Tuesday, July 1, 2008

သတင်းစာဆရာကြီး ဦးဝင်းတင် ဆေးဝါးကုသရန် လိုအပ်

မြင့်မောင်
တနင်္လာနေ့၊ ဇွန်လ 30 2008
နယူးဒေလီ။ ။ အကျဉ်းထောင်တွင် ၁၉ နှစ်ကြာ ချုပ်နှောင်ခံနေရသော သတင်းစာဆရာကြီး ဦးဝင်းတင် (ဟံသာဝတီ) သည် ရင်ကျပ်ဝေဒနာ ကို ကုသရန် လိုအပ်နေသည်။ လာမည့် ဇူလိုင်လ ၄ ရက်နေ့ ထောင်ကျသက်တမ်း ၁၉ နှစ်ပြည့်မည် ဖြစ်သည့် ၇၉ နှစ်အရွယ် ဆရာကြီး ဦးဝင်းတင်သည် ထောင်ထဲတွင် ရင်ကျပ် ရောဂါကြောင့် ကျန်းမာရေး အခြေအနေ ဆိုးရွားစွာ ခံစားနေရသော်လည်း ဆေးဝါးကုသမှု အလုံအလောက် မရှိဟု သူ၏ မိတ်ဆွေများ နှင့် နိုင်ငံရေး အကျဉ်းသား စောင့်ရှောက်ရေးအဖွဲ့တို့က ပြောကြသည်။
“စောစောပိုင်း တွေ့တုန်းကတော့ ကျန်းမာရေး အခြေအနေ မဆိုးပေမယ့် အခုတခါကျတော့ ရင်ကျပ်ပြီးတော့ ရီ ရင်တောင် ချွဲသံ ထွက်နေတယ်။ ရီသံ မထွက်ဘဲ ချွဲသံ ရှဲရှဲ ထွက်နေတယ်။ ချွဲသံတွေလည်း ကြားရတဲ့ အချိန်ကျမှ ကျနော် နည်းနည်းတော့ လန့်သွားတယ်။ ထမင်းလည်း မစားနိုင်၊ အိပ်လည်း မအိပ်နိုင်တာ ၄-၅ ရက် ရှိနေပြီဆိုတော့ နည်းနည်းတော့ ပိန်သွားတယ်” ဟု ပြီးခဲ့သည့် စနေနေ့က ဦးဝင်းတင်ကို ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့သူ ဦးမောင်မောင်ခင်က ပြောသည်။
သူက ဆက်ပြီး “ဘာပဲပြောပြော ဒီအဖိုးကြီး၊ နိုင်ငံရေး အကျဉ်းသမားကြီး၊ နှစ်ပေါင်းများစွာ နေတဲ့ အကျဉ်းသမား တယောက်ကို ဂရုတစိုက် ကုသပေးသင့်တာပေါ့ဗျာ” ဟု ပြောသည်။ ရင်ကျပ်ရောဂါ ကုသရန်အတွက် ထောင်ဆေးမှူးများက ချွဲပျော်ဆေးကိုသာ ထောင်ပြင်ပက ဝယ်သောက်ခိုင်းနေသည်။ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) မှ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က “အသက်အားဖြင့် ကြီးရင့်နေတဲ့အတွက် သူ့ကျန်းမာရေး အခြေအနေ ဆိုးရွားလာတာ တွေ့ရတယ်။
တကယ်တမ်းဆို သူလွှတ်ဖို့ အချိန်တန်နေပြီ။ လွှတ်ဖို့အချိန်ကလည်း တော်တော်နီးလာပြီ။ လွှတ်ပေးမယ် ဆိုပြီးတော့ မလွှတ်ပေးဘဲ နအဖ အနေနဲ့ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်တာတွေ၊ ညှင်းဆဲ တာတွေ ရှိတယ်ဆိုတော့ သူ့အသက်အန္တရာယ်ကို အတော်လေး စိုးရိမ်တယ်” ဟု ပြောသည်။ သူက “ထောင်အာဏာပိုင်တွေက လူနာတယောက်ကို လုံလောက်တဲ့ စမ်းသပ်မှုမျိုး မလုပ်ဘဲနဲ့ ပြီးစလွယ် လွယ်လွယ်ပဲ ပြောလေ့ရှိတယ်။
