Thursday, March 27, 2008

ဒီချုပ်လူငယ်များက ကန့်ကွက်မဲပေးရန် NO လှုပ်ရှားမှု စတင်

မောင်ဒီး
နယူးဒေလီ။ ။ နအဖ ၏ လူထုဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲပေးရေး NO လှုပ်ရှားမှုတရပ်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များက ယနေ့ (တော်လှန်ရေးနေ့) ၌ ရုံးချုပ်ရှေ့တွင် လုပ်ဆောင်ခဲ့ကြသည်။
အဖွဲ့ချုပ်လူငယ် ၂ဝ ကျော်က NO တံဆိပ် ကပ်ထားသည့် တီရှပ် အဖြူ၊ အပြာ၊ အနီ တို့ကို ဝတ်ဆင်ကာ ၆၃ နှစ်မြောက် တော်လှန်ရေးနေ့ အခမ်းအနား မစတင်ခင် ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ ရုံးချုပ်ရှေ့ တွင် ဆန္ဒ ဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။
"ရှပ်အဖြူ၊ အနီ၊ အပြာတွေမှာ NO စာလုံးရေးထားပြီး အပေါ်မှာက ' ပြတ်ပြတ်သားသား ဆန့်ကျင်ကြ' စာတန်း ကပ်ထားတဲ့ ရှပ်တွေကို ဝတ်ပြီးတော့ ဖက်ဆစ် တော်လှန်ရေး အလံတွေကိုင်ပြီးတော့ လွတ်မြောက်ရေး၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးတွေ၊ ကမ္ဘာမကြေ သီချင်းဆိုတယ်။ နောက်ပြီး လူထု ဆန္ဒခံယူ ပွဲ အလိုမရှိ ဆိုပြီး အော်ကြတာပေါ့ ' ဟု အဖွဲ့ချုပ်လူငယ်တဦးက မဇ္ဈိမကို ပြောသည်။
အဖွဲ့ချုပ်လူငယ်များက တနာရီကြာမျှ ကြွေးကြော်သံများ ဟစ်အော်ခဲ့ကြသည်။
ကြံ့ဖွံ့နှင့် အထူး ရဲသတင်းတပ်ဖွဲ့ဝင်အချို့ လာရောက်ကာ ဓာတ်ပုံရိုက် သတင်း ယူခဲ့ကြသော်လည်း တစုံတရာ နှောင့်ယှက်ခြင်း မရှိခဲ့ကြောင်းနှင့် "ဒါကတော့ အဖွဲ့ချုပ် လူငယ်တွေရဲ့ ကိုယ့်ဆန္ဒကို ကိုယ်ထုတ်ဖော်တာ။ လာကြည့်တဲ့ ပြည်သူလူထုတွေမှာလည်း တစုံတရာ မက်ဆေ့ခ်ျတော့ ရသွားမှာပေါ့" ဟု ဟု အဆိုပါ လူငယ်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျင်းပသည့် တော်လှန်ရေးနေ့ အခမ်းအနားတွင်မူ နဝတ၏ ပြည်သူ့ လွှတ်တော် ခေါ်ယူပေးရေး ကတိကဝတ်များ ဖြစ်သည့် ၁၉၈၉ ရွေးကောက်ပွဲဥပဒေပုဒ်မ (၃)နှင့် ၁၊၉ဝ ကြေညာချက် အပိုဒ် ၁၂ တို့နှင့်အညီ နအဖ ကိုယ်တိုင်က ပြည်သူ့လွှတ်တော် ခေါ်ယူပေးရေးကို တောင်းဆိုခဲ့သည်။
ထို့အပြင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ သံဃာတော်များနှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ပြန်လွှတ်ပေးရေး၊ နှစ်ရှည် ထောင်ဒဏ်ကျခံနေရသည့် ရှမ်းဒီချုပ်ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အပါအဝင် ရှမ်းခေါင်းဆောင်များကို ချွင်းချက်မရှိ ပြန်လွှတ်ပေးရန် နအဖကို တောင်းဆိုခဲ့ကြသေးသည်။
သည့်နောက် မြို့နယ်များရှိ အဖွဲ့ချုပ် စည်းရုံးရေးအဖွဲ့ဝင်များ၏ ရုံးခန်းများကို ချိတ်ပိတ်ထားခြင်းမှ ပြန်ဖွင့်ပေးပြီး စည်းရုံး လှုပ်ရှားခွင့်များ ပြန်ပေးရန်နှင့် ၉ဝ ရွေးကောက်ပွဲတွင် ပါဝင်ခဲ့ကြသည့် နိုင်ငံရေးပါတီများကို မှတ်ပုံတင်အသစ် ထုတ်ပေးပြီး စည်းရုံး လှုပ်ရှားခွင့် ပြန်ပေးရန်လည်း တောင်းဆိုခဲ့သည်။
အခမ်းအနားသို့ ဝါရင့် နိုင်ငံရေးသမားများနှင့် နိုင်ငံခြားသံရုံးများမှ သံတမန်များ အပါအဝင် လူဦးရေ ၅ဝဝ ကျော် တက်ရောက်ခဲ့ကြပြီး အခန်းအနားအပြီး အဖွဲ့ချုပ် လူငယ်များက အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများ ရေးသားတင်ဆက်သည့် ဘုန်းဘုန်းချမှ လုံးလုံးရမယ် တိုက်ပွဲခေါ် မြန်မာ့ရိုးရာ အတာသင်္ကြန် သံချပ်များမှ နှစ်သက်ရာ သီချင်းများကို သံချပ်ထိုးကာ နအဖ အစိုးရ၏ ချို့ယွင်းချက်များကို ဝေဖန်ခဲ့ကြသည်။

ဒုတိယ လွတ်လပ်ရေးအတွက် ဦးဆောင်ပါ (ဆောင်းပါး)

မောင်နိုးသာအောင်
"အဆိုးဆုံးအတွက် ပြင်ဆင်ပြီး။ အကောင်းဆုံးအတွက် မျှော်လင့်ပါ"
(We are prepared for the worst and we hope for the best)
၁၉၄၇ ဇန်နဝါရီလမှာ ဗိုလ်ချုပ်အောင်ဆန်းက လန်ဒန်ကို လွတ်လပ်ရေး တောင်းဖို့အသွား နယူးဒေလီမြို့မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်တော့ ဗိုလ်ချုပ်က အကောင်းဆုံးအတွက် မျှော်လင့်ထားပေမယ့်လို့ အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားပါတယ် ဆိုတဲ့စကားကို ရှေ့နောက် ပြောင်းထားတယ် ဆိုတာ အားလုံးသိကြမှာပါ၊ ဗိုလ်ချုပ်ရဲ့ ဒီစကားဟာ စကားသက်သက်မျှ မဟုတ်ပါဘူး၊ တကယ်တော့ ဗြိတိသျှအစိုးရကို ဗိုလ်ချုပ်က ရာဇသံ ပေးလိုက်တာ ဖြစ်ပါတယ်။
နေမဝင် အင်ပါယာကြီးကို ရာဇသံပေးလိုက်တယ် ပြောတော့ ရယ်ချင် ရယ်မိကြပါလိမ့်မယ်၊ တကယ်တော့ အဲဒီအချိန်မှာ ဗြိတိသျှဟာ နေမဝင် အင်ပါယာ မဟုတ်တော့ပါဘူး၊ နေဝင်တော့မယ့် အင်ပါယာ ဖြစ်ပါတယ်၊ ဒုတိယ ကမ္ဘာစစ်မှာ ဗြိတိန်က စစ်နိုင်တယ် ဆိုပေမယ့် ပြာပုံဘဝ ရောက်တော့မယ့် အခြေဆိုက် နေပါတယ်၊ ချာချီနဲ့ သူ့ရဲ့ ကွန်ဆာဗေးတစ် ပါတီက ဥရောပဟာ ကမ္ဘာ၌ သမိုင်းကို မောင်းနှင်သူတွေ ဖြစ်တယ်ဆိုတဲ့ သမိုင်းလမ်းဟောင်းဆီ ပြန်သွားချင်ကြပေမယ့် နိုင်ငံရေး အနေအထားသစ်တွေက သူ့စိတ်ကူးကို အကောင်အထည်ဖော်ဖို့ ဆိုတာ ဝေးသည်ထက် ဝေးလာစေခဲ့ပါတယ်၊ လေဘာပါတီကတော့ အဲသလို မဟုတ်ပါဘူး၊ ဒါကြောင့် အဲဒီအချိန်က အာဏာရ လေဘာပါတီရဲ့ အကြီးအကဲဖြစ်တဲ့ ဝန်ကြီးချုပ် အက်တလီကတော့ ဗိုလ်ချုပ်ကို ဖိတ်ခေါ်ပြီး လွတ်လပ်ရေးအတွက် စကားပြောခဲ့ပါတယ်၊ ဒါကတော့ ဗြိတိန်ဘက်က အနေအထားကို ပြောပြတာပါ၊ ဗိုလ်ချုပ်ဘက်ကရော၊ ကျနော်တို့ကြည့်ကြ ရအောင်ပါ။
နိုင်ငံရေး လုပ်တယ်ဆိုရင် နိုင်ငံရေး အကင်းပါးဖို့ လိုပါတယ်၊ ပရိယာယ် ရှိရပါမယ်၊ ဒီနေရာမှာ ကြွက်သားတွေဟာ သိပ်အလုပ်မဖြစ်ပါဘူး၊ ဦးနှောက်ကို ညှစ်ထုတ်ရပါမယ်၊ ဗိုလ်ချုပ်က ဒီနေရာမှာ သိပ်တော်တယ်၊ တဖက်ကမ်းခတ်အောင် တော်တယ်၊ အရှေ့တောင်ပိုင်း မဟာမိတ် တပ်ပေါင်းစု သေနာပတိချုပ်ရဲ့ ရေတပ်ဗိုလ်ချုပ်ကြီး လူဝီ မောင့်ဘက်တန်ဟာ ဗိုလ်ချုပ်အား ဂျပန်ကို မောင်းထုတ်သူ မျိုးချစ်ဗမာ့တပ်မတော် (PBF) ရဲ့ ခေါင်းဆောင်အဖြစ် တလေးတစား ပထမဆုံး အသိအမှတ်ပြုခဲ့သူ တယောက် ဖြစ်ပါတယ်၊ ဗြိတိသျှတပ်မှာ မျိုးချစ် ဗမာ့တပ်မတော်က တပ်အင်အား ၅ဝဝဝ နှင့် အရာရှိ ၂ဝဝ ခန့်ထားဖို့ ဗိုလ်ချုပ်နဲ့ မောင်ဘက်တန်တို့ သဘောတူခဲ့ပါတယ်၊ အတည်ပြု လက်မှတ်ထိုးခဲ့တာတော့ သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့မှာပါ၊ ကန္ဒီမြို့က ညီလာခံအပြီးမှာ ဗိုလ်ချုပ်က စစ်တပ်ကနေ ထွက်ပြီးတော့ လွတ်လပ်ရေးအတွက် နိုင်ငံရေးလောကထဲ ဝင်ခဲ့ပါတယ်၊
ဒီနေရာမှာ ပြောချင်တာက ဂျပန်ကို တိုက်ထုတ်ခဲ့စဉ်က တပ်မှာ စစ်သည်အင်အားဟာ အတော်များပါတယ်၊ ဗြိတိသျှတပ်ထဲကို ပေါင်းထည့်လိုက်တဲ့ တပ်အင်အားဟာ သိပ်မများလှဘူး ဆိုတော့ ဗိုလ်ချုပ်က ပိုနေတဲ့ စစ်သားဟောင်းတွေကို စုစည်းပြီး ပြည်သူ့ရဲဘော်အဖွဲ့ (PVO) ကို ဖွဲ့စည်းခဲ့ပါတယ်၊ တိုင်းပြည် ပြန်လည် ထူထောင်တဲ့နေရာမှာ လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့ဆိုပြီး ဖွဲ့စည်းခဲ့တာပါ၊ အရပ်သားတပ် ဖြစ်ပါတယ်၊ အရပ်သား တပ်အင်အား ဘယ်လောက်ရှိတယ် ဆိုတဲ့နေရာမှာ သမိုင်းဆရာတွေ တယောက်နဲ့ တယောက် ကွဲလွဲမှုတွေ ရှိပါတယ်၊ (အယ်ဒီတာ၊ ၊ တသိန်းပတ်ဝန်းကျင်တော့ ရှိနိုင်မယ် ထင်ပါတယ်၊) ခရိုင်။ တိုင်း။ မြို့တိုင်းမှာ (PVO) ဌာနချုပ်တွေ ရှိပါတယ်၊ သူတို့တွေဟာ လူထုအစည်းဝေးပွဲတွေ လုပ်တယ်၊ စစ်ရေးပြမှုတွေ သူ့ဒေသနဲ့ သူ တနိုင်ငံလုံးမှာ လုပ်ပါတယ်၊ ဂျပန်ကို တိုက်ခဲ့တဲ့ လက်နက်တွေကို ဗြိတိသျှအစိုးရဆီ အပ်ခဲ့တာ ရှိသလို ဝှက်ထားတွေကလည်း မနည်းပါဘူး၊ ဗြိတိသျှ အစိုးရကလည်း ဒါတွေကို သိထားပါတယ်၊ လိုအပ်ရင် စစ်ရေးအရ တိုက်မယ်ဆိုတဲ့ သဘောပါ၊ ဗြိတိသျှဟာ ပြည်တွင်းစစ် ဖြစ်မှာကို မလိုလားပါဘူး၊ စစ်တိုက်ဖို့ စိတ်ကုန်နေပုံပါပဲ။
ဗိုလ်ချုပ်က တဖက်ကလည်း အမျိုးသား တပ်ပေါင်းစုအဖြစ် (ဖဆပလ) ကို ဖွဲ့စည်းပြီး အမျိုးသား ညီညွတ်ရေးကို ပြခဲ့ပါတယ်၊ လူထု အစည်းဝေးပွဲတွေ ကျင်းပပြီး အင်အားပြကြေညာချက်တွေ ထုတ်ခဲ့သလို ဆန္ဒပြပွဲတွေလည်း လုပ်ခဲ့ပါတယ်၊ ၁၉၄၆ ခုနှစ်ဟာ ဗြိတိသျှ အစိုးရအတွက် အကျပ်ရိုက်ဆုံး အချိန်တွေပါပဲ၊ ဆင်းမလားကနေ စက္ကူဖြူ စီမံကိန်းနဲ့ ပြန်ဝင်လာတဲ့ စစ်ပြေးအစိုးရရဲ့ ဘုရင်ခံဒေါ်မန်စမစ်ကို အင်္ဂလန်ကနေ နောက်ဆုံး ပြန်ခေါ်သွားခဲ့ရပါတယ်၊ ဘုရင်ခံသစ် ဆာဟူးဘတ်ရန်စ် ရောက်လာတော့လည်း ဆန္ဒပြပွဲတွေနဲ၌ အကြပ်ရိုက်အောင်လုပ်ပြီး လန်ဒန်ကို လွတ်လပ်ရေးအတွက် စကားပြောဖို့ သွားခဲ့တဲ့နေရာမယ် ဗိုလ်ချုပ်က အဆိုးဆုံးအတွက် ပြင်ဆင်ပြီး သွားခဲ့ခြင်း ဖြစ်ပါတယ်၊
ဒါတွေကို ဗြိတိသျှက သိနေလေတော့ လွတ်လပ်ရေးပေးဖို့ ညှိနှိုင်း အဖြေရှာခဲ့ပါတယ်၊ တနည်းပြောရရင်တော့ ဒေလီက ရာဇသံကို လိုက်လျောခဲ့ပါတယ်၊ မြန်မာနိုင်ငံကို လွတ်လပ်ရေး စောစောစီးစီး ပေးခဲ့ကြလို့ မြန်မာပြည်တွင်းကရော။ ပြည်ပမှာပါ အတော်လေး အံသြခဲ့ကြပါတယ်၊ ဘာကြောင့် လွတ်လပ်ရေးကို သူများနိုင်ငံတွေထက် စောစီးစွာ ရခဲ့တာလဲဆိုတာ ပြန်သုံးသပ်ကြည့်ရင် (၁) ဗိုလ်ချုပ်အောင်ဆန်းက ပြည်သူလူထုတရပ်လုံးကို ညီညွတ်မှု ရှိအောင် စည်းရုံးနိုင်ခြင်း (ဖဆပလ အဖွဲ့ချုပ်။ ပြည်သူ့ ရဲဘော်အဖွဲ့နဲ့ ဆိုရှယ်လစ်။ အလုပ်သမား။ လယ်သမား။ ဗြိတိသျှတပ်ထဲရှိ ဗမာ့စစ်သည်များ) (၂) ဗြိတိသျှအစိုးရရဲ့ ပြည်တွင်းစီးပွားရေး အကျပ်အတည်းနဲ့ အစိုးရအဖွဲ့အတွင်း လစ်ဘရယ်ဝါဒ ယုံကြည်မှု လွှမ်းမိုးနေခြင်းကြောင့် ဖြစ်ပါတယ်၊
ဗိုလ်ချုပ်ရဲ့ ပဲ့တင်သံ ဒေလီမှာ ဗိုလ်ချုပ်ပြောခဲ့တဲ့ "အကောင်းဆုံးကို မျှော်လင့်ထားတယ်။ ဒါပေမဲ့ အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားပါတယ်" ဆိုတဲ့ ရာဇသံဟာ သမိုင်း စာမျက်နှာပေါ်မှာ အိပ်ပျော်နေတာ ကြာခဲ့ပါပြီ၊ ဒါပေမဲ့ ဒီစာကို ဖတ်မိတဲ့လူ ရှိခဲ့ရင်တော့ အဲ့ဒီလူရဲ့ ရင်ထဲ ကူးစက်သွားတာတော့ ရှိတာပေါ့လေ၊ ဒီရာဇသံဟာ ၂ဝဝ၈ ခုနှစ်မှာ ပဲ့တင်သံအဖြစ် ပြန်ပေါ်လာပါတယ်၊ ဗိုလ်ချုပ်ပြောခဲ့တာက ၁၉၄၇ ဆိုတော့ ၆၁ နှစ်အကြာမှာ ဖြစ်ပါတယ်၊ နေအိမ်မှာ အကျယ်ချုပ်ကျခံနေရတဲ့ သမီးဖြစ်သူ ဒေါ်စုနဲ့ သူမရဲ့ ပါတီဖြစ်တဲ့ (NLD) လူကြီးတွေနဲ့ တွေ့ဆုံခွင့် ရတဲ့အချိန်မှာ လူထုကို ပေးလိုက်တဲ့ 'အမှာစကား' တခုပါပဲ၊ ဒီစကားဟာ ဗိုလ်ချုပ်ရဲ့ ရာဇသံလိုပဲ အားကောင်း ပါသေးရဲ့လား၊ ဒါမှမဟုတ် ရာဇသံဘဝမှာကော ရှိနေပါသေးရဲ့လား။
၁၉၄၇ မှာတုန်းက လွတ်လပ်ရေး တောင်းဖို့အသွား နယူးဒေလီမှာ အစိုးရအကြီးအကဲအနေနဲ့ ဗိုလ်ချုပ်က ပြောခဲ့တဲ့စကားပါ၊ အခုတော့ အကျဉ်းသားဘဝကနေ ပြောတဲ့ အမှာစကားပါ၊ အခြေအနေချင်းကတော့ အတော့်ကို ကွာပါတယ်၊ အနှစ်သာရ အားဖြင့်ကကော၊ ဒါတွေကို ကျနော်တို့ စဉ်းစားကြည့်ဖို့ လက်ရှိနိုင်ငံရေး အခြေအနေတွေကို ပထမဆုံး လေ့လာဖို့ လိုမယ်လို့ ထင်ပါတယ်။

လတ်တလော နိုင်ငံရေး အခြေအနေများ
စစ်အစိုးရရဲ့ ရပ်တည်ချက်ကတော့ ရှင်းပါတယ်၊ အဆင့် ၇ ဆင့်ပါ လမ်းပြမြေပုံအတိုင်း သွားမှာ ဖြစ်ပါတယ်၊ အခု အဆင့် ၄ ကို ရောက်နေပြီး ဒီနှစ် မေလမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် လူထု ဆန္ဒခံယူပွဲ ကျင်းပတော့မှာပါ၊ ကျင်းပရေး ကော်မတီ ဖွဲ့စည်းပြီး ဆန္ဒခံယူပွဲအတွက် ဥပဒေတွေတောင် ပြဌာန်း ပြီးပါပြီ၊ အတည်ဖြစ်မယ် လို့လည်း စစ်အစိုးရက အပိုင်တွက်ထားပုံပါပဲ၊ ဒါပေမဲ့ အားလုံး သိကြတဲ့အတိုင်းပါပဲ၊ အများပြည်သူ တင်မြှောက်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ မပါဘဲ ဖွဲ့စည်းပုံ အခြေဥပဒေကို ရေးဆွဲခဲ့တယ်၊ ၁၉၉ဝ တုန်းက အစိုးရက ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ အခုအစိုးရရဲ့ လုပ်ပုံတွေဟာ မကိုက်ညီဘူး ... စတဲ့ အငြင်းပွားစရာတွေကို ထောက်ပြပြီး NLD ဘက်က ဒီဖွဲ့စည်းပုံ အတည်ပြုရေးကို ဆန့်ကျင်နေကြပါတယ်၊ ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့မှာ ဗဟိုတရားရုံးမှာ အစိုးရကို တရားစွဲဖို့ လုပ်ခဲ့တာ တရားရုံးက တိုင်တန်းချက်ကို လက်မခံခဲ့ပါဘူး၊ ၂ဝ၁ဝ ရွေးကောက်ပွဲ လုပ်တဲ့အခါ ဒေါ်စုမပါရဘူး ပါရမယ် စတဲ့ ငြင်းခုန်မှုတွေကလည်း ရှိပါတယ်၊ အမှန်တော့ ဒါက ဒုတိယကိစ္စပါ၊ ဇာတ်လမ်းကို ပိုရှုပ်ထွေးစေမယ့် ငြင်းခုန်မှုတွေပါ၊ လမ်းမလွှဲသွားဖို့ အရေးကြီးပါတယ်။
အမှန်တကယ် အရေးတကြီး စဉ်းစားကြရမှာက မေလ ကိစ္စပါ၊ ဒီမိုကရေစီကို ဦးဆောင် တိုက်ပွဲဝင်နေတဲ့ NLD အနေနဲ့ ပြတ်ပြတ်သားသား ဆုံးဖြတ်ရမယ့် ကိစ္စပါ၊ နိုင်ငံရေးကို ဦးဆောင် ဦးရွက်ပြုဖို့ လူထုက ၁၉၉ဝ မှာ NLD ကို လုံးဝ ပုံအပ်ခဲ့တာပါ၊ NLD အနေနဲ့ ဒါကို သိပါတယ်၊ လွတ်လပ်ရေးနေ့လို။ ပြည်ထောင်စုနေ့လို နေ့ကြီး ရက်ကြီးတွေမှာ ကြေညာချက်တွေ။ တောင်းဆိုချက်တွေ လုပ်တိုင်း ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ကိုပဲ ထပ်ခါတလဲလဲ ထောက်ပြခဲ့ပါတယ်၊
တောင်းဆိုချက်တွေ ရဖို့ဆိုတာ ၁၉၄၆/၄၇ မှာ ဗိုလ်ချုပ်လုပ်ခဲ့သလို နောက်ကနေ ကျစ်လစ် ခိုင်မာတဲ့ စည်းလုံး ညီညွတ်တဲ့ လူထု ရှိနေရပါမယ်၊ လူထုမပါဘဲ ဘာနိုင်ငံရေးမှ လုပ်လို့မရပါဘူး၊ တနေ့တခြား လူတွေဟာ အထွေထွေ မကျေနပ်မှုတွေ ပိုမိုများပြားလာတာကြောင့် နိုင်ငံရေးကို တနေ့တခြား ပိုမို စိတ်ဝင်စား လာကြပါတယ်၊ ပိုမို တင်းကျပ်လာတဲ့ နိုင်ငံတကာရဲ့ ပိတ်ဆို့ အရေးယူမှုတွေရဲ့ ရလဒ် အသီးအပွင့်တွေကိုလည်း တွေ့မြင်ရဖို့ နီးကပ်လာနေပြီ ဖြစ်ပါတယ်၊ ဒီအချိန်မှာ လူထုက ၁၉၉ဝ ကတည်းက ဒီမိုကရေစီရေးအတွက် ခေါင်းဆောင် မြှောက်ထားတဲ့ NLD ဘာလုပ် နေသလဲ ဆိုတာ သိချင်နေကြပါတယ်၊
ဒါပေမဲ့ NLD ကလူထုကို သိပ်စိတ်ဝင်စားပုံ မပေါ်ဘူး၊ အကြောင်းမဲ့ ပြောတာတော့ မဟုတ်ဘူး၊ NLD အနေနဲ့ လူထုအတွက် ရည်ညွန်းတဲ့ ထုတ်ပြန် ကြေညာချက်တွေ။ မိန့်ခွန်းတွေ ဘာမှမတွေ့ရ။ မကြားရ လို့ပါပဲ၊ လူထုနဲ့ ဆက်သွယ်တဲ့ အခါမယ် အဟန့်အတားတွေ ရှိနေတယ် ဆိုတာ လက်ခံပါတယ်၊
ဒါပေမဲ့ ယနေ့ခေတ်မှာ သတင်းစီးဆင်းမှုကို တားလို့မရဘူး ဆိုတာကိုလည်း လက်ခံရပါလိမ့်မယ်၊ နိုင်ငံခြား မီဒီယာတွေဟာ သတင်းကို လူထုထဲကို မြန်မြန်ရောက်အောင် ပို့နိုင်တဲ့ တန်ခိုးစွမ်းအားကိုတော့ အားလုံး ချွင်းချက်မရှိ လက်ခံထားပါတယ်၊ ဒါကို အစိုးရကတောင် ဝန်ခံထားကြောင်း သတင်းစာတွေရဲ့ နောက်ကျောဖုံးက VOA, BBC, RFA ကြေညာချက်တွေကို ကြည့်ရင် တွေ့နိုင်ပါတယ်၊ ဒီနေရာမှာ NLD အနေနဲ့ မမေ့မလျော့ ရှိနေရမှာက ခေါင်းဆောင်မှု အခန်းကကို တာဝန်ယူထားရင် ခေါင်းဆောင်မှု ပေးရမယ် ဆိုတာပါပဲ၊ "လူထုကြီးခင်ဗျား။ ခင်ဗျားတို့ အဆင်ပြေသလို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကြည့်လုပ်ကြပါ ခင်ဗျား၊ ကျနော်တို့လည်း လုပ်နေပါတယ်၊ အခုတော့ ကျနော်တို့ ဘာတွေလုပ်နေတယ် ဆိုတာ ပြောလို့ မဖြစ်လို့ပါ။ အချိန်ကျလာရင်တော့ ကျနော်တို့ ပြောပါမယ်" ဆိုတဲ့ ခေါင်းဆောင်မှုမျိုးနဲ့တော့ ဒီမိုကရေစီရရေးထက် နိဗ္ဗာန် ရောက်ရေးက ပိုလွယ်ပါလိမ့်ဦးမယ်၊
အထွေထွေ အကျပ်အတည်းနဲ့ ရင်ဆိုင်နေတဲ့ နိုင်ငံရေး စိတ်ဝင်စားတဲ့ လူထုကြီးကတော့ "ပြောမဖြစ်" နိုင်ငံရေးခေါင်းဆောင်မှုအကြောင်း တွေးမိတိုင်း စိတ်ပျက်နေကြပါတယ်၊ 'မေ' ကိစ္စရော 'ပြောမဖြစ်' ဘူးတဲ့လား။
မကွယ်မထောက်ပြောရရင် NLD ရဲ့ လူထုကို ဦးဆောင်မှု အနေအထားဟာ အတော့်ကို အားနည်းနေပါတယ်၊ ပြီးခဲ့တဲ့ စက်တင်ဘာ အရေးတော်ပုံကို ပြန်ကြည့်ရင် အစိုးရက ဓာတ်ဆီဈေး စတက်တော့ ဒါကို ပထမဆုံး လက်တွေ့တုံ့ပြန်သူဟာ ၈၈ မျိုးဆက်ကျောင်းသားများ ဖြစ်ပါတယ်၊ အဲဒါ မတိုင်ခင်ကတည်းက ၈၈ အဖွဲ့ဟာ လူထု လှုပ်ရှားမှုတွေကို ပေါ်ပေါ်တင်တင်ပဲ လုပ်နေခဲ့တာ အားလုံးအသိပါပဲ၊ ဆန္ဒဖော်ပြတဲ့ လက်မှတ်ရေးထိုး လှုပ်ရှားမှုတွေ။ အဖြူရောင် လှုပ်ရှားမှုတွေ။ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိဘဆွေမျိုးတွေဆီ အပတ်စဉ် သွားတွေ့ခဲ့တာတွေ စတဲ့ လူထုရဲ့ အသိစိတ်ထဲ နိုင်ငံရေးနိုးကြားမှုတွေ ရှိလာအောင် လုပ်ခဲ့တာတွေဟာ NLD ရဲ့ လူထုကို ဦးဆောင် ဦးရွက်ပြုရမယ့် အပိုင်းမှာ ခေါင်းဆောင်မှု လေဟာနယ် (vacuum in leadership) ဖြစ်နေတဲ့ နေရာကို ဝင်ရောက် ရယူတဲ့ လှုပ်ရှားမှုတွေပဲ ဖြစ်ပါတယ်၊ ၈၈ ခေါင်းဆောင်ပိုင်းတွေ အဖမ်းခံရပြီးနောက် စက်တင်ဘာ အုံကြွမှုကြီးကို ဦးဆောင်ခဲ့တာတော့ သံဃာတော်များ ဖြစ်နေပြန်ပါတယ်၊ နိုင်ငံရေးဆိုတာ လူထုကို စည်းရုံးတတ်၊ ဦးဆောင်တတ်ခြင်းလို့ အဓိပ္ပာယ် ဖွင့်ရင်တောင် ရမယ် ထင်ပါတယ်၊
ဘာပဲဖြစ်ဖြစ် အတိတ်ကို အတိတ်မှာပဲ ထားလိုက်ကြစို့ရဲ့လို့ ဆိုရင် NLD အနေနဲ့ အခု မဖြစ်မနေ လုပ်ဖို့ လိုတာက ဒုတိယ ကမ္ဘာစစ်မှာ ဂျပန်ကို မောင်းထုတ်အပြီး ဖဆပလ ရဲ့ လွတ်လပ်ရေးအတွက် လှုပ်ရှားခဲ့တဲ့ အမျိုးသား နိုင်ငံရေးမျိုး ပြန်လည်ဖန်တီးဖို့ လိုပါတယ်၊ ညီညွတ်တဲ့ တပ်ပေါင်းစုတပ်ဦး (United Front) တခု ထူထောင်ရပါမယ်၊ ဒေါ်စုကတော့ ဒီမိုကရေစီ ရရှိရေးကို ဒုတိယ လွတ်လပ်ရေးတိုက်ပွဲလို့ ပြောခဲ့တယ် မဟုတ်လား၊ အခုချိန်ဟာ ခေတ်သစ် သမိုင်းစာမျက်နှာမှာ အရေးကြီးဆုံး အခြေပြောင်းကာလ (Crucial and critical moment) ကို ရောက်နေပါပြီ၊ ဒီအခြေအနေမျိုးမှာ နောင်လာမယ့် သမိုင်းဆရာတွေက NLD ကို ဘယ်လို မှတ်တမ်းမျိုး ရေးစေချင်ပါသလဲ၊National League for Democracy အနေနဲ့လား၊ ဒါမှမဟုတ် No Leadership for Democracy အနေနဲ့လား၊

