Tuesday, July 28, 2009

ဒေါ်စုအမှု တံခါးပိတ် တရားခွင်သို့ သံတမန်များ တက်ရောက်ခွင့်ရ

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဂျူလိုင်လ 24 ရက် 2009 ခုနှစ်


နယူးဒေလီ။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် အင်းစိန်ထောင်အတွင်း တရားခွင်၌ ယနေ့တွင် နောက်ဆုံး လျှောက်လဲချက် ကြားနာရာသို့ ဗြိတိန်၊ ဂျာမဏီ၊ ပြင်သစ်နှင့် အီတလီ သံတမန်များကို မြန်မာစစ်အစိုးရက တက်ရောက်ခွင့် ပေးလိုက်သည်။

အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင် တရားရုံးက ဒေါ်အောင်ဆန်းစုကြည်အမှုကို အများအားဖြင့် တံခါးပိတ်နည်းဖြင့် စစ်ဆေးကြားနာမှုများ ပြုလုပ်ခဲ့သည့်အနက် သံတမန်များကို တက်ရောက်ခွင့် ပေးခြင်းသည် ယခုအကြိမ်နှင့်ဆိုလျှင် ဒုတိယမြောက် ဖြစ်သည်။ ယခင်ကလည်း ရွေးချယ်ထားသည့် သံတမန်တချို့နှင့် သတင်းထောက်တချို့ကို တက်ရောက်ခွင့် ပေးခဲ့သေးသည်။

''ဒီတခါတော့ သူတို့ (အာဏာပိုင်များ) က ကျနော်တို့ကို ဖိတ်ကြားတာမျိုး၊ အကြောင်းကြားတာမျိုး မရှိပါဘူး။ ဒါပေမဲ့ နောက်ဆုံး ကြားနာပွဲကို တက်ရောက်ဖို့ တောင်းခံခဲ့တဲ့ သံတမန်တွေကိုတော့ အစိုးရက ခွင့်ပြုချက် ထုတ်ပေးခဲ့တယ်'' ဟု ရန်ကုန်ရှိ စာနယ်ဇင်းသမားတဦးက မဇ္ဈိမကို ပြောသည်။

အင်းလျားကန်မှ ရေကူးကာ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း မဖိတ်ခေါ်ဘဲ တိတ်တဆိတ် ဝင်ရောက်ခဲ့သည့် ဂျွန် ဝီလျံ ယက်တော၏ နိုင်ငံဖြစ်သည့် အမေရိကန်မှ သံရုံးအရာရှိကိုမူ တရားရုံးချိန်းရှိတိုင်း တောက်လျှောက် တက်ရောက်ခွင့် ရရှိခဲ့သည်။

''ကျနော် အတည်ပြုနိုင်သလောက်ကတော့ ဗြိတိန်၊ ဂျာမဏီ၊ ပြင်သစ်နဲ့ အီတလီကို တရားခွင်ထဲ တက်ခွင့် ပေးထားတယ်'' ဟု ရန်ကုန်ရှိ သတင်းရပ်ကွက်တခုက မဇ္ဈိမကို ပြောသည်။

ယနေ့ တရားရုံးက နှစ်ဖက် တရားဆိုင်ရှေ့နေများ၏ အပြီးသတ် လျှောက်လဲချက်များကို ကြားနာသွားမည် ဖြစ်သည်။ တရားရုံးသို့ တင်သွင်းရန် ၂၃ မျက်နှာပါ လျှောက်လဲချက်ကို ပြင်ဆင်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက မဇ္ဈိမကို ပြောသည်။

ယနေ့ တရားခွင်မှ ဆုံးဖြတ်ချက်တရပ် ထွက်ပေါ်လာနိုင်ကြောင်း မျှော်လင့်ရသည်။ သို့သော်လည်း အကဲခတ်များကမူ တရားရုံးအနေဖြင့် ဆုံးဖြတ်ချက် ထုတ်ပြန်သည့် အခြား နေ့ရက်တရက်ကို သတ်မှတ်ပြီးဖြစ်ကြောင်း ယုံကြည်နေကြသည်။

အင်းစိန်ထောင်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ၊ ထောက်ခံအားပေးသူများနှင့် နိုင်ငံရေးလေ့လာသူများ အများအပြားသည် စုပြုံရောက်ရှိနေကြကာ ယနေ့ တရားခွင်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြကြောင်း ရန်ကုန်ရှိ စာနယ်ဇင်းသမားက ပြောသည်။

ဒေါ်စုကို လွှတ်ပေးရန် တောင်းဆိုခြင်း နည်းလမ်းမကျဟု စစ်အစိုးရ သတင်းစာက ရေးသား

ကိုဝိုင်း
သောကြာနေ့၊ ဂျူလိုင်လ 24 ရက် 2009 ခုနှစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုနေခြင်းသည် အဓိပ္ပါယ်မဲ့ပြီး တရားနည်းလမ်း မကျကြောင်း စစ်အစိုးရ၏ ယမန်နေ့နှင့် ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်-အန်အယ်ဒီ၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး၊ အရှေ့တောင်အာရှနိုင်ငံများအသင်း - အာဆီယံ အပါအဝင် အမေရိကန်အစိုးရ၏ သဘောထားနှင့် ဆန့်ကျင်၍ ရေးသားဖော်ပြလာခြင်းဖြစ်သည်။

“နိုင်ငံတော်အပိုင်းက ကျနော်တို့နိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိပါဘူးလို့ အကြိမ်ကြိမ် ပြောခဲ့ပြီးပါပြီ” ဟု ကလောင်ရှင် လူသစ် ဆိုသူက သတင်းစာများ၌ ရေးသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး မစ္စတာဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ ယခုလ (၃-၄) ရက်များတွင် လာရောက်ခဲ့ပြီး နောက် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အာဆီယံအဖွဲ့ကြီးကလည်း မကြာသေးမီက ထိုင်းနိုင်ငံ ဖူးခက်မြို့တွင် ကျင်းပခဲ့သော ဒေသဆိုင်ရာ အစည်းအဝးကြီးမှတဆင့် ထုတ်ပြန်တောင်းဆိုခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စကလင်တန်ကလည်း ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခြင်းမရှိပါက မြန်မာနှင့် အမေရိကန်ကြား ဆက်ဆံရေးအား ပိုမိုလေးနက်စွာ ထိခိုက်နိုင်မည်ဖြစ်ကြောင်း ပြောသည်။