နိုင်ငံရေး အကျဉ်းသမားတွေ ဖြစ်တဲ့အတွက် အပြင်ကို ထုတ်ဖို့ဆိုတာ မလွယ်ကူတဲ့အတွက်၊ အချိန်မီ ဆေးဝါးကုသခွင့် မရတဲ့အတွက် ပြဿနာ အများကြီး ကြုံတွေ့ခဲ့ရတယ်” ဟု ဆက်ပြောသည်။ ယခုနှစ် နှစ်ဆန်းပိုင်းက ရန်ကုန်ဆေးရုံကြီးတွင် အူကျရောဂါ ခွဲစိတ်ကုသမှု ခံခဲ့ရသေးသည်။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ရလဒ်နှင့်အညီ လွှတ်တော် ခေါ်ယူရေး အပါအဝင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ် ပေးကာ တွေ့ဆုံ ဆွေးနွေးရန်အတွက် ဆရာကြီး ဦးဝင်းတင်သည် ထောင်ဝင်စာ တွေ့ဆုံသူမှတဆင့် နအဖ စစ်အစိုးရကို တောင်းဆိုလေ့ရှိသူ ဖြစ်သည်။
ဟံသာဝတီ သတင်းစာကို ၁၉၆၈ ခုနှစ်တွင် မဆလ အစိုးရက ပြည်သူပိုင် သိမ်းခဲ့ပြီး၊ အောက်မြန်မာပြည်မှ မန္တလေးသို့ ပြောင်းရွှေ့ အခြေစိုက် သော ၁၉၆၉ ခုနှစ်တွင် အယ်ဒီတာချုပ် ဖြစ်လာကာ သတင်းစာသည် ထိုအချိန်က ပါတီ၊ ကောင်စီ၏ မှားယွင်း ချွတ်ချော်မှုများကို ခေါင်းကြီးပိုင်း နှင့် ဆောင်းပါးများဖြင့် ဝေဖန်ထောက်ပြကာ ပြည်သူလူထု နစ်နာချက်များကို ဖော်ပြခဲ့သဖြင့် ၁၉၇၈ ခုနှစ်တွင် မဆလ အစိုးရက သတင်စာ ထုတ်ဝေခွင့် ပိတ်ခဲ့ပြန်သည်။
ဆရာကြီးသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်စက တတ်သိပညာရှင် အဖွဲ့တွင် ပါဝင်ကာ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး အကြံဉာဏ်ပေး ပုဂ္ဂိုလ်အဖြစ် ဦးဆောင်ခဲ့သူဖြစ်ပြီး စစ်အစိုးရက ၁၉၈၉ ခုနှစ်မှ စတင်ကာ ထောင်တွင်းပြစ်ဒဏ် ၃ ကြိမ်ထက်မနည်း ချမှတ်ခဲ့သလို၊ လွှတ်ချိန်တန်သော်လည်း ယခုအချိန်အထိ ဖမ်းဆီးထားခြင်း ဖြစ်သည်။
ဆရာကြီးကို ၂ဝဝ၁ ခုနှစ်တွင် ယူနက်စကို အဖွဲ့ကြီးနှင့် ကမ္ဘာ့သတင်းစာများအဖွဲ့က ဦးဝင်းတင်၏ သတင်းစာ လွတ်လပ်ခွင့်ဆု (UNESCO/ Guillermo Cano World Press Freedom Prize) နှင့် ရွှေကလောင်ဆု (World Association of Newspapers' Golden Pen of Freedom Award) တို့ကို ချီးမြှင့်ခဲ့သည်။ ၂ဝဝ၆ ခုနှစ်တွင်မူ နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့ (R.S.F) က Winner of Reporter Without Border ဆု ချီးမြှင့်ခဲ့သည်။

No comments: