံဘုရား အနီးတွင်လည်း အရပ်ဝတ် လုံခြုံရေးများ ထူထပ်စွာ ချထားကြောင်း အဖွဲ့ဝင် အခြား လူငယ်တဦးကလည်း ယခုလို ပြောပြသည်။

သူက “ဘုရားတွေမှာ အရပ်ဝတ် နယ်ထိန်းတချို့နဲ့ အရပ်ဝတ်ရဲတွေကို တွေ့ရပါတယ်။ ဘာမှတော့ မဖြစ်ပါဘူး။ ကျနော်တို့ ဒီကနေ့ အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တယ်။ လုံခြုံရေးတွေကတော့ မနေ့ကစပြီး ထပ်တိုးလိုက်တာကို တွေ့ရတယ်။ လမ်းထောင့် တော်တော်များများမှာ စစ်သားတွေ လိုက်ချထားတယ်” ဟု ပြောသည်။

မြန်မာတေးသံရှင် ၂၂ ဦးက လေဘေး ရန်ပုံငွေအတွက် တေးစီးရီးထုတ်မည်

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 16 2008

နယူးဒေလီ။ ။ မုန်တိုင်းသင့် ပြည်သူများ ကူညီထောက်ပံ့ရေး ရန်ပုံငွေအတွက် မြန်မာနိုင်ငံမှ စတူရီယို အဆိုတော် ၂၂ ဦး သီဆိုသည့် တေးစီးရီးတခု မကြာမီ ဖြန့်ချိသွားမည် ဖြစ်သည်။

သီချင်း ၁၅ ပုဒ်ပါဝင်မည့် အဆိုပါ တေးစီးရီးအတွက် ယခုအခါ ရန်ကုန်ရှိ နဝရတ် စတူရီယိုတွင် အင်ပါယာ (Emperor), Plus Three, Aurora နှင့် Spectrum စသည့် ဂီတဝိုင်းများက အဓိက တီးခတ်သွားမည် ဖြစ်ပြီး အသံသွင်းမှုကိုလည်း စတင်နေပြီ ဖြစ်သည်။

“ကျနော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ ပေါက်မြောက် အောင်မြင်ဖို့ထက် ရန်ပုံငွေရဖို့အတွက် ပိုရည်ရွယ်ပါတယ်။ ထို့အတူ အနုပညာသည်တွေ အနေနဲ့ တတပ်တအားပေါ့။ ဒီသီချင်းတွေကို နားထောင်ပြီးတော့ စိတ်ဓာတ်ခွန်အားလေး မုန်တိုင်းသင့် ပြည်သူတွေ ပြန်ပေးနိုင်ဖို့အတွက် ရည်ရွယ်တာပါ၊ ဒုတိယ အချက်ကတော့ ငွေရေးကြေးရေးလေး ရပြီး ပြန်လှူဒါန်းနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ အောင်မြင်ဖို့ တွေးမထားပါဘူး” ဟု တေးရေးဆရာနှင့် တေးသံရှင် ဆောင်းဦးလှိုင်က မဇ္ဈိမကို ပြောသည်။

စတူရီယို တေးသံရှင် စည်သူလွင်ကလည်း “လေဘေးသင့် ပြည်သူတွေထဲမှာ ကျနော်တို့ရဲ့ ပရိသတ်တွေ အများကြီးပါမယ်။ ကိုယ်က၊ အနုပညာသည်တွေက ပြည်သူတွေရဲ့ အားပေးမှုနဲ့ ရပ်တည်နေရတယ်။ တကယ် ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကျနော်တို့မှာ ပြန်ပြီးတော့ ကူညီရမယ့် ဝတ္တရားရှိတယ်လို့ ခံယူချက်နဲ့ လုပ်တာပါ” ဟု ပြောသည်။

ခေတ်ပေါ်တေးသံရှင် ရင်ဂို၊ ဆောင်းဦးလှိုင်၊ စည်သူလွင်၊ ဂရေဟမ်၊ ထူးအယ်လ်လင်း၊ နွဲ့ယဉ်ဝင်း၊ မေခလာ၊ ဟေမာနေဝင်း၊ ကော်နီ၊ တင်ဇာမော်၊ လေးလေးဝါး၊ ကဗျာဘွဲ့မှူး၊ ချောစုခင်၊ မီးမီးခဲ၊ ဆုန်သင်းပါရ်၊ မို့မို့ဇော်ဝင်း၊ သံသာဝင်း၊ ရှင်ဖုန်း၊ ခင်ဘုဏ်း၊ ဇမ်နူး၊ အားမူးနှင့် ကိုင်ဇာတို့ သီဆိုသွားမည် ဖြစ်ကာ ကိုဝေထွန်း (နဝရတ်) က ဦးဆောင် စီစဉ်နေခြင်း ဖြစ်သည်။

ထုတ်လုပ်မှု ကုန်ကျစရိတ်အတွက် သမဝါယမ ဘဏ်လီမိတက် ဥက္ကဋ္ဌ ဦးခင်မောင်အေးက အကျိုးအမြတ် မယူဘဲ ကူညီသွားမည် ဖြစ်သလို၊ အဆိုတော်များနှင့် တီးဝိုင်း အနုပညာရှင်များကလည်း အခကြေးငွေ မယူဘဲ ရရှိလာမည့် အမြတ်အစွန်းများကို လေဘေးသင့် ပြည်သူများအား လှူဒါန်းသွားမည် ဖြစ်သည်။

ဆောင်းဦးလှိုင်က “မနှစ်က မာလာမုန်တိုင်း ဖြစ်ကတည်းက ရွှေပြည်သာမှာ ရေကြီးသွားတော့ လူတွေ ဒုက္ခရောက်သွားပါတယ်။ အဲဒီတုန်းက ရေးခဲ့တာ သီချင်း သုံးပုဒ် ရေးထားခဲ့တယ်။ ဒီနှစ်မှာ မုန်တိုင်း ထပ်တိုက်တော့ နာဂစ်မုန်တိုင်းအကြောင်း ထပ်ဖြည့်လိုက်တာပေါ့။ နာဂစ်မုန်တိုင်းက ပိုဆိုးတာပေါ့။ ပြည်သူတွေကို အားပေးတဲ့ အနေနဲ့ ဒီ သီချင်းကို ရေးခဲ့တာ ဖြစ်တယ်။ သီချင်းရဲ့ အဓိက အနှစ်သာရကတော့ ပြန်ပြီးတော့ ထူထောင်ကြဖို့ အားပေးတဲ့ သဘောမျိုး ရေးစပ်ခဲ့တာပါ” ဟု ပြောဆိုခဲ့သည်။

“လူထုဆန္ဒကို ဆန့်ကျင်သည့် မဲပြားများ” အစီရင်ခံစာ ပလောင်က ထုတ်ပြန်

မြင့်မောင်
ကြာသပတေးနေ့၊ ဂျူလိုင်လ 03 2008

နယူးဒေလီ။ ။ မေလ ၁ဝ ရက် လူထုဆန္ဒ ခံယူပွဲတွင် ထောက်ခံမဲရရန် အာဏာပိုင်များက နည်းမျိုးစုံဖြင့် ဖိအားပေး လုပ်ဆောင်ခဲ့ကြောင်း ပလောင်အလုပ်အဖွဲ့က ယနေ့တွင် ပြောဆိုလိုက်သည်။

ပလောင်လူထုများ နေထိုင်ရာ ရှမ်းပြည်နယ် မြို့နယ်အချို့တွင် အခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲ ကျင်းပရာ ပြည်သူ့သဘောထား မပါရှိဘဲ ထောက်ခံမဲရရန် အာဏာပိုင်များက အတင်းအဓမ္မ ပြုလုပ်ခဲ့သည်များအား စုံစမ်း ဖော်ထုတ်ကာ “လူထုဆန္ဒကို ဆန့်ကျင်သည့် မဲပြားများ” အမည်ရှိ အစီရင်ခံစာကို ပလောင်အလုပ်အဖွဲ့က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“မဲရုံစောင့်တဲ့ သူတွေက မဲပေးတဲ့ သူတွေကို အဓမ္မ ထောက်ခံခိုင်းတယ်။ မဲပုံးထဲကို မထည့်ခင်အချိန်မှာ အဲဒီ မဲပြားကို ဖွင့်ကြည့်စစ်ဆေးတယ်။ တချို့နေရာတွေမှာ ဥက္ကဋ္ဌ က တရွာလုံးကိုယ်စား မဲပေးတာတွေ ရှိတယ်။ မဲပေးဖို့ အချိန် သတ်မှတ်ထားပေမယ့် သတ်မှတ်တဲ့ အချိန်အတိုင်း မလုပ်ဘူးဆိုတဲ့ မသမာမှုတွေ အများကြီး တွေ့နေရတယ်” ဟု ပလောင်လူငယ် လုပ်ငန်းကွန်ယက်အဖွဲ့ ပြောခွင့်ရ ကိုမိုင်းအောင်ကို က ပြောသည်။

ပလောင် အလုပ်အဖွဲ့တွင် ထိုင်းနိုင်ငံအခြေစိုက် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ ပလောင်လူငယ် လုပ်ငန်းကွန်ယက်အဖွဲ့ (PYNG) နှင့် ပလောင် အမျိုးသမီး အစည်းအရုံး (PWO) စုပေါင်းပါဝင်ပြီး သူတို့က ပလောင်လူထုများ နေထိုင်ရာ နမ့်ဆန်၊ လားရှိုး၊ ကျောက်မဲ၊ မိုင်းငေါ့၊ သီပေါ၊ မန်တုန်၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်းနှင့် မူဆယ်မြို့နယ် တို့တွင် ကန့်ကွက်မဲ ထည့်ဝင်ရေး လှုပ်ရှားမှုများ၊ လူထုဆန္ဒခံယူပွဲ စောင့်ကြည့်ရေး လုပ်ငန်း စဉ်များအရ သက်ဆိုင်ရာ ဒေသများတွင် စုံစမ်း ဖော်ထုတ်ကာ မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။

အတင်းအဓမ္မ ထောက်ခံမဲ ထည့်ခိုင်းခြင်း၊ ကြိုတင် ထောက်ခံမဲပေးခြင်း၊ မဲလိမ်ခြင်း အစရှိသည့် လူထု၏ ရိုးသားသော သဘောထား ဆန္ဒကို နည်းမျိုးစုံဖြင့် မတရား အာဏာအလွှဲသုံးစား လုပ်ခဲ့သည့် နအဖ လုပ်ရပ်များကို အဆိုပါ မြို့နယ်များ အတွင်းရှိ မဲရုံ ၅၇ ရုံကို အနီးကပ် စောင့်ကြည့်ကာ ဒေသခံပြည်သူများ၊ မဲရုံစောင့်ကြည့်ရေး တာဝန်ခံများနှင့် တွေ့ဆုံမေးမြန်းချက်များ၊ အချက်အလက်များကို စုစည်း၍ အစီရင်ခံစာတွင် ဖော်ပြထားသည်။ အချို့နေရာများတွင် မဲရုံတာဝန်ရှိများ၏ ရင့်ဖွင့် ပြောဆိုချက်နှင့် ဓာတ်ပုံ အထောက်အထားပါ ပါရှိသည်။

ကိုမိုင်းအောင်ကို က ဓကျောက်မဲ ငြိမ်းချမ်းရေးကုန်းမှာရှိတဲ့ ပလောင်ငြိမ်းချမ်းရေးအဖွဲ့ (ကျောက်မဲ) ဦးကျော်ရင် ပြောတာက ဒီရွာထဲမှာ နေပြီးတော့ ကန့်ကွက်မဲ ထွက်လာလို့ရှိရင် ဒီရပ်ကွက်ထဲကနေ နှင်ထုတ်မယ် ပြောတယ်။ နမ့်ဆန်ဘက်မှာ ပလောင် လ္ဘက်စက်ရုံ လုပ်တဲ့ ဗိုလ်ကြီး သန်းထွဋ်က ပြောတယ်။ ပလောင်ဒေသမှာ ကန့်ကွက်မဲတွေ များမယ်ဆိုရင် အောက်ပိုင်းက တင်သွင်းတဲ့ ဆန်တွေကို ပိတ်ဖြစ်မယ်ဆိုတဲ့ အမိန့်စာ ထုတ်ပြန်တာတွေ ရှိတယ်တဲ့” ဟု ပြောသည်။

အစီရင်ခံစာထဲတွင် ပလောင်ဒေသ အတွင်းရှိ မဲရုံစောင့်ကြည့်ရေးတွင် ပါဝင်သူတဦးက “ပလောင်ဒေသအတွင်း ကျေးရွာအုပ်စုများရှိ မဲပေးနိုင်တဲ့သူရဲ့ ၃ဝ ရာခိုင်နှုန်း ဝန်းကျင်လောက်သာ မဲရုံသို့ ကိုယ်တိုင်လာရောက် မဲပေးခဲ့ကြရပြီး၊ ကျန်တဲ့ သူတွေကတော့ ကြိုတင်မဲနဲ့ ကိုယ်စားပြုမဲတွေနဲ့ပဲ အားလုံးပြီးသွားတယ်။ မဲရုံကို မဲလာပေးဖို့ ခေါ်လာတဲ့သူတွေဟာ ပလောင်ရိုးရာ ဝတ်စုံတွေဝတ်ပြီး ဟန်ပြ ထောက်ခံမဲတွေပဲ ပေးခဲ့ကြရပါတယ်” ဟု ပြောဆိုသည်ကိုလည်း ဖော်ပြထားသည်။

ထို့အပြင် မြို့တွင်းတွင် နေထိုင်သူများနှင့် နအဖ စစ်အုပ်စု၏ မတရားဖိနှိပ်မှုကို မကြောက်မရွံ့ ဆန့်ကျင်သူများသည် လူထုဆန္ဒ ခံယူပွဲတွင် ကန့်ကွက်မဲများ ထည့်ခဲ့ကြသော်လည်း၊ လူထုဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်၏ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်အရ နအဖ စစ်ခေါင်းဆောင်များ ညွှန်ကြားထားသည့်အတိုင်း ထောက်ခံမဲပြားများ အဖြစ်သို့သာ ပြောင်းလဲခဲ့ရသည်ဟုလည်း ဆိုထားသေးသည်။

နအဖ ၏ ပြည်သူများအပေါ် နည်းမျိုးစုံဖြင့် လူ့အခွင့်အရေး ချိုးဖောက်နေသည်များကို နိုင်ငံတကာမှ သိရှိစေရန်၊ နိုင်ငံတကာ မိသားစုအနေဖြင့် စုစည်းညီညွတ်စွာ ဝိုင်းဝန်း ကန့်ကွက်ရန်နှင့် မြန်မာပြည်၏ နိုင်ငံရေး ပြဿနာကို ဝိုင်းဝန်းကူညီ အဖြေရှာရန်အတွက် အစီရင်ခံစာကို ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် အာဆီယံနိုင်ငံများထံ ပေးပို့သွားမည်ဟု ပလောင်အလုပ်အဖွဲ့က ပြောသည်။

ကြံ့ဖွံ့နှင့် စွမ်းအားရှင်ကို ဥပဒေမဲ့ ကျူးလွန်ခိုင်းနေ

မြင့်မောင်
အင်္ဂါနေ့၊ ဂျူလိုင်လ 01 2008

နယူးဒေလီ။ ။ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများကို နှိမ်နင်းရန်အတွက် လူမှုရေးအသင်းကို ဥပဒေမဲ့ လုပ်ရပ်များ ကျူးလွန်ခိုင်းနေသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ ပြောဆိုသည်။

လွန်ခဲ့သည့် ၁ဝ ရက်ကျော်က ရန်ကုန်ရှိ ဗဟိုရုံးချုပ်အတွင်း စစ်အစိုးရ ကျောထောက်နောက်ခံပြု စွမ်းအားရှင်နှင့် ကြံ့ခိုင်ရေး အသင်းသားများ သည် အတင်းဝင်ရောက်ကာ ပါတီဝင်များကို ဖမ်းဆီး ခေါ်ဆောင်သွားပြီး နောက်ပိုင်း အဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူ တဦးက ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“လုံခြုံရေးအဖွဲ့ဝင်တွေ ရှေ့မှာ လူမှုရေး အသင်းအဖွဲ့ဖြစ်တဲ့ ကြံ့ခိုင်ရေးနဲ့ စွမ်းအားရှင်တွေက သူတို့အနေနဲ့ လုံခြုံရေးသမားတွေလို အဖွဲ့ချုပ် အဖွဲ့ဝင်တွေကို ရုံးရှေ့မှာ အတင်းဝင်ပြီးတော့ ရိုက်နှက် ဖမ်းဆီးတာက စဖမ်းကတည်းက ဥပဒေနဲ့ ညီမှ မညီတာ”ဟု သတင်းနှင့် ပြန်ကြားရေး အဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က ပြောသည်။

သူက ဆက်ပြီး “ဒီတိုင်းပြည်မှာ ဥပဒေဆိုတာက ဒေါ်အောင်ဆန်းစုကြည်က ပြောထားတာပဲ ဥပဒေမှ မရှိတာပဲ။ ဒီပဲယင်းကိုပဲ ကြည့်ပါလား။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး အပါအဝင် ရိုက်နှက်ခံရတယ်။ ရိုက်တဲ့နှက်တဲ့ သူတွေကို အရေးမယူဘဲနဲ့ အရိုက်ခံရတဲ့ သူတွေကို အရေးယူထားတယ် ဆိုတဲ့ဟာကို ကြည့်လို့ရှိရင် ဒီတိုင်းပြည်မှာ ဥပဒေရှိလား၊ မရှိလားဆိုတာ သိနိုင်တယ်” ဟု ပြောသည်။

အဖွဲ့ချုပ် လူငယ်တဦးကလည်း “ဒါက အခုမှ မဟုတ်ဘူး။ စက်တင်ဘာ ကတည်းက ဒီလိုပဲ သုံးတာဖြစ်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့်လ ၁၉ ရက်နေ့က ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၃ နှစ်မြောက် မွေးနေ့ အခမ်းအနားကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ပါတီရုံးချုပ်တွင် ကျင်းပရာ နအဖ စစ်ခေါင်းဆောင်များ ကိုယ်တိုင် ဦးစီးကွပ်ကဲနေသည့် လူမှုရေးအသင်း ကြံ့ခိုင်ရေး အဖွဲ့ဝင်များနှင့် စွမ်းအားရှင် ဆိုသူများက လုံထိန်း၊ ရဲနှင့် ထောက်လှမ်းရေးများ ရှေ့မှောက်တွင် ရုံးချုပ်ဝန်းအတွင်း အတင်းအကျပ် ဝင်ရောက်ကာ ပါတီဝင်အချို့ကို ဖမ်းဆီး ခေါ်ဆောင်ခဲ့သည်။ ထိုနေ့က ရုံးဝန်း အတွင်းအပြင် ဖမ်းဆီးမှုတွင် ပါတီဝင် အနည်းဆုံး ၁၄ ဦး ပါရှိသွားသည်။

ပါတီလူငယ်က “နိုင်ငံရေးသမားတွေကို သူတို့က ကိုယ်တိုင် ရင်မဆိုင်တော့ဘူး။ ကျနော်တို့နဲ့ စွမ်းအားရှင်တွေ၊ ကြံ့ခိုင် ဖွံ့ဖြိုးရေးတွေကို ထိပ်တိုက်တွေ့ခိုင်းတာ ဖြစ်တယ်။ ဒီသဘောက ယုတ်မာတယ်၊ ဘယ်လို ယုတ်မာလဲဆိုတော့ သူတို့လုပ်တာ မဟုတ်ဘူး၊ ပြည်သူအချင်းချင်း လုပ်တာ ဖြစ်တယ်လို့ ပြောလေ့ရှိတယ်။ ဒီလို ပြဿနာတွေကို အခုလို မရှင်းသင့်ဘူး။ စေ့စပ်ဆွေးနွေးပွဲတွေ မလုပ်နိုင်သည့်တိုင်အောင် ဒီလိုမျိုး ယုတ်မာတဲ့ နည်းလမ်းတွေကို မလုပ်သင့်ဘူး” ဟု ပြောသည်။

ဒေါက်တာဝင်းနိုင်ကလည်း “အဲဒီလို ဥပဒေမဲ့ အကြမ်းဖက် လုပ်ရပ်တွေကို လက်မခံဘူးလို့ အကြိမ်ကြိမ် ပြောပြီးပါပြီ။ ဒီလို သတ်တာ ဖြတ်တာတွေ လုပ်လာတဲ့ ဟာတွေက သူတို့တာဝန်ပဲလေ။ သူတို့ လုပ်ဆောင်ချက်တွေပေါ် မူတည်ပြီးတော့ ကျနော်တို့ လုပ်စရာ ရှိတာကို လုပ်သွားမယ်” ဟု ပြောဆိုသည်။

ပါတီ အထွေထွေ အတွင်းရေးမှူးချုပ် ကမ္ဘာ့နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့က စစ်ကိုင်း တိုင်း ဒီပဲယင်း ဒေသအနီးတွင် စစ်အာဏာပိုင်များ အနီးကပ် ကြီးကြပ်ကာ ကြံ့ဖွံ့အသင်းသားများက အကြမ်းဖက် ရိုက်နှက် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သလို၊ ၂ဝဝ၇ ခုနှစ် စက်တင်ဘာလအတွင်းက သံဃာလူထု ဆန္ဒပြပွဲကိုလည်း အဆိုပါ လူမှုရေး အသင်းသားများက အကြမ်းဖက် ဖြိုခွဲခဲ့သည်။

ကြံ့ဖွံ့အသင်းကို ၁၉၉၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် အာဏာသိမ်း စစ်အစိုးရက ၎င်း၏ နိုင်ငံရေး ရည်ရွယ်ချက်များကို အကောင်အထည် ဖော်ပေးရန်အတွက် လူမှုရေးအသင်းအဖြစ် သတ်မှတ် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ယခုအခါ နိုင်ငံသားဦးရေ၏ ထက်ဝက်နီးပါးမျှ ရှိသည့် လူဦးရေ ၂၄ သန်းသည် အသင်းဝင်ဖြစ်သည်ဟု နအဖ စစ်အစိုးရက ပြောဆိုလေ့ ရှိသည်။

Tuesday, July 1, 2008

သတင်းစာဆရာကြီး ဦးဝင်းတင် ဆေးဝါးကုသရန် လိုအပ်

မြင့်မောင်
တနင်္လာနေ့၊ ဇွန်လ 30 2008
နယူးဒေလီ။ ။ အကျဉ်းထောင်တွင် ၁၉ နှစ်ကြာ ချုပ်နှောင်ခံနေရသော သတင်းစာဆရာကြီး ဦးဝင်းတင် (ဟံသာဝတီ) သည် ရင်ကျပ်ဝေဒနာ ကို ကုသရန် လိုအပ်နေသည်။ လာမည့် ဇူလိုင်လ ၄ ရက်နေ့ ထောင်ကျသက်တမ်း ၁၉ နှစ်ပြည့်မည် ဖြစ်သည့် ၇၉ နှစ်အရွယ် ဆရာကြီး ဦးဝင်းတင်သည် ထောင်ထဲတွင် ရင်ကျပ် ရောဂါကြောင့် ကျန်းမာရေး အခြေအနေ ဆိုးရွားစွာ ခံစားနေရသော်လည်း ဆေးဝါးကုသမှု အလုံအလောက် မရှိဟု သူ၏ မိတ်ဆွေများ နှင့် နိုင်ငံရေး အကျဉ်းသား စောင့်ရှောက်ရေးအဖွဲ့တို့က ပြောကြသည်။
“စောစောပိုင်း တွေ့တုန်းကတော့ ကျန်းမာရေး အခြေအနေ မဆိုးပေမယ့် အခုတခါကျတော့ ရင်ကျပ်ပြီးတော့ ရီ ရင်တောင် ချွဲသံ ထွက်နေတယ်။ ရီသံ မထွက်ဘဲ ချွဲသံ ရှဲရှဲ ထွက်နေတယ်။ ချွဲသံတွေလည်း ကြားရတဲ့ အချိန်ကျမှ ကျနော် နည်းနည်းတော့ လန့်သွားတယ်။ ထမင်းလည်း မစားနိုင်၊ အိပ်လည်း မအိပ်နိုင်တာ ၄-၅ ရက် ရှိနေပြီဆိုတော့ နည်းနည်းတော့ ပိန်သွားတယ်” ဟု ပြီးခဲ့သည့် စနေနေ့က ဦးဝင်းတင်ကို ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့သူ ဦးမောင်မောင်ခင်က ပြောသည်။
သူက ဆက်ပြီး “ဘာပဲပြောပြော ဒီအဖိုးကြီး၊ နိုင်ငံရေး အကျဉ်းသမားကြီး၊ နှစ်ပေါင်းများစွာ နေတဲ့ အကျဉ်းသမား တယောက်ကို ဂရုတစိုက် ကုသပေးသင့်တာပေါ့ဗျာ” ဟု ပြောသည်။ ရင်ကျပ်ရောဂါ ကုသရန်အတွက် ထောင်ဆေးမှူးများက ချွဲပျော်ဆေးကိုသာ ထောင်ပြင်ပက ဝယ်သောက်ခိုင်းနေသည်။ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) မှ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က “အသက်အားဖြင့် ကြီးရင့်နေတဲ့အတွက် သူ့ကျန်းမာရေး အခြေအနေ ဆိုးရွားလာတာ တွေ့ရတယ်။
တကယ်တမ်းဆို သူလွှတ်ဖို့ အချိန်တန်နေပြီ။ လွှတ်ဖို့အချိန်ကလည်း တော်တော်နီးလာပြီ။ လွှတ်ပေးမယ် ဆိုပြီးတော့ မလွှတ်ပေးဘဲ နအဖ အနေနဲ့ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်တာတွေ၊ ညှင်းဆဲ တာတွေ ရှိတယ်ဆိုတော့ သူ့အသက်အန္တရာယ်ကို အတော်လေး စိုးရိမ်တယ်” ဟု ပြောသည်။ သူက “ထောင်အာဏာပိုင်တွေက လူနာတယောက်ကို လုံလောက်တဲ့ စမ်းသပ်မှုမျိုး မလုပ်ဘဲနဲ့ ပြီးစလွယ် လွယ်လွယ်ပဲ ပြောလေ့ရှိတယ်။
နိုင်ငံရေး အကျဉ်းသမားတွေ ဖြစ်တဲ့အတွက် အပြင်ကို ထုတ်ဖို့ဆိုတာ မလွယ်ကူတဲ့အတွက်၊ အချိန်မီ ဆေးဝါးကုသခွင့် မရတဲ့အတွက် ပြဿနာ အများကြီး ကြုံတွေ့ခဲ့ရတယ်” ဟု ဆက်ပြောသည်။ ယခုနှစ် နှစ်ဆန်းပိုင်းက ရန်ကုန်ဆေးရုံကြီးတွင် အူကျရောဂါ ခွဲစိတ်ကုသမှု ခံခဲ့ရသေးသည်။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ရလဒ်နှင့်အညီ လွှတ်တော် ခေါ်ယူရေး အပါအဝင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ် ပေးကာ တွေ့ဆုံ ဆွေးနွေးရန်အတွက် ဆရာကြီး ဦးဝင်းတင်သည် ထောင်ဝင်စာ တွေ့ဆုံသူမှတဆင့် နအဖ စစ်အစိုးရကို တောင်းဆိုလေ့ရှိသူ ဖြစ်သည်။
ဟံသာဝတီ သတင်းစာကို ၁၉၆၈ ခုနှစ်တွင် မဆလ အစိုးရက ပြည်သူပိုင် သိမ်းခဲ့ပြီး၊ အောက်မြန်မာပြည်မှ မန္တလေးသို့ ပြောင်းရွှေ့ အခြေစိုက် သော ၁၉၆၉ ခုနှစ်တွင် အယ်ဒီတာချုပ် ဖြစ်လာကာ သတင်းစာသည် ထိုအချိန်က ပါတီ၊ ကောင်စီ၏ မှားယွင်း ချွတ်ချော်မှုများကို ခေါင်းကြီးပိုင်း နှင့် ဆောင်းပါးများဖြင့် ဝေဖန်ထောက်ပြကာ ပြည်သူလူထု နစ်နာချက်များကို ဖော်ပြခဲ့သဖြင့် ၁၉၇၈ ခုနှစ်တွင် မဆလ အစိုးရက သတင်စာ ထုတ်ဝေခွင့် ပိတ်ခဲ့ပြန်သည်။
ဆရာကြီးသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်စက တတ်သိပညာရှင် အဖွဲ့တွင် ပါဝင်ကာ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး အကြံဉာဏ်ပေး ပုဂ္ဂိုလ်အဖြစ် ဦးဆောင်ခဲ့သူဖြစ်ပြီး စစ်အစိုးရက ၁၉၈၉ ခုနှစ်မှ စတင်ကာ ထောင်တွင်းပြစ်ဒဏ် ၃ ကြိမ်ထက်မနည်း ချမှတ်ခဲ့သလို၊ လွှတ်ချိန်တန်သော်လည်း ယခုအချိန်အထိ ဖမ်းဆီးထားခြင်း ဖြစ်သည်။
ဆရာကြီးကို ၂ဝဝ၁ ခုနှစ်တွင် ယူနက်စကို အဖွဲ့ကြီးနှင့် ကမ္ဘာ့သတင်းစာများအဖွဲ့က ဦးဝင်းတင်၏ သတင်းစာ လွတ်လပ်ခွင့်ဆု (UNESCO/ Guillermo Cano World Press Freedom Prize) နှင့် ရွှေကလောင်ဆု (World Association of Newspapers' Golden Pen of Freedom Award) တို့ကို ချီးမြှင့်ခဲ့သည်။ ၂ဝဝ၆ ခုနှစ်တွင်မူ နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့ (R.S.F) က Winner of Reporter Without Border ဆု ချီးမြှင့်ခဲ့သည်။