သို့သော် နအဖ ၏ မြန်မာ့အလင်းသတင်းစာကမူ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံများနှင့် နိုင်ငံတကာက ရည်ညွှန်းနေသော နိုင်ငံရေးအကျဉ်းသားများဆိုသည်မှာ ဒီမိုကရေစီအရေးဆောင်ရွက်သဖြင့် “နိုင်ငံရေးပြစ်မှု” ဖြင့် အရေးယူခံရခြင်းမဟုတ်ပဲ နိုင်ငံတော် တည်ငြိမ်ရေးကို ထိခိုက်ပျက်ပြားစေသည့် ဥပဒေအပါအဝင် တည်ဆဲဥပဒေများကို ဖောက်ဖျက်သောကြောင့် ဖမ်းဆီးထားသူများ ဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့အပြင် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေအား တွေ့ဆုံဆွေးနွေးပြီး ပြန်လည်သုံးသပ်ရန် လိုအပ်သည်ဟု အန်အယ်ဒီက တောင်း ဆိုထားမှုသည်လည်း စစ်အစိုးရက မဖြစ်မနေ ဆက်လက် အကောင်အထည်ဖော်မည့် “မူဝါဒလမ်းစဉ် (၇) ရပ်” အား နှောင့်နှေး၊ ပျက်ပြားစေရန် ကြိုးစားနေခြင်းသာဖြစ်သည်ဟုလည်း စွပ်စွဲရေးသားထားသည်။

အန်အယ်ဒီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်နိုင်ငံသား ဂျွှန်ဝီလျံ ယက်တော သူမ၏ နေအိမ် အတွင်း ခိုးဝင်သည်ကို အကြောင်းပြု၍ “နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့် ရှောက်ရေး ဥပဒေ ပုဒ်မ ၂၂” ဖြင့် စွပ်စွဲ၍ အင်းစိန်ထောင်၌ ရုံးတင်စစ်ဆေးလျက်ရှိသည်။

ယနေ့သည် အပြီးသတ်လျှောက်လဲရမည့်နေ့ဖြစ်သည်။

၁၉၉၀ ခု အထွေထွေရွေးကောက်ပွဲကြီးတွင် အန်အယ်ဒီ ပါတီက ထောက်ခံမဲ အမြောက်အများဖြင့် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက ရွေးကောက်ပွဲရလဒ်အား ယနေ့အထိ အသိမှတ်ပြု အာဏာလွှဲပြောင်းပေးခြင်းမရှိသေးပေ။

ယင်းကြောင့် မြန်မာ့နိုင်ငံရေးတွင် အမဲစက်ဖြစ်မည်ကို စိုးရိမ်သဖြင့်ဟုဆိုကာ ၁၉၉ဝ ခု ရွေးကောက်ပွဲရလဒ်အား တနည်းနည်းဖြင့် အသိအမှတ်ပြုပေးရန် အန်အယ်ဒီပါတီက တောင်းဆိုထားသည်။

သို့သော် စစ်အစိုးရ၏ ယမန်နေ့နှင့် ယနေ့ထုတ် သတင်းစာများကမူ ၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်သည် အလိုအလျောက် ပျက်ပြယ်သွားပြီဖြစ်ကြောင်း၊ ၁၉ နှစ်ကျော် “Date အောက်” နေသည့်ရလဒ်ကို ပြည်သူများက ပြန်လှည့်ကြည့်တော့မည် မဟုတ်ကြောင်း ဖော်ပြကြသည်။

ထို့အပြင် နအဖက ဦးဆောင်၍ ကျင်းပခဲ့သော အမျိုးသားညီလာခံမှ ထွက်ခွာသွားသဖြင့် “တွေ့ဆုံဆွေးနွေးရေး” ဆိုသည်မှာ လည်း “လုံးဝအဓိပ္ပါယ်မရှိ” သည့်အခြေအနေကို ရောက်နေပြီဖြစ်သည်ဟု ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုကိစ္စသည် တရားရုံးနှင့်သာ သက်ဆိုင်သဖြင့် တရားရုံးက အပြစ်ရှိကြောင်း တွေ့လျင် ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူမှုကို ခံရမည်ဖြစ်ကြောင်း၊ အပြစ်မရှိကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့လျင် တရားရုံးက ဥပဒေနှင့်အညီ ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းပါ ကလောင်ရှင် လူသစ်၏ ဆောင်းပါးတွင် ဖော်ပြသည်။

သို့သော် ကုလသမဂ္ဂအပါအဝင် မြန်မာနိုင်ငံရေး အတိုက်အခံများ၊ ရှေ့နေများ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် နိုင်ငံတကာ ကမူ စစ်အစိုးရသည် နိုင်ငံတကာဥပဒေများကို ချိုးဖောက်နေသည်သာမက ပြည်တွင်းဥပဒေကိုပင် လိုက်နာခြင်းမရှိပဲ သဘော ထားကွဲလွဲသူများကို ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်း၊ ရပ်ဝေးအကျဉ်းထောင်များသို့ ပို့ဆောင်ခြင်းများ လုပ်နေကြောင်း ပြောဆိုကြသည်။

မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် မတရားဖမ်းဆီး အကျဉ်းချခြင်းခံနေရသူ နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP-B က ထုတ်ပြန်ထားသည်။

မန္တလေးတိုင်း မြို့နယ်တချို့မှ အန်အယ်ဒီ အဖွဲ့ဝင်များ ဆုတောင်းပွဲ ကျင်းပ

မြင့်မောင်
သောကြာနေ့၊ ဂျူလိုင်လ 24 ရက် 2009 ခုနှစ်

နယူးဒေလီ(မဇ္ဈိမ)။ ။မန္တလေးတိုင်းအတွင်းရှိ မြို့နယ်တချို့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်များက ဒေါ်အောင်ဆန်းစုကြည်အမှု နောက်ဆုံး လျှောက်လဲချက်ပေးသည့် ယနေ့တွင် ဘုရားများသို့ သွားရောက်ကာ လွတ်မြောက်ရေး ဆုတောင်းပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေအနေများကို မန္တလေးတိုင်း မိတ္ထီလာမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက မဇ္ဈိမကို ပြောပြထားပါသည်။

''ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် ရုံးချိန်အနေနဲ့ ဝတ်ပြုဆုတောင်းဖို့ နှိုးဆော်ထားတာက မြို့ပေါင်း ၃ဝ ပါတယ်။ ဘုရားမှာ သပြေပန်းတွေ ကပ်လှူတယ်။ မနက် ၉ နာရီ ၁၅ မိနစ်မှာ သွားကြတယ်။ ၁၁ နာရီ ၄၅ မိနစ်မှာ ပြန်ရောက်တယ်။ ဘုရားဝတ်ပြုတာကိုက မိနစ် ၄ဝ လောက် ကြာတယ်။ ပဋ္ဌာန်းရွတ်ဖတ်တယ်၊ ဆုတောင်းတာတွေ လုပ်တယ်''။

''မိတ္ထီလာမှာ ရွှေမျှင်တင်ဘုရားမှာ ဝတ်ပြုဆုတောင်းတယ်။ သာစည်မြို့ပေါ်မှာရှိတဲ့ ၅ ဆူရိပ်သာ သတ္တဋ္ဌာန ဆုတောင်းပြည့်ဘုရားမှာ ဒုဥက္ကဋ္ဌ ဦးသန်းဆောင် ဦးဆောင်ပြီးတော့ ဝတ်ပြုဆုတောင်းတယ်။ သဲတောမြို့ပေါ် မြဘုန်းရှင်ဘုရားမှာ အတွင်းရေးမှူး ဦးထွန်းထွန်းက ဦးဆောင်ပြီး ဝတ်ပြုဆုတောင်းတယ်။ ဝမ်းတွင်းမြို့နယ် သဲစုကျေးရွာအုပ်စု တွဲဘက်အတွင်းရေးမှူး ကိုအောင်သူ ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၅ ဦးက သွားပြီးတော့ ဝတ်ပြုဆုတောင်းတယ်။ ၂ မိုင်မှာလည်း ဥက္ကဋ္ဌ ဦးခင်မောင်ရှိန်က သွားရောက် ဝတ်ပြုဆုတောင်းတယ်''။

''ကျမတို့ မိတ္ထီလာမှာက ဘုရားကို သွားပြီးတော့ နောက်ကနေ တန်းပြီးပါလာပါတယ်။ ဓာတ်ပုံတွေ ဘာတွေ ရိုက်တယ်။ ရဲကားတစီးလည်း ဘုရားပရိဝုဏ်ထဲကို မောင်းလာပြီး ရပ်နေတဲ့ ပုံစံမျိုးပေါ့၊ တွေ့ရတယ်။ ခြိမ်းခြောက်တဲ့ သဘောမျိုးလည်း သက်ရောက်ရင် သက်ရောက်မယ်။ ကျမတို့ ပြန်လာတဲ့အခါကျတော့ ကျမတို့ ဖြတ်ပြီးပြန်လာတဲ့ လမ်းကြောင်းမှာက အမှတ် (၁) မီးသတ်ဋ္ဌာနရှိတယ်။ မီးသတ်ထဲမှာ လူအင်အား ၅ဝ နဲ့ ၁ဝဝ ကြားမှာ ရှိမယ်။ ရပ်ကွက်တိုင်းက ရဝတ (ရပ်ကွက်ကောင်စီ) တွေ ထိုင်စောင့်နေတယ်။ ရဲအထူးသတင်းတပ်ဖွဲ့၊ စွမ်းအားရှင်ရော။ ကျမတို့ အဖွဲ့ဝင် ၁ဝ ယောက်၊ ကလေးနဲ့ဆို ၁၁ ဦးပါ။ ရွှေမျှင်တင်ဘုရားမှာ သွားရောက် ဝတ်ပြုဆုတောင်းကြတာပါ''။

''ဒီကနေ့ ကျမတို့လုပ်တဲ့ လှုပ်ရှားမှုက ဘုရားကို သွားပြီး ဝတ်ပြုဆုတောင်းကြဖို့။ အဲဒီလို မသွားနိုင်တဲ့သူတွေက မိမိတို့ အိမ်မှာရှိတဲ့ ဘုရားမှာ သပြေပန်းတွေ ကပ်လှူပြီးတော့၊ ပဋ္ဌာန်းရွတ်ဖတ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့၊ ဆုတောင်းပေးဖို့ တိုက်တွန်းထားတယ်''။

''ကျမတို့က ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူတရပ်လုံးက ပါဝင်ပူးပေါင်းပြီးတော့ စစ်အစိုးရကို တောင်းဆိုရမှာပဲ။ နောက်ဆုံးပိတ် ထောင်ကျသွားမယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောင် တသက်လုံး ကျမနေဘူး။ စစ်အစိုးရကလည်း တသက်လုံး အုပ်ချုပ်မနေနိုင်ဘူး။ အုပ်ချုပ်လို့ မရဘူး။ ကျမတို့ ပြည်သူက တသက်လုံး ဒုက္ခရောက်မနေဘူး။ တချိန်မှာ ထွက်ပေါက်ဆိုတာ ရှိမှာပဲ''။

''ဒီထွက်ပေါက်ကို စစ်အစိုးရနဲ့၊ ကျမတို့ ဒီမိုကရေစီအင်အားစုတွေနဲ့ ပြည်သူလူထုတွေ၊ တိုင်းရင်းသားတွေက အားလုံး လက်တွဲပြီး ဖြေရှင်းသွားကြရမှာ ဖြစ်တယ်။ အဲဒါက နောက်ဆုံးပိတ် အဖြေပဲ''။

ဦးဝင်းတင် အင်းစိန်ထောင်ရှေ့ သွားရောက်

ဖနိဒါ
သောကြာနေ့၊ ဂျူလိုင်လ 24 ရက် 2009 ခုနှစ်


ချင်းမိုင် (မဇ္ဈိမ) ။ ။ နှလုံးရောဂါဝေဒနာ ခံစားနေရသော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်သည် ယနေ့ ဒေါ်အောင်ဆန်းစုကြည်အမှု နောက်ဆုံးလျှောက်လဲချက် ကြားနာနေချိန်တွင် အင်းစိန်ထောင်ရှေ့တွင် သွားရောက်ခဲ့ကာ ပါတီခေါင်းဆောင်နှင့် သွေးစည်းညီညွတ်မှုကို ပြသခဲ့သည်။

နေ့လည် ၁ နာရီခွဲမှ ၂ နာရီခွဲထိ သွားရောက်ခဲ့ခြင်းဖြစ်ပြီး သူနှင့်အတူ အင်းစိန်ထောင်ရှေ့ အနည်းဆုံး ၃၀၀ ခန့် ရှိနေခဲ့သည်။

“ရှေ့နေတွေက ၂ နာရီ မထိုးခင် ဝင်သွားတယ်။ လူထုက ၃၀၀ လောက်ရှိတယ်။ ဒါထက် ပိုရင်လည်း ပိုမယ်။ ကျနော်ကြည့်တာက ခါတိုင်းနေ့ထက် ပိုများတယ်။ အသက်ကြီးတဲ့ လူတွေရော လာတယ်” ဟု အသက် ၈၀ နှစ်အရွယ် ဦးဝင်းတင်က ပြောသည်။

“ကျနော် အကြိမ်ကြိမ် ပြောချင်တာက ဒီအမှုက မတရားတဲ့အမှု။ အကွက်ဆင်ပြီး လုပ်တဲ့အမှု ဖြစ်တဲ့အတွက် ဒါကို ရုပ်သိမ်းပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့။ ဒေါ်စုနဲ့ တသားတည်းကျတယ်ဆိုတာကို ပြချင်တာပဲ ရှိတယ်”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် ဥက္ကဋ္ဌ ဦးရဲထွဋ်၊ ရှေ့နေ ဦးခင်မောင်ရှိန်၊ ဦးအောင်သိန်း၊ ညောင်လေးပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းမောင်တို့နှင့် ဒေါ်နော်အုန်းလှတို့ အမျိုးသမီးအုပ်စုများနှင့် ပြည်သူများ လာရောက်ကြသည်ဟု ပြောသည်။

သို့သော် ဒေါ်နော်အုန်းလှတို့ အဖွဲ့မှ ၁၀ ဦးခန့်အား ယနေ့ နံနက် ၁၁ နာရီခန့်တွင် ဘတ်စ်ကားဖြင့် လာရောက်ကြသည်ကို ရဲများက ဘုရင့်နောင် ရဲစခန်းတခုသို့ ခေါ်ဆောင် စစ်ဆေးခဲ့သေးသည်ဟု ဦးဝင်းတင်က ပြောသည်။

အင်းစိန်လမ်းမ ပိတ်ထားပြီး လုံခြုံရေးလည်း ယခင်ကထက် ပိုချထားသည်။

ဒေါ်အောင်ဆန်းစုကြည် အမှု လာမည့် တနင်္လာနေ့သို့ ထပ်မံချိန်းဆို

ဖနိဒါ
သောကြာနေ့၊ ဂျူလိုင်လ 24 ရက် 2009 ခုနှစ်


ချင်းမိုင် (မဇ္ဈိမ)။ ။ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် နောက်ဆုံး လျှောက်လဲချက်ကို ယနေ့ တင်ပြခဲ့ရာ အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင် အထူးတရားရုံးက ယခုလ ၂၇ ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် စာမျက်နှာပေါင်း ၂၃ မျက်နှာပါ နောက်ဆုံးလျှောက်လဲချက်ကို အင်းစိန်ထောင် တရားခွင်၌ ရှေ့နေ ဦးကြည်ဝင်းက မွန်းလွဲ ၂ နာရီခွဲမှ ညနေ ၄နာရီခွဲထိ လျှောက်လဲခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့ချုပ်က ပြောသည်။

“ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးကြည်ဝင်းက နေပြီးတော့ လျှောက်လဲချက်ကို တင်ပြခဲ့တယ်။ ဒီနေ့အတွက် ရုံးချိန်ကုန်ဆုံးသွားပြီ ဖြစ်တဲ့အတွက်ကြောင့် ဆိုပြီးတော့ ၂၇ ရက်နေ့မှာ ချိန်းလိုက်တယ်” ဟု အဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

လာမည့် ၂၇ ရက်နေ့မှာ ရှေ့နေ ဦးလှမျိုးမြင့်က ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေသူ ဒေါ်ခင်ခင်ဝင်း သားအမိ၏ အမှုလျှောက်လဲချက်ကို တင်ပြမည်ဖြစ်ပြီး၊ အမေရိကန်နိုင်ငံသား ဂျွန်ယက်တော၏ အမှုအတွက် သူ၏ ရှေ့နေ ဦးခင်မောင်ဦးက လျှောက်လဲမည် ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ရုံးချိန်းများ ပေးနေခြင်းကို သဘောမကျကြောင်း တရားခွင်အပြီးမှာ ပြောကြားခဲ့သေးကြောင်းကို အန်အယ်ဒီ ရန်ကုန်ဌာနချုပ်၌ ယနေ့ညနေတွင် ပြုလုပ်သည့် သတင်းစာရှင်းပွဲ၌ ဦးဉာဏ်ဝင်းက ပြောသည်။

မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ခြင်းမရှိဘဲ ကျင်းပမည့် ၂၀၁၀ ခု ရွေးကောက်ပွဲသည် တရားမဝင်ကြောင်း ကုလသမဂ္ဂမှ ပြောသင့်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေ ဦးဉာဏ်ဝင်းအား မှာကြားလိုက်ကြောင်းလည်း ရှေ့နေဦးခင်မောင်ရှိန်က မဇ္ဈိမကို ပြောသည်။

ယနေ့ အပြီးသတ် လျှောက်လဲချက် တင်သွင်းရာသို့ ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကျိုးဆောင် ရှေ့နေများဖြစ်ကြသည့် ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့သာမက အမေရိကန်၊ အင်္ဂလန်၊ ဗြိတိန်၊ ပြင်သစ်တို့အပါအဝင် အနောက်နိုင်ငံတချို့မှ သံတမန်များလည်း တက်ရောက်ခဲ့သည်။

တရားဆိုင်သက်သေများအဖြစ် ပုဂ္ဂိုလ် ၄ ဦးကို အမည်စာရင်း တင်သွင်းခဲ့သော်လည်း လပွတ္တာ အန်အယ်ဒီအမတ် ဦးကြည်ဝင်းနှင့် တောင်ကြီးမြို့မှ ရှေ့နေဒေါ်ခင်မိုးမိုးတို့ နှစ်ဦးကိုသာ ခွင့်ပြုပြီး အမျိုးသားဒီမိုကရေစီအဖွဲချုပ် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်နှင့် နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒုဥက္ကဋ္ဌ ဦးတင်ဦးတို့ကို ဗဟိုတရားရုံးက ပယ်ချခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောသည် မေလဆန်းက အင်းလျားကန်မှ ရေကူးကာ တိတ်တဆိတ် ဝင်ရောက်၍ နှစ်ညတာ နေထိုင်ခဲ့သဖြင့် သူမကို စစ်အစိုးရက “နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၂၂” ဖြင့် စွပ်စွဲပြီး ရုံးတင်စစ်ဆေးနေခြင်းဖြစ်သည်။

အစိုးရဘက်မှ တရားလိုပြ သက်သေများအဖြစ် အနည်းဆုံး ၂၃ ဦး တင်ပြခဲ့သော်လညှ်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝန်း လုံခြုံရေးအတွက် တာဝန်ယူထားခဲ့သူများ၏ အမည်များ ပါဝင်ခြင်း မရှိပေ။

လုံခြုံရေး အားနည်းခြင်းကြောင့် အမေရိကန်နိုင်ငံသား ဂျွန်ယက်တောအနေဖြင့် ခြံဝန်းအတွင်းသို့ ဝင်ရောက်လာနိုင်ခြင်း ဖြစ်သော်လည်း လုံခြုံရေးတာဝန်ရှိသူများအား အရေးမယူခြင်းသည် တရားမျှတမှု မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က မြင်သည်ဟု ဦးဉာဏ်ဝင်းက မဇ္ဈိမကို ယခင်က ပြောပြသည်။

အကယ်၍ ပြစ်မှုထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်လျှင် သူမအနေဖြင့် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရဖွယ်ရှိသည်။

သံတမန်ကားများ အင်းစိန်ထောင် တရားခွင်မှ ပြန်လည်ထွက်ခွာ

ဖနိဒါ
တနင်္လာနေ့၊ ဂျူလိုင်လ 27 ရက် 2009 ခုနှစ်

မဇ္ဈိမ (ချင်းမိုင်)။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် အင်းစိန်ထောင်အတွင်း နှစ်ဖက် ရှေ့နေများ အပြီးသတ် လျှောက်လဲချက်ကို တင်သွင်းနေသည့်အနက် ယနေ့ ဒုတိယမြောက် တရားခွင်သို့ လာရောက်ကြသည့် သံတမန်ကား ၅ စီးခန့် ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။

ထောင်အတွင်းသို့ နံနက် ၁၀ နာရီမှ စတင်ကာ သံတမန်များ ဝင်ခွင့်ရခဲ့ပြီး နေ့လည် ၁၂ နာရီ မထိုးမီတွင် ပြန်လည် ထွက်ခွာသွားခြင်း ဖြစ်ကာ၊ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများမှာမူ ထောင်ထဲမှ ပြန်လည် ထွက်ခွာလာခြင်း မရှိသေးကြောင်း အင်းစိန်ထောင်ရှေ့ ရောက်ရှိနေသူများ အပြောအရ သိရခြင်း ဖြစ်သည်။

“သံရုံးကား ၅ စီး ပြန်ထွက်သွားပြီ။ အမေရိကန်၊ ဗြိတိန် အပါအဝင်ပေါ့နော်။ ၁၂ နာရီ မထိုးခင်လောက်မှာ ထွက်သွားတယ်” ဟု ရှေ့နေဦးခင်မောင်ရှိန်က မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် သောကြာနေ့တွင် အပြီးသတ် လျှောက်လဲချက်ကို ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက စတင်တင်သွင်းရာ၊ တရားခွင်သို့ ၅ နိုင်ငံထက်မနည်း နိုင်ငံခြား သံတမန်များ ဝင်ရောက်ခွင့် ပြုခဲ့သေးသည်။ အဆိုပါ တရားခွင်တွင် ရှေ့နေ ဦးကြည်ဝင်းက ဦးဆောင်ကာ ဒေါ်အောင်ဆန်းစုကြည်အတွက် လျှောက်လဲချက် ပေးခဲ့သည်။

ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမှုတွဲဖြစ်သူ ဒေါ်ခင်ခင်ဝင်းနှင့် သမီးဖြစ်သူ မဝင်းမမတို့အတွက် ရှေ့နေဦးလှမျိုးမြင့်က အပြီးသတ် လျှောက်လဲမည်ဖြစ်ပြီး အမေရိကန်နိုင်ငံသား ဂျွန်ယက်တော၏ အမှုအတွက် သူ၏ ရှေ့နေ ဦးခင်မောင်ဦးက လျှောက်လဲမည်။

ယနေ့ ထောင်ရှေ့တွင် နှလုံးရောဂါ ခံစားနေရသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်၊ ရှေ့နေ ဦးခင်မောင်ရှိန်၊ ရှေ့နေ ဦးကျင်တိုး၊ ညောင်လေးပင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းမောင် အပါအဝင် ပြည်သူ ၅၀၀ ဦး ခန့် လာရောက်ကြသည်ဟု သိရသည်။

အင်းစိန် ကုန်းတံတားအဆင်းတွင် လုံထိန်းရဲများက ဒိုင်နာကား အပါအဝင် အနည်းဆုံး ကား ၆ စီး ဖြင့် လုံခြုံရေး စောင့်ကြပ်လျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်အား အားပေးသည့်အနေဖြင့် အင်းစိန်ထောင်ရှေ့သို့ သွားရောက်ခဲ့သူ ဒေါ်နော်အုန်းလှအပါအဝင် အမျိုးသမီး ၇ ဦးကိုလည်း ခရီးကြန့်ကြာစေရန် အာဏာပိုင်များက လမ်းတလျှောက်၌ ၎င်းတို့ စီးလာသည့်ကားအား ၆ ခါထက်မနည်း စစ်ဆေးခြင်းဖြင့် အနှောင့်အယှက် ပေးခဲ့ကြောင်း သိရသည်။

“ရဲတွေ ဝတ်စုံနဲ့ အပြည့်နဲ့ စစ်တာ။ ကားကိုလည်း စစ်တယ်။ ယာဉ်မောင်းလိုင်စင် စစ်တယ်။ ကျန်တဲ့ ကားတွေ မစစ်ဘူး။ အချိန်ကြန့်ကြာအောင် လုပ်တာပေါ့၊ ၉ နာရီစီးတာ ၁၁ နာရီကျော်မှ ရောက်တယ်” ဟု ဒေါ်နော်အုန်းလှက မဇ္ဈိမကို ပြောသည်။

ဒေါ်နော်အုန်းလှနှင့်အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ရွှေတိဂုံဘုရားတွင် အင်္ဂါနေ့တိုင်း ဆုတောင်းနေသည့် အဖွဲ့ဖြစ်သည်။

ပထမဆုံးအကြိမ် အပြီးသတ် လျှောက်လဲရသည့် ရုံးချိန်းသို့ ဘတ်စ်ကားဖြင့် လာရောက်ကြသည်ကို မရန်းကုန်းမြို့နယ် ဘုရင့်နောင် ရဲစခန်းတွင် ၎င်းတို့အဖွဲ့အား စစ်ဆေးခဲ့သေးသည်။

လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို ဆုချီးမြှင့်

ကိုဝိုင်း
တနင်္လာနေ့၊ ဂျူလိုင်လ 27 ရက် 2009 ခုနှစ် 18 နာရီ 34 မိနစ်

မဇ္ဈိမ (ချင်းမိုင်)။ ။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ - AI က အင်းစိန်ထောင်အတွင်း ထိန်းသိမ်းခံနေရသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အမှန်တရားနှင့် လွတ်လပ်စွာ ယုံကြည်ခွင့်ကို ကိုယ်စားပြုသူ တဦးအဖြစ် ယနေ့ ဂုဏ်ပြုဆု ပေးအပ်လိုက်သည်။

AI ၏ အမြင့်ဆုံးဆုတခုဖြစ်သော Ambassador of Conscience ဆုကို ၂၀၀၉ ခုအတွက် ပေးအပ်ခြင်းဖြစ်သည်။

AI အထွေထွေအတွင်းရေးမှူး Irene Khan က အကျဉ်းကျနေသည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာအတွက် အားကျဖွယ်၊ အတုယူဖွယ် ခေါင်းဆောင်တဦးဖြစ်ကြောင်း ပြောသည်။

“နှစ်ကာလတွေရှည်ကြာပြီး များသောအားဖြင့် အခက်အခဲ၊ အတားအဆီးများကို ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မျှော်လင့်ချက်များ၊ ယုံကြည်မှုနဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်တဲ့နေရာမှာ မြန်မာနိုင်ငံသားတွေအတွက်သာမက တကမ္ဘာလုံးအတွက် အတုယူစရာ သင်္ကေတ တခုဖြစ်ပါတယ်” ဟု သူက ပြောကြားကြောင်း အေအက်ပီ သတင်းတွင် ဖော်ပြထားသည်။

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် နှစ် ၂၀ ခန့်အတွင်း ၁၄ နှစ်ကျော်မှာ ဖမ်းဆီး၊ ထိန်းသိမ်းခြင်း ခံရသူ ဖြစ်သည်။

သူမ လွတ်မြောက်ရေးအတွက် ဖျော်ဖြေရေးအစီအစဉ်များ လုပ်လေ့ရှိသည့် အိုင်ယာလန် တေးဂီတအဖွဲ့ဖြစ်သော U2 တေးဂီတ အဖွဲ့က ယနေ့ည အိုင်ယာလန်နိုင်ငံ ဒဗ်လင်မြို့ရှိ Croke Park အားကစားရုံကြီးတွင် ကျင်းပမည့် ၎င်းတို့၏ တေးဂီတပွဲမှတဆင့် တရားဝင် ကြေညာပေးမည်ဖြစ်သည်။

U2 အဖွဲ့သည် ၂၀၀၅ ခုနှစ်အတွက် AI ကပေးသည့် Ambassador of Conscience ဆုရရှိထားသည့် အဖွဲ့လည်း ဖြစ်သည်။

ဆုကို ၂၀၀၃ ခုနှစ်တွင် စတင်ပေးအပ်လာခြင်းဖြစ်ပြီး၊ ယင်းနှစ်အတွက် ချက်သမ္မတနိုင်ငံ သမ္မတဟောင်း ဗားကလဗ် ဟာဗေးက ရရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စုစုပေါင်း ၇ ကြိမ် ပေးအပ်ခဲ့ပြီးဖြစ်သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မေရီရောဘင်ဆန်နှင့် ဂွာတီမာလာနိုင်ငံ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ Hilda Morales Trujillo တို့နှစ်ဦးကို ၂၀၀၄ ခုနှစ်အတွက် ပူးတွဲချီးမြှင့်ခဲ့သည်။

၂၀၀၆ ခုနှစ်အတွက် တောင်အာဖရိက လူဖြူလူမဲ တိုက်ဖျက်ရေးခေါင်းဆောင် နယ်ဆန်မန်ဒဲလား၊ ၂၀၀၈ ခုနှစ်အတွက် ဂီတပညာရှင် Peter Gabriel ကို ပေးအပ်ခဲ့သည်။

ဒေါ်စုလွတ်မြောက်ရေး မဟာမြတ်မုနိတွင် ဆုတောင်း

မြင့်မောင်
တနင်္လာနေ့၊ ဂျူလိုင်လ 27 ရက် 2009 ခုနှစ်


နယူးဒေလီ (မဇ္ဈိမ)။ ။ မန္တလေးမြို့ မဟာမြတ်မုနိဘုရားတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များ ဆုတောင်းပွဲ ပြုလုပ်ခဲ့သည်။

ရန်ကုန် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် သူမ၏ ရှေ့နေများကို အပြီးသတ် လျှောက်လဲချက်ပေးရန် ဒုတိယမြောက် ချိန်းဆိုလိုက်သည့် ယနေ့တွင် အန်အယ်ဒီ လူငယ် ၃၀ ခန့်က မဟာမြတ်မုနိဘုရား အင်္ဂါထောင့်တွင် အောင်သပြေပန်းများ ကပ်လှူပူဇော်ကာ လွတ်မြောက်ရေး ဆုတောင်းခဲ့ခြင်း ဖြစ်သည်။

“အင်္ဂါထောင့်မှာ ပန်းတွေ၊ ရေချမ်းတွေ ကပ်လှူဆုတောင်းခဲ့တယ်။ အနှောင့်အယှက်ကတော့ မရှိဘူး။ လူငယ်တွေက နောက်ရုံးချိန်တွေမှာလည်း လုပ်ဖို့ရှိတယ်” ဟု ဆုတောင်းပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ မန္တလေးတိုင်း အန်အယ်ဒီ လူငယ်ခေါင်းဆောင်တဦးက မဇ္ဈိမကို ပြောသည်။

“ဘုရားပေါ်မှာက လုံခြုံရေးတွေကတော့ တိုးချထားတယ်။ ရဲကား ၃-၄ စီး ပါတယ်။ ဟိုင်းလပ်ကားတွေနဲ့ လာတယ်။ ရဲဝတ်စုံ ဝတ်ထားတဲ့ ကားကလည်း ၃-၄ စီး ပါတယ်။ အရပ်ဝတ်နဲ့ လုံခြုံရေးက ဘုရားပုရဝုဏ်အတွင်းမှာ နေရာချထားတယ်။ သတင်းတပ်ဖွဲ့၊ စစ်ဖက်ဆိုင်ရာ လုံခြုံရေး၊ ကြံ့ဖွံ့တို့ပါ စောင့်နေတယ်” ဟု သူက ဆက်ပြောသည်။

အပြီးသတ် လျှောက်လဲချက်ကို စတင်ခဲ့သည့် ယခင်တပတ် သောကြာနေ့ကလည်း ပါတီလူငယ်များက မဟာမြတ်မုနိ ဘုရားပေါ်တွင် ယခုလိုပင် ဆုတောင်းပွဲ ကျင်းပခဲ့သေးသည်။ ဘုရားမှအပြန် နောက်ဆုံးတွင် ကျန်ရစ်သူ ပါတီလူငယ် ကိုတိုးကြီးအား အမည်မသိသူ လူ ၄ ဦးခန့်က ဘုရားကြီး မြောက်ဘက်မုဒ် စက်ဘီးအပ်သည့် နေရာတွင် အကြောင်းမဲ့ ထိုးကြိတ်ကန်ကျောက်မှု ပြုလုပ်ခဲ့ကြသည်။

ကိုတိုးကြီးက “ဆုတောင်းပွဲအပြီး ဘုရားက ပြန်အဆင်းမှာ အထိုးခံရတယ်။ ကျနော်တို့က ပြောရမှာက ဂွကျတယ်။ လုံခြုံရေးတွေရှေ့မှာ ထိုးတယ်ဆိုတော့ သူတို့ မဟုတ်ရင် ဘယ်သူ့ကို ပြောရမှာလဲ။ ထိုးတောင်မှ ဝင်ဖျန်ဖြေပေးရင် တမျိုး။ အဲလိုမဟုတ်ဘဲ ကြည့်နေတာဆိုတော့ သူတို့ လုပ်ခိုင်းတာလို့ ယူဆရပါတယ်” ဟု ပြောသည်။

အလားတူပင် မကွေးတိုင်း ရေနံချောင်းမြို့နယ် အန်အယ်ဒီ ပါတီဝင်များအနေဖြင့် ဒေါ်စု လွတ်မြောက်ရေးအတွက် ဘုရားကို သွားရောက်ဆုတောင်းခြင်း မပြုလုပ်နိုင်စေရန် ဒေသအာဏာပိုင်များက တားဆီးပိတ်ပင်ကြောင့် အစီအစဉ် အထမမြောက်ခဲ့ကြောင်း သိရသည်။

“ဦးတင့်လွင် ဂိုဒေါင်ကနေအထွက် ဘုရားကို အသွားမှာ အာဏာပိုင်တွေက ဝင်တားတယ်။ ဆက်ပြီးတော့ မသွားဖို့ ပြောတယ်။ သွားတဲ့လူ အကုန်လုံးကို ရယက (ရပ်ကွက်ကောင်စီ) ရုံးကို ခေါ်သွားတယ်။ မြို့နယ်မှူးက တွေ့ချင်လို့ပါဆိုပြီး စခန်းမှူးက ကျမတို့ကို ခေါ်သွားတယ်။ အကုန်လုံးကို မေးပြီးတော့ မြို့မ ရဲစခန်းကို ခေါ်သွားတယ်။ အဲဒီမှာ မြို့နယ်မှူးနဲ့ တွေ့ပြီးတော့ မလုပ်ဖြစ်အောင် တားတယ်” ဟု ပါတီဝင် မသန်းသန်းဋ္ဌေးက ပြောသည်။

ပါတီဝင် ၉ ဦးအား ထိုကဲ့သို့ ခေါ်ဆောင်သွားရာတွင် နံနက် ၈ နာရီမှ ၁၁ နာရီအထိဖြစ်ပြီး အပြန်တွင် အာဏာပိုင်များက ကားနှင့် ပြန်လိုက်ပို့ခဲ့သည်။

“ဒီနေ့ ဆုမတောင်းလိုက်ရဘူးပေါ့ရှင်။ ကျမတို့ကလည်း ကျမတို့ခေါင်းဆောင် လွတ်မြောက်ဖို့ ယုံယုံကြည်ကြည်နဲ့ ဘုရားမှာသွားပြီး ဆုတောင်းကြတာ။ နှောင့်ယှက် အတားအဆီး လုပ်တယ်ဆိုတော့ ကျမတို့ စိတ်ထဲမှာက ဒေါသဖြစ်မိတယ်” ဟု မသန်းသန်းဋ္ဌေးက ဆိုသည်။

ယနေ့တွင် ရန်ကုန်၊ မန္တလေးနှင့် မကွေးတိုင်းအတွင်းရှိ မြို့နယ်ပေါင်း ၃၀ ခန့်မှ အန်အယ်ဒီ ပါတီဝင်များက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဘုရားများသို့ သွားရောက်ကာ ဝတ်ပြုဆုတောင်းခဲ့ကြကြောင်း သိရသည်။

ဒေါ်စုအမှု တရားခွင်သို့ မြန်မာ့အလင်းသာ ဝင်ရောက်ခွင့်ရ

ဖနိဒါ
တနင်္လာနေ့၊ ဂျူလိုင်လ 27 ရက် 2009 ခုနှစ် 21 နာရီ 51 မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် အပြီးသတ် လျှောက်လဲသည့် ဒုတိယမြောက် ယနေ့ တရားခွင်သို့ မြန်မာစစ်အစိုးရ ထိန်းချုပ်ထားသည့် သတင်းဌာနတခုဖြစ်သည့် မြန်မာ့အလင်း သတင်းစာမှ သတင်းထောက်များမှအပ ပုဂ္ဂလိက စာနယ်ဇင်းသမားများ တက်ရောက်ခွင့် မရခဲ့ကြောင်း သိရသည်။

အင်းစိန်ထောင်တွင်း တရားခွင်သို့ ယခင်အပတ် သောကြာနေ့က လာရောက်ခွင့် ရရှိခဲ့သည့် သံရုံး ၅ ရုံး မပါဝင်ဘဲ ကျန်သည့် သံရုံးအချို့မှ သံတမန်များ တက်ရောက်ခွင့်ရခဲ့ပြီး၊ မြန်မာစစ်အစိုးရ၏ သတင်းဌာန မြန်မာ့အလင်းကိုသာ တက်ရောက်ခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

ယနေ့ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ လျှောက်လဲချက်ပေးရာ ဒေါ်အောင်ဆန်းစုကြည်၏ အမှုတွဲမှ ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမနှင့် မစ္စတာယက်တောတို့ ၃ ဦးအတွက် လျှောက်လဲချက် တင်သွင်းရာ ပြီးပြတ်ခြင်း မရှိသဖြင့် မနက်ဖြန်သို့ ထပ်မံ၍ ရုံးချိန်းခဲ့သည်။

“ဒီနေ့မနက် ၁၀ နာရီမှာ ရုံးစပြီးထိုင်ပါတယ်။ စထိုင်ထိုင်ချင်းကို ဒေါ်ခင်ခင်ဝင်းနဲ့ ဒေါ်ဝင်းမမတို့ရဲ့ ရှေ့နေအတွက် ဦးလှမျိုးမြင့်က လျှောက်လဲချက်ပေးပါတယ်။ အဲဒါပြီးတော့ မစ္စတာယက်တောရဲ့ ရှေ့နေ ဦးခင်မောင်ဦး လျှောက်လဲချက်ပေးပါတယ်။ အဲဒီ ၂ ယောက်ပြီးတော့ ခေတ္တ Break လုပ် တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “တနာရီက ပြန်စတယ်။ ပြန်စတော့ အစိုးရရှေ့နေက လျှောက်လဲချက်ပေးတယ်။ အဲဒါ ရုံးနားတဲ့ အချိန် ညနေ ၅ နာရီအထိပဲ။ ၅ နာရီမှာ အစိုးရှေ့နေပြီးသွားတော့ တရားရုံးက မနက်ဖြန် ၁ဝ နာရီကို ဆက်ချိန်းတယ်။ မနက်ဖြန် ၁ဝ နာရီမှာ ကျန်တဲ့လျှောက်လဲချက်တွေ ဆက်ပေးရဦးမယ်” ဟု ပြောသည်။

အစိုးရရှေ့နေက ဒေါ်စုသည် စည်းကမ်းဖောက်ဖျက်သဖြင့် ပြစ်မှုကျူးလွန်ကြောင်းနှင့် ၁၉၇၄ ခု အခြေခံဥပဒေသည် အသက်ရှိသေးသဖြင့် ယခုကဲ့သို့ အမှုစွဲဆိုခြင်းသည် တရားဝင်ကြောင်း လျှောက်ခဲ့သည်။

ယခုလ ၁၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ သက်သေတဦးဖြစ်သူ ဒေါ်ခင်မိုးမိုးက ၁၉၇၄ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အာဏာသက်ရောက်မှု မရှိတော့သဖြင့် ဤ ၁၉၇၄ ဖွဲ့စည်းပုံအရ ပြဋ္ဌာန်းထားသော ဥပဒေဖြင့် တရားစွဲဆိုခြင်း မပြုနိုင်ကြောင်း ခုခံချေပထွက်ဆိုခဲ့သည်။

ယခုလ ၂၃ ရက် မြန်မာ့အလင်း သတင်းစာတွင် ဒေါ်စုအား ပြစ်မှုကျူးလွန်သဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ရေးသား ဖော်ပြထားခြင်းသည် တရားရုံး ဂုဏ်သိက္ခာအား “ကျဆင်း” စေသည်ဟု တရားရုံးသို့ ယနေ့ လျှောက်လဲခဲ့ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

“ပြစ်မှုကျူးလွန်ခြင်း ရှိ၊ မရှိ တရားရုံးက မဆုံးဖြတ်ရသေးဘူး။ ဒီအခြေအနေမှာ သူတို့ ဒီလို ရေးတာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ တရားရုံးကို လျှောက်တယ်။ (၁) တရားရုံးရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတယ်။ (၂) တရားရုံးကို လွှမ်းမိုးချင်တဲ့ သဘောဖြစ်တယ်။ (၃) ဒေါ်အောင်ဆန်းစုကြည်က တရားရုံးရဲ့ အကာအကွယ်ကို မရဘူးဖြစ်နေတယ်လို့ ကျနော်တို့ လျှောက်ပါတယ်” ဟု သူက ပြောသည်။

၂၃ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ၌ ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီအရေး ဆောင်ရွက်သောကြောင့် “နိုင်ငံရေးပြစ်မှု” ဖြင့် အရေးယူခံရခြင်း မဟုတ်ဘဲ “တည်ဆဲဥပဒေတရပ်” အား “ဖောက်ဖျက်ကျူးလွန်” သောကြောင့် တရားရင်ဆိုင်နေရသူ ဖြစ်သည်ဟု ဖော်ပြထားသည်။

အဆိုပါ လျှောက်လဲချက်အတွက် တရားရုံးက ယနေ့ မည်သို့မျှ တုံ့ပြန်ခြင်း မရှိကြောင်း သိရသည်။

မနက်ဖြန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက အစိုးရရှေ့နေ၏ လျှောက်လဲချက်များနှင့် ပတ်သက်ပြီး ပြန်လည်ရှင်းလင်းချေပမည်ဖြစ်သည်။

မစ္စတာယက်တော ရင်ဆိုင်နေရသည့် စည်ပင်ယာသာဥပဒေနှင့် လူဝင်မှု ကြီးကြပ်ရေး ဥပဒေတို့ဖြင့် စွဲချက်တင်ထားမှုအတွက် ၎င်း၏ ရှေ့နေကလည်း လျှောက်လဲဦးမည်ဖြစ်သည်။

ဒေါ်စုအမှု ၃၁ ရက်နေ့ အမိန့်ချမည်၊ အဆိုးဆုံးအတွက် ပြင်ထားဟု ဒေါ်စုပြော l

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဂျူလိုင်လ 28 ရက် 2009 ခုနှစ်

နယူးဒေလီ။ ။ ဒေါ်အောင်ဆန်းစုကြည်အမှုကို လာမည့်သောကြာနေ့တွင် စီရင်ချက်ချမှာဖြစ်ပြီး၊ အဆိုးဆုံး အခြေအနေကို ပြင်ဆင်ထားကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင်က ပြောကြားလိုက်သည်။

အင်းစိန်ထောင်တွင်း အထူးတရားရုံးက အပြီးသတ် လျှောက်လဲချက်ကို နောက်ဆုံး ကြားနာအပြီး ယခုလ ၃၁ ရက်နေ့တွင် စီရင်ချက်ချမည်ဟု ကြေညာလိုက်သလို၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဆိုးဆုံးအတွက် ပြင်ဆင်ထားကြောင်း ပြောကြားလိုက်သည်ဟု သူမရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

ရဲက တရားလိုပြုလုပ်စွဲဆိုထားသော ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် သူ၏ ရှေ့နေများက ပြန်လည်၍ ရှင်းလင်းချေပခြင်းကို ယနေ့တွင် ပြုလုပ်ခဲ့သည်။

သွေးစည်းညီညွတ်မှုကို ပြသသည့် အနေဖြင့် အင်းစိန်ထောင်ရှေ့သို့ သူမ၏ ပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ရန်ကုန်တိုင်း တွဲဘက်အတွင်းရေးမှူး ဒေါက်တာ မျိုးအောင်၊ ရှေ့နေ ဦးအောင်သိန်း၊ ရှေ့နေ ဦးခင်မောင်ရှိန်၊ ညောင်လေးပင်မြို့နယ် အန်အယ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းမောင်၊ တွံ့တေးမြို့မှ ရှေ့နေ ဦးကြင်တိုးတို့ လာရောက်ကြသည်ဟု သိရသည်။

ပြီးခဲ့သည့် မေလဆန်းတွင် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောဆိုသူသည် သူမ အကျယ်ချုပ် ကျခံနေရသည့် နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့သည်ကို လက်ခံခဲ့သည်ဟုဆိုကာ အာဏာပိုင်များက အကျယ်ချုပ် စည်းကမ်းဖောက်ဖျက်မှုဖြင့် စွပ်စွဲကာ မေလ ၁၈ ရက်နေ့တွင် တရားစွဲဆိုခဲ့သည်။

သူမ၏ ရှေ့နေများက အမေရိကန်နိုင်ငံသားကို သူမက ဖိတ်ခေါ်ခဲ့ခြင်း မဟုတ်သောကြောင့် အပြစ်မရှိကြောင်းနှင့် နေအိမ်ပတ်ဝန်းကျင်တွင် စောင့်ကြပ်နေသည့် လုံခြုံရေးများသည်သာ ထိုသူကို တားဆီးနိုင်ခြင်း မရှိဘဲ တာဝန်လစ်ဟင်းခဲ့သဖြင့် ထိုသူတို့တွင်သာ တာဝန်ရှိကြောင်း ပြောဆိုခဲ့သည်။

သို့သော်လည်း စွပ်စွဲသူ တရားဆိုင်များဘက်က အထိန်းသိမ်းခံထားရစဉ်အတွင်း မည်သူတဦးတယောက်နှင့်မျှ ဆက်သွယ်ခြင်း၊ တွေ့ဆုံခြင်း မပြုလုပ်ရဟူသော တားမြစ်ချက်ကို ချိုးဖောက်သည်ဟုဆိုကာ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖမ်းဆီးထိန်းသိမ်းခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်ကို ချိုးဖောက်ခဲ့သည်ဟု လျှောက်လဲခဲ့သည်။

တရားရုံး၏ စီရင်ချက်သည် မည်သို့ဖြစ်မည်ကို မသိရသေးသော်လည်း အကဲခတ်အများကမူ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်၍ ဖမ်းဆီးချုပ်နှောင်ရန်အတွက် ထိုဖြစ်ရပ်ကို အသုံးချကာ အကွက်ဆင်ခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်သုံးသပ်ကြသည်။

လွန်ခဲ့သည့် နှစ် ၂၀ ခန့်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ၁၄ နှစ်ကြာမျှ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။