NLD ရဲ့ နိဒါန်းသစ်လား။ နိဂုံးလား
မေ့မေ့ပျောက်ပျောက် ဖြစ်နေတဲ့ "ဒေါ်စုနဲ့ ဦးအောင်ကြည်" တို့ရဲ့ ဆွေးနွေးပွဲအကြောင်း ကြည့်ကြရအောင်ပါ၊ ဆွေးနွေးပွဲရဲ့ ရလဒ်အကြောင်း တရားဝင် ထုတ်ပြန်တာ ဘာမှ မရှိပါဘူး၊ ဒီဆွေးနွေးပွဲ ပေါ်လာရတာဟာ ၂ဝဝ၇ စက်တင်ဘာ လှုပ်ရှားမှုရဲ့ ရလဒ်လို့ပဲ အများက မြင်ထားပါတယ်၊ အစိုးရအနေနဲ့ ဒီလှုပ်ရှားမှုကို ရက်ရက်စက်စက် ဖြိုခွင်းမှုအပေါ် နိုင်ငံတကာက ဖိအားပေးမှုတွေ မြင့်တက်ခဲ့တာကြောင့် ဒီ ဖိအားတွေ လျော့ကျသွားစေဖို့အတွက် ရည်ရွယ်ပြီး လုပ်ခဲ့တဲ့ တနည်းပြောရင် သဘောရိုး မပါတဲ့ 'ဖန်တီးချက်' ကို အားလုံးက ရှုမြင်ထားကြပါတယ်၊ ဒါပေမဲ့ ဝန်ကြီးအဆင့်ရှိတဲ့ အစိုးရဘက်က အဆင့်မြင့် ပုဂ္ဂိုလ်တယောက်ကို ဒေါ်စုနဲ့တွေ့ဖို့ ဥပဒေတွေ ဘာတွေ ထုတ်ပြီး ခန့်ထားတာကတော့ ဘာပဲဖြစ်ဖြစ် သိပ်ခမ်းနား လွန်းမနေဘူးလား၊ အရင်ဆို ဒါမျိုး ကိစ္စတွေ လုပ်ချင်ရင်တောင် ဗိုလ်မှူးကြီး အဆင့်လောက်နဲ့ ဆိုရင်တောင် အတော်များလောက်ပါပြီ၊ လမ်းပြမြေပုံနဲ့ 'ဒေါ်စု၊ ဦးအောင်ကြည်' ဆွေးနွေးပွဲဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အပြိုင် ကစားကွက်ပါ၊ လမ်းပြမြေပုံ တခုခု လွဲချော်ခဲ့ရင် ဆွေးနွေးပွဲဟာ သူ့အတွက် နောက်ထပ် အပေးအယူလုပ် (Deal) နိုင်သေးတဲ့ ကစားကွက်တခုပါ၊ သူ့စိတ်နေ စိတ်ထားဟာ ဘယ်လို ရှိနိုင်ပါသလဲ၊ စဉ်းစားကြည့်ကြရအောင်ပါ၊
သူဟာ ဒုတိယ ကမ္ဘာစစ်။ ပါလီမန် ဒီမိုကရေစီခေတ်။ ဆိုရှယ်လစ်ခေတ် စတဲ့ ရှုပ်ထွေးတဲ့ အခင်းအကျင်း များစွာကို ဖြတ်သန်းခဲ့ပြီး လက်တွေ့နိုင်ငံရေး (Real politic) ကို ကိုယ်တွေ့ ကြုံတွေ့ခဲ့သူပါ၊ လက်တွေ့ နိုင်ငံရေးကို လက်တွေ့လုပ်သူဆိုတာ ပြီးခဲ့တဲ့ စက်တင်ဘာ ဖြေရှင်းခဲ့ပုံက သက်သေပါပဲ၊ အားလုံး မှင်သက်မိခဲ့ကြတယ် မဟုတ်လား၊ 'အစိုးရတရပ် ဆိုတာ လူထူက ချစ်နေရေးထက် ကြောက်နေရေးက ပို အရေးကြီးတယ်' ဆိုတဲ့ လက်တွေ့ နိုင်ငံရေးဖခင် မက်ခရာ ဗယ်လီရဲ့ စကားကို ကျနော်တို့တွေ သတိရနေဖို့ လိုပါတယ်၊
ခုနက စကားကို ပြန်ဆက်ရရင် 'ဒေါ်စု။ ဦးအောင်ကြည်' တို့ရဲ့ ဆွေးနွေးပွဲဟာ ပျက်သွားပြီလား၊ မလိုတော့ဘူးလား၊ လမ်းပြမြေပုံကို နောက်တဆင့်တိုးပြီး မေလ ဆန္ဒခံယူပွဲ လုပ်မယ်ဆိုတော့ မေးခွန်းတွေ ထွက်လာပါတယ်၊ ဒီမေးခွန်းရဲ့ အဖြေကို သိဖို့ မေလအထိ စိတ်ရှည်ရှည် စောင့်ရမှာပါ၊ အဖြေကတော့ ရှင်းပါတယ်၊ ရွေးကောက်ပွဲ အတည်ပြုနိုင်ခဲ့ရင် တွေ့ဆုံရေးဟာ မလိုတော့ဘူးပေါ့၊ လူထုဆန္ဒက အတည်မပြုတဲ့ဘက်က များခဲ့ရင် ဒီဆွေးနွေးပွဲက ရှေ့တန်းကို ရောက်လာမှာ ဖြစ်ပါတယ်၊ သုံးပွင့်ဆိုင်ကိစ္စ ကျယ်ကျယ်လောင်လောင် ပြောလို့ရပြီလို့ ထင်ပါတယ်၊ အဖြေကတော့ အဲဒီလိုမျိုး ဖြစ်ခဲ့ရင် အစိုးရရဲ့ တရားမဝင် ရပ်တည်ခွင့် အကျပ်အတည်း (illegitimacy Crisis) ဟာ ဂိတ်ဆုံး ရောက်သွားတော့မှာပါ၊ 'ဒေါ်စု။ ဦးအောင်ကြည်' တို့ရဲ့ ဆွေးနွေးပွဲဟာ နိုင်ငံရေးမျက်နှာစာကို ရောက်လာမှာ ဖြစ်ပါတယ်၊
NLD အနေနဲ့ ၁၉၉ဝ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့သလို ၂ဝဝ၈ မေလမှာ NLD အနေနဲ့ လူထုရဲ့ ထောက်ခံမှု ဘယ်လောက်ထိ ရှိသေးသလဲ ဆိုတာ လူထုကို ... ကန့်ကွက်မဲ ပေးခိုင်းပြီး အစိုးရနဲ့ အားစမ်းကြည့်ဖို့ (ှ့Showdown) စဉ်းစားထားပါသလား၊ အမှန်တော့ ဒီနည်းဟာ အကြမ်းမဖက်တဲ့ နည်းနဲ့ လူထုဆန္ဒကို ဖော်ထုတ်ဖို့ အကောင်းဆုံး နည်းလမ်းပါ၊ တပ်မတော်အစိုးရရဲ့ ပြောရေးဆိုခွင့် အာဏာပိုင် အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းက မစ္စတာဂမ်ဘာရီနဲ့ တွေ့စဉ်က 'ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ ထောက်ခံသူရော၊ ဆန့်ကျင်သူများပါ ဥပဒေနဲ့အညီ လွတ်လပ်စွာ မဲပေးခွင့် ရရှိမှာဖြစ်ပါတယ် ....' လို့ အတိအလင်း ပြောထားခဲ့တာ အားလုံးအသိပါပဲ၊ လိုရင်းကတော့ ပြည်သူလူထုရဲ့ အဆုံးအဖြတ်ကို ခံယူမယ်ဆိုတဲ့ သဘောပါ၊
အကောင်းဆုံး ခံစစ်ဟာ အကောင်းဆုံး တိုက်စစ်လို့ စစ်ပါရဂူတွေပြောတာ ကြားဖူးပါတယ်၊NLD အနေနဲ့ ဒီအဆိုကို ပြန်သတိရဖို့ လိုပါတယ်၊ နောက်ဆုံး ကောက်ချက်ချကြည့်ရင် ဒေါ်စုရဲ့ 'အဆိုးဆုံးအတွက် ပြင်ဆင်ထားပါ' ဆိုတာ ဒါကို ဆိုလိုတာလား၊ ၁၉၄၇ ခုနှစ်တုန်းက ဗိုလ်ချုပ်က ဗြိတိသျှ အစိုးရကို ပြောခဲ့တဲ့ စကားလို ရာဇသံ မဆန်ပေမဲ့ အကျဉ်းချခဲ့ရတဲ့ ဒေါ်စုရဲ့ နှလုံးရည် သတ္တိကတော့ ဒီ ပဲ့တင်သံထဲမှာ မြည်ဟီးနေပါတယ်၊ အဆိုးဆုံးကို ရင်ဆိုင်ပြီးရင် ကျနော်တို့တွေ အကောင်းဆုံးကို မျှော်လင့်ထားကြရအောင်ပါ၊
ဒီ ထင်မြင်ချက်ကို ရေးသူဟာ ၁၉၉ဝ ရွေးကောက်ပွဲတုန်းက NLD ကို မဲထည့်ခဲ့တဲ့ ပြည်သူတယောက်ပါ၊ တိုင်းပြည်အရေးကို ပြည်သူတယောက် အနေနဲ့ ပြောပိုင်ခွင့် ရှိတယ်လို့ ယုံကြည်လို့ ရေးလိုက်တာပါ၊ ဒီနေရာမှာ စာရေးဆရာ မာစယ်ပရု စကားကို ငှားပြောရရင် 'အကျဉ်းချခံနေရတဲ့ အမှန်တရားတခုကို လွတ်မြောက်စေလိုတဲ့ ဆန္ဒနဲ့' ရေးလိုက်ရခြင်း ဖြစ်ပါကြောင်း။

မြေအောက်အောင်ပွဲ (သို့) ဖက်ဆစ်တော်လှန်ရေး (ဆောင်းပါး)

အောင်ခိုင်နိုင်
မြေအောက်တော်လှန်ရေး လုပ်ဆောင်မှုသည် စနစ်ဆိုးတခု၏ ဖိနှိပ်သော (သို့) မြေပေါ်လှုပ်ရှားခွင့်မရသော အခြေအနေတွင် မရှိမဖြစ် လိုအပ်သည်။
ပြည်သူအများ လွတ်မြောက်ရန်အတွက် လုပ်ဆောင်သော တော်လှန်ရေး လုပ်ငန်းများ၌ လျှို့ဝှက်မှု နည်းလမ်းများကို သုံးနေရခြင်းသည် မကောင်းသော အလုပ်မဟုတ်ပါ။ မြေအောက်လှုပ်ရှားမှုသည် မြေပေါ်လှုပ်ရှားမှုထက် လျှို့ဝှက်ရေးသည် အဓိက ဖြစ်ခြင်းကြောင့် ရန်သူအပေါ် အသာစီးရစေသည်။
မြန်မာ့နိုင်ငံရေး သမိုင်းတွင် တမျိုးသားလုံး စည်းစည်းလုံးလုံး ဖက်ဆစ်ဂျပန်များကို တော်လှန်နိုင်ခဲ့သော ၁၉၄၅ ခုနှစ် မတ်လ ၂၇ ဖက်ဆစ်တော်လှန်ရေးသည် မြေအောက်ဖွဲ့စည်းမှု၏ အခန်းကဏ္ဍ အရေးပါခဲ့သည်။
ကင်ပေတိုင် (Kempetai) ခေါ် ဖက်ဆစ်ဂျပန်များသည် မထင်ရင် မထင်သလို ဖမ်းသည်။ တို့သူ၊ ရှို့သူ ပြောလျှင် ဖမ်းသည်။ ထင်စရာ၊ မသင်္ကာလျှင် ဖမ်းသည်။ မြန်မာများ မကြုံဖူးသော ရက်စက်မှု နည်းမျိုးစုံဖြင့် ညှဉ်းခဲ့ကြသည်။ ဖက်ဆစ်စနစ်ကို မြေအောက်နည်း သုံး၍ တိုက်ရမည်ကို သိသော ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားများ ပါဝင်သော ဖက်ဆစ် တိုက်ဖျက်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ချုပ် [ဖတပလ] (AFO or The Anit-Fascist Organization) ကို ၁၉၄၄ ခုနှစ် သြဂုတ်လ ၂၃ ရက်တွင် လျှို့ဝှက် ဖွဲ့စည်းလိုက်သည်။ ဖတပလ သည် ဗမာ့တပ်မတော်၊ ပြည်သူ့အရေးတော်ပုံ ပါတီနှင့် ကွန်မြူနစ် ပါတီတို့ ညီညွတ်စွာ ပူးပေါင်း ပါဝင်ထားသည့် နိုင်ငံရေး စည်းရုံးမှုကြီးတရပ် ဖြစ်သည်။
ဂျပန်ပုလိပ်များ မည်သို့ပင် ညှဉ်းညှဉ်း၊ မည်သို့ပင် မေးမေး 'လွတ်လပ်ရေး အပျိုစင်' ကို အထူးလိုလား တောင့်တလျက် ရှိကြသော မြန်မာများသည် 'လျှို့ဝှက် တော်လှန်ရေး' အကြောင်းကို လေသံမျှ မဟ။ 'ဘူး' ကွယ်နေကြသည်။
ဗိုလ်ချုပ်သည် မြေပေါ်မှ နေ၍ ဂျပန်ကို ပရိယာယ်ဆင်ရင်း စစ်မျက်နှာများကို ဖွင့်နေသလို၊ နိုင်ငံရေး ခေါင်းဆောင်များကလည်း ဖက်ဆစ် ဆန့်ကျင်ရေးကို မြေအောက်မှ နည်းမျိုးစုံဖြင့် စည်ရုံး ဝါဒဖြန့်နေသည်။ ဖက်ဆစ်စနစ်ကို လူထုအင်အား၊ ပြည်သူ့စစ်အသွင်ဖြင့် တိုက်ထုတ်နိုင်ခဲ့ကြသည်။
ဗိုလ်ချုပ်သည် နိုင်ငံရေး အင်အားစုများကို တစုတည်းအသွင် ပြည်သူကိုယ်စားပြု ဖတပလ ကို ဖွဲ့စည်းမှု စတင်၍ လွတ်လပ်ရေးကို အရယူ ပေးနိုင်ခဲ့သည်။ ဖတပလ ၏ နိုင်ငံရေးခေါင်းဆောင်မှုကို ပြည်သူက လိုက်ခဲ့ကြသည်။

လက်ရှိကွက်လပ်
လက်ရှိတွင် မြန်မာ့နိုင်ငံရေးသည် ခေါင်းဆောင်မှု ကွက်လပ် လိုအပ်နေသည်။ နိုင်ငံရေးအင်အားစုများ ပါဝင်သော ပြည်သူကိုယ်စားပြု တခုတည်းသော နိုင်ငံရေး ဦးသျှောင်အဖွဲ့ မရှိသည်မှာ အမှန် ဖြစ်သည်။ ဦးသျှောင်အဖွဲ့မှသာ ပြည်သူကို ဦးဆောင်နိုင်ပြီး၊ ပြည်သူကလည်း အဖွဲ့၏ ဦးဆောင်မှုကို လိုက်မှာ မလွဲပေ။ တရားသေမှုထက် လက်ရှိ လုပ်သင့်သော နိုင်ငံရေး အခြေအနေကို ဦးဆောင်မှု၊ ညွန်ကြားမှု ပေးနိုင်ရမည်။ ဥပမာ မေလ ရွေးကောက်ပွဲအတွက် တသံတည်း ထွက်နေရမည်။ အခြေခံဥပဒေကို လုံးဝသပိတ်မှောက် (သို့) ကန့်ကွက်မဲပေး ဆိုပြီး တခုတည်းကို ဦးဆောင်မှု ပေးနိုင်ရမည်။
နိုင်ငံတွင်း ပြဿနာ ရှိနေခြင်းကိုက တိုင်းပြည် မငြိမ်မသက် ဖြစ်ပြီး အပြောင်းအလဲ ဖြစ်ရမည်ဆိုသည့် ယုံကြည်ချက်မျိုးသည် အပေးမျှော်အဆင့်တွင် ဖြစ်နေသေးသည်မှာ အနှစ် ၂၀ သမိုင်းက သက်သေပြလိုက်ပြီး ဖြစ်သည်။
နိုင်ငံရေး ဦးသျှောင်အဖွဲ့သည် နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များ ပါဝင်သော အဖွဲ့ကြီး ဖြစ်သင့်ပြီး၊ ပြည်ချစ် တပ်မတော်ကို မွေးထုတ်နိုင်ရမည်။ အင်အားချိန်ခွင်လျှာကို အသုံးပြုနေရသော ယနေ့ကမ္ဘာတွင် မြန်မာ့နိုင်ငံရေးတွင်ကော ဘာကြောင့် မသုံးနိုင်ရမည်နည်း။
ဗိုလ်ချုပ်သည် နိုင်ငံရေးနည်းဖြင့်မရလျှင်၊ အင်အားချိန်ခွင်လျှာကို သုံးရမည် ဆိုသော ယုံကြည်ချက်ဖြင့် လွတ်လပ်ရေးကို မြေပေါ်၊ မြေအောက် နည်းမျိုးစုံသုံးပြီး ယူခဲ့ပုံကို မမေ့အပ်သင့်။
ဖက်ဆစ် စစ်အုပ်စုကို တော်လှန်ရန် ဒုတိယမြောက် ဖက်ဆစ်တော်လှန်ရေးတွင် နိုင်ငံရေးဦးသျှောင်အဖွဲ့၏ ဦးဆောင်မှုနှင့်အတူ မြေအောက်နည်းသည် အရေးပါနေဦးမည်။ ။

"အပြုသဘောဆောင်တဲ့ လမ်းစဉ်တွေသာ အဖြေဖြစ်တယ်"(ဒေါက်တာ နေဝင်းမောင်နှင့် အင်တာဗျူး)

နန်းဒေဝီ
လစဉ်ထုတ် Living Color Chief Executive Officer လစ်ဗင်းကာလာ မဂ္ဂဇင်း၏ Chief Executive Officer နှင့် မူဝါဒရေးရာ ဒါရိုက်တာ၊ The Voice ဂျာနယ်၏ ထုတ်ဝေသူ ဒေါက်တာ နေ၀င်းမောင် (၄၅ နှစ်) က ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် စစ်အာဏာပိုင်များအကြား လက်ရှိ တင်းမာမှုများအပေါ် ဝေဖန်သုံးသပ်၊ အကြံပြုချက် ၆ ချက်ကို သူ၏ မိတ်ဆွေ အပေါင်းအသင်း နိုင်ငံရေးသမားများအကြား အင်တာနက် အီးမေးမှ တဆင့် ဖြန့်ဝေခဲ့သည်ကို ဧရာဝတီသတင်းဌာနက ပေါက်ကြား ဖော်ထုတ်လိုက်သည်။
ဒေါက်တာနေဝင်းမောင်၏ အကြံပြုချက်ထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် စစ်အစိုးရ၏ အခြေခံဥပဒေကို ထောက်ခံရန်၊ ရွေးကောက်ပွဲ ဝင်ပြိုင်ရန်၊ သို့သော် လွှတ်တော်နှစ်ရပ်တွင် တဝက်သာ ဝင်ရောက်ယှဉ်ပြိုင်ပါမည်ဟု အဆိုပြုရန်၊ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အတိုက်အခံဘဝတွင် ၅ နှစ်နေခြင်းဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အင်အားတောင့်တင်းအောင် လုပ်ရန်တို့ အကြံပြုထားသည်။
အုတ်အော်သောင်းနင်း ဖြစ်ပွားခဲ့သည့် အဆိုပါ အကြောင်းအရာများနှင့် ပတ်သက်ပြီး ပိုမိုသိရှိရန်အတွက် သူ့ကို မဇ္ဈိမ သတင်းထောက် နန်းဒေဝီက တယ်လီဖုံးမှတဆင့် ဆက်သွယ် မေးမြန်းထားသည်များကို တင်ပြလိုက် ပါသည်။
မေး။ အီးမေးထဲမှာပါတဲ့ အကြံပြုချက် ၆ ချက်ကို အသေးစိတ် ပြောပြလို့ ရမလားရှင်။
ဖြေ။ ကျနော် ရေးထားတာတွေက များတော့ အဓိကပြောရရင်တော့ နှစ်ဘက် ပြေလည်သွားဖို့အတွက် ကိုယ်ကပဲ သဘောထားကြီးတယ် ဆိုတာကို စပြီး ပြနိုင်တဲ့သူက ပြဖို့ပါ။ အဲလို ပြဖို့ဆိုရာမှာ Road Map မှာ အရေးကြီးတဲ့ ကိစ္စဖြစ်မယ် ဆိုလို့ရှိရင်လည်း၊ ဒီကိစ္စကို Endorse (ထောက်ခံ) လုပ်လိုက်ပေါ့ဗျာလို့ ပြောတာပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျနော် မှတ်မိသလောက် ပြောရရင်တော့၊ ကျနော်က ကာယကံရှင် နေရာမှာ ဝင်ပြီး စဉ်းစားပြီး၊ ကျနော်သာ သူ ဖြစ်မယ်ဆိုလို့ရှိရင်၊ ကျနော်သာ ဒေါ်အောင်ဆန်းစုကြည် နေရာမှာရှိခဲ့ရင် နံပါတ်တစ်က ဘာလုပ်မလဲဆိုတော့ ဒီ Road Map အတိုင်း လိုက်သွားလိုက်မယ်။ ဒါဟာ တပ်မတော်အစိုးရရဲ့ အရေးကြီးတဲ့ ကိစ္စရပ်လည်း ဖြစ်တဲ့အတွက် နှစ်ဘက် ပြေလည်ဖို့အတွက် ဒါဟာ အရေးကြီးတယ်ပေါ့နော်။
ဒုတိယ တခုကလည်းပဲ၊ ဖြစ်သင့် ဖြစ်ထိုက်တဲ့ ဆက်ဆံရေးကောင်း တခုဖြစ်လာဖို့အတွက် ကျနော့်ဘက်က ရန်မလိုပါဘူး ဆိုတာကို ပြတဲ့အနေနဲ့ ကျနော်က ကျနော်သာ ဆိုခဲ့ရင်တော့၊ အိုကေ ကျမ NLD က အခုလာ မယ့် ရွေးကောက်ပွဲမှာလည်းပဲ၊ အာဏာကို ဖြတ်လမ်းက လိုချင်တဲ့သဘော မရှိဘူး ဆိုတာကို ပြတဲ့အနေနဲ့ ရွေးကောက်ပွဲ လုပ်ချိန်မှာ ၃၃ဝ (မဲဆန္ဒနယ်မြေ) ရှိတယ်ဗျာ။
အဲဒီ ၃၃ဝ မှာ ကျနော်ဆို တဝက်ပဲ ဝင်ပြိုင်မယ်၊ ပထမဦးဆုံး ၁၆၅ နေရာလောက်ပဲ ဝင်ပြိုင်ပြီးတော့ အစောကြီးကတည်းက ကျမဟာ ဒီနိုင်ငံတည်ထောင်ရေးမှာ တနည်းမဟုတ် တနည်းနဲ့ ပါဝင်ချင်နေတာ ဖြစ်ပြီးတော့ အာဏာကိုဖြတ်လမ်းက လိုချင်တာ မဟုတ်ပါဘူး ဆိုတာ ပြတဲ့အနေနဲ့ ဝင်ကတည်းက ရွေးကောက်ပွဲမှာ တဝက်ပဲ ဝင်မယ်။ This is indicated that I am not seeking any political power. အဲလိုအတွက်နဲ့ မလိုအပ်ဘဲ အကျဉ်းချခံနေရတဲ့ သူတွေအားလုံးကိုတော့ လွှတ်ပေးလိုက်ပြီးတော့ ပျော်စရာကောင်းတဲ့ တိုင်းပြည်ရဲ့ စည်းလုံး ညီညွတ်မှုတခု တည်ထောင်ရအောင်ဆိုတဲ့ သဘောပါပဲဗျာ။ ကျနော် ဆိုလိုတာက Strong Opposition တခုအနေနဲ့ဘဲ ရပ်တည်ပြီးတော့ ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ ပြောတာပါ။
မေး။ အကြံပြုချက် ၆ ချက် ထွက်လာဖို့ ဘယ်လို အခြေခံ အကြောင်းအရာတွေက လှုံ့ဆော်ပေးတာလဲ။
ဖြေ။ ကျနော်က Basically I am political animal. (ကျနော်က အခြေခံ နိုင်ငံရေးသတ္တဝါ) လေ။ အဲဒါတွေနဲ့ ကျနော် ရင်းနှီးပြီးသားလေ။ အဲဒါ ကျနော်ရတဲ့ဟာကို အဓိက ဒီမှာရှိနေတဲ့ တဖက်နဲ့ တဖက် အမုန်းပွားနေတာ၊ ရန်ဖြစ်နေတဲ့ Circle (သံသရာ) ကို ရပ်သွားစေချင်ပြီ။ ပြည်သူတွေမှာ ဘယ်လို ဒုက္ခရှိတယ်ဆိုတာ ကျနော် အသေအချာ သိပါတယ်။ ဆိုတော့ ကျနော်လည်း တစိတ်တပိုင်းအားဖြင့် ခံစားနေရတာပါပဲ။ အဲဒီအခါကျတော့ ဒီဟာ ပြီးသွားဖို့အတွက် တကယ်ကို သဘောထားကြီးတဲ့၊ အပြုသဘောဆောင်တဲ့ လမ်းစဉ်တွေသာလျှင် အဖြေ ဖြစ်တယ်ဆိုတော့ သေချာ ယုံကြည်တဲ့အတွက် ဒါကို ကျနော် ပြောတာပါ။
မေး။ ဒီအကြံပြုချက်နဲ့ ပတ်သက်ပြီးတော့ လူတချို့ရဲ့ တုံ့ပြန်မှု ဘာတွေရသလဲရှင့်။ လူတွေ လက်ခံနိုင်မယ်လို့ မြင်သလားရှင့်။
ဖြေ။ ဘာမှ မရပါဘူး။ လူတွေ လက်ခံနိုင်မယ်လို့ ကျနော် သိပ်မထင်ဘူး။ လူတွေက စိတ်ခံစားချက်နဲ့နေတော့ ဒီ နိုင်ငံရေးပိတ်ဆို့မှုက နစ်နေဆဲ ဖြစ်နေတာ။ အဓိက နိုင်ငံရေးခေါင်းဆောင်တွေနဲ့ နိုင်ငံခေါင်းဆောင်တွေအပါအဝင် စိတ်ခံစားချက် မဖြစ်ဘူးဆိုရင် အဖြေက ထွက်တာ ကြာလှပါပြီ။ အနိုင်၊ အရှုံးစဉ်းစားရင်ပေါ့။ ဘယ်သူမှ လက်ခံနိုင်မှာ မဟုတ်ဘူး။ ဒီကိစ္စက အနိုင်အရှုံးကိစ္စ မဟုတ်ပါဘူး။ ကျနော်တို့ နိုင်ငံသားတွေဘဝနဲ့ ဆိုင်တဲ့ ကိစ္စတွေ ဖြစ်တယ်။ တပ်မတော်က နိုင်နိုင်၊ ဒေါ်အောင်ဆန်းစုကြည်ကပဲ နိုင်နိုင် ပြဿနာမရှိပါဘူး။ မရှိနိုင်ပါဘူး။ အဲလို စဉ်းစားနေလို့ ပြဿနာရှိနေတာပါ။ ဒါက အချင်းချင်း ကြားမှာပဲ ခွဲဝေတဲ့ဟာပါ။ တယောက်ယောက်က ဆက်ဖြန့်လိုက်တာကို ဧရာဝတီက သတင်းလုပ်လိုက်တာနေမှာ။ ပြည်ပရောက် နိုင်ငံရေးသမားတွေ၊ အဖွဲ့အစည်းတွေကို ကျနော် မပို့ပါဘူး။ ဒါ တယောက်ယောက်က ဆက်ဖြန့်တာနေမှာ။
မေး။ အကြံပြုချက်တွေကို အစိုးရ အာဏာပိုင်တွေကို ခင်းပြပေးသေးလား။
ဖြေ။ ကျနော်တို့ အစိုးရကို၊ ဒီဘက်ပိုင်းကို ထားလိုက်ပါတော့။
မေး။ မြန်မာပြည် လက်ရှိ အနေအထားမှာ ဖြစ်သင့် ဖြစ်ထိုက်တယ် ထင်တာကို ဘယ်လို အကြံပြုချင်ပါသလဲ။
ဖြေ။ တကယ်ကတော့ဗျာ၊ ဒီကိစ္စက တကယ် သဘောထားကြီးနိုင်တဲ့လူက ထစ်ကနဲ မစဉ်းစားဘဲနဲ့ ထပြီးတော့ သဘောထားကြီးတဲ့ အကြောင်းကို တကယ် ရဲရဲပြလိုက်ဖို့ပါပဲ။ တကယ်သဘောထားကြီးတဲ့ လူက တကယ်သဘောထားကြီးကြောင်း ပြလိုက်ရင် ဖြစ်သင့်တာ အားလုံး ဖြစ်သွားမှာပါ။ ဒီကိစ္စက 'သင်ကောင်းလျှင် ကျွန်ုပ် မဆိုးပါ' ဆိုပြီး စဉ်းစားရမယ့်ကိစ္စ မဟုတ်ပါဘူး။ 'သင်ကောင်းလျှင် ကျွန်ုပ်မဆိုးဘူး' ဆိုရင် ပြဿနာ ရှိနိုင်တယ်။ ကျနော်တို့ ဗုဒ္ဓဘာသာ အယူအဆအရ ပြောမယ်ဆိုရင်လည်း အပေါင်းလက္ခဏာဖြစ်တဲ့ ရလဒ်တခု ဖြစ်လာဖို့အတွက် တင်သွင်းပေးရမယ့် Input တွေ အားလုံးဟာ တကယ် အစစ်အမှန် အပေါင်းလက္ခဏာ ဖြစ်ဖို့ လိုပါတယ်။ အဲဒါမှပဲ အပြုသဘော ဖြစ်နိုင်မယ်။ အနုတ်ပေးရင် ထွက်လာတာလည်း အနုတ်လက္ခဏာ ဆောင်တဲ့ ရလဒ်တွေပဲ ရမယ်။
မေး။ မေလ လုပ်မယ့် ဆန္ဒမဲပေးဖို့ ဆိုတာကရော ဘယ်လိုမြင်ပါသလဲ။ တရားမျှတပြီး လွတ်လပ်တဲ့ ဆန္ဒမဲပေးပွဲဖြစ်၊ မဖြစ်။
ဖြေ။ မဲပေးမယ့် ကိစ္စကတော့ သူတို့ ဥပဒေ ထွက်ထားတာပေါ့နော်။ ထွက်ထားတဲ့ ဥပဒေကို ကြည့်လို့ ရှိရင် တရားမျှတမှု ဖြစ်မှာပါ။ သူမေးတာ မေးခွန်းက တခုပဲ ရှိတယ်လေ။ Yes လား/ No လား မေးတယ်လေ။ ဒီလို မေးတာက လူတိုင်းရဲ့ ဆန္ဒကို ရဲရဲထွက်ပေါ်လာအောင် လုပ်ပေးလိုက်တယ်ဆိုရင် မျှတတယ်လို့ ပြောရမှာပေါ့။
မေး။ Third force အဖွဲ့အကြောင်း ပြောပေးပါလားရှင်။
ဖြေ။ Third force ဆိုတာ မရှိပါဘူး။ ကျနော်တို့ အချင်းချင်းကြားမှာ သတင်းအချက်အလက် ဖလှယ်တဲ့ သူငယ်ချင်းတွေပါပဲ။ အဖွဲ့ရယ်လို့ တကယ်ဖွဲ့ထားတာ မရှိပါဘူး။ ဖွဲ့ထားရင်လည်း ကျနော် ဖွက်ထားမှာ မဟုတ်ပါဘူး။ ဒါ ပြဿနာမရှိပါဘူး။ ဖွဲ့ထားမယ်ဆိုရင် နိုင်ငံရေး ရည်ရွယ်ချက် တခုရှိဖို့ လိုပါတယ်။ ကျနော့်မှာ နိုင်ငံရေး ရည်ရွယ်ချက် မရှိပါဘူး။ ကျနော် နိုင်ငံရေးသတ္တဝါပါ။ ဒါပေမဲ့ ကျနော် ရွေးကောက်ပွဲ မဝင်ဘူး။ အာဏာ၊ နိုင်ငံရေးနဲ့ ကျနော် မပတ်သက်ချင်ဘူး။
မေး။ အရင်တုန်းက နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါခဲ့သေးလား။
ဖြေ။ နိုင်ငံသားတယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ နိုင်ငံရေးကိုတော့ ကျနော်တသက်လုံးပဲ လုပ်လာတာ။ ကျနော့် Living Color မှာ ရေးတဲ့ဟာတွေကလည်း နိုင်ငံရေးပဲ။ ဒါပေမဲ့ ဒါတွေဟာ နိုင်ငံရေးအာဏာ မဟုတ်ပါဘူး။ ကျနော် ကျောင်းတုန်းကတည်းက ဒါပဲ လုပ်လာခဲ့တာ။

မြန်မာ့အရေးဟာ "ထိပ်တိုက် ရင်ဆိုင်ဖို့ပဲ ရှိတော့တယ်" (ပြည်တွင်း သပိတ်ကော်မတီနှင့် အင်တာဗျူး)

မောင်ဒီး
Saturday, 22 March 2008 15:47 - မြန်မာစံတော်ချိန်
မြန်မာနိုင်ငံအတွင်း အထွေထွေ သပိတ်တိုက်ပွဲ ကော်မတီတခု မတ်လ ၁၈ ရက်နေ့က တည်ထောင်လိုက်ကြောင်း မဇ္ဈိမသို့ ပြည်တွင်း လျှို့ဝှက်လှုပ်ရှားနေသူများက အကြောင်းကြားလာခဲ့သည်။ "မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရေစီ တပ်ပေါင်းစု အထွေထွေ သပိတ် တိုက်ပွဲ ကော်မတီ" ဆိုသော ထိုအဖွဲ့က ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲကိုသာလျှင် အသိမှတ်ပြုထားပြီး သုံးပွင့်ဆိုင် ဆွေးနွေးရေးကို တောင်းဆိုထားသည်။ စစ်အစိုးရ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲမှု၊ ဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲလုပ်မည့် အစီအစဉ်များကို အသိအမှတ် မပြုကြောင်း ကြေညာထားသည်။ မဇ္ဈိမမှ မောင်ဒီးက သပိတ်တိုက်ပွဲ ကော်မတီ ပြောရေးဆိုခွင့်ရှိသူတဦးကို စနေနေ့ မတ် ၂၂ ရက်၊ ၂ဝဝ၈ ခုနှစ်က ဆက်သွယ်မေးမြန်းထားပါသည်။မေး။ ။ အထွေထွေ သပိတ်ခေါ်တယ် ဆိုတော့ စလုပ်မယ်ဆိုရင် ဘယ်အချိန်လောက်က စမယ် ဆုံးဖြတ်ထားပါသလဲ။ဖြေ။ ။ ကျနော်တို့ ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး ဆုံးဖြတ်ထားတာက ဒီလ နောက်ဆုံးအပတ်ကနေ စပြီး အစီအစဉ် ဆွဲပြီပဲ။ ဒီလ နောက်ဆုံးအပတ်က စပြီးတော့ သူတို့ (နအဖ) ရဲ့ ၅ လပိုင်းဆိုတာကို မရုပ်သိမ်းမချင်း ကျနော်တို့ တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်။ ကျနော်တို့က တိုင်းကြီး ၄ ခုကို အခြေခံတာ။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ဆိုပြီး တိုင်း ၄ ခုကို အခြေခံပြီး အဲဒီကနေစပြီး အကောင်အထည်ဖော်မှာပါ။ မေး။ ။ အခုလို သပိတ်ခေါ်တယ် ဆိုတော့ အစိုးရရဲ့ ဆန္ဒခံယူပွဲနဲ့ လမ်းစဉ် ၇ ဆင့်ပါတဲ့ လမ်းပြမြေပုံကိုပါ ကန့်ကွက်ထားတဲ့ သဘောလား။ ဖြေ။ ။ အကုန်လုံးကို ကန့်ကွက်တယ်။ ကျနော်တို့က နအဖ ထုတ်ပြန်ထားတဲ့ ဥပဒေ မှန်သမျှကို ကန့်ကွက်သွားမယ်။ ၁၉၉ဝ ရွေးကောက်ပွဲကို သူတို့ အသိအမှတ်မပြုသမျှ ကာလပတ်လုံး ကျနော်တို့က ဆန့်ကျင်မှာပဲ။မေး။ ။ လာမယ့် မေလမှာ ပြည်သူလူထုအနေနဲ့ မဲထည့်သင့် မထည့်သင့်၊ ဒါမှမဟုတ် ဘယ်လို ဆန့်ကျင်ရမယ် ဆိုတာကို ပြည်သူလူထုကို လှုံ့ဆော်ဖို့ အစီအစဉ်ရှိပါသလဲ။ဖြေ။ ။"ကျနော်တို့ စဉ်းစားတာက မဲဆိုတဲ့ အဆင့်ကို မစဉ်းစားတော့ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်တို့ ပြည်တွင်းရေး အခြေအနေ ကာလက စကားဝိုင်းနဲ့ စကားပြောရတော့မယ့်ကာလ မဟုတ်တော့ဘူး။ သူနဲ့ ကိုယ်နဲ့က Confrontation ပေါ့ဗျာ။ ထိပ်တိုက် ရင်ဆိုင်ပြီး တွေ့ဆုံဖို့ပဲ ရှိတော့တယ်။ ဆရာကြီး လူထုစိန်ဝင်း ပြောသွားတဲ့အတိုင်းပဲ။ ကျနော်တို့ သားစဉ်မြေးဆက် ခံစားရတော့မယ့်ဟာကြီးတခုကို ရင်းရတော့မယ်ဗျာ။ ဒီကာလက ကျနော်တို့ရဲ့ အမျိုးသားခေါင်းဆောင် ပြောသွားတယ်။ အကောင်းဆုံး ရရှိဖို့ဆိုရင် အဆိုးဆုံးကို ရင်ဆိုင်ရမယ်။မေး။ ။ တကယ်လို့ အဲလို သပိတ်ကို ဆင်နွှဲမယ်ဆိုရင် စက်တင်ဘာလို သွေးချောင်းစီးမှုတွေ ဖြစ်လာနိုင်တယ်ဆိုတာ ကြိုတင် စဉ်းစားထားမိပါသလား။ဖြေ။ ။ ဒီတခေါက်လည်း သွေးချောင်းစီးမှု ဖြစ်မှာပဲ။ ကျနော်တို့ အဆင့် ၃ ဆင့်နဲ့ လုပ်မယ်။ ဒါပေမယ့် ကျနော်တို့ လုပ်မယ်။ ပထမအဆင့် ကျနော်တို့ လုပ်မယ်။ သူတို့ဖက်ကလည်း လုပ်သင့်တာ သူတို့လုပ်ကြမယ်။ လုပ်ရင် ဒုတိယအဆင့် ကျနော်တို့ ဆက်ထွက်မယ်။ တတိယအဆင့် ဆိုင်မယ် အပြတ်ပဲ။ ပထမအဆင့်ကတည်းက ကျနော်တို့ အပြတ်လုပ်မှာပဲ။

မြန်မာ့ တပ်မတော် ဘယ်လဲ၊ ဘာလဲ (အင်တာဗျူး)

မဇ္ဈိမသတင်းဌာန
မနက်ဖြန် (ကြာသပတေးနေ့ မတ် ၂၇၊ ၂ဝဝ၈ ခုနှစ်ဆိုရင် ) ၆၃ နှစ်မြောက် တပ်မတော်နေ့ ဖြစ်သည်။ "တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အား ရှိမယ်" "တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ" ဆိုတဲ့ ဆောင်ပုဒ်တွေနဲ့ လက်ရှိ စစ်အစိုးရဟာ စစ်တပ်အင်အား ကြီးထွားအောင် တိုးချဲ့လာလိုက်တာ ၁၉၈၈ ခုနှစ်ကထက် နှိုင်းယှဉ်ရင် အရည်အတွက်အရ အင်မတန် တိုးပွားလာပြီး လက်ရှိ အနေအထားဟာ အရှေ့တောင်အာရှမှ ဗီယမ်နမ်ပြီးရင် ဒုတိယ အရေအတွက် အများဆုံးလို့ ကျွမ်းကျင်သူများက ပြောသည်။ ၁၉၆၂ ခုနှစ်ကတည်းက ပုံစံပြောင်းကာ စစ်အုပ်ချုပ်ရေး ကြီးစိုးခဲ့သော နိုင်ငံကို အာဏာလွှဲပြောင်း သိမ်းယူသည့်နည်းဖြင့် သံမဏိစည်းမျဉ်းဖြင့် သဘောကွဲလွဲသူများကို ချေမှုန်းရာတွင် လက်မရွံ့ ဖြစ်သည့် စစ်အစိုးရ၏ တပ်မတော်၏ တည်ထောင်စဉ်က ရည်ရွယ်ချက်များနှင့် လက်ရှိ အရည်အသွေးများက မည်သို့ရှိနေပါလဲ။ မြန်မာ့ စစ်ဘက်ရေးရာနှင့်ပတ်သက်ပြီး လေလာနေခဲ့သူ ရေးသားနေခဲ့သူများ၏ အမြင်ကို မဇ္ဈိမက စုစည်း တင်ပြလိုက်ရပါသည်။

သခင်ချန်ထွန်း (သံအမတ်ကြီးဟောင်းနှင့် ဝါရင့်နိုင်ငံရေးသမားကြီး)
မေး။ လက်ရှိတပ်မတော်က တကယ်ပဲ စွမ်းရည်ပြည့်ဝတဲ့ တပ်မတော် ဖြစ်နေပြီလား။
ဖြေ။ ဒါကတော့ လူတိုင်းသိပါတယ်။ ကမ္ဘာကလည်း သိပါတယ်။ ကိုယ့်ကိုယ်ကို လှတယ်ထင်သလိုပေါ့။ အင်အားရှိတဲ့လူ၊ နိုင်ငံတွေ၊ စစ်တပ်တွေကလည်း သူတို့ကိုယ် သူတို့ အင်အားရှိတယ်လို့ ထင်နေကြတာ၊ ဒါ သဘာဝပါ။
မေး။ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်နဲ့ ဒီကနေ့ တပ်မတော်က ဘယ်လိုများ ကွာခြားသွားပါသလဲ။
ဖြေ။ မတူတော့ဘူးလေ။ လူတွေကလည်း အမျိုးမျိုး ပြောင်းကုန်ကြတာကိုး။ အခြေခံကလည်း ကွာသွားတာကိုး။ ၁၉၆၂ ခုနှစ် အာဏာမသိမ်းခင်အထိတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကောင်းတဲ့ ပေါ်လစီထဲမှာပေါ့။ ဒါပေမဲ့ ၁၉၆၂ အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ စနစ်က ပြောင်းသွားပြီ။ တပ်က တိုင်းပြည်အုပ်ချုပ်တဲ့အထဲမှာ ပါသွားပြီ။ ပါတီဝင်တွေအနေနဲ့ တပ်က တောက်လျှောက် အဲသည်လို ဖြစ်သွားတာကိုး။ အခုက အဲသည်လိုမျိုး တပါတီစနစ်သာ မဟုတ်တာ ပါတီသဘောမျိုးနဲ့ ဝန်ကြီးတွေ သူတို့ အကုန်လုံးယူထားတာပဲ။ လမ်းစဉ်ပါတီတုန်းကမှ အရပ်သား နည်းနည်းပါးပါး ထည့်နေသေးတယ်။ ဘာကြောင့်ဆိုတော့ သူတို့က လွတ်လပ်ပြီး နောက်ပိုင်း အာဏာသိမ်းပြီးမှ စစ်ထဲ ဝင်တဲ့လူတွေလေ။ ဗိုလ်ချုပ်အောင်ဆန်းကတော့ ဘီအိုင်အေကနေ ဘီဒီအေဖြစ်၊ ဘီဒီအေကနေ တပ်မတော်ဖြစ်လာတဲ့ ဟာနဲ့ကတော့ တခြားစီလေ။
မေး။ ဒီကနေ့ တပ်မတော်ခေါင်းဆောင်တွေ ပြောနေတဲ့ တပ်မတော်က တိုင်းပြည် မပြိုကွဲအောင် ထိန်းသိမ်း စောင့်ရှောက်နေရတာ ဖြစ်တယ်၊ နောက်ပြီး တိုင်းပြည် အုပ်ချုပ်ရေးမှာ မရှိမဖြစ် ပါဖို့ လိုတယ်ဆိုတဲ့ အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ဒါကတော့ ကိုယ့်ကိုယ်ကိုတော့ ပြောမှာပေါ့၊ သဘာဝအတိုင်းပါ။ သူက အုပ်ချုပ်တဲ့လူတွေကိုး။ ကိုယ့် ယုံကြည်ချက်၊ ကိုယ့် ယူဆချက်ကို ပြောနေကြတာ။ အများကလည်း လိုက်လျောအောင် တတ်နိုင်သလောက် ပြောနေကြတာပေါ့။ လူတွေကလည်း ကြည့်ယုံကြပေါ့။ အားလုံးက သိနေကြတဲ့ ကိစ္စပဲ။ တပ်မတော်ကတော့ ရှိကို ရှိရမှာပေါ့။ အာဏာရှင် မဟုတ်တဲ့ ဒီမိုကရေစီ နိုင်ငံတွေမှာကတော့ တပ်မတော်လည်း ဝန်ထမ်း အဖွဲ့အစည်း တရပ်အနေနဲ့၊ စစ်တပ်က စစ်တပ်လို နေတာပေါ့။ အုပ်ချုပ်ရေးပိုင်းမှာ ပါဝင်ပတ်သက်တဲ့ အခန်းကဏ္ဍ အနည်းနဲ့ အများပဲ ကွာတာပေါ့။ ဒီမိုကရေစီ ဖြစ်လာရင်တော့ ဒီမိုကရေစီနိုင်ငံတွေမှာ ကျင့်သုံးသလို တပ်မတော်ကလည်း လိုက်နာ ကျင့်သုံးရမှာပေါ့။
မေး။ အခုတလော တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေမှာ သဘောကွဲလွဲမှုတွေ ရှိတယ်ဆိုတဲ့ အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ လူတွေအနေနဲ့ကတော့ သည်လိုပဲ။ ဟိုတုန်းက ဖဆပလ မှာ ဦးကြီးကျော်ငြိမ်းနဲ့ ဦးဘဆွေ၊ ဦးနု အင်မတန် ရင်းနှီးတဲ့ ငယ်သူငယ်ချင်းတွေပဲ။ သူတို့ ကွဲလို့ ဖဆပလ ကွဲတယ်၊ ဖဆပလ ကွဲလို့ အာဏာသိမ်းတယ်၊ အာဏာသိမ်းလို့ ဒီအခြေအနေ ရောက်သွားတာပေါ့။ ၁၉၅၇-၅၈ ဖဆပလ ခေတ်တုန်းက စီးပွားရေး အင်မတန် ဖွံ့ဖြိုးပြီး နိုင်ငံရေးမှာလည်း ကြားနေရေး ဝါဒအနေနဲ့ အရှေ့ရော၊ အနောက်ရော အုပ်စုတွေ အကုန်လုံးကနေ လေးစားခံခဲ့ရတဲ့ နိုင်ငံ။ အဲသည်လို ရင့်လာတဲ့ ဖဆပလ တောင် ကွဲသွားသေးတာပဲ။ ဘယ်အဖွဲ့ပဲ ဖြစ်ဖြစ် သဘောမကျတာတွေ များလာရင် ညီညွတ်ရေးမှာ ထိခိုက်လာနိုင်တာပေါ့။ ပြိုကွဲလာနိုင်တာပေါ့။

ဦးအောင်ကျော်ဇော (တရုတ်-မြန်မာ နယ်စပ် အခြေစိုက် စစ်ဘက်ရေးရာ လေ့လာသူ)
မေး။ လက်ရှိတပ်မတော်က တကယ်ပဲ စွမ်းရည်ပြည့်ဝတဲ့ တပ်မတော် ဖြစ်နေပြီလား။
ဖြေ။ လက်ရှိတပ်မတော်ဟာ မြန်မာ့ တပ်မတော်သမိုင်းမှာ တဦးချင်း လက်နက်တပ်ဆင်မှု အကောင်းဆုံး ဖြစ်သော်လည်း တိုက်ရည် ခိုက်ရည် အညံ့ဆုံး၊ တိုက်စိတ် ခိုက်စိတ် အနိမ့်ဆုံး၊ မျိုးချစ်စိတ် အနိမ့်ဆုံးနဲ့ အဖောက်ပြန်ဆုံး ဖြစ်တယ်။
တပ်သား အင်အား များရင်လည်း တပ်မတော်ရဲ့ တိုက်ခိုက်ရေး စွမ်းရည်က သမိုင်းမှာ အနိမ့်ဆုံးအဆင့်ကို ရောက်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိ တပ်သားအင်အား ၄ သိန်းနီးပါးမှာ ၃-၄ ရာခိုင်နှုန်းလောက်ပဲ မျိုးချစ်စိတ် ရှိတဲ့သူတွေ ဖြစ်တယ်။ အရည်အချင်းရှိတဲ့ တပ်မှူးတွေ မရှိတော့တာလည်း ပါတာပေါ့။ စစ်ခေါင်းဆောင်းတွေရဲ့ စဉ်းစားနည်း၊ လုပ်ဆောင်ချက်တွေကြောင့်လည်း အရည်အချင်း ကျလာရခြင်း ဖြစ်တယ်။
တပ်အင်အားချဲ့တဲ့ ရည်ရွယ်ချက်ကိုကလည်း မကောင်းပါဘူး။ အဓိက ရည်ရွယ်ချက် ၃ ချက် ရှိတယ်။ (၁) ပြည်သူတွေကို ပိုပြီး ခြိမ်းခြောက် ဖိနှိပ်ဖို့၊ (၂) ပြည်တွင်းမှာရှိတဲ့ လက်နက်ကိုင် တော်လှန်ပုန်ကန် တိုက်ခိုက်နေတဲ့ အဖွဲ့တွေကို ထိန်းချုပ်ဖို့နဲ့ (၃) ဗိုလ်ချုပ်ကြီး ဖြစ်ဖို့ (ဘာကြောင့်ဆိုတော့ တပ်သားအင်အားများမှ ရာထူးတိုးမှာကိုး) ဖြစ်တယ်။
တပ်ဆင်ထားတဲ့ လက်နက်တွေကလည်း တရုတ်က လက်နက်ဟောင်း တွေ၊ တခြားနိုင်ငံတွေက အဟောင်းတွေပဲဖြစ်ပြီး ပြည်တွင်း (ပြည်သူတွေကို ခြိမ်းခြောက် ဖိနှိပ်ဖို့) အတွက်ပဲ ရည်ရွယ်တာကြောင့် နိုင်ငံတကာ အဆင့်အနေနဲ့ဆိုရင် ထိုင်းတို့၊ ဗီယက်နမ်တို့ထက် အများကြီး အဆင့်နိမ့်ပါတယ်။
တပ်ရဲ့ အသုံးစရိတ်ကြီးသော်လည်း တပ်သားအင်အား များတဲ့အတွက် ဟိုတုန်းကလို လုံလောက်အောင် မထောက်ပံ့နိုင်တော့ဘူး။ နောက်ပြီး စစ်အရာရှိ အများကြီး မွေးထုတ်လို့ စစ်ဗိုလ်ကများပြီး တပ်သားက နည်းလာတယ်။ စစ်ဗိုလ်တွေကလည်း အရည်အချင်း မရှိတဲ့သူတွေ များတယ်။ အခုထိ ကွန်ပတ်စ်တောင် ကောင်းကောင်း မကြည့်တတ်သေးတဲ့ စစ်ဗိုလ်တွေ ရှိနေပါတယ်။
တပ်မတော်သမိုင်းမှာ တိုက်ရည်ခိုက်ရည် အမြင့်ဆုံးအချိန် နှစ်ချိန်ရှိခဲ့တယ်။ ၁၉၅၄-၅၆ ကူမင်တန် တရုတ်တွေကို မောင်းထုတ်တဲ့အချိန်နဲ့ ၁၉၈ဝ ကနေ ၁၉၈၈ လောက်အထိ ကွန်မြူနစ်တွေနဲ့ ကရင်တွေကို တိုက်ထုတ်တဲ့ အချိန်ပါပဲ။ အဲဒီအချိန်မှာက မျိုးချစ်စိတ် အပြည့်ရှိနေတဲ့ အချိန်ပေါ့။ တပ်မှူးကောင်းတွေ ရှိတာလည်း ပါတာပေါ့။ လက်နက်၊ လူအင်အားလည်း အခုလောက် မများပါဘူး။
၁၉၈၈ နောက်ပိုင်း တိုက်ရည် ခိုက်ရည် သိသိသာသာ ကျသွားခဲ့တယ်။ တစ်အချက် ပူးပေါင်းမှု မရှိတာ၊ နှစ် - ပြည်တွင်းရဲ့ စီးပွားရေး ဆိုးဝါးမှု ကယက်ကို တပ်က ခံစားရတာ။ ဟိုတုန်းကတော့ တပ်မတော်ဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပါပဲ။ အခုတော့ လူတိုင်းရဲ့ တံတွေးခွက်မှာ မျောနေတဲ့ တပ်မတော် ဖြစ်နေပါပြီ။
ကျနော်တို့ ရရှိထားတဲ့ ၂ဝဝ၆ စာရင်းအရ တပ်အင်အားက ၄ သိန်းထက် မကျော်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ တပ်ပြေးက တပ်ဝင်ထက် များနေတယ်။
မေး။ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်နဲ့ ဒီကနေ့ တပ်မတော်က ဘယ်လိုများ ကွာခြားသွားပါသလဲ။
ဖြေ။ အများကြီး ကွာတာပေါ့။ ဗိုလ်ချုပ်ကြီး မျှော်လင့်ခဲ့တာက တပ်မတော်ကို ခေတ်မီတဲ့၊ တိုင်းပြည်ကို ကာကွယ်တဲ၊့ ပြည်သူကို ချစ်တဲ့၊ တိုင်းပြည်ရဲ့ တည်ထောင်ရေး လုပ်ငန်းတွေမှာ အားကျိုးမာန်တက် ပါဝင်တဲ့ တပ်မတော်ကြီးအဖြစ် မျှော်လင့်ခဲ့တာပါ။ အဲဒီအရာတွေ အားလုံးနဲ့ ဆန့်ကျင်တဲ့၊ ပြည်သူတွေကို နှိပ်စက် သတ်ဖြတ်တဲ့ ဗမာပြည်ကို အရှေ့တောင်အာရှမှာ အဆင်းရဲဆုံးနိုင်ငံ ဖြစ်အောင် ဖန်တီးနေတဲ့ လက်နက်ကိရိယာ ဖြစ်လာတယ်။
ဒီကနေ့ တပ်မတော်မှာ ဖခင်မရှိတော့ဘူး။ ကနေ့ တပ်မတော်သားတွေက 'မိမစစ်၊ ဖမစစ်' တပ်မတော်က မွေးလာတဲ့ တပ်သားတွေ ဖြစ်တယ်။ ဘာကြောင့်ဆိုတော့ ဘယ်သူမှ တပ်မတော်ရဲ့ အဖက ဘယ်သူလဲဆိုတာ မသိတော့ဘူး။ အဲဒီလို ဖြစ်အောင်လည်း တပ်မတော်က လုပ်တာပါ။
တပ်မတော်ကတော့ ရှိရမှာပါ။ အဲဒါမှ နိုင်ငံက လုံခြုံမှု ရှိမှာပေါ့။ အတွင်းအပြင် ရန်ကို ကာကွယ်နိုင်မှာပေါ့။ ဟိုတုန်းက တပ်မတော်က အဲဒီအချက်တွေနဲ့ ညီပေမယ့် ဒီကနေ့ တပ်မတော်ကတော့ အဲဒီအချက်တွေနဲ့ အကျုံးမဝင်ပါဘူး။ သူတို့က ဘယ်သူ့ကိုမှ မကာကွယ်ပါဘူး။ သူတို့ အကျိုးစီးပွားကိုသာ ကာကွယ်တဲ့ တပ်မတော်ပါ။
မေး။ အခုတလော တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေမှာ သဘောကွဲလွဲမှုတွေ ရှိတယ်ဆိုတဲ့ အပေါ်မှာ ဘယ်လို မြင်ပါသလဲ။
ဖြေ။ အဲဒါကတော့ သိပ်မထင်ပါဘူး။ ဘာကြောင့်ဆိုတော့ နိုင်ငံရေးအရ သဘောထားကွဲလွဲမှု ဆိုတာ မဖြစ်လာနိုင်ပါဘူး။ သူတို့မှာ တူညီတဲ့ ရည်ရွယ်ချက် တချက်ထဲရှိတယ်။ ပြည်သူတွေကို ဖိနှိပ်တဲ့အပိုင်းမှာပေါ့။ စီးပွားရေးအရသာ သဘောထား ကွဲနိုင်ပါတယ်။ တဦးချင်းအနေနဲ့ သူတို့ရဲ့ အကျိုးစီးပွားအတွက် သူ့လူ ကိုယ့်လူတွေ ရှိတယ်။ ပုဂ္ဂိုလ်ရေးအရသာ ကွဲနိုင်ပါတယ်။ နိုင်ငံရေးအရတော့ မကွဲနိုင်ပါဘူး။ ရွှေးကောက်ပွဲ မပြီးခင်မှာ သူတို့ရဲ့ နောင်ရေးအတွက် စီးပွားကို အပြတ်ရှာနေတဲ့ အချိန်ဖြစ်တယ်။ ဗိုလ်ချုပ်ဆိုတဲ့ သူတိုင်း စီးပွားရေး အကြီးအကျယ် မလုပ်တဲ့သူ မရှိသလောက်ပဲ။

ဦးဘိုဘိုကျော်ငြိမ်း ( မြန်မာ့အရေး လေ့လာသူ)
မေး။ ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့တဲ့ တပ်မတော်နဲ့ ဒီကနေ့တပ်မတော် ကွာခြားချက်တွေ ရှိပါသလား။
ဖြေ။ ဗိုလ်ချုပ်အောင်ဆန်း မျှော်လင့်ခဲ့တဲ့ တပ်မတော်နဲ့ ဒီကနေ့ တပ်မတော်နဲ့ တခြားစီပဲ။ ဗိုလ်ချုပ်တို့ မျှော်လင့်ခဲ့တဲ့ တပ်မတော်က ပြည်သူကို အကျိုးပြုတဲ့ တပ်မတော် ...(၁) အချက်က ပြည်သူ့တာဝန်ကို ဆောင်ရွက်ဖို့၊ ပြည်သူကို ကာကွယ်ဖို့ တပ်မတော် စဖြစ်တယ်။ (၂) အချက်က ဗိုလ်ချုပ်အောင်ဆန်းတို့က အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်တွေ ဖြစ်တဲ့အတွက် ဒီလိုတပ်မတော် အကြီးကြီးကို သွားပြီးတော့ တိုင်းပြည်အနေနဲ့ မတည်ဆောက်နိုင်ဘူး ဆိုတာ သိတယ်။ ဘာကြောင့်မို့လည်း ဆိုတော့ တိုင်းပြည် တည်ထောင်ဖို့အတွက် ပိုက်ဆံတွေ အများကြီးလိုတယ်။ ဗိုလ်ချုပ်တို့ ရည်မှန်းထားတဲ့ ၂ ခုနဲ့ လွဲသွားတဲ့ အပြင်၊ တပ်မတော် ဆိုဟာ စွမ်းရည်ထက်မြက်တဲ့ စစ်သားပီပီ စစ်ရည်ဝတဲ့ပြီး စစ်တပ် အရည်အချင်း ပြည့်ဝတဲ့ တပ်မတော် ဖြစ်ရမယ်။
ဒီလို ဖြစ်ဖို့အတွက် စစ်တပ်ဆိုတာက စစ်တပ်အလုပ်ကို လုပ်ပြီးတော့ အမြဲ လေ့ကျင့်နေရတယ်။ အမြဲ အဆင်သင့် ဖြစ်နေအောင် လုပ်ထားရတယ်။ ဒါမှ အရည်အချင်း ပြည့်ဝတဲ့ တပ်မတော် လာဖြစ်တာပေါ့။ အခု တရုတ်ပြည်မှာ ဆိုရင်တောင်မှ အရင်တုန်းက ဝါဒရေးရာတွေ ပါပေမယ့် အခု အရည်အချင်း ပြည့်ဝတဲ့ တပ်မတော် ဖြစ်ရမယ်ဆိုတဲ့ ဆောင်ပုဒ်ကို ကျင့်သုံးပါတယ်။
မြန်မာ့ တပ်မတော်ကတော့ အားလုံးနဲ့ ဝေးသွားတယ်။ ရှင်းရှင်းပြောရရင် ကြေးစားတပ်မတော် ဖြစ်နေတာပေါ့။ ဖက်ဆစ် တပ်မတော် ဖြစ်တာပေါ့။ နေရာတိုင်းမှာ ဝင်ပါတဲ့ အခါကျတော့ စစ်တပ် မဟုတ်ဘဲ၊ စစ်တပ်ဆိုတာ စစ်သားအလုပ်ကို မလုပ်ဘဲနဲ့ ကျန်တဲ့ဟာတွေ လိုက်လုပ်ပြီးတော့ ပြည်သူကို ကူညီရမယ့်သူ၊ ပြည်သူ့ကို စောင့်ရှောက်ရမယ့်သူ ဖြစ်ရမယ့်အစား ပြည်သူကို ဖိနှိပ်တဲ့ တပ်မတော် လာဖြစ်တယ်။ ဗိုလ်ချုပ်တို့ မျှော်မှန်းထားတဲ့ တပ်မတော်နဲ့ တခြားစီပဲ။ ဆီနဲ့ ရေလို ကွာခြားတယ်။
မေး ။ ဒီကနေ့ တပ်မတော်ခေါင်းတွေက တပ်မတော်ရဲ့ ကျင့်ဝတ်တွေကို ထိန်းသိမ်း စောင့်ရှောက်နေတယ်လို့ ပြောနေတာတွေကို ဘယ်လို မြင်ပါသလဲ။
ဖြေ။ လျှာ အရိုးမရှိတိုင်း ပြောနေကြတာပါပဲ။ အာဏာရှင်ကလည်း ကြားကောင်းအောင် ပြောတာပါပဲ။ တကယ့်လက်တွေ့ သူတို့ အာဏာယူထားတဲ့ သူတွေ ပြောနေတာကို မကြည့်နဲ့၊ သူတို့ အာဏာယူထားတဲ့ ၁၉၆၂ ခုနှစ်ကနေ ဒီနေ့အထိကို ကြည့်လိုက်လို့ရှိရင် စစ်တပ်က အာဏာကို အဓမ္မ ယူထားပြီးတော့ တိုင်းပြည် ဥစ္စာတွေကို အဓမ္မ ခွစားနေလို့ရှိရင် အဲဒါ သူခိုး ချပိုး စစ်တပ် ဖြစ်တာပါပဲ။
မေး။ တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်အတွင်း သဘောထား ကွဲလွဲမှုတွေ ရှိလာနိုင်ပါသလား။
ဖြေ။ အမှန်အတိုင်းပြောရရင် ဘယ်သူမှ အသေးစိတ်မသိဘူး။ ဒါတွေက စိတ်ကူးယဉ် တဝက် ပါတယ်လို့ ယူဆတယ်။ ဘယ်ကြောင့်လဲ ဆိုတော့ သူတို့ထဲမှာ မတဲ့တာတွေ ရှိရင်လည်း ရှိမယ်၊ သူတို့ထဲမှာ စိတ်ဓာတ်မတူတာတွေ ရှိမယ်၊ နောက် ကွဲလို့ရှိရင် တယောက်ထဲ ကြိုးကွင်းစွပ်ခံရမှာ သူတို့သိတယ်။
မေး။ တိုင်းပြည် အုပ်ချုပ်ရေး တနေရာမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍက တကယ့်ကို အရေးကြီးလား၊ စစ်တပ်က တိုင်းပြည် ကာကွယ်ဖို့ သက်သက်ပဲလား။
ဖြေ။ ဘယ်နိုင်ငံမှာမဆို ကွန်မြူနစ်စနစ်မှာပဲ ကြည့်ကြည့်၊ ဒီမိုကရေစီစနစ်မှာ ကြည့်ကြည့်၊ ဘယ်နိုင်ငံမှာမဆို စစ်တပ်က ဖရိုဖရဲ ဖြစ်တဲ့အချိန်ကလွဲလို့ ဘယ်တော့မှ စစ်တပ်က အုပ်ချုပ်ရေးမှာ လာမကိုင်ဘူး။ စစ်တပ်နဲ့ အုပ်ချုပ်ရေးက တခြားစီပဲ။ စစ်တပ်ဆိုတာက ဘာပဲကြည့်ကြည့် လုံခြုံရေးနဲ့ တန်းကြည့်တာပဲ။ အီရတ်မှာကြည့် အမေရိကန်စစ်တပ်က သွားပြီးတော့ စစ်တိုက်ပြီးတော့ အုပ်ချုပ်နေတာနဲ့ အာလုံး ဖရိုဖရဲဖြစ်တာပါပဲ။ စစ်တပ် အုပ်ချုပ်လို့ ကြီးပွားတယ်ဆိုတာ ဘယ်နိုင်ငံမှ မရှိခဲ့ဖူးပါဘူး။ စစ်တပ်ရဲ့အလုပ်က အုပ်ချုပ်ရေးမှာ ဘာမှ မဆိုင်ဘူး။ စစ်တပ် ပါလာတာနဲ့ လုံခြုံရေး ကြည့်ပြီး ကျန်တာကို ဘာမှ မကြည့်ဘူး။ နိုင်ငံရေး ဆိုတာက အကုန်လုံးကို ကြည့်ရတာ။ စစ်တပ်ဆို လုံခြုံရေးတခုကိုပဲ ကြည့်တာ။ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးဆိုတာ ဆီနဲ့ ရေပဲ။
မေး။ ပြည်သူတွေဆီက အာဏာသိမ်းပြီး စစ်တန်းလျားကို မပြန်ဘဲ ဒီကနေ့အထိ စစ်အုပ်ချုပ်ရေးအောက်မှာ နေထိုင်ရတဲ့ ပြည်သူတွေ ဘယ်လောက်အထိ နစ်နာ ခံစားရပါသလဲ။
ဖြေ။ ပြည်သူတွေက နေ့တိုင်း ခံစားရတယ်။ ပြည်သူတွေဟာ အင်္ဂလိပ်ကျွန်ဘဝက နေပြီးတော့ စစ်ကျွန်ဘဝကို ရောက်ခဲ့တာပါပဲ။ ၅၂ သန်းရှိတဲ့ ဗမာပြည်ဟာ အရှေ့တောင်အာရှမှာ အကြီးဆုံးနိုင်ငံနဲ့ အထွန်းကားဆုံးဖြစ်ခဲ့တဲ့ နိုင်ငံဟာ အခု နောက်ဆုံးဖြစ်နေတယ်။ အာဖရိကနိုင်ငံတွေက သုံးမရတဲ့ နိုင်ငံတွေထက် ကျနော်တို့နိုင်ငံက စုတ်ပြတ်နေတယ်။ အားလုံးရဲ့ အဓိကဟာ ဘာလဲဆိုတော့ အားလုံးကို ချုပ်ကိုင်ချင်တဲ့ စိတ်ဓာတ်ရှိတဲ့ စစ်အာဏာရှင်ကြောင့် ဖြစ်တယ်။
မေး။ မြန်မာပြည်မှာ စစ်တပ်လူဦးရေနဲ့ ပြည်သူလူထု လူဦးရေ ကွာခြားမှု ဘယ်လောက်ရှိမယ်လို့ ထင်ပါသလဲ။ စစ်အသုံးစရိတ် ဘယ်လောက်ရှိပါသလဲ။
ဖြေ။ မြန်မာပြည်လို တိုင်းပြည်ရဲ့ လူဦးရေနဲ့ စစ်တပ်အင်အားနဲ့ မမျှဘူးဆိုတာ သေချာတယ်။ ဘာလို့ သေချာသလဲဆိုတော့ တိုင်းပြည်က သိပ်ချမ်းသာနေရင်တော့ တမျိုးပေါ့။ တိုင်းပြည်တပြည်ဟာ၊ နိုင်ငံတိုင်း နိုင်ငံတိုင်းဟာ ဥရောပ နိုင်ငံမျိုးဟာ သူတို့ရဲ့ ထုတ်ကုန် ၁ ရာခိုင်နှုန်းတောင် သူတို့ မသုံးဘူး။ အင်မတန် စစ်ဝါဒကြီး အမေရိကန်နိုင်ငံမျိုးတောင်မှာ သူတို့ရဲ့ ထုတ်ကုန် ၅ ရာခိုင်နှုန်းပဲ သုံးတယ်။ မြန်မာပြည်မှာ ၃ဝ ရာခိုင်းနှုန်းကျော် သုံးထားတယ်။ စစ်တပ်က ကိုင်ထားတာချည်းပဲ။ ရှင်းရှင်းပြောရင် စစ်တပ် ကျွန်လာဖြစ်တာပေါ့။

လက်နက်များနှင့် ဖမ်းမိသူသည် မကဒတ တပ်ဖွဲ့ဝင် မဟုတ်ဟု ငြင်းဆို

သန်းထိုက်ဦး
ချင်းမိုင်။ ။ နေအိမ်အတွင်း လက်နက်များ တွေ့ရှိသည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသူသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ) ၏ တပ်သားဟောင်းတဦး မဟုတ်ကြောင်း မကဒတ က ယနေ့ ငြင်းဆိုလိုက်သည်။
ပြီးခဲ့သည့် အင်္ဂါနေ့တွင် ဒေသခံ ရဲ ၊ ရယတ၊ စရဖ (စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့) အဖွဲ့ဝင် ၃ဝ ခန့်က လာရောက် ဖမ်းဆီးသွားသော ပဲခူးတိုင်း ပြည်မြို့နယ် ခရမ်းကုန်းရပ်ကွက်မှ ကိုအေးထွန်းဇော်နှင့် ပတ်သက်သော ကောလာဟလများအပေါ် မကဒတ ဒု-ဥက္ကဋ္ဌ ကိုမျိုးဝင်းက ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။
"ကျနော်တို့ အဖွဲ့အစည်းမှာ မှတ်တမ်း စာရင်းဇယားတွေ ရှိတယ်လေ။ တပ်ဖွဲ့ဝင်ဆိုရင် တပ်ဖွဲ့ဝင် မှတ်တမ်းရှိတာပေါ့။ ကျနော်တို့ မှတ်တမ်းဝင်ထဲမှာ ဆိုလို့ အဖွဲ့အစည်းအနေနဲ့ အေးထွန်းဇော်ဆိုတာ တခါမှ မရှိခဲ့ပါဘူး။ အရင်ကလည်း မရှိခဲ့ဖူးပါဘူး" ဟု သူက ပြောသည်။
ယခုလ ၂၅ ရက်နေ့က ကိုအေးထွန်းဇော် ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ကြားသိသမျှကို အမည်မဖော်လိုသူ ဒေသခံတဦးက "မိသားစုဝင် အားလုံး ဖမ်းသွားတယ်။ အိမ်ကိုလည်း ချိတ်ပိတ်ထားတယ်။ စဖမ်းတဲ့နေ့က တနေ့လုံး စစ်ဆေးတယ်။ နောက်တနေ့လည်း ပြန်ရောက်လာပြီးတော့ စစ်ဆေးနေသေးတယ်။ စစ်ဆေးပြီးတော့ လမ်းထောင့်မှာလည်း လုံခြုံရေးရဲတွေ ချထားတယ်" ဟု ပြောသည်။
သူက "ယမ်းပျော့တွေကတော့ လတ်လတ်ဆတ်ဆတ် မဟုတ်ဘူးလို့ ကြားတာပဲ။ ဘာ့လို့လဲ ဆိုတော့ သူတို့ ဖမ်းမိတဲ့ အခါကျတော့ ထုပ်ထားတဲ့ အဝတ်တွေ ဘာတွေတောင် မြေကြီးထဲမှာ မြှုပ်ထားတာလေ။ ထုပ်ထားတဲ့ အထုပ်တွေတောင်မှ တော်တော်လေး ဆွေးနေပြီလို့ ကြားတယ်။ ဘယ်လိုကနေ မိသွားပြီးတော့ ဘယ်လိုလုပ် ဟိုဟာ ဖြစ်သွားသလဲတော့ ကျနော်တို့ မသိဘူးပေါ့" ဟု ပြောသည်။
ယင်းဖမ်းဆီးမှုနှင့် ပတ်သက်၍ ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ မဇ္ဈိမက ဆက်သွယ်ရာတွင် တာဝန်ကျ ရဲတဦးက အမှုကို စစ်ဆေးနေဆဲ ဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း အသေးစိတ်ကိုမူ ပြောဆိုရန် ငြင်းဆိုသည်။
အဖမ်းခံနေရသူ ကိုအေးထွန်းဇော်သည် မကဒတ ၏ တပ်ဖွဲ့ဝင်ဟောင်း ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းတဦးလည်း ဖြစ်ကြောင်း သတင်းဌာနအချို့က ပြောဆိုကြသော်လည်း မဇ္ဈိမက သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ဒီချုပ်လူငယ်များက ကန့်ကွက်မဲပေးရန် NO လှုပ်ရှားမှု စတင်

မောင်ဒီး
နယူးဒေလီ။ ။ နအဖ ၏ လူထုဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲပေးရေး NO လှုပ်ရှားမှုတရပ်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များက ယနေ့ (တော်လှန်ရေးနေ့) ၌ ရုံးချုပ်ရှေ့တွင် လုပ်ဆောင်ခဲ့ကြသည်။
အဖွဲ့ချုပ်လူငယ် ၂ဝ ကျော်က NO တံဆိပ် ကပ်ထားသည့် တီရှပ် အဖြူ၊ အပြာ၊ အနီ တို့ကို ဝတ်ဆင်ကာ ၆၃ နှစ်မြောက် တော်လှန်ရေးနေ့ အခမ်းအနား မစတင်ခင် ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ ရုံးချုပ်ရှေ့တွင် ဆန္ဒ ဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။
"ရှပ်အဖြူ၊ အနီ၊ အပြာတွေမှာ NO စာလုံးရေးထားပြီး အပေါ်မှာက ' ပြတ်ပြတ်သားသား ဆန့်ကျင်ကြ' စာတန်း ကပ်ထားတဲ့ ရှပ်တွေကို ဝတ်ပြီးတော့ ဖက်ဆစ် တော်လှန်ရေးအလံတွေ ကိုင်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးတွေ၊ ကမ္ဘာမကြေ သီချင်းဆိုတယ်။ နောက်ပြီး လူထု ဆန္ဒခံယူပွဲအလိုမရှိ ဆိုပြီး အော်ကြတာပေါ့ ' ဟု အဖွဲ့ချုပ်လူငယ်တဦးက မဇ္ဈိမကို ပြောသည်။
အဖွဲ့ချုပ်လူငယ်များက တနာရီကြာမျှ ကြွေးကြော်သံများ ဟစ်အော်ခဲ့ကြသည်။
ကြံ့ဖွံ့နှင့် အထူး ရဲသတင်းတပ်ဖွဲ့ဝင်အချို့ လာရောက်ကာ ဓာတ်ပုံရိုက် သတင်း ယူခဲ့ကြသော်လည်း တစုံတရာ နှောင့်ယှက်ခြင်း မရှိခဲ့ကြောင်းနှင့် "ဒါကတော့ အဖွဲ့ချုပ် လူငယ်တွေရဲ့ ကိုယ့်ဆန္ဒကို ကိုယ်ထုတ်ဖော်တာ။ လာကြည့်တဲ့ ပြည်သူလူထုတွေမှာလည်း တစုံတရာ မက်ဆေ့ခ်ျတော့ ရသွားမှာပေါ့" ဟု ဟု အဆိုပါ လူငယ်က ပြောသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကျင်းပသည့် တော်လှန်ရေးနေ့ အခမ်းအနားတွင်မူ နဝတ၏ ပြည်သူ့လွှတ်တော် ခေါ်ယူပေးရေး ကတိကဝတ်များ ဖြစ်သည့် ၁၉၈၉ ရွေးကောက်ပွဲဥပဒေပုဒ်မ (၃) နှင့် ၁၊၉ဝ ကြေညာချက် အပိုဒ် ၁၂ တို့နှင့်အညီ နအဖ ကိုယ်တိုင်က ပြည်သူ့လွှတ်တော် ခေါ်ယူပေးရေးကို တောင်းဆိုခဲ့သည်။
ထို့အပြင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ သံဃာတော်များနှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ပြန်လွှတ်ပေးရေး၊ နှစ်ရှည် ထောင်ဒဏ်ကျခံနေရသည့် ရှမ်းဒီချုပ်ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးအပါအဝင် ရှမ်းခေါင်းဆောင်များကို ချွင်းချက်မရှိ ပြန်လွှတ်ပေးရန် နအဖကို တောင်းဆိုခဲ့ကြသေးသည်။
သည့်နောက် မြို့နယ်များရှိ အဖွဲ့ချုပ် စည်းရုံးရေးအဖွဲ့ဝင်များ၏ ရုံးခန်းများကို ချိတ်ပိတ်ထားခြင်းမှ ပြန်ဖွင့်ပေးပြီး စည်းရုံး လှုပ်ရှားခွင့်များ ပြန်ပေးရန်နှင့် ၉ဝ ရွေးကောက်ပွဲတွင် ပါဝင်ခဲ့ကြသည့် နိုင်ငံရေးပါတီများကို မှတ်ပုံတင်အသစ် ထုတ်ပေးပြီး စည်းရုံး လှုပ်ရှားခွင့် ပြန်ပေးရန်လည်း တောင်းဆိုခဲ့သည်။
အခမ်းအနားသို့ ဝါရင့် နိုင်ငံရေးသမားများနှင့် နိုင်ငံခြားသံရုံးများမှ သံတမန်များ အပါအဝင် လူဦးရေ ၅ဝဝ ကျော် တက်ရောက်ခဲ့ကြပြီး အခန်းအနားအပြီး အဖွဲ့ချုပ် လူငယ်များက အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီအင်အားစုများ ရေးသားတင်ဆက်သည့် ဘုန်းဘုန်းချမှ လုံးလုံးရမယ် တိုက်ပွဲခေါ် မြန်မာ့ရိုးရာ အတာသင်္ကြန် သံချပ်များမှ နှစ်သက်ရာ သီချင်းများကို သံချပ်ထိုးကာ နအဖ အစိုးရ၏ ချို့ယွင်းချက်များကို ဝေဖန်ခဲ့ကြသည်။

လက်နက်များနှင့် ဖမ်းမိသူသည် မကဒတ တပ်ဖွဲ့ဝင် မဟုတ်ဟု ငြင်းဆို

သန်းထိုက်ဦး
ချင်းမိုင်။ ။ နေအိမ်အတွင်း လက်နက်များ တွေ့ရှိသည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသူသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ) ၏ တပ်သားဟောင်းတဦး မဟုတ်ကြောင်း မကဒတ က ယနေ့ ငြင်းဆိုလိုက်သည်။
ပြီးခဲ့သည့် အင်္ဂါနေ့တွင် ဒေသခံ ရဲ ၊ ရယတ၊ စရဖ (စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့) အဖွဲ့ဝင် ၃ဝ ခန့်က လာရောက် ဖမ်းဆီးသွားသော ပဲခူးတိုင်း ပြည်မြို့နယ် ခရမ်းကုန်းရပ်ကွက်မှ ကိုအေးထွန်းဇော်နှင့် ပတ်သက်သော ကောလာဟလများအပေါ် မကဒတ ဒု-ဥက္ကဋ္ဌ ကိုမျိုးဝင်းက ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။
"ကျနော်တို့ အဖွဲ့အစည်းမှာ မှတ်တမ်း စာရင်းဇယားတွေ ရှိတယ်လေ။ တပ်ဖွဲ့ဝင်ဆိုရင် တပ်ဖွဲ့ဝင် မှတ်တမ်းရှိတာပေါ့။ ကျနော်တို့ မှတ်တမ်းဝင်ထဲမှာ ဆိုလို့ အဖွဲ့အစည်းအနေနဲ့ အေးထွန်းဇော်ဆိုတာ တခါမှ မရှိခဲ့ပါဘူး။ အရင်ကလည်း မရှိခဲ့ဖူးပါဘူး" ဟု သူက ပြောသည်။
ယခုလ ၂၅ ရက်နေ့က ကိုအေးထွန်းဇော် ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ကြားသိသမျှကို အမည်မဖော်လိုသူ ဒေသခံတဦးက "မိသားစုဝင် အားလုံး ဖမ်းသွားတယ်။ အိမ်ကိုလည်း ချိတ်ပိတ်ထားတယ်။ စဖမ်းတဲ့နေ့က တနေ့လုံး စစ်ဆေးတယ်။ နောက်တနေ့လည်း ပြန်ရောက်လာပြီးတော့ စစ်ဆေးနေသေးတယ်။ စစ်ဆေးပြီးတော့ လမ်းထောင့်မှာလည်း လုံခြုံရေးရဲတွေ ချထားတယ်" ဟု ပြောသည်။
သူက "ယမ်းပျော့တွေကတော့ လတ်လတ်ဆတ်ဆတ် မဟုတ်ဘူးလို့ ကြားတာပဲ။ ဘာ့လို့လဲ ဆိုတော့ သူတို့ ဖမ်းမိတဲ့ အခါကျတော့ ထုပ်ထားတဲ့ အဝတ်တွေ ဘာတွေတောင် မြေကြီးထဲမှာ မြှုပ်ထားတာလေ။ ထုပ်ထားတဲ့ အထုပ်တွေတောင်မှ တော်တော်လေး ဆွေးနေပြီလို့ ကြားတယ်။ ဘယ်လိုကနေ မိသွားပြီးတော့ ဘယ်လိုလုပ် ဟိုဟာ ဖြစ်သွားသလဲတော့ ကျနော်တို့ မသိဘူးပေါ့" ဟု ပြောသည်။
ယင်းဖမ်းဆီးမှုနှင့် ပတ်သက်၍ ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ မဇ္ဈိမက ဆက်သွယ်ရာတွင် တာဝန်ကျ ရဲတဦးက အမှုကို စစ်ဆေးနေဆဲ ဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း အသေးစိတ်ကိုမူ ပြောဆိုရန် ငြင်းဆိုသည်။
အဖမ်းခံနေရသူ ကိုအေးထွန်းဇော်သည် မကဒတ ၏ တပ်ဖွဲ့ဝင်ဟောင်း ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းတဦးလည်း ဖြစ်ကြောင်း သတင်းဌာနအချို့က ပြောဆိုကြသော်လည်း မဇ္ဈိမက သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

တိဘက်အရေးသည် တရုတ်၏ ပြည်တွင်းရေးဟု နအဖ ပြော

နေသွင်
ချင်းမိုင်။ ။ နှစ်ပတ်ကျော်ကြာ ဖြစ်ပွားနေပြီး လှုပ်ရှားတက်ကြွသူ ဒါဇင်နှင့်ချီ သေဆုံးခဲ့သော တိဘက်အရေးအခင်းသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေး သက်သက်သာ ဖြစ်သည်ဟု စစ်အစိုးရက ယနေ့ သဘောထား ထုတ်ပြန်လိုက်သည်။
ယနေ့ထုတ် မြန်မာ့အလင်းစာတွင် ဖော်ပြထားသော ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသဘောထား ထုတ်ပြန်ချက်တွင် "တိဘက်တွင် ဖြစ်ပွားသည့် ဖြစ်ရပ်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပြည်တွင်းရေး ဖြစ်သည်" ဟု ဆိုကာ "တိဘက်မှ ဖြစ်ရပ်များ အား ပေကျင်း အိုလံပစ် အားကစားပွဲတော်နှင့် ဆက်စပ်ရန် ကြိုးပမ်းမှု မှန်သမျှကို ဆန့်ကျင်သည်" ဟု ဖော်ပြထားသည်။
ယနေ့ ထုတ်ပြန်ချက်သည် မတ်လ ၁ဝ ရက်နေ့ကတည်းက ဖြစ်ပွားနေသော တိဘက် အရေးအခင်းအပေါ် မြန်မာစစ်အစိုးရ၏ ပထမဆုံးအကြိမ် တရားဝင် သဘောထားဖြစ်ပြီး အရေးအခင်းနှင့် ပတ်သက်၍ တရုတ်အစိုးရကို ဒီမိုကရေစီနိုင်ငံကြီးများက အပြစ်တင် နေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
မြန်မာ့ဒီမိုကရေစီ အတိုက်အခံများက စစ်အစိုး၏ တိဘက်ကိစ္စ သဘောထား ထုတ်ပြန်ချက်သည် တရုတ်အစိုးရအပေါ် မျက်နှာလုပ်ခြင်းနှင့်အတူ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကိုလည်း မြန်မာပြည်၏ ပြည်တွင်းရေးအဖြစ် တဖက်လှည့် ထုတ်ပြောလိုက်ခြင်း ဖြစ်သည်ဟု မြင်သည်။
မြန်မာစစ်အစိုးရသည် ယခင်ကလည်း တရုတ်နိုင်ငံ၏ ထိုင်ဝမ်နိုင်ငံရေး အကျပ်အတည်း တွင်လည်း တရုတ်အစိုးရကို ထောက်ခံကြောင်း ထုတ်ဖော် ပြောဆိုခဲ့ဖူးသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) နိုင်ငံခြားရေးတာဝန်ခံ ကိုညိုအုန်းမြင့် က "ပထမတချက်က တရုတ်ပြည်ရဲ့ ထောက်ခံချက်ကို လိုချင်တဲ့အတွက် တရုတ်ပြည် လိုချင်တာ အကုန်လိုက်ပြောမှာ ဖြစ်ပါတယ်။ ဒုတိယက မြန်မာပြည်မှာ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေ ဦးဆောင်တဲ့ အတွက်ကြောင့် တရုတ်ပြည်အတွက် အရေးကြီးတဲ့ကိစ္စ ဖြစ်တယ်။ ဒီအပေါ်မှာ တရုတ်က ကိုင်တွယ်တဲ့ ကိစ္စမှန်သမျှကို တရုတ်ပြည်ကို ကာကွယ်ချင်တာထက် မြန်မာပြည်မှာ ဖြစ်ပွားတဲ့ ကိစ္စဟာ ပြည်တွင်းရေးကိစ္စ ဖြစ်တယ်လို့ ပြောချင်တဲ့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာ သုံးနိုင်တဲ့ နိုင်ငံလည်း ဖြစ်တယ်။ အိမ်နီးချင်းနိုင်ငံလည်း ဖြစ်တယ်။ အဲဒီနိုင်ငံကို မျက်နှာသက်သက် လုပ်တယ်လို့ ကျနော် သဘောပေါက်ပါတယ်" ဟု ပြော သည်။
ကိုညိုအုန်းမြင့်သည် မကြာသေးခင်ကပင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး တရုတ်အစိုးရ ပိုင်း မှ အရာရှိအချို့နှင့် တွေ့ဆုံခဲ့သူ ဖြစ်သည်။ နောက်ဆုံးတွေ့ဆုံမှုတွင် တရုတ်အစိုးရဘက် က မြန်မာပြည်နှင့် ပတ်သက်သော စိုးရိမ်မှုအချို့ကို သိခွင့်ရခဲ့သည်ဟု ကိုညိုအုန်းမြင့်က ပြောသည်။
"တရုတ်က မြန်မာပြည် ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်း သွားချင်တာပေါ့။ ဒါ သူတို့ အမြဲတမ်း ပြောနေတဲ့ဟာပေါ့။ တဖက်မှာလည်း မြန်မာပြည်နဲ့ အိုလံပစ်နဲ့ ဆက်နွယ်မှုကို စိုးရိမ်တယ်။ တဖက်မှာလည်း နအဖ ဘက်ကို သဘောထား မပြောင်းလဲရတဲ့အချက်က ကျနော်တို့ အတိုက်အခံအနေနဲ့ မြန်မာပြည်အပေါ်မှာ ကိုင်တွယ်မယ့် ဘယ်လို အုပ်ချုပ်မလဲ၊ ဘယ်လို ဖွံ့ဖြိုးတိုးတက်အောင် လုပ်မလဲဆိုတဲ့ အချက်ကို သူတို့ သိချင်တယ် ဆိုတဲ့အချက်ကို ကျနော်တွေ့ပါတယ်။ နအဖက လာမယ့် ဆန္ဒခံယူပွဲမှာ ပြတ်ပြတ်သားသား နိုင်တာပဲ ဖြစ်ဖြစ်၊ မဖြစ်နိုင်ခဲ့ရင် ဘာဖြစ်မလဲ ဆိုတာကို တရုတ်အစိုးရက စိုးရိမ်တယ်လို့ ထင်ပါတယ်" ဟု သူက ဆိုသည်။
ဒီမိုကရေစီ လိုလားသော ၈၈ မျိုးဆက်ကျောင်းသားများက တရုတ်အစိုးရသည် မြန်မာစစ်အစိုးရကို လက်နက် ထောက်ပံ့နေသဖြင့် မြန်မာပြည်တွင် ပြည်သူလူထု၏ ဖိနှိပ်ခံရမှုများအပေါ် တာဝန်ရှိသည်ဟု ဆိုကာ လာမည့် သြဂုတ်လ ၈ ရက်နေ့တွင် ပြုလုပ်မည် ဘေဂျင်း အိုလံပစ်ပွဲတော်ကို သပိတ်မှောက်ကြရန် မကြာခင်ကပင် လှုံ့ဆော်ထားသည်။ မြန်မာစစ်ခေါင်းဆောင်များအပေါ် သြဇာညောင်းသည်ဟု သတ်မှတ်ခံရသော တရုတ်အစိုးရသည် နိုင်ငံတကာနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာ့အရေးကို ပြည်တွင်းရေးအဖြစ် မကြာခဏ ထုတ်ဖော်ပြောလေ့ရှိသည်။
တရုတ် အရာရှိများနှင့် တွေ့ဆုံခဲ့သော ကိုညိုအုန်းမြင့်က "ကျနော်တို့အနေနဲ့ ဘုန်းတော်ကြီးတွေ ဒီလို ဖြစ်တယ်၊ ပြည်သူတွေက တရုတ်အစိုးရအပေါ်မှာ မကျေနပ်လို့ ဖြစ်တဲ့အပေါ်မှာ အန်အယ်ဒီ အနေနဲ့ရော၊ အန်စီယူဘီ အနေနဲ့ရော ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းစေချင်တဲ့ ဆန္ဒရှိပါတယ်။ ကျနော်တို့က သူတပါး ပြည်တွင်းရေးကို ဝင်မစွက်ပါဘူး။ ဒါပေမဲ့ ကျနော်တို့ ပြည်တွင်းရေးကို တရုတ်အစိုးရက တော်တော်များများ ပါဝင် ပတ်သက်နေတဲ့အတွက် ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းပေးပါလို့ပဲ ကျနော်တို့ သဘောထားပေးနိုင်ပါတယ်။ ဒီဟာကို ကန့်ကွက်ရူတ်ချတာထက်စာရင် ဒီလို မငြိမ်မသက်ဖြစ်တဲ့အတွက် အများကြီး စိုးရိမ်မကင်းဖြစ်တယ်။ နှစ်ဖက်စလုံးက ပြဿနာတခုကို ပြေပြေ လည်လည် ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု ဆိုသည်။
တိဘက်မြို့တော် လာဆာ (Lhasa) တွင် သံဃာတော်များ ဦးဆောင်သော လှုပ်ရှားမှုအတွင်း တရုတ်အာဏာပိုင်များ၏ ဖြိုခွင်းမှုကြောင့် လူ ၂၂ ဦး သေဆုံးခဲ့သည်ဟု တရုတ်အစိုးရက သတင်းထုတ်ပြန်ထားပြီး ပြည်ပရောက် တိဘက်အစိုးရနှင့် တိဘက် လူ့အခွင့်အရေး အဖွဲ့တို့ က လူပေါင်း ၁၄ဝ ကျော် သေဆုံးခဲ့သည်ဟု ဆိုသည်။
မြန်မာပြည်တွင် စက်တင်ဘာအတွင်းက လူ ၃ဝ ကျော် သေဆုံးခဲ့သော သံဃာတော်များ ဦးဆောင်သော လှုပ်ရှားမှုနှင့် အလားသဏ္ဍာန် တူညီသော တိဖက်လှုပ်ရှားမှုကို မြန်မာ့ ဒီမိုအင်အားစုများကလည်း နိုင်ငံတကာ အသိုင်းအဝိုင်းနည်းတူ စာနာကြောင်း ပြသခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အိန္ဒိယတွင် အခြေစိုက်သော မြန်မာ့ဒီမိုကရေစီ လှုပ်ရှားသူ များသည် အိန္ဒိယရောက် တိဘက် လှုပ်ရှားသူများနှင့်အတူ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သလို ပြည်ပ မြန်မာသံဃာအဖွဲ့အစည်များနှင့် ဒီမိုကရေစီ အင်အားစုများကလည်း တရုတ်အစိုးရ၏ အင်အားသုံး ဖြိုခွင်းမှုအပေါ် အပြစ်တင်ခဲ့ကြသည်။
ဂျနီဗာ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့၏ ယနေ့ တောင်းဆိုချက်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ အနေဖြင့် တိဘက်အရေးအခင်းနှင့် ပတ်သက်၍ ဆွေးနွေးရန် တိုက်တွန်းထားသည်။
မကြာခင်က ပြုလုပ်သော ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ၏ အစည်းအဝေးတွင် သြစတြေးလျား၊ ဥရောပသမဂ္ဂ အဖွဲ့၊ ဆွစ်ဇာလန်၊ အမေရိကန် ပြည်ထောင်စုတို့က တိဘက်ကိစ္စကို ဆွေးနွေးရန် အဆိုပြုခဲ့သော်လည်း တရုတ်နိုင်ငံက အယ်ဂျီးရီးယား၊ ကျုးဘား၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဇင်ဘာဘွေ နိုင်ငံတို့၏ ထောက်ခံမှုနှင့်အတူ ပယ်ချခဲ့သည်။
အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ်ကလည်း တရုတ်သမ္မတ ဟူကျင်တောင်းထံသို့ ယမန်နေ့က ဖုန်းခေါ်ခဲ့ပြီးနောက် တိဘက်ခေါင်းဆောင် ဒလိုင်းလားမား၏ ကိုယ်စားလှယ်အဖွဲ့နှင့် စေ့စပ်ရန် တိုက်တွန်းခဲ့သည်။
တိဘက်သည် ၁၉၅ဝ ခုနှစ်တွင် တရုတ်က ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး တရုတ်အုပ်ချုပ်ရေးကို ဆန့်ကျင်သော ဒလိုင်းလားမား ဦးဆောင်သော ၁၉၅၉ ခုနှစ် မတ်လ ၁ဝ ရက် အရေးအခင်းသည် ဖြိုခွင်းခံရသည်။
တရုတ်အစိုးရက တိဘက်ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားကို ခွဲထွက်ရေးသမား ဟု စွပ်စွဲသော်လည်း အိန္ဒိယတွင် သောင်းချီသော ထောက်ခံသူ တိဘက်သားများနှင့်အတူ ရှိနေသော ပြည်ပရောက် တိဘက်အစိုးရ၏ ခေါင်းဆောင် နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဘုန်းတော်ကြီးက တရုတ်ပြည် အနောက်ဘက်ရှိ ဟိမဝန္တာဒေသကို ကိုယ်ပိုင် အုပ်ချုပ်ရေး ပေးရမည်ဟု တောင်းဆိုနေသည်။

ဒီကေဘီအေ လောင်းကစားဝိုင်းအတွင်း ပေါက်ကွဲမှုဖြစ်

သန်းထိုက်ဦး
ချင်းမိုင်။ ။ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ) ဦးဆောင် ပြုလုပ်သော လောင်းကစားပွဲတွင် အာပီဂျီ ရော့ကက်တလုံး ယမန်နေ့ည ၁၁ နာရီခန့်က ပေါက်ကွဲသဖြင့် တဦး ဒဏ်ရာရခဲ့သည်။
ကရင်ပြည်နယ် မြဝတီမြို့ရှိ ပတ္တမြား ဆီဆိုင်နှင့် တမိုင်ခန့်အကွာရှိ ကွင်းပြင်တခုတွင် ဒီကေဘီအေ ၉၉၉ တပ်ရင်း တပ်ဖွဲ့ဝင်များက ပြုလုပ်သည့် ရန်ပုံငွေ ရှာဖွေသည့် လောင်းကစားဝိုင်းအတွင်း တပ်သားတဦး ကိုင်ဆောင်ထားသည့် လက်နက်မှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
"ကစားပွဲမှာ ဒီကေဘီအေ တပ်သားတွေက ကစားဝိုင်းမှာ ပိုက်ဆံ လိုက်ကောက်နေတဲ့ အချိန်မှာ သေနတ်က ထွက်သွားတယ် ပြောတာပဲ။ ဘယ်လိုကနေ စဖြစ်လဲတော့ မသိဘူး။ ကျနော် ရောက်လာပြီး ကြည့်တော့ လူတယောက်က လက်မှာ၊ ခြေထောက် မှာတွေရော ဒဏ်ရာတွေနဲ့ ကားပေါ်ကို တင်သွားတာ တွေ့လိုက်ရတယ်" ဟု မျက်မြင်သက်သေတဦးက မဇ္ဈိမကို ပြောသည်။
မြဝတီမြို့ ဒေသခံတဦးကလည်း "ဟုတ်တယ်။ မြဝတီမြို့အတွက် ပတ္တမြား ဓာတ်ဆီဆိုင် အနီးအနားတဝိုက်မှာ ပေါက်ကွဲမှု ဖြစ်တယ်။ ဒီကေဘီအေ သေနတ် ကိုင်ဆောင်ထားတဲ့ လူက ပေါ့ဆလို့ ဖြစ်မှာပေါ့" ဟု ပြောသည်။
ပေါက်ကွဲမှုကြောင့် လောင်းကစားပွဲတော် လာရောက် ကြည့်ရှုသည့် ပရိသတ်များ ပွဲလန့်ကာ ထွက်ပြေး သွားခဲ့ကြသည်။
၂ဝဝ၇ ခုနှစ် အောက်တိုဘာလအတွင်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြဝတီ ဆက်သွယ်ထားသော နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားအနီးရှိ 'ရွှေပြည်စံရာ တည်းခိုခန်း' တွင်လည်း ဗုံးတလုံး ပေါက်ကွဲခဲ့ဖူးသည်။

နေပြည်တော် တိရစ္ဆာန်ရုံ ဖွင့်လှစ်

မဇ္ဈိမသတင်းဌာန
နယူးဒေလီ။ ။ တိရစ္ဆာန်ပေါင်း ၂ဝဝ ကျော်ရှိသည့် နေပြည်တော် တိရစ္ဆာန် ဥယျာဉ်ဖွင့်ပွဲကို မြို့တော်သစ်တွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အကျဉ်းဦးစီးဌာန ကျောက်ထုစခန်းနေရာတွင် ၂ နှစ်ကျော်ကြာ အချိန်ယူ တည်ဆောက်ရသည့် တိရစ္ဆာန်ဥယျာဉ် ဖွင့်ပွဲကို နံနက် ၈ နာရီ ၃ဝ မိနစ်တွင် ပြုလုပ်ရာ နအဖ အတွင်းရေးမှူး ၁ ဒုတိယဗိုလ်ချုပ်ကြီး သူရ တင်အောင်မြင့်ဦး တက်ရောက်ခဲ့သည်။
မနက်ဖြန်တွင် ကျရောက်မည့် တပ်မတော်နေ့အတွက် ရောက်ရှိနေကြသော နိုင်ငံခြား စစ်သံမှူးများနှင့် သံရုံး ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဆန္ဒကို အကောင်အထည်ဖော်မှု ဖြစ်သော တိရစ္ဆာန်ရုံ တည်ဆောက်ခြင်းကို ကုမ္ပဏီ ၂၂ ခုက တည်ဆောက်ခဲ့ပြီး ကျပ်သိန်း ၅ သောင်းကျော် ကုန်ကျခဲ့သည်။
ဟက်တာ ၂၄ဝ ကျပ်ဝန်းပြီး ပင်ဂွင်း၊ ကျားဖြူ၊ သားပိုက်ကောင်များ အပါအဝင် တိရစ္ဆာန် အကောင်ပေါင်း ၂၄ဝ ကျော်ပါဝင်သည်ဟု သစ်တောအရာရှိတဦးက ပြောသည်။ သို့သော်လည်း ရန်ကုန် တိရစ္ဆာန်ဥယျာဉ်မှ ပြောင်းရွှေ့သယ်ယူခဲ့သည့် တိရစ္ဆာန်များက အများစုဖြစ်သည်။

ကျောင်းသားခေါင်းဆောင် အချိန်မှန် ဆေးကုသခွင့် မရ

ဖနိဒါ
ချင်းမိုင်။ ။ မျက်စိကုသရန် ဆေးရုံချိန်းရက် ရောက်ပြီ ဖြစ်သော်လည်း အင်းစိန်ထောင်တွင် ဖမ်းဆီးခံနေရသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုလှမျိုးနောင်ကို အာဏာပိုင်များက အပြင်ထွက်ခွင့် မပြုဘဲ ထားသည်။
ပြီးခဲ့သည့် ၃ ပတ်ခန့်မှ စတင်ကာ မျက်စိ ရေတိမ်ရောဂါ ခံစားနေသော ကိုလှမျိုးနောင်ကို ရန်ကုန် ကန်တော်ကြီးဆေးရုံတွင် ဆေးကုသ ခံယူနေရာမှ ထပ်မံ ချိန်းဆိုထားသည့် ယမန်နေ့က ရက်ချိန်းတွင် ဆေးရုံသို့ ရောက်မလာနိုင်ခြင်း ဖြစ်သည်။
"သူ့ကို အပြင်ကို ထွက်ပြီး ဆေးကုရမယ်။ အခုချိန်ထိ မထွက်လာသေးဘူး။ ဒီနေ့ ထွက်ရမယ့် နေ့လေ။ ခါတိုင်း အဂါင်္နေ့ဆိုရင် ထွက်ထွက် ပြရတယ်လေ။ ဘာကြောင့် မထုတ်ဘူးဆိုတာ မသိသေးဘူး။ မထုတ်ပေးဘူးလို့ ပြောတယ်။ ငွေရေး ကြေးရေး အဆင်မပြေလို့ ပြန်ခေါ်သွားရော။ အခု ငွေရေး ကြေးရေး အဆင်ပြေ ပြန်တော့လည်း ထုတ်လာဖို့ မနည်း ပြန်ပြောနေရတယ်" ဟု မိသားစုဝင်များနှင့် နီးစပ်သူက ပြောသည်။
ဖမ်းဆီးချိန်ကတည်းက မျက်စိရောဂါ ခံစားနေရသော ကိုလှမျိုးနောင်သည် အကျဉ်းကျ ကာလအတွင်း အချိန်မီ ရောဂါဝေဒနာကို ကုသမခံခဲ့ရသည့်အတွက် ညာဘက်မျက်စိ ကွယ်ခဲ့ရပြီး ယခုအခါ ဘယ်ဘက်မျက်စိအား ပြန်လည် ကူးစက်ခံနေရသဖြင့် သူ့ကို ခွဲစိတ်ကုသရန် လိုအပ်နေသည်ဟု ကုသပေးနေသည့် ဆရာဝန်က ပြောဆိုခဲ့သည်။
စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးတွင် တက်ကြွစွာ ပါဝင်ခဲ့သူ ကိုလှမျိုးနောင်သည် အာဏာပိုင်များမှ လိုက်လံ ဖမ်းဆီးနေသဖြင့် တိမ်းရှောင်ခဲ့ရပြီးနောက် ၂ဝဝ၇ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့တွင် စမ်းချောင်းမြို့နယ်ရှိ ပုန်းအောင်နေရာမှ ပြင်ပဆေးခန်းတခုသို့ မျက်စိရောဂါ ပြသရန်အသွား ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

မီးရှို့ဆန္ဒပြသူ အသက်အန္တရာယ် စိုးရိမ်ရဟု ရဲက ပြော

နန်းဒေဝီ
နယူးဒေလီ။ ။ စီးပွားရေး ကျပ်တည်းလွန်းမှုဒဏ် ခံစားနေရဟန် ပေါ်လွင်သော မိမိကိုယ်ကို မီးရှို့ ဆန္ဒပြသူမှာ အသက်အန္တရာယ် စိုးရိမ်ဖွယ် ရှိသည်ဟု ရဲသတင်းရပ်ကွက်က ပြောသည်။
ဧရာဝတီတိုင်း ပုသိမ်မြို့ ဇာတိဖြစ်သူ ကိုသော်ဇင်နိုင် (ခေါ်) ကိုအောင်ကြီး (၂၆ နှစ်) သည် ပြီးခဲ့သည့် သောကြာနေ့က လူစည်ကားရာ ရွှေတိဂုံဘုရားပေါ်တွင် ဓာတ်ဆီလောင်းပြီး မိမိကိုယ်ကို မီးရှို့ဆန္ဒပြခဲ့ရာ လုံခြုံရေးများက ဝိုင်းဝန်းပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
"အခြေအနေကတော့ တော်တော်ဆိုးတယ်။ မကောင်းဘူး" ဟု မှုခင်းရဲတပ်ဖွဲ့ သတင်းရပ်ကွက်က ပြောသည်။
ခန္ဓာကိုယ်၏ အနည်းဆုံး ၇၅ ရာခိုင်နှုန်း မီးလောင်ကျွမ်း ခံရသည်ဆိုသော ကိုသော်ဇင်နိုင်၏ မိဘများလည်း ရန်ကုန်သို့ ရောက်ရှိနေပြီဟု ရဲက ပြောသည်။
သို့သော် လက်ရှိအချိန်တွင် မည်သည့်ဆေးရုံသို့ ပို့ဆောင် ကုသနေသည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပါ။ ရန်ကုန်ဆေးရုံကြီး မီးလောင်လူနာများ ထားသော အဆောင်တွင် အရပ်ဝတ် လုံခြုံရေးတဦး ရှိနေပြီး အပြင်လူများ ဝင်ရောက်မှု မပြုရန် တားမြစ်ထားသည်။
ကိုသော်ဇင်နိုင်သည် ဓာတ်ဆီလောင်း မီးရှို့ခြင်း မပြုမီ လက်ရှိ ကုန်ဈေးနှုန်းများ ကြီးမြင့်နေမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ရေရွတ် ပြောဆိုခဲ့ပြီး "စစ်အစိုးရ ကျဆုံးပါစေ" ဟု အော်ဟစ်ခဲ့ကြောင်း မျက်မြင်သက်သေများကို ကိုးကားပြီး ရန်ကုန်မှ လာသော အေပီ သတင်းတရပ်တွင် ဖော်ပြခဲ့သည်။
စစ်အစိုးရကို ဆန္ဒပြဟန်ရှိသည့် မိမိကိုယ်ကို မီးရှို့မှုကို ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ဂျာနယ်များတွင်လည်း ဖတ်ရှုရမှာတော့ မဟုတ်ပါ။
"ကျနော်တို့ မရေးဘူး ခင်ဗျ။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့က ထိန်းထိန်းသိမ်းသိမ်းနဲ့ ရေးရတယ်လေ။ ကျနော်တို့က အထဲမှာ နေနေရတဲ့ သူတွေလေ။ ရေးရမယ့် သတင်း၊ မရေးရမယ့် သတင်း ကျနော်တို့ ခွဲခြား သိနေပြီလေ။ ကျနော်တို့ အလုပ်လုပ်တာ ကြာလာပြီ ဆိုတော့" ဟု အမည်မဖော်လိုသူ အပတ်စဉ်ထုတ် ဂျာနယ် အယ်ဒီတာတဦးက မဇ္ဈိမကို ပြောသည်။
ကမာရွတ်မြို့နယ် ငါးလောင်းပြိုင် လူသတ်မှု သတင်းအား 7 day News ဂျာနယ်တွင် စာပေစိစစ်ရေးမှ ခွင့်မပြုသည့် စာပိုဒ်များ ဖော်ပြခဲ့သည့်အတွက် ဂျာနယ် ထုတ်ဝေခွင့် တပတ် ရပ်နားစေခဲ့သည်။

ပခုက္ကူတွင် စာဖြေသံဃာတော် ၄ ရာခိုင်နှုန်းကျော်သာရှိ

မဇ္ဈိမသတင်းဌာန

နယူးဒေလီ။ ။ စစ်အစိုးရက ကြီးမှူး ကျင်းပသော ရဟန်းစာမေးပွဲကို ယခုနှစ်တွင် ဝင်ရောက်ဖြေဆိုသူ အလွန်နည်းသွားရာ ရွှေဝါရောင် တော်လှန်ရေး ရိုတ်ခတ်မှုနှင့် သံဃာတော်များ၏ စစ်အစိုးရအပေါ် စိတ်ပျက် ဒေါသထွက်မှုကို ထင်ရှားစေသည်။
မကွေးတိုင်း ပခုက္ကူမြို့မှ အမှတ် ၃ ရပ်ကွက် ရိပ်သာလမ်းရှိ သံဃာ့ စာပေဆောင်တွင် ပထမငယ်၊ ပထမလတ်၊ ပထမကြီး စာမေးပွဲများ ကျင်းပနေရာ ဖြေဆိုခွင့်ရ သံဃာတော်များအနက် ၄ ရာခိုင်နှုန်းကျော်သာ ယမန်နေ့က စတင် ကျင်းပခဲ့သော စာမေးပွဲကို ဝင်ရောက်ဖြေဆိုခြင်း ဖြစ်သည်။
၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် စစ်အစိုးရမှ အာရုံစိုက် လုပ်ဆောင်ရန် မေတ္တာသုတ် ရွတ်ဆို စီတန်း လမ်းလျှောက်တော်မူသော ရဟန်းတော်များကို ဓာတ်တိုင်တွင် ကြိုးတုတ် ချည်နှောင် ရိုက်နှက်ခဲ့သည့် ပခုက္ကူတွင် စာဖြေရမည့် သံဃာတော် အပါး ၇ဝဝ အနက် အငယ်တန်းမှ ၂၅ ပါး၊ အလတ်တန်းမှ ၇ ပါးနှင့် အကြီးတန်း ၅ ပါးသာလျှင် ဖြေဆိုနေသည်။
သွေးမြေကျ ဖြိုခွင်းခံရသည့် ရွှေဝါရောင် တော်လှန်ရေးအပြီး စာသင်သား သံဃာတော်များကို နေရပ်သို့ နှင်ထုတ်ခဲ့ခြင်းကြောင့် နိုင်ငံတဝှမ်းရှိ စာဖြေဌာနတိုင်းမှာပင် စစ်အစိုးရကို သပိတ်မှောက်ကာ စာမေးပွဲ ဖြေဆိုမှု နည်းသွားသည်။
“ဦးဇင်းတို့ ကျောင်းကတော့ ဖြေတဲ့သူ မရှိပါဘူး” ဟု ပခုက္ကူမြို့မှ ရဟန်းတော်တပါးက မဇ္ဈိမကို ပြောသည်။
“စာမေးပွဲကို ဝင်နိုင် ဖြေနိုင်တဲ့သံဃာ တော်တော်များများက ကျောင်းတိုက်တွေမှာ မရှိကြဘူး။ နဂိုကတည်းက သူတို့က သံဓိဋ္ဌါန် ချထားကြတယ်။ မဖြေတော့ဘူး ဆိုတဲ့အနေနဲ့ အေးအေးဆေးဆေး နေကြတာပေါ့” ဟု သူက ထပ်ပြောသည်။
ယခုလ ၁၈ ရက်နေ့က မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကြီးကလည်း ရွှေဝါရောင် တော်လှန်ရေးအတွင်း ကံဆောင်ခဲ့ခြင်းသည် သပိတ်လှန် ကံဆောင်ပွဲ မလုပ်သမျှ အသက်ဝင်နေသဖြင့် ဝိနည်း စည်းကမ်းအတိုင်း သံဃာတော်များအနေနှင့် စာမေးပွဲများကို ဖြေဆိုခြင်း မပြုဘဲ ဆက်လက် ကံဆောင်သွားရန် တိုက်တွန်းခဲ့သေးသည်။
၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် သံဃာ့တပ်ပေါင်းစုကြီးက စစ်အစိုးရကို ပခုက္ကူ သံဃာများအပေါ် ကျူးလွန်မှုအတွက် စက်တင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံးထားကာ ဝန်ချတောင်းပန်ရေး အပါအဝင် အချက် ၄ ချက်ကို တောင်းဆိုခဲ့သော်လည်း လိုက်လျောခြင်း မရှိသဖြင့် ဘာသာရေးဆိုင်ရာကိစ္စရပ်များတွင် စစ်အာဏာပိုင်များနှင့် ပတ်သက် ဆက်ဆံခြင်း မရှိစေရန် ပတ္တနိကုဇ္ဇနကံ ခေါ် သပိတ်မှောက်ခဲ့သည်။
ပခုက္ကူမြို့သည် မြန်မာနိုင်ငံတွင် စာသင်သား ရဟန်းများ ဒုတိယအများဆုံး သီတင်းသုံး နေထိုင်ရာဒေသ ဖြစ်သည်။

ကရင်အဖွဲ့များကို ထိုင်းအာဏာပိုင်များ ပစ်မှတ်ထား

သန်းထိုက်ဦး

ချင်းမိုင်။ ။ ထိုင်း လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်စပ် အခြေစိုက် ကရင်လူမှု အထောက်အကူပြု အဖွဲ့အစည်းတွင် ရှောင်တခင် ရှာဖွေ စစ်ဆေးမှုများ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ဒီမိုကရေစီ လိုလားသော အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ကရင်ခေါင်းဆောင်အချို့၏ နေအိမ်များကိုပါ ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက အဖွဲ့များ ခွဲ၍ အင်္ဂါနေ့နံနက် ၆ နာရီခန့်က စတင်ရှာကြခြင်း ဖြစ်သည်။
“ဒီမနက်အတွက် ၁၂ နေရာကို သူတို့ ဝင်သွားတယ်။ နောက်တခုက တခြားအဖွဲ့တွေကိုတော့ မလုပ်သေးဘူး။ ဒီဟာ ပထမခြေလှမ်းလို့ မြင်တယ်။ နောက်ပိုင်းတော့ ဘယ်လို ဖြစ်လာမလဲတော့ မသိဘူး။ ကျမတို့ သိသလောက်ဆိုရင် လက်နက်ကို အဓိက ထားပြီးတော့ ရှာတာပေါ့နော်” ဟု မဲဆောက် အခြေစိုက် ကရင်သတင်းစဉ် အယ်ဒီတာ နော်ခိုင်မာကျော်ဇောက မဇ္ဈိမကို ပြောသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် ကောလာဟလ ပြန့်နေသည့် ထိုင်း၏ စစ်ဆေးရေးနှင့် ပတ်သက်၍ အများက မျှော်လင့်ထားခြင်း မရှိခဲ့ပေ။ ကရင်အမျိုးသား အစည်းအရုံးနှင့် ပတ်သက်သူများ၏ အမည်၊ လိပ်စာ၊ ဓာတ်ပုံများပါ ထိုင်းလုံခြုံရေး တပ်ဖွဲ့များက ယူဆောင်လာပြီး ရှာဖွေခဲ့သည်။
ပြည်တွင်း ကရင်ရွှေ့ပြောင်း ဒုက္ခသည်များအတွက် ကော်မတီမှ စောလှဟင်နရီက “ဝင်မယ်လို့တော့ ကြားတယ် ။ အခုတော့ မဝင်သေးဘူး။ ကျနော်တို့လည်း ဥပဒေနဲ့ ဆန့်ကျင်တဲ့ လုပ်ငန်းတွေ လုပ်ထားတာ မရှိတဲ့ အခါကျတော့ ကျနော်တို့က ဒီအတိုင်းပဲ နေကြတာပေါ့လေ။ ရှောင်ပြေးတာတွေတော့ မလုပ်ဘူး။ ဒီအတိုင်းပဲ နေကြတယ်” ဟု ပြောသည်။
ကရင်အမျိုးသား ခေါင်းဆောင် ပဒိုမန်းရှာလားဖန်းကို လူသတ်သမားများက နေအိမ်တွင် သေနတ်နှင့် လာရောက် ပစ်သတ်မှု ဖြစ်ပွားပြီးနောက် လုံခြုံရေး တင်းကျပ်မှုများ လုပ်လာခြင်း ဖြစ်သည်။
ကေအန်ယူ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ပဒိုလှငွေ က “ပဒိုမန်းရှာ သေပြီးတဲ့ နောက်ပိုင်း သူတို့က ဒီလို ဖြစ်စဉ်မျိုးကို မဖြစ်စေချင်သဘောနဲ့ လိုက်ပြီးတော့၊ ကျနော်တို့ နေနိုင်တဲ့ နေရာတွေကို လိုက်အရောင်ပြပြီးတော့ တွေ့တယ်ဆိုလို့ ရှိရင် ခင်ဗျားတို့မှာ လက်မှတ်ရှိလား၊ မရှိရင်လည်း ဒီလို မနေသင့်ဘူး ပြောတဲ့အခါကျတော့ ကျနော်တို့ကလည်း ပြဿနာမဖြစ်ဘူး။ ပြောလို့ မရဘူးလေ ကိုယ့်ဘာသာပဲ ကြည့်ရှောင်ဖို့ပဲ ရှိတာပေါ့။ အဲဒီလိုမျိုးနဲ့ ပတ်သက်တယ်လို့ ကျနော်ကတော့ ယူဆတာပဲလေ” ဟု ပြောသည်။
သို့သော်လည်း ထိုင်းက တင်းကျပ်မှုများ ပြုလုပ်လာခြင်း၏ နောက်ကွယ်တွင် မြန်မာစစ်အစိုးရ ပါဝင် ပတ်သက်မှု ရှိသည်ဆိုသော သံသယများလည်း ရှိနေသည်။
နော်ခိုင်မာကျော်ဇောက “မြန်မာအစိုးရ ကနေပြီးတော့ ထိုင်းအစိုးရကို ဖိအားပေးတယ်လို့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီအဖွဲ့အစည်းတွေက ထိုင်းမှာ အခြေချပြီးတော့ သူတို့ကို ပြန်ပြီးတော့ ခုခံ တော်လှန်နေတာ ဖြစ်တယ်။ ဒါကြောင့်မို့ ခင်ဗျားတို့အနေနဲ့ ဒီ အင်အားစုတွေကို လက်ခံထားလို့ မသင့်ဘူးဆိုတော့ သဘောထားတွေ ရှိတယ်။ နောက်တခုကလည်း ထိုင်းအနေနဲ့က မြန်မာအစိုးရရဲ့ ငြိုငြင်မှုကို မလိုချင်ဘူး။ မလိုချင်တော့ ဒီအဖွဲ့အစည်းကို သူတို့ ဒါမျိုး ဖိအားပေးတယ် ဆိုတာကို ပြချင်လို့ပဲ ထင်တယ်” ဟု ပြောသည်။

ကန့်ကွက်မဲ ပေးရန် မြစ်ကြီးနားတွင် လှုံ့ဆော်

မျိုးကြီး၊ မောင်ဒီး
စစ်အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကန့်ကွက်မဲ ပေးကြရန် မြစ်ကြီးနားမှ ကျောင်းသားလူငယ်များက ယနေ့တွင် မြစ်ကြီးနားမြို့တွင်းရှိ လူစည်ကားရာ နေရာများတွင် ပိုစတာကပ်ခြင်းဖြင့် လူထုကို နှိုးဆော်မှုများ လုပ်ဆောင်ခဲ့ကြသည်။
All Kachin Student Union (AKSU) ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂမှ ကျောင်းသားလူငယ်များက မြစ်ကြီးနားမြို့ ဈေးကြီး အမှတ် ၁၊ အမှတ် ၂၊ ဒူကထောင် ရပ်ကွက်ဈေး၊ ရန်ကြီးအောင် ရပ်ကွက်ဈေး၊ ဘူတာရုံတို့နှင့် မြစ်ကြီးနား တက္ကသိုလ်ကျောင်းဆောင်များတွင် ပိုစတာ ကပ်ကြခြင်း ဖြစ်သည်။
အေဖိုးဆိုက် အရွယ်အစား စာရွက်တွင် 'အတင်းအဓမ္မ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြု ဆန္ဒခံယူပွဲအား ကန့်ကွက်မဲပေးကြ' ဟူသည့် စာသားရေးထားသည့် ပိုစတာကို ဈေးအတွင်း အုတ်နံရံများ၊ ဘူတာရုံအနီးရှိ နံရံများ၊ တက္ကသိုလ် ကျောင်းအဆောင်နံရံများတွင် ကပ်ထားကြခြင်း ဖြစ်သည်။
"ကျနော်တို့ ပိုစတာကဲန်ပိန်းက ထိရောက်မှာပါ။ လူထုဖက်က မေလမှာ ကန့်ကွက်မဲ ပေးရမှာလား၊ ထောက်ခံမဲ ပေးရမှာလား၊ ဒါမှမဟုတ် ထွက်ပြေးရမလား ရှောင်နေရမှာလား ဝေဝါးနေတာ။ ပိုစတာ ကဲန်ပိန်းကြောင့် ဒါကန့်ကွက်မဲ ပေးရမယ်၊ ကန့်ကွက်မဲ ပေးမှ ဖြစ်မယ်ဆိုတဲ့ အသိတရားလေး ရှိသွားအောင် ကျနော်တို့က လုပ်တာ" ဟု AKSU မှ ကိုမာဘရန်က ပြောသည်။
မြစ်ကြီးနား တက္ကသိုလ်တွင် AKSU ကျောင်းသား ၂ဝ ခန့်က နံနက် ၈ နာရီခန့်တွင် ကျောင်းဆောင်တိုင်းသို့ သွားရောက် စာကပ်ခဲ့သည့်နောက် တက္ကသိုလ်ကျောင်းအတွင်း စစ်သားနဲ့ ရဲ ၁ဝ ဦးခန့်က ဝင်ရောက်လာကာ လုံခြုံရေး ရယူလာသည်အထိ လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။
"ရဲတွေက သုံးလေးယောက်တဖွဲ့ ဆိုင်ကယ်နဲ့ လိုက်ပတ်နေတယ်။ ကျောင်းမှာကလည်း အဝေးသင် ကျောင်းသားတွေ ကျောင်းတက်နေတယ် ဆိုတော့ ရဲတွေက စောင့်နေကြတာပေါ့" ဟု မြစ်ကြီးနား တက္ကသိုလ်ကျောင်းအနီး နေထိုင်သူ တဦးက ပြောသည်။
မြစ်ကြီးနား တက္ကသိုလ် ကျောင်းသားတဦးကလည်း "စစ်တပ်က ကားတွေနဲ့ ကျောင်းဝင်းနားမှာ စစ်သားတွေ လာချသွားတယ်။ ဒီမနက် စာဖြန့်လို့ပေါ့။ ကျောင်းသားတွေ တခုခုလုပ်မှာ ထင်လို့ နေမှာပေါ့။ အားလုံးကတော့ သဘောပေါက် နေကြပါပြီ။ ကန့်ကွက်မဲ ပေးကြဖို့ပဲ ပြောနေကြတာ များတယ်" ဟု ပြောသည်။
ယနေ့ ဖြစ်ခဲ့သော ကန့်ကွက်မဲပေးရေး လှုပ်ရှားမှုမှာ AKSU ၏ ၂ဝဝ၈ ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် လှုပ်ရှားမှု ဖြစ်ပြီး မြစ်ကြီးနားမြို့၏ တဖက်ကမ်း ဝိုင်းမော်မြို့အတွင်းရှိ လူစည်ကားရာ နေရာများတွင်လည်း ကန့်ကွက်မဲပေးရေး လှုပ်ရှားမှုများ လုပ်လာသည်အထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနိုင်ခဲ့သည်။
AKSU အဖွဲ့သည် ၂ဝဝရ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကာလအတွင်း ကချင်ကျောင်းသားလူငယ်များ ပါဝင်ကာ မြစ်ကြီးနားမြို့တွင် လျှို့ဝှက် ဖွဲ့စည်းခဲ့သည့် အဖွဲ့ ဖြစ်သည်။
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ မယက ဥက္ကဌ ဦးညွန်ဟန် ကိုယ်တိုင်က ရပ်ကွက်တိုင်းတွင် လူစုခိုင်းပြီး ထောက်ခံမဲပေးရေး ဟောပြော လှုံ့ဆော်မှုများ လုပ်ဆောင်နေသလို အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်ကလည်း ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စစ်တပ် မိသားစုဝင်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံမဲပေးရေး မိန့်ခွန်းများ ပြောကြားလာသည်ဟု ဒေသခံများ အဆိုအရ သိရသည်။
တချိန်ထဲတွင် မူဆယ်မြို့မှ နိုင်ငံရေးတက်ကြွသူ လူငယ်များကလည်း ကန့်ကွက်မဲပေးရေး လက်ကမ်း ပိုစတာများ ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် လူစည်ကားရာ နေရာများ၌ ဖြန့်ဝေခဲ့ကြခြင်းများလည်း ရှိခဲ့သည်ဟု မူဆယ် ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

Friday, March 21, 2008

လူထုစိန်ဝင်း စာမူများ ဖော်ပြခွင့်ပြုပြီ

မဇ္ဈိမသတင်းဌာန
နယူးဒေလီ။ ။ စာရေးသားခွင့် ပိတ်ပင်ခံရသော ဝါရင့် သတင်းစာဆရာကြီး လူထုစိန်ဝင်းအား စာပေစိစစ်ရေးက ယခုအခါ ပြန်ဖွင့်ပေးလိုက်ပြီ ဖြစ်သည်။ စစ်အစိုးရအား ဝေဖန်ပြောဆိုသည့် အသံဖိုင်တခု ဖြန့်ဝေခဲ့ပြီးနောက် ဆရာကြီး၏ ဆောင်းပါးစာမူများ ဖော်ပြနေသော ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ်တိုက်များအား ထည့်သွင်း ထုတ်ဝေခြင်း မပြုရန် စာပေစိစစ်ရေးက ညွှန်ကြားထားရာမှ ယခုအခါ တနင်္လာနေ့မှ စတင်ကာ ပြန်လည် ဖော်ပြခွင့်ပေးကြောင်း လူထုစိန်ဝင်းက ပြောဆိုထားခြင်း ဖြစ်သည်။ နော်ဝေ အခြေစိုက် မြန်မာအတိုက်အခံ အသံလွှင့်ဌာနတခု ဖြစ်သည့် ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗီဘီ) နှင့် ဆက်သွယ် မေးမြန်းခန်းတခုတွင် လူထုစိန်ဝင်းက ယခင်အပတ်က ပိတ်ပင်ထားခြင်းသည် အထက်မှ တစုံတရာ ညွှန်ကြားခြင်း မရှိသေးသည့်အတွက် စာပေစိစစ်ရေးမှ ခေတ္တ ရပ်ဆိုင်းခြင်း ဖြစ်ကြောင်းနှင့် သို့သော်လည်း ယမန်နေ့က စာပေစိစစ်ရေး တာဝန်ရှိသူကိုယ်တိုင် ပြန်ဖွင့်ပေးခဲ့သည်ဟု ပြောဆိုသွားခဲ့သည်။ယခုလို ခေတ္တ စာပေရေးသားခွင့် ပိတ်ပင်ခဲ့ခြင်းသည် ဒုတိယအကြိမ် ဖြစ်ပြီး၊ ၂ဝဝ၆ ခုနှစ်အတွင်းကလည်း နိုင်ငံတကာ သတင်းစာတစောင်ဖြစ်သည့် International Herald Tribune တွင် 'မြန်မာပြည်သူများ ဒီမိုကရေစီကို ထပ်မစောင့်နိုင်တော့ပါ' ခေါင်းစဉ်နှင့် ရေးသားခဲ့သည့်အတွက် တလခန့် ရေးသားခွင့် ပိတ်ပင်ခံခဲ့ရသည်။

တရုတ်အစိုးရကို ထိုင်း-မြန်မာ တက်ကြွလှုပ်ရှားသူများ ဆန္ဒပြ

သန်းထိုက်ဦး
ချင်းမိုင်။ ။ တရုတ်အစိုးရက တိဘက်သံဃာတော်များအား အကြမ်းဖက် နှိမ်နင်းမှုအပေါ် ဆန့်ကျင် ဆန္ဒပြပွဲတရပ်ကို မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေသည့် မြန်မာနှင့် ထိုင်းလူမျိုးများက ချင်းမိုင်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
"တိဘက်နဲ့ မြန်မာ လွတ်မြောက်ပါစေ" "နအဖကို မထောက်ခံနဲ့" "အိုလံပစ်ကို သပိတ်မှောက်" "မြန်မာနဲ့ တိဘက်ကို သတ်သူ တရုတ်" အစရှိသည့် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ဆိုင်းဘုတ်များ ကိုင်ဆောင်ထားသော ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းအချို့ ပေါင်းစုထားသည့် Action Group For Peace- AGP က ဦးဆောင်၍ ဆန္ဒပြကြခြင်း ဖြစ်သည်။
"အဓိက ရည်ရွယ်ချက်က နှစ်ပိုင်းရှိတယ်။ တပိုင်းက အခုလောလောဆယ် ဖြစ်နေတဲ့ တိဘက်ဘုန်းကြီးတွေကို အကြမ်းဖက် နှိမ်နင်းတာတွေ ရပ်တန့်ဖို့၊ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တဲ့ တိဘက်လူမျိုးတွေကို ဖမ်းဆီးထားရာကနေ ပြန်လွှတ်ပေးဖို့၊ နိုင်ငံရေးအရ ဖြေရှင်းဖို့နဲ့ အကြမ်းဖက်နည်း မသုံးဖို့ တောင်းဆိုတယ်" ဟု AGP မှ ကိုဝင်းအောင်က မဇ္ဈိမကို ပြောသည်။
ဆန္ဒပြသူများသည် ရွှေဝါရောင် တော်လှန်ရေး မှတ်တမ်းဓာတ်ပုံများလည်း ကိုင်ဆောင်ခဲ့ကြသည်။
"သူတို့ဘက်မှာ ရှိတယ်၊ ထောက်ပံ့မယ်ဆိုတဲ့ ရပ်တည်ချက်ကို ပြချင်လို့လေ။ နောက် နိုင်ငံတကာကနေ အာရုံစိုက်မှုတခု ရဖို့ပေါ့နော်။ မြန်မာပြည်ကိစ္စနဲ့ ထိစပ်ပြီး ပြောတယ်ဆိုတာက အခြေအနေက အရမ်းကြီးကို တူနေတယ်။ တိဘက်မှာ ဖြစ်နေတဲ့ အခြေအနေကို ပြန်ကြည့်ရင် မြန်မာပြည်မှာ စက်တင်ဘာတုန်းက ဖြစ်ခဲ့တဲ့ အခြေအနေမျိုးနဲ့ အရမ်းတူတယ်။ ဒါကြောင့် မြန်မာပြည်အကြောင်း အဓိက ပြောရင်းနဲ့ ဒီအကြောင်းကို တွဲဖက်ပြီးတော့ ပြောတာပေါ့လေ" ဟု AGP မှ ရှမ်းအမျိုးသမီးတဦးဖြစ်သူ ယင်တိဇမ် (Ying Tzarm) က ပြောသည်။
AGP တွင် မြန်မာ၊ ထိုင်း အန်ဂျီအိုအဖွဲ့များနှင့် စိတ်ပါဝင်စားသူ တသီးပုဂ္ဂလများက အခါအားလျော်စွာ လိုအပ်သည့် လှုပ်ရှားမှုများ ပူးတွဲ ပြုလုပ်ရန် ပူးပေါင်းထားခြင်း ဖြစ်သည်။
တိဘက်ဒေသ မြို့တော်လာဆာတွင် ယခုရက်ပိုင်းအတွင်း တိဘက် ရဟန်းပြည်သူ ဆူပူအုံကြွမှုများ ဖြစ်ပွားရာ တရုတ်အစိုးရက ပစ်ခတ် နှိမ်နင်းသဖြင့် သံဃာလူထု ၉၉ ဦး သေဆုံးခဲ့သည်ဟု အဝေးရောက် တိဘက်အစိုးရက ကြေညာခဲ့သော်လည်း တရုတ်အစိုးရကမူ ၁၃ ဦးသာ သေဆုံးခဲ့သည်ဟု ဆိုသည်။ "ကျမတို့ နောက်ထပ် လှုပ်ရှားမှုတွေတော့ ရှိနေမှာပဲလေ။ အခုလောလောဆယ်ကတော့ ဒီနေ့ လှုပ်ရှားသွားတဲ့ လှုပ်ရှားမှုတခုပေါ့။ ဒါပေမဲ့ အခြေအနေက ဆိုးရွားနေသရွှေ့၊ ဆက်ပြီးတော့ ပြောင်းလဲမှု မရှိသေးသရွေ့ ကျမတို့ လှုပ်ရှားမှု တခုခုတော့ ဆက်ပြီးတော့ လုပ်ရမှာပဲ" ဟု Ying Tzarm က ပြောသည်။

လူထုစိန်ဝင်းရဲ့ စကား (ဆောင်းပါး)

မဇ္ဈိမသတင်းဌာန
ကမ္ဘာ့နေရာ အနှံ့အပြားမှာရှိတဲ့ တော်လှန်ရေး ရဲဘော်အပေါင်းတို့ ... ကျနော် လူထုစိန်ဝင်းက အလေးပြု လိုက်ပါတယ်။
ရဲဘော်တို့ ... လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ အာဏာကို သဘောထားကြီးစွာဖြင့် အလိုအလျောက် စွန့်လွှတ်သွား တဲ့ အာဏာရှင်မျိုး ကမ္ဘာတဝှမ်းမှာ ဘယ်ခေတ် ဘယ်ခါမှ မရှိခဲ့ဖူးပါဘူး။ ဟစ်တလာကို သူ့ထက်ကြီးမားတဲ့ အင်အားနဲ့ ချေမှုန်း တိုက်ခိုက်ပစ်လိုက်ရတာပါ။ Forced out(အင်အားသုံးဖယ်ရှား) လုပ်လိုက်ရတာပါပဲ ဖြစ်တယ်။ ဖိလစ်ပိုင် စစ်အစိုးရ မားကို့စ် Forced out လုပ်လိုက်ရတာပါပဲ။ အင်ဒိုနီးရှားက ဆူဟာတိုကိုလည်း Forced out လုပ်လိုက်ရတာပါပဲ။
ကုလသမဂ္ဂက ကယ်တင်လို့ လွတ်မြောက်သွားတဲ့ နိုင်ငံရယ်လို့ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှ မရှိခဲ့ဖူးပါဘူး။ အဲဒါကြောင့်မို့ ဒိုင်ယာလော့တို့၊ လုံခြုံရေးကောင်စီတို့ထိ စိတ်ကူးယဉ်ပြီး အခြေအနေ ဆိုးနေကြပါတယ်။ တိုင်းပြည်က နာလှပါပြီ၊ ပြည်သူတွေ ဒုက္ခ ရောက်လှပါပြီ။
ဒီအာဏာရှင် စနစ်ဆိုးကြီးအောက်မှာ ရာစုနှစ် တဝက်နီးပါး ရှိခဲ့ပါပြီ။ ဒါတွေကို အမြန်ဆုံး အဆုံးသတ်သင့်ပါတယ်။ ဒီအာဏာရှင်စနစ်ဆိုးကိုForced out လုပ်နိုင်တဲ့ Force (အင်အား) ကျနော်တို့ လက်ထဲမှာ အဆင်သင့် ရှိနေပါပြီ။ အဲဒီ Force က 'ပြည်သူ' ဆိုတဲ့ အင်အားပဲ ဖြစ်ပါတယ်။ 'ပြည်သူ' ဆိုတဲ့၊ People Power (ပြည်သူ့အင်အား) ဆိုတForce ထက် ကြီးမားတဲ့ဟာ ဘယ်မှာရှိပါ့မလဲ။
ပြီးခဲ့တဲ့ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးအပြီးမှာ ရဟန်းရှင်လူ ပြည်သူတွေ၊ ကျောင်းသားလူငယ်တွေက ဘာမထီ ဆိုတဲ့ သူရဲကောင်းစိတ်ဓာတ်ကို ပြခဲ့တာ ဖြစ်တယ်။ ပြည်တွင်းမှာ ဖိနှိပ်မှုတွေ သိပ်ကြီးမားနေသရွေ့ 'လူတွေ ကြောက်နေကြပြီ၊ မထရဲတော့ဘူး၊ မကြွရဲတော့ဘူး၊ ဒိုင်ယာလော့တွေ၊ အပေးအယူလုပ်ပြီး ပေးသမျှကို ယူကြ' ဆိုလို့ ကြွေးကြော်နေကြတဲ့၊ အာဏာရှင်ကို မျက်နှာချိုသွေးပြီး ရာထူး ရာခံတွေ တောင်းခံနေတဲ့ သူတွေရဲ့ အသံတွေ လုံးဝ နှုတ်စွန့် နှုတ်ပိတ် သွားခဲ့ပြီ။
ရဲဘော်တို့ ... ဒီအချိန်မှာ တော်လှန်ရေးတရပ်လုံး အလှည့်အပြောင်းတရပ် ဖြစ်နိုင်တဲ့ အချိန်အခါ ဖြစ်တယ်။ ဒီလိုဖြစ်ဖို့ ရွှေဝါရောင်တော်လှန်ရေးက အစပျိုး ပေးလိုက်တာပါ။ ရွှေဝါရောင်တော်လှန်ရေးဟာ ကြီးမားတဲ့ အရှိန်အဟုန်နဲ့ ကမ္ဘာတဝှမ်းမှာ ဖုံးလွှမ်းသွားခဲ့ပါတယ်။ အဲဒီအခွင့်အရေးကို မိမိရရ အသုံးချရမယ်။ ဗမာပြည်သူတွေရဲ့ သူရဲကောင်းစိတ်ဓာတ်ကို ယုံကြည်ကြပါ၊ People Power ကို ယုံကြည်ကြပါ၊ လူထုပါဝါနဲ့ အာဏာရှင်စနစ်ကို ချေမှုန်းပစ်ကြပါ။
လူထုစိန်ဝင်း
မတ်လ ၈ ရက်၊ ၂ဝဝ၈ ခုနှစ်။

လူ့အခွင့်အရေးလှုပ်ရှားသူ ထောင်အတွင်း အစာငတ်ခံဆန္ဒပြ

ဖနိဒါ
ချင်းမိုင်။ ။ လောင်စာဆီဈေးနှုန်း အဆမတန် တိုးမြှင့်မှုကြောင့် ဆန္ဒထုတ်ဖော် ပြသရာတွင် ပါဝင်ခဲ့သဖြင့် အာဏာပိုင်များက အင်းစိန်ထောင် စစ်ခွေးတိုက်တွင် ဖမ်းဆီး ထိန်းသိမ်းထားသော ကိုမျိုးသန့်သည် အစာငတ်ခံ ဆန္ဒပြနေသည်။
လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများကွန်ယက် (HRDP) မှ ကိုမျိုးသန့်အား ထောင်စည်းကမ်း ဖောက်ဖျက်မှု ကျူးလွန်သည်ဟု စွပ်စွဲကာ ၁ဝ ရက်ကြာ အင်းစိန်ထောင်အတွင်းရှိ စစ်ခွေးတိုက်ထဲတွင် တိုက်ပိတ်ခံရပြီးနောက် လွန်ခဲ့သည့် သောကြာနေ့က ရုံးထုတ် စစ်ဆေးပြီး နောက်တရက်မှ စတင်ကာ ထောင်တွင်း၌ အစာငတ်ခံ ဆန္ဒပြနေခြင်း ဖြစ်သည်။
" ကိုမျိုးသန့်က ပြီးခဲ့တဲ့ အပတ်က ရုံးချိန်းပြီး နောက်တရက်ကစပြီး အစာငတ်ခံတယ်လို့ သိရပါတယ်။ ကျန်းမာရေးကတော့ သိပ်မကောင်းပါဘူး။ ဒါပေမဲ့ စိတ်ဓါတ်ကတော့ ကြံ့ခိုင်တယ်ဆိုတာ တွေ့ရပါတယ် " ဟု ကိုမျိုးသန့်၏ အကျိုးတော်ဆောင် ရှေ့နေ ဦးဖိုးဖြူ က က မဇ္ဈိမကို ပြောသည်။
ရှေ့နေ ဦးအောင်သိန်းကလည်း " မနေ့က သူ အစာငတ်ခံပြီးတော့ ဆန္ဒပြတာ ၄ ရက် ရှိသွားပြီတဲ့။ ရုံးထုတ်တဲ့ နောက်နေ့ကစပြီး အရည်ပဲ သောက်တယ်လို့ သိရတယ်ခင်ဗျာ " ဟု ပြောသည်။
လှိုင်မြို့နယ်ရှိ HRDP အဖွဲ့မှ ကိုမျိုးသန့် ခေါ် ဂျွန်နသံ (၄ဝ နှစ်) သည် ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့က ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သဖြင့် အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းကာ ပုဒ်မ ၁၂၄ (က) (အစိုးရကို အကြည်ညိုပျက်စေမှု) နှင့် တရားစွဲထားသည်။
ယခုလို အစာငတ်ခံ ဆန္ဒပြခြင်းသည် အကျဉ်းထောင်အတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည့် အကျဉ်းသားများ လွတ်မြောက်ရေး ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ကြောင်း ယမန်နေ့က ရုံးထုတ်ရာတွင် သွားရောက်ခဲ့သူ ကိုမျိုးသန့်၏ ညီမဖြစ်သူ မသီသီစိုးက မဇ္ဈိမကို ယခုလို ပြောပြသည်။
" ထောင်ထဲမှာရှိတဲ့ အကျဉ်းသားအားလုံး၊ လူ့အခွင့်အရေး၊ ဖိနှိပ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံမှုကနေ လွတ်မြောက်ဖို့ သူ အစာငတ်ခံ ဆန္ဒပြတာပါလို့ ပြောပါတယ်။ မနေ့က ရုံးထုတ်သွားရင်းနဲ့ သိခဲ့ရတယ်။ ဒီနေ့ဆိုရင် ၅ ရက် ရှိသွားပြီ " ဟု သူက ပြောသည်။
သူက ဆက်ပြီး " သူ့ကို အဝတ်တထည် ကိုယ်တခုနဲ့၊ ဖျာကြမ်းနဲ့ပေါ့နော် ထားတော့။ မနက် အိပ်ယာထရင် ကိုယ်တခြမ်း ကိုက်ပြီးတော့ တကိုယ်လုံး ပူတယ်။ ညကျရင် အေးတယ်လို့ ကျမကို ပြောပါတယ်။ သူ့စိတ်ဓာတ်ကတော့ ခိုင်မာပါတယ်။ ကျမတော့ အားလုံးကို လွတ်မြောက်စေချင်ပါတယ်။ လိုအင်ဆန္ဒ ပြည့်စေချင်ပါတယ် " ဟု ပြောသည်။
အလားတူပင် ယမန်နေ့က ရုံးထုတ်စစ်ဆေးမှုတွင် ပါဝင်ခဲ့သူ၊ မြောက်ဒဂုံမြို့နယ်မှ အန်အယ်ဒီအဖွဲ့ဝင် ကိုကြည်ဖြူလည်း အာဏာပိုင်များက ပုဒ်မ ၁၂၄ (က) နှင့်ပင် တရားစွဲဆိုထားပြီး၊ စစ်ခွေးတိုက်အတွင်း ထိန်းသိမ်းခဲ့ရာ ကျန်းမာရေး အခြေအနေ မကောင်းဘဲ ဖြစ်နေသည်။
သူတို့အမှုအတွက် အကျိုးဆောင်ပေးနေသူက ယခုလို စစ်ခွေးတိုက်အတွင်း ထားရှိသည့် ပြစ်ဒဏ်နှင့် ပတ်သက်ပြီး အကျဉ်းထောင်လက်စွဲ ဖော်ပြချက်များနှင့် ကိုက်ညီခြင်း မရှိကြောင်း ပြောဆိုကြသည်။
လူငယ်ရှေ့နေ ဦးဖိုးဖြူက " ၆၉၃ ကနေ ၇၁၉ အထိမှာ ဆိုရင် အကျဉ်းကျတဲ့ အချုပ်သားဘဝတွေနဲ့ ပတ်သက်ပြီးတော့ ပြဆိုချက်တွေ ရှိပါတယ်။ အကယ်၍ ပြစ်မှုကျူးလွန်မှု တစုံတရာများ ရှိခဲ့မယ် ဆိုရင်တောင်မှ သူတို့ကို အစားအသောက်၊ အဝတ်အစား၊ မပေးတာမျိုးဘဲ လုပ်ရမယ် ဆိုတာမျိုး ပြဆိုထားပါတယ်။ ဒါပေမဲ့ မကျေနပ်တဲ့ အခက်အခဲတွေကို တာဝန်ခံကို တင်ပြဖို့ဆိုတဲ့ အခွင့်အရေးမျိုးကို အကျဉ်းထောင်လက်စွဲ ပြဆိုထားတာ ရှိပါတယ်။ အကျဉ်းထောင်လက်စွဲမှာ ဒီလိုမျိုး ထားရမယ်ဆိုတာ ညွန်ပြထားတာမျိုး ကျနော့်အနေနဲ့ မတွေ့ရှိသေးပါဘူး ခင်ဗျာ " ဟု ပြောသည်။
သူတို့နှင့်အတူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်သည့် စည်သူမောင်၊ ကိုဇင်လင်းအောင်၊ အန်အယ်ဒီ အဖွဲ့ဝင်များ ဖြစ်သည့် ကိုရဲမင်းဦး၊ ရဲမြတ်ဟိန်းနှင့် ဖျာပုံမြို့နယ်မှ ကိုသိန်းဆွေတို့ကိုလည်း ယမန်နေ့က ရုံးထုတ် စစ်ဆေးခဲ့ကာ ပုဒ်မ ၁၂၄(က) နှင့်ပင် တရားစွဲဆိုထားသည်။

မှတ်ပုံတင်နှင့် ထောက်ခံမဲ လဲလှယ်လို

မျိုးကြီး
ရွှေလီ။ ။ ရှမ်းပြည်နယ် မြို့နယ်အချို့တွင် နအဖ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မဖြစ်မနေ ထောက်ခံရန် လဝက အရာရှိများက ဒေသခံများအား ပြောဆို စည်းရုံးနေသည်။
ရှမ်းပြည်နယ် မူဆယ်ခရိုင် နမ့်ခန်း၊ မန့်ဟီးရိုးနှင့် ပန်ဆိုင်းမြို့နယ်များတွင် ဒေသခံများကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန (လဝက) မှ ယခုရက်ပိုင်းအတွင်း မှတ်ပုံတင်များ ပြုလုပ်ပေးနေရာ လဝက အရာရှိများက ဒေသခံများကို ပြောဆို စည်းရုံးနေခြင်း ဖြစ်သည်။
နမ့်ခမ်းမြို့နယ်တွင် လဝက ဦးစီးမှူး ဦးမြင့်မောင်နှင့် စာရင်းကောက် စာရင်းထိန်း ဦးဉာဏ်လင်းကြီးက ဦးဆောင်၍ မှတ်ပုံတင် ပြုလုပ်ပေးရာတွင် ဒေသခံများကို စည်းရုံးနေသည်ဟု ဒေသခံတဦးက ယခုလို ပြောသည်။
"မှတ်ပုံတင် လုပ်ပေးတယ်ပေါ့။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လူအင်အားစာရင်း ဆိုတဲ့ စာရွက်မှာ အိမ်ထောင်စုစာရင်း မူရင်းပါတဲ့ သူတွေကို လုပ်ပေးတယ်။ ကျားက အစိမ်းရောင်၊ မ က အနီရောင် မှတ်ပုံတင်တွေ။ အဲဒီ လဝက ဦးစီးမှူး ပြောတာကတော့၊ မှတ်ပုံတင် သွားထုတ်တဲ့ အချိန်ကပေါ့နော် ထောက်ခံမဲ ထည့်ရမယ်တဲ့" ဟု သူက ပြောသည်။
မန့်ဟီးရိုးမြို့တွင် ယခုလ ၁၂ ရက်နေ့က မှတ်ပုံတင်များ ပြုလုပ်ပေးရာ လဝက ဒုဦးစီးမှူး ဦးသောင်းချစ်က ဒေသခံများအား မှတ်ပုံတင်ကို အလကား လုပ်ပေးနေသဖြင့် ဆန္ဒခံယူပွဲကို ထောက်ခံကြရန် ပြောဆိုနေသည်ဟု ဒေသခံများက ပြောသည်။
ယခုလ ၁၅ ရက်နေ့က ပန်ဆိုင်းမြို့တွင် ပြုလုပ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုမည့် မေလ ဆန္ဒခံယူပွဲအတွက် မဲပေးနည်း ရှင်းပြသည့် မယက ရုံးတွင် ကျင်းပသည့် အစည်းအဝေးတွင် လဝက ဦးစီးမှူး ကျော်သက်ဟန်က ရယက အဖွဲ့ဝင်များကို အခြေခံ ဥပဒေကို ထောက်ခံကြရန်နှင့် မထောက်ခံပါက ထောင်ဒဏ် ၃ နှစ်နှင့် ငွေဒဏ် တသိန်း ပြစ်ဒဏ် ချမှတ်မည်ဟုပင် ပြောဆိုခဲ့သည်။
"မဲထည့်ပုံ၊ ထည့်နည်းတွေကိုလည်း ကျောက်သင်ပုန်းနဲ့ ရှင်းပြတယ်။ မဲလာထည့်တဲ့သူတွေရဲ့ မှတ်ပုံတင်တွေကို ယူထားရမယ်။ နောက် မဲလက်မှတ်တွေ ထုတ်ပေးမယ်။ အဲဒီမှာ မဲပုံးက တပုံးထဲပဲ ထားမယ်။ တကယ်လို့ စာမတတ်တဲ့ သူတွေပါရင် တံခါးပေါက်ကနေ လက်ဆွဲပြီး ထည့်ခိုင်းရမယ်လို့ အစည်းအဝေးမှာ ရှင်းပြတယ်" ဟု ရယက အဖွဲ့ဝင်များနှင့် နီးစပ်သူတဦးက ပြောသည်။
ထို့အပြင် ရပ်ကွက်ကျေးရွာများ အတွင်းရှိ မဲပေးနိုင်သူ အားလုံး မဲရုံသို့ လာရောက် မဲပေးစေရန် ရယက ဥက္ကဋ္ဌများက တာဝန်ယူရမည် ဖြစ်ပြီး အကယ်၍ မဲမပေးဘဲ တိမ်းရှောင်သူများ ရှိပါက ရယက ဥက္ကဋ္ဌများအား ထောင်ဒဏ် ၃ နှစ် အပြစ်ပေးမည်ဟုလည်း ပြောဆိုကြောင်း သူက ဆက်ပြောသည်။
ယခုလို ခြိမ်းခြောက်ပြောဆိုမှုကို ကျေးရွာသားများအား ပြောဆိုခြင်း မရှိသေးကြောင်း ပန်ဆိုင်း ဒေသခံ နောက်တဦးက ပြောသည်။
"ကျနော်တို့ကို ရယက တွေက ထောင်ချမယ်လို့ ပြောတာတော့ မရှိသေးဘူး။ ဒီလဆန်းပိုင်းကတော့ မယက ဥက္ကဋ္ဌကိုယ်တိုင် ထောက်ခံမဲ ထည့်ကြဖို့ စည်းရုံးတာတွေတော့ ရှိတယ်။ သူပြောတာကတော့ တိုင်းပြည်အသစ် ထူထောင်မယ်၊ အားလုံး ဝိုင်းထောက်ခံကြဖို့။ အဲဒါဆိုရင် သမ္မတက ရှမ်းလည်း ဖြစ်ချင် ဖြစ်မယ်၊ ပလောင်လည်း ဖြစ်ချင် ဖြစ်မယ်။ အဲလိုတွေတော့ ကြားတယ်" ဟု သူက ပြောသည်။
နမ့်ခမ်းမြို့နယ် ပန်ဆေးကျေးရွာတွင်မူ ပြည်သူ့စစ်ခေါင်းဆောင် ပန်းဆေးကျော်မြင့်ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ထောက်ခံမဲပေးရန် ပန်ဆေးကျေးရွာအတွင်း ပြောဆို စည်းရုံးမှုများ ပြုလုပ်နေကြောင်းနှင့် မထောက်ခံပါက တရွာလုံးကို နအဖ စစ်အစိုးရက မောင်းထုတ်မည်ဟု ခြိမ်းခြောက် ပြောဆိုနေသည်။

တပြိုင်တည်း သပိတ်မှောက်ရန် ပြည်ပရှိ သံဃာတော်များက တိုက်တွန်း

နေသွင်
ချင်းမိုင်။ ။ လာမည့် ဧပြီလ ၂၆ ရက်နေ့ (စနေနေ့) တွင် ပြည်တွင်း ပြည်ပရှိ အင်အားစုများအနေနှင့် တပြိုင်နက်တည်း သပိတ်မှောက်ကြရန် ပြည်ပ အခြေစိုက် မြန်မာရဟန်းတော်များအဖွဲ့က ယနေ့ တိုက်တွန်းလိုက်သည်။
သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်မှ ဘဒ္ဒန္တကောဝိဒါဘိဝံသ (မစိုးရိမ်ဆရာတော်) က လက်မှတ်ထိုး ထုတ်ပြန်သော ကြေညာချက်တွင် ပြည်ပသို့ ရောက်ရှိနေသော သံဃာတော်များ၊ ဒီမိုကရေစီအင်အားစုများ၊ ပြည်တွင်းရှိ သံဃာနှင့် ပြည်သူများအားလုံး တပြိုင်နက်တည်း သပိတ်မှောက်ကြရန် နှိုးဆော်လိုက်ခြင်း ဖြစ်သည်။
သင်္ကန်းကျွန်း မဂ္ဂင်ကျောင်းတိုက်၏ တိုက်အုပ်ဆရာတော် ဖြစ်ခဲ့ပြီး မကြာခင်က ထိုင်းမြန်မာနယ်တွင် တိမ်းရှောင် သီတင်းသုံးနေသော အရှင် ပညာဇောတက " ၅ လပိုင်းမှာ လုပ်မယ့်ဟာကို ရဟန်းသံဃာတွေက သဘောမတူဘူး ဆိုတာ ပြလိုက်တာပဲ။ ကျန်တဲ့ အဖွဲ့အစည်းတွေကလည်း သံဃာလိုင်းက ဒီလောက် တင်ထားရင်၊ ပါတီတွေ၊ ကျန်တဲ့ ဒီမိုကရေစီအင်အားစုတွေ ရှိမယ်၊ သူတို့တွေက ဘယ်လို ပြင်မလဲဆိုတာ တပ်လှန့် နှိုးဆော်လိုက်တာပဲလေ" ဟု ပြောသည်။
ဆရာတော်သည် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၏ ဦးဆောင်ဆရာတော် ဖြစ်ပြီး ရွှေဝါရောင် တော်လှန်ရေးမတိုင်ခင် ကနဦး ပြင်ဆင်မှုများတွင် အခရာကျသော သံဃာတော်တပါး ဖြစ်သည်။
ဆရာတော် ဘဒ္ဒန္တကောဝိဒါဘိဝံသ၏ ကြေညာချက်ထဲတွင် နိုင်ငံတကာအသီးသီးတွင် ရှိနေကြသော ဒေသဆိုင်ရာ သာသနာ့ ဥသျှောင်နှင့် ဒီမိုကရေစီအင်အားစု အဖွဲ့အစည်းပေါင်းစုံ၊ ပြည်တွင်း သံဃာထုကြီး၊ ကျောင်းသားပြည်သူ၊ အလုပ်သမား၊ လယ်သမား၊ စစ်မှန်သော ပြည်သူ့ စစ်သားများအနေဖြင့်လည်း ဧပြီလ ၂၆ ရက်၊ စနေနေ့တွင် ရဲရင့်ပြတ်သွားစွာ သာသနာ့ဥသျှောင်နှင့် အတူတကွ ပြည်တွင်း ပြည်ပ တပြိုင်တည်း သပိတ်မှောက်ကြရန် နှိုးဆော်အပ်ပါသည်ဟု ဖော်ပြထားသည်။
အရှင် ပညာဇောတက "တချို့က ကန့်ကွက်မဲ ထည့်မယ်။ တချို့က လုံးဝကို ဘွိုင်းကောက် (သပိတ်မှောက်) လုပ်မယ်ဆိုပြီး ဖြစ်နေတယ်။ ဒီနည်းတွေက စဉ်းစားတာက စဉ်းစားလို့ ရတယ်။ တခြားနည်းနဲ့ရော လုပ်လို့ မရဘူးလား။ တခြားနည်းနဲ့လည်း နအဖ သွားမယ့် လမ်းကြောင်းကို ကန့်ကွက်လို့ရတယ် ဆိုတာကို သံဃာတွေက ထောက်ပြလိုက်တာပဲ။ ကန့်ကွက်တာ မဟုတ်ဘူး။ ဘိုင်းကောက်လုပ်တာ မဟုတ်ဘူး။ လမ်းပေါ်တက်ပြီး အော်လို့ရတယ်ဆိုတာ သံဃာတွေက လမ်းပြလိုက်တာပဲ" ဟု မိန့်ကြားသည်။
အမေရိကန်နိုင်ငံ နယူးယောက်ရှိ သံဃာ့ ဥသျှောင်အဖွဲ့မှ ဦးဇင်း ဦးစန္ဒောဘာသစာရ က "ဦးဇင်းတို့ အနေနဲ့  ပတ္တနိက္ကုဇနကံ ဆောင်ဆဲပဲလေ။ ကံဆောင်တယ် ဆိုတာက စစ်အစိုးရ လုပ်တာတွေက အသိအမှတ် မပြုဘူး။ အသိအမှတ်ပြုတော့ သံဃာ့ဥသျှောင်နဲ့ အတူ ပြည်တွင်းက သံဃာထုကြီး လူထုကြီးက စစ်အစိုးရရဲ့ ဆန္ဒခံယူပွဲကိစ္စမှာ သံဃာ့ဥသျှောင်နဲ့အတူ ဆောင်ရွက်ကြပါဆိုတဲ့ အဓိပ္ပာယ်။ ဆန္ဒခံယူပွဲမှာ သွားပြီး ကန့်ကွက်တာပဲ ဖြစ်ဖြစ်၊ ဆန့်ကျင်တာပဲ ဖြစ်ဖြစ်၊ ထောက်ခံတာပဲ ဖြစ်ဖြစ် အဲ့ဒီအဆင့်ကို ရောက်စရာ အကြောင်းမရှိဘူး။ အဲလို ဖြစ်သွားရင် စစ်အစိုးရ အောင်သလို နိုင်သလို ဖြစ်သွားမယ်။ အဲဒီအတွက် ဘုန်းဘုန်းတို့က ထောက်ခံပွဲအဆင့်ကို ရောက်လို့ မဖြစ်ဘူးလို့ ယုံကြည်တယ်။ ရွေးကောက်ပွဲ မရောက်ခင်မှာ အုံကြွပွဲတခု ဖြစ်ဖို့ လိုလာတယ်" ဟု မိန့်ကြားသည်။
ဆက်လက်၍ "ဦးဇင်းတို့အနေနဲ့ တိုက်ပွဲခေါ်မှုတခု ဖြစ်တဲ့အတွက် မြန်မာပြည် အမျိုးသားရေးအတွက် သံဃာတွေက တက်တက်ကြွကြွ ပါဝင် လုပ်ဆောင်တဲ့အတွက် ဦးဇင်းအနေနဲ့ လုံးဝ အားရတယ်။ အသိအမှတ်ပြုတယ်။ လုပ်တိုင်း လုပ်တိုင်းမှာတော့ ဒီမိုကရေစီ အင်အားစုတွေနဲ့ ညှိပြီးသွားတာက ပိုပြီး ဆန္ဒရှိတယ်" ဟု အရှင်ပညာဇောတက မိန့်ဆိုသည်။
သာသနာ့ ဥသျှောင်အဖွဲ့ကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိမြို့တွင် ဖွဲ့စည်းခဲ့ပြီး ယခုအခါ အမေရိကန်၊ အင်္ဂလန်၊ ဥရောပ၊ ကနေဒါ၊ ဘင်္ဂလားဒေ့ရှ်၊ နယူးဇီလန်၊ သြစတြေးလျား၊ ထိုင်ဝမ်၊ စင်္ကာပူး၊ မလေးရှား၊ ထိုင်း၊ သီရိလင်္ကာနှင့် အိန္ဒိယ စသော တဒါဇင် ကျော်သော နိုင်ငံများတွင် အဖွဲ့ခွဲများ ဖွဲ့စည်းထားပြီ ဖြစ်သည်။
အမေရိကန် အခြေစိုက် အဖွဲ့ချုပ်ကြီးသည် ဧပြီလ ၂၆ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အဆောက်အဦးရှေ့တွင် ပဋ္ဌာန်း ပရိတ်ရွတ်ခြင်း၊ တရား ဟောကြားခြင်း၊ ကျဆုံး ပျံလွန်တော်မူသွားသော ရဟန်းရှင်လူများအတွက် အမျှဝေခြင်း၊ ငြိမ်းချမ်းစွာ သပိတ်မှောက် လမ်းလျှောက် ဆန္ဒဖော်ထုတ်ခြင်းများ လုပ်ဆောင်သွားမည်ဟု သိရသည်။

တိဘက် လှုပ်ရှားမှုကို မြန်မာအမတ်များ ပူးပေါင်း

မြင့်မောင်(မဇ္ဈိမသတင်းဌာန )
နယူးဒေလီ။ ။ အိန္ဒိယနိုင်ငံ မြို့တော်၌ တိဘက်လူမျိုးများ ဆန္ဒပြပွဲကို ပြည်ပရောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကလည်း သွေးစည်း ညီညွတ်ရေး ပြသသည့် အနေဖြင့် ယနေ့ ပူးပေါင်း ပါဝင်ခဲ့သည်။
တိဘက် ဆန္ဒပြသူများအား တရုတ်အစိုးရမှ အကြမ်းဖက် နှိမ်နှင်းနေခြင်းသည် မြန်မာပြည်သူများအား နအဖ မှ နှိပ်စက်နေပုံနှင့် အလားသဏ္ဍာန် တူသလို၊ လူသားချင်း စာနာထောက်ထားသောကြောင့် တိဘက်ပြည်သူများအား အားပေးခြင်း ဖြစ်သည်ဟု မြန်မာ လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
"တိဘက်အရေးနဲ့ ပတ်သက်လို့ တိဘက်လူမျိုးတွေရဲ့ သဘောဆန္ဒကို အင်မတန်မှ လေးစားတယ်။ အသိအမှတ်ပြုတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော် ကိုယ်တိုင်ကလည်း လူထုက ရွေးထားတဲ့ ကိုယ်စားလှယ် ဖြစ်တဲ့အတွက်ကြောင့် လူထုရဲ့ အသံ၊ လူထုရဲ့ ဆန္ဒကို လေးစားရမယ် ဆိုတဲ့ အခြေခံအပေါ် သွေးစည်းညီညွတ်ရေး ပြတာ ဖြစ်တယ်" ဟု စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ အန်အယ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ ညွှန့်ပေါင်းအစိုးရ (NCGUB) ဝန်ကြီးဖြစ်သူ ဒေါက်တာတင့်ဆွေက မဇ္ဈိမကို ပြောသည်။
သူက "တရုတ်အစိုးရကို ပေါင်းပြီးတော့ ဆန့်ကျင်ကြမယ်ဆိုတဲ့ အနေအထား မဟုတ်ဘဲ မြန်မာပြည်သူလူထုနဲ့ တိဘက် ပြည်သူလူထုတွေရဲ့ သဘောဆန္ဒကို လေးစားကြောင်း ပြသတဲ့အနေနဲ့ ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်" ဟု ဆက်ပြောသည်။
ပြည်ပရောက် တိဘက်များက တရုတ်အစိုးရမှ ဖမ်းဆီးထားသော တိဘက်လူမျိုးများအား ချက်ခြင်း လွှတ်ပေးရန်၊ သတင်းမီဒီယာများကို တားမြစ်ထားခြင်းများ ရုပ်သိမ်းပေးရန်၊ အကြမ်းဖက်မှုများကို ရပ်တန့်ရန်၊ တိဘက်နယ်မြေမှ လူမျိုး ပြုန်းတီးစေရန် လုပ်ဆောင်နေခြင်းများကို ရပ်တန့်ပေးရန်၊ လုံလောက်သည့် ဆေးဝါး အကူအညီများ ပေးရန်နှင့် တိဘက် အခြေအနေများကို စောင့်ကြည့် လေ့လာသူများအား ပြန်လွှတ်ပေးရန် တောင်းဆိုကြသည်။
တိဘက်မြို့တော် လာဆာတွင် ဆူပူအုံကြွမှုများ ဖြစ်ပြီး တရုတ်အစိုးရက ပစ်ခတ် နှိမ်နင်းခဲ့သည့်အတွက် လူ ၉၉ ယောက် ဦး သေဆုံးခဲ့ရပြီး၊ ထောင်နှင့်ချီရှိသည့် ဆန္ဒပြ ပြည်သူများအား ဖမ်းဆီးထားသည်ဟု အိန္ဒိယအခြေစိုက် အဝေးရောက် တိဘက်အစိုးရက ပြောဆိုသော်လည်း တရုတ်အစိုးရ၏ တရားဝင် ကြေညာချက်က ၁၃ ဦးသာ သေဆုံးသည်ဟု ဆိုသည်။
နယူးဒေလီမြို့လယ်ရှိ ဂျန်တားမန်တားအရပ်တွင် ယနေ့ ကျင်းပသည့် ဆန္ဒပြပွဲသို့ အိန္ဒိယနိုင်ငံ အတိုက်အခံပါတီများမှ ခေါင်းဆောင်များ၊ ပြည်ပရောက် တိဘက်အစိုးရဝန်ကြီး ၄၂ ဦး၊ မြန်မာ လွှတ်တော်ကိုယ်စားလှယ်များ၊ တိဘက် ဘုန်းတော်ကြီးများ၊ တိဘက် ကျောင်းသားများနှင့် တိဘက်ပြည်သူ စုစုပေါင်း ၉ဝဝ ကျော် တက်ရောက်ခဲ့သည်။
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ အန်အယ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိန်က "လူထုတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေတာကို အကြမ်းဖက်ပြီးတော့ နှိမ်နင်းတဲ့ လုပ်ရပ်မျိုးကို ကျနော်တို့အနေနဲ့ အမြဲတမ်း ဆန့်ကျင်တယ်။ တိဘက် ဆိုတာက ဗုဒ္ဓဘာသာက အဓိက လွှမ်းမိုးတဲ့လူမျိုး ဖြစ်တယ်။ သံဃာတော်တွေကိုတောင်မှ တရုတ်အစိုးရနဲ့ မြန်မာအစိုးရက အကြမ်းဖက် နှိမ်နှင်းတယ်ဆိုတာလည်း တူနေတယ်။ ကျနော်တို့အနေနဲ့ တိဘက် ပြည်သူတွေအတွက် အလွန်ကို စိတ်မကောင်းဘူး။ ကျနော်တို့က အကြမ်းဖက်မှုတွေ ရပ်စဲရေးကို ကျနော်တို့တတွေ အကြမ်းမဖက် လှုပ်ရှားမှုတွေနဲ့ တွဲပြီးတော့ ရတဲ့အထိ လုပ်သွားမယ်" ဟု ပြောသည်။
တိဘက်ဆန္ဒပြမှုများကို ၁၉၈၉ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒလိုင်လားမားက ကြိုးကိုင် ဖန်တီးခဲ့သည်ဟု တရုတ်က စွပ်စွဲ ပြောဆိုထားသည်။
"ဒီဖြစ်ရပ်တွေကို ဒလိုင်အုပ်စုက စုစည်း၊ အကွက်ချ ဖန်တီး ကြိုးကိုင်ခဲ့တယ်ဆိုတဲ့ အချက်အလက် အထောက်အထား အပြည့်အစုံ ရှိတယ်" ဟု တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင်က ပြောဆိုခဲ့သည်။
"သူတို့ရဲ့ မဟုတ်တရုတ် ရည်မှန်းချက် အောင်မြင်ဘို့ အိုလံပစ်ပွဲတော်ကို ပျက်ပြားအောင် လှုံ့ဆော်ခဲ့တာ ဖြစ်တယ်" ဟု မစ္စတာဝမ်က ပြောသည်။
ဒလိုင်လားမားက ပြင်းပြင်းထန်ထန် ငြင်းဆန်လိုက်ပြီး အကယ်၍ ဆူပူ အုံကြွမှု ပိုပြင်းထန်လာလျှင် တိဘက် ခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်ပေးမည်ဟု တုံ့ပြန်လိုက်သည်။
"အကြမ်းဖက်မှုဆိုတာ လူသားသဘာဝရဲ့ ဆန့်ကျင်ဘက်ပဲ။ ကျနော်တို့ဟာ တရုတ်ဆန့်ကျင်ရေး ခံစားမှုတွေ ဖွံ့ထွားလာအောင် လုပ်လို့ မဖြစ်ဘူး။ ကျနော်တို့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အတူတကွ နေထိုင်ရမှာပဲ" ဟု ၁၉၅၉ ခုနှစ်ကတည်းက အိန္ဒိယသို့ ထွက်ပြေး ခိုလှုံခဲ့သူ ဒလိုင်လားမားက ပြန်လည် တုံ့ပြန် ပြောဆိုခဲ့သည်။
တရုတ်က တိဘက်သည် တရုတ်၏ အစိတ်အပိုင်းဖြစ်သည်ဟု တောက်လျောက် ပြောဆိုနေသော်လည်း ၂ဝ ရာစုမတိုင်မီအထိ ကိုယ်ပိုင်အုပ်ချုပ်ရေး ရှိခဲ့သည်။

မြန်မာဒီမိုအင်အားစုများ တိဘက်ဆန္ဒပြသူများနှင့် ပူးပေါင်း

မြင့်မောင်(မဇ္ဈိမသတင်းဌာန )
နယူးဒေလီ။ ။ တိဘက်ဒေသတွင် တရုတ်အစိုးရက ဆန္ဒပြ ရဟန်းတော်များနှင့် အရပ်သားများကို အင်အားသုံး ဖြိုခွင်းခြင်းကို ကန့်ကွက် ဆန္ဒပြသည့် အဝေးရောက် တိဘက်တို့၏ ဆန္ဒပြပွဲသို့ မြန်မာ ရဟန်းတော်များလည်း ပူးပေါင်းခဲ့ကြသည်။
အိမ်နီးချင်း အိန္ဒိယနိုင်ငံ နယူးဒေလီမြို့လယ်တွင် တိဘက်အမျိုးသမီးများနှင့် လူငယ်အဖွဲ့များက တိဘက်မြို့တော် လာဆာတွင် သွေးမြေကျ နှိမ်နင်းမှုကို ဆန္ဒပြရာ ရွေဝါရောင်တော်လှန်ရေး ဖြစ်ပွားခဲ့သည့် မြန်မာနိုင်ငံမှ သံဃာတော်များနှင့် ဒီမိုကရေစီလိုလားသူ ၅ဝ ခန့်က သွေးစည်း ညီညွတ်ကြောင်း ပြသကြသည်။
"တရုတ်အစိုးရက တိဘက်ပြည်သူတွေကို အကြမ်းဖက်နေမှုကို သူတို့နဲ့ ထပ်တူထပ်မျှ ခံစားရတယ် ဆိုတာကို ပြသခဲ့ကြပါတယ်။ အကြမ်းဖက်တဲ့ တရုတ်အစိုးရကို ရှုံ့ချ ဆန္ဒပြကြခြင်း ဖြစ်တယ်" ဟု ဆန္ဒပြပွဲ စီစဉ်သူ ချင်းကျောင်းသားလူငယ် ကိုဆန်းငါက ပြောသည်။
တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင်၏ ပုံတူ အရုပ်များကို မီးရှို့ကာ "ဝမ်ကြားပေါင် ကျဆုံးပါစေ" ဟူသော ကြွေးကြော်သံများ အော်ဟစ်သည့် ဆန္ဒပြပွဲသို့ ဒေလီတက္ကသိုလ် ကျောင်းသားများလည်း ပူးပေါင်းခဲ့သည်။
"တိဘက်ပြည်သူတွေကလည်း အာဏာရှင် လက်အောက် ရောက်နေတယ်။ တိဘက်နဲ့ ဘုန်းဘုန်းတို့နဲ့ ဘာသာချင်းလည်း တူတယ်။ လူသားအချင်းချင်း ဖိနှိပ်တာကို ဘယ်သူကပဲ ဖိနှိပ်နှိပ် လက်မခံချင်ဘူး။ သူတို့က ငြိမ်းချမ်းရေးအတွက်၊ လွတ်မြောက်မှုအတွက် သူတို့လှုပ်ရှားမှုကို မြှင့်တင်နေတာ ဖြစ်တယ်" ဟု အိန္ဒိယအခြေစိုက် မြန်မာ့ သံဃာ့ဥသျှောင်အဖွဲ့၏ ဥက္ကဌ ဆရာတော် ဦးပညာဝရက မိန့်သည်။
တိဘက်တွင် ယခုရက်ပိုင်းအတွင်းက ဆူပူ အုံကြွမှုများ ဖြစ်ပွားပြီး တရုတ်အစိုးရက သေနတ်ဖြင့် ပစ်ခတ် နှိမ်နင်းခဲ့မှုများရှိကာ လူ ၉၉ ယောက် သေဆုံးခဲ့ရသည်ဟု အိန္ဒိယအခြေစိုက် အဝေးရောက် တိဘက်အစိုးရက ကြေညာထားသည်။ တရုတ်တို့ကမူ လူ ၁၃ ဦးသာ သေဆုံးခဲ့ပြီး ဆူပူသူ လူအုပ်စု၏ အကြမ်းဖက်ခံရမှုကြောင့် ဟု ပြောဆိုထားပြီး နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒလိုင်လားမားက ကြိုးကိုင်ခဲ့သည်ဟု စွပ်စွဲထားသည်။
ဘုန်းတော်ကြီး ဒလိုင်လားမားက ယတိပြတ် ငြင်းဆိုထားပြီး စုံစမ်းစစ်ဆေးမှုများ အဝေးရောက် တိဘက်အစိုးရ အခြေစိုက်ရာ ဒရမ်ဆာလာရှိ ရုံးခန်းများတွင် လာရောက် ပြုလုပ်နိုင်ကြောင်း ဖိတ်ခေါ်ထားသည်။
"တရုတ်အစိုးရနဲ့ မြန်မာအစိုးရက ဆရာတပည့်ပဲ။ အတူတူပါပဲ။ အာဏာထိရင် ဘုရားကိုတောင် ညှာမှာ မဟုတ်ဘူး။ အခု ကြည့်လေ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ရဟန်းတော်တွေကို ပစ်ခတ် သတ်ဖြတ်ပစ်တယ်။ မြန်မာအစိုးရ အတိုင်းပဲ။ အာဏာရှင်ဆိုတာ သူ့အာဏာကို လာထိရင် ဘယ်သူမှ ခံမှာ မဟုတ်ဘူး။ တိဘက်နဲ့ ဗမာ တော်လှန်ရေးဟာ အတူတူပဲ။ အတူတူ ခံစားရတယ်" ဟု ဆရာတော် ဦးပညာဝရက ဆက်လက် မိန့်ကြားသည်။
တရုတ်နိုင်ငံ ဘေဂျင်းတွင် သြဂုတ်လတွင် ပြုလုပ်မည့် အိုလံပစ် အားကစားပွဲကို သပိတ်မှောက် ဆန့်ကျင်သင့်ကြောင်း ဆရာတော်က မိန့်ဆိုသွားသည်။
၂ဝ ရာစုနှစ် မတိုင်မီအထိ တိဘက်တို့သည် ကိုယ်ပိုင်အုပ်ချုပ်ရေးဖြင့် နေခဲ့ကြသော်လည်း တိဘက်ဒေသသည် တရုတ်အချုပ်အချာတွင် တသားတည်း တည်ရှိကြောင်း တရုတ်က မြဲမြံစွာ ဆုပ်ကိုင်ထားသည်။
၁၉၅၉ ခုနှစ်တွင် မအောင်မြင်သော ပုန်ကုန်မှုကို ဦးဆောင်ခဲ့ပြီးနောက် တိဘက်ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်လားမားသည် အိန္ဒိယသို့ ထွက်ပြေး ခိုလှုံခဲ့ရသည်။

Tuesday, March 18, 2008

'ဘုန်းဘုန်းချမှ လုံးလုံးရမယ်' ထွက်ပြီ

မောင်ဒီး
နယူးဒေလီ။ ။ 'ဘုန်းဘုန်းချမှ လုံးလုံးရမယ်' အမည်ရ မြန်မာ့ရိုးရာ အတာသင်္ကြန် သံချပ်ခွေကို အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများက ယမန်နေ့က ထုတ်ဝေ ဖြန့်ချိလိုက်သည်။
ကဗျာဆရာ မြတ်ထက် ရေးသား၍ ကျောက်မဲ (ကျော်ကြီး) စီစဉ်ကာ အိန္ဒိယအခြေစိုက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ လူငယ် ၃ဝ ခန့် ပါဝင် အားဖြည့်ထားသည့် ၁ဝ ကြိမ်မြောက် ထုတ်ဝေလိုက်သည့် ယခု သံချပ်ခွေကို မြန်မာအတာသင်္ကြန် ပွဲတော်အမီ ပြည်တွင်း ပြည်ပသို့ ဖြန့်ဝေသွားမည် ဖြစ်သည်။
"နောင်အနာဂတ်မှာ ဘုန်းကြီးတွေ ဆက်လက် ဦးဆောင်ပြီးတော့ လူထုလှုပ်ရှားမှုတွေ လုပ်မယ်ဆိုရင် ဒီမိုကရေစီတော့ သေချာပေါက် ရမှာပဲလို့ မြင်လို့ ကျနော်တို့က ဘုန်းဘုန်းချမှ လုံးလုံးရမယ် ဆိုပြီး ခေါင်းစဉ်ပေးထားတာပါ" ဟု သံချပ်ရေးသူ ဆရာမြတ်ထက်က မဇ္ဈိမကို ပြောသည်။
သူက ဆက်ပြီး "သမိုင်းတလျှောက်မှာ ဘယ်လောက်ထိ ရက်စက်တဲ့ အာဏာရှင်တွေကိုပဲ ဖြစ်ဖြစ် ဘုန်းကြီးတွေက ဘယ်တော့မှ အလျှော့မပေးဘူး။ ဘုန်းကြီးနဲ့ လူနဲ့ မတူတဲ့အချက်က လူတွေမှာက သူတို့ရဲ့ သားတွေ သမီးတွေဆိုတဲ့ သံယောဇဉ် ရှိတယ်။ ဘုန်းကြီးတွေက သံယောဇဉ် ကင်းတယ်၊ ချည်နှောင်မှု ကင်းတယ်။ တရားဓမ္မနဲ့ ဆန့်ကျင်လားဆိုတာ အမြဲကြည့်တယ်။ တရားဓမ္မနဲ့ ဆန့်ကျင်နေတဲ့ဟာ မှန်သမျှကို ဆုံးမလေ့ရှိတယ်" ဟု ပြောသည်။
သံချပ်သီချင်း စာသားများသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာကာလ သံဃာတော်များ ဦးဆောင်သော လူထု ဆန္ဒပြပွဲ၏ ပုံရိပ်များကို ခံစားရေးဖွဲ့ထားခြင်း ဖြစ်ပြီး လူထု၏ ကျပ်တည်းမှုများကို ပြောင်မြောက်သည့် စကားလုံးများဖြင့် ဖော်ကျူးထားသည်။
"ယာယီအားဖြင့်သာ လူထု နာမှာစိုးလို့ အလျှော့ပေးထားခြင်း ဖြစ်တယ်။ ကျနော် မြင်တာတော့ ဘုန်းကြီးတွေက မင်းဆိုး မင်းညစ်တွေကို ဆုံးမတဲ့ သမိုင်းကြောင်းတွေက အများကြီး ရှိခဲ့တော့ တချိန်ချိန်ကျရင် ဘုန်းကြီးတွေ ဆက်ပြီး တိုက်ပွဲဝင်လိမ့်မယ်လို့ လုံးဝ ဥဿဿုံ ယုံကြည်ပါတယ်" ဟု ဆရာမြတ်ထက်က ပြောသည်။
သံချပ်တွင် လူထုဘဝ အခြေအနေ၊ ကြံ့ဖွတ်၊ စွမ်းအားရှင်၊ စစ်ဖွဲ့စည်းပုံ၊ ရွှေဝါရောင်တော်လှန်ရေး၊ ဘုရင်ရူး၊ ကုလားလေးနဲ့ ဆွေးနွေးခန်း၊ သတ္တိရှင်နှင့် တိုက်ပွဲခေါ်သံ ကဏ္ဍများကို ခေါင်းစဉ်ငယ်များဖြင့် သံချပ်ထိုးထားပြီး မြန်မာခေတ်ပေါ်သီချင်း သံစဉ်များတွင် နအဖ စစ်အာဏာရှင်တို့၏ လုပ်ရပ်ဆိုးများကို လှောင်ပြောင်ဖွင့်ချ ထားသည့် စာသားများကို ထည့်သွင်းကာ သီဆိုထားသေးသည်။
ဆရာမြတ်ထက်က "ကျနော် ဒီတခေါက်ရေးရတာက ပိုပြီး စိတ်အားတက်ကြွတယ်။ ဘာကြောင့်လဲဆိုတော့ ရွှေဝါရောင်တော်လှန်ရေး အရှိန်ကလည်း ရှိနေသေးတာကိုး။ နောက် သူတို့ (နအဖ) လူထုဆန္ဒခံယူပွဲ ကြေညာတဲ့အချိန်လည်း ဖြစ်နေတော့ အဲဒီဟာတွေအပေါ်မှာ သီချင်းရေးရတာ ပြတ်ပြတ်သားသား ဆန့်ကျင်ချင်တဲ့ ဆန္ဒတွေ ပြင်းပြတယ်။ Mood လည်း ရတယ်ပေါ့လေ" ဟု ပြောသည်။
ယခု သံချပ် သီချင်းခွေမှာ နအဖ စစ်အာဏာရှင်များကို ပြုပြင်စေလိုသည့် ရည်ရွယ်ချက်လည်း မပါ၊ အသနားခံ တောင်းဆိုခြင်းလည်း မပါဘဲ နားဆင်သူ ပြည်သူလူထုများတွင် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ကာ ခွန်အားပေးထားခြင်း ဖြစ်သည်။
"ဒီသီချင်းတွေကို နားထောင်ပြီး ပြည်သူလူထုက စစ်အာဏာရှင်တွေကို အပြီးအပိုင် ချေမှုန်းချင်တဲ့ စိတ်ဓာတ်တွေ ဖြစ်လာတယ်ဆိုရင် ဒါ ကျနော်တို့အတွက် အမြတ်ပဲ။ အဲလို ကိန်းအောင်းမယ်လို့လည်း ယုံကြည်ပါတယ်" ဟု သူက ပြောသည်။
သံချပ် အခွေ ၅ဝဝ ကို အိန္ဒိယနိုင်ငံတွင် ထုတ်ဝေပြီး ထိုင်းနိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများကလည်း အခွေ ၅ ထောင်ခန့် ဆက်လက် ကူးယူကာ ဖြန့်ဝေသွားမည် ဖြစ်သည်။
"မြန်မာ့ရိုးရာ အတာသင်္ကြန်နဲ့ သံချပ်တွဲလာတာက အင်္ဂလိပ်ခေတ်ကတည်းက ရှိနေခဲ့ပြီ။ ဖဆပလ လက်ထက်မှာ ဆိုရင် ဌာနဆိုင်ရာတွေ၊ အစိုးရဘက်က လူတွေက သံချပ်ခွေတွေ ဝယ်ပြီး သူတို့ကို ဘာဝေဖန်ထားလဲဆိုတာ နားထောင်ပြီး ပြုပြင်ကြရတယ်။ လူငယ်တွေရဲ့ အကျင့်စာရိတ္တတွေကိုလည်း ပြုပြင်ပေးခဲ့တယ်။ အစိုးရတွေတောင်မှ သံချပ်တွေနဲ့ ဝေဖန်လိုက်ရင် ပြုပြင်လာရသည်အထိ သံချပ်တွေက လွှမ်းမိုးမှု ရှိခဲ့တယ်" ဟု ဆရာမြတ်ထက်က ပြောသည်။
မဆလ တပါတီစနစ် ကြီးစိုးစဉ် ကာလက ဌာနဆိုင်ရာများ၏ အားနည်းချက်များကို သံချပ်နှင့် ဝေဖန်သရော်ခွင့် ရှိခဲ့သော်လည်း နအဖ စစ်အာဏာရှင် လက်ထက်တွင်မူ အစိုးရဌာနများကို ဝေဖန်သည့် သံချပ်များ ထုတ်ဝေခွင့် မရှိတော့သဖြင့် သံချပ်ဆိုခွင့် မရှိသည့် သင်္ကြန်ကို မြန်မာ့ရိုးရာ အတာသင်္ကြန်ဟု ခေါ်ဆို၍ မရနိုင်ကြောင်း ဟာသဝိဇ္ဇာ ဇာဂနာက ယမန်နှစ်က ပြောဆို ဝေဖန်ခဲ့ဖူးသည်။

ကလေးစစ်သားတွေစုဆောင်းပြန်ပြီ

မာဝမ်းမာကမ်မာကာ
ဘန်ကောက်၊ ၁၈ မတ်လ (IPS) - အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) သည် ကလေးများကို မြန်မာစစ်တပ်အတွက် အတင်းအဓမ္မ စုဆောင်းနေကြောင်း တိုင်တန်းချက်များကို လွန်ခဲ့သော စက်တင်ဘာလအထိ အနည်းငယ်မျှသာ ရရှိခဲ့သည်။ သို့သော်ယခုထိုသို့မဟုတ်တော့ချေ။
အိုင်အယ်လ်အိုသည် သူ၏ အစီရင်ခံစာသစ်တွင် လွန်ခဲ့သော စက်တင်ဘာ ၂ဝဝ၇ မှစ၍ ပြောင်းလဲလာသော အခြေအနေများကို ဖေါ်ပြထားခဲ့သည်၊ ထိုကာလက သံဃာတော်များ ဦးဆောင်ကာ မေတ္တာသုတ်ရွတ်၍ ထောင်ပေါင်းများစွာသော ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို စစ်အစိုးရက ရက်ရက်စက်စက် နှိမ်နင်းခဲ့သည့်အချိန် ဖြစ်သည်။
ထိုကာလမတိုင်မီက ရရှိခဲ့သော တိုင်တန်းစာအများစုမှာ အဓမ္မလုပ်အားပေးကိစ္စများ ဖြစ်သည်။ 'ဒေသဆိုင်ရာအုပ်ချုပ် ရေး အာဏာပိုင်များက ခိုင်းစေသည့် အဓမ္မလုပ်အားပေးကိစ္စများသာ ဖြစ်သည်။ အသက်မပြည့်သေးသူများကို စစ်သားအဖြစ် စုဆောင်းမှုများနှင့် အခြားစစ်ရေးနှင့် ဆက်စပ်သည့် တိုင်တန်းချက်များကို အနည်းငယ်သာ ရရှိခဲ့သည်' ဟု အလုပ်သမားအဖွဲ့ချုပ်၏ ဌာနချုပ် တည်ရှိရာ ဂျနီဗာတွင် ပြုလုပ်နေသော အုပ်ချုပ်ရေးကောင်စီ အစည်းအဝေးတွင် တင်သွင်းသည့် အစီရင်ခံစာတွင် ရေးသား ဖေါ်ပြထားသည်။
'လွန်ခဲ့သော စက်တင်ဘာလမှ စ၍ အခြေအနေမှာ ပြောင်းပြန် ဖြစ်သွားခဲ့သည်။ ရရှိသော တိုင်တန်းစာအများစုမှာ စစ်ရေးနှင့် ပတ်သက်သောကိစ္စများနှင့် အသက်မပြည့်သေးသူများကို စစ်သားအဖြစ် စုဆောင်းသည့် ကိစ္စရပ်များဖြစ်သည်' ဟု ရန်ကုန် အိုင်အယ်လ်အိုရုံး ကတင်သွင်းသည့် 'ကလေးစစ်သား၊ အဓမ္မစုဆောင်းသည့် အမှုများ' ၂၆ ဖေဖေါ်ဝါရီ ၂ဝဝ၇ မှ ၂၅ ဖေဖေါ်ဝါရီ ၂ဝဝ၈ အထိ ဆိုသည့် အစီရင်ခံစာတွင် ဖေါ်ပြထားသည်။
၁၄ နှစ်အရွယ် မြန်မာယေက်ျားလေးတယောက် လွန်ခဲ့သော အောက်တိုဘာလက အဖြစ်အပျက်ကို အိုင်အယ်လ်အို အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုနေ့က ထိုကလေး ရန်ကုန်ရှိဈေး တဈေးသို့ သွားရောက်ခဲ့သည်။ သူ့အကို ရောင်းချနေသော ဈေးဆိုင်တွင် သွားရောက် ကူညီလုပ်ကိုင်ပေးရန် ဖြစ်သည်။ ထိုမြို့တော်ဟောင်း ရန်ကုန်မြို့၏ လမ်းမများပေါ်တွင် သူ့ကိုစစ်သားများက ရပ်တန့်စေပြီး စစ်ကားတစီးပေါ် တင်ကာ စစ်သား စုဆောင်းရေးရုံးသို့ ခေါ်ဆောင်သွားသည်။
ထိုသို့ တပ်မတော်ဟု ခေါ်သည့် လက်နက်ကိုင်တပ်ဖွဲ့များကို တိုးချဲ့ရန် စစ်သားသစ်များ စုဆောင်းနေရာ၌ ကလေးများ ပါဝင်နေမှုကို သူတို့၏ မှတ်တမ်းမှတ်ရာများတွင် ဖေါ်ပြနိုင်မှုသည် အမှန်စင်စစ် အကင်းမျှသာရှိသည်ဟု အိုင်အယ်လ်အို ကဝန်ခံ ပြောကြားလိုက်ပါသည်။ "ကျနော်တို့ ရရှိနေသော တိုင်တန်းချက်များသည် ပြဿနာ၏ အတိမ်အနက်ကို ရောင်ပြန်ဟပ် ဖေါ်ပြနိုင်ခြင်းမရှိဟု ကျနော်တို့ ယုံကြည်ပါသည်။ ဤတိုင်တန်းချက်များသည် ပြဿနာ၏အကင်းမျှ သာရှိပါသည်" ဟု ရန်ကုန်အိုင်အယ်လ်အိုရုံး ဆက်သွယ်ရေးအရာရှိ စတိဗ်မာရှယ်လ် Steve Marshall က IPS နှင့်တွေ့ဆုံရာတွင် ပြောကြားသွားသည်။
"ပွဲစားအဖြစ် ဆောင်ရွက်နေသူအချို့ ရှိနေသည်ဟု ကျနော်တို့ နားလည်ထားပါသည်။ သူတို့သည် အင်အားသုံး၍သော်‚ လှည့်ဖျား၍သော်‚ ကလေးများကို စစ်သားစုဆောင်းရေးရုံးများသို့ ခေါ်ယူသွားကြသည်။ အစိုးရကို ဤပြဿနာနှင့် စပ်လျဉ်း၍ တိုင်တန်းသည့်အခါ သူတို့က လျင်မြန်စွာအရေးယူ ဆောင်ရွက်ပေးကြပါသည်။ ခေါ်ဆောင်လာသော ကလေးစစ်သားကို ပြန်လွှတ်ပေးပြီး စစ်သားစုဆောင်းရေး အရာရှိတာဝန်ရှိသူကို စစ်စည်းကမ်းနှင့်အညီ အရေးယူပါသည်" ဟု သူက ဆက်လက် ပြောကြားသွားသည်။
သို့သော် လူ့အခွင့်အရေးအုပ်စုများက စစ်အစိုးရက အတင်းအဓမ္မ စစ်သားအဖြစ် စုဆောင်းမှုမရှိပါဟု ပြောဆိုနေသည်များကို ယုံကြည်ပြီး အရူးအလုပ်မခံရစေရန် နိုင်ငံတကာအသိုင်းအဝိုင်းကို သတိပေးသွားပါသည်။ 'ကလေးစစ်သား ရာပေါင်းများစွာကို လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူတို့မိသားစုများ ရှိရာသို့ ပြန်ပို့ပေးခဲ့ကြောင်း' စစ်အစိုးရ၏ သတင်းစာများတွင် ဖေါ်ပြ ရေးသားထားမှုများကို လန်ဒန်အခြေစိုက် ဘားမားကင်ပိန်း ယူကေ က "လုံးလုံးအဓိပ္ပါယ် ကင်းမဲ့ကြောင်း ပြောဆိုပယ်ချ" လိုက်ပါသည်။
ကလေးစစ်သား စုဆောင်းမှုနှင့် ပတ်သက်၍ နိုင်ငံတကာမှ ဝေဖန် ပြစ်တင်သံများကို တုံ့ပြန်သည့်အနေနှင့် ထိုပြဿနာကို ကိုင်တွယ် ဖြေရှင်းရန် အဆင့်မြင့် စစ်အရာရှိကြီးများ ပါဝင်သော အဖွဲ့တခုကို ၂ဝဝ၄ ခုနှစ်တွင်ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့သည်။ သို့သော် အဆိုပါ အသက်မပြည့် သေးသူများအား စစ်သားအဖြစ် စုဆောင်းခြင်းကို ကာကွယ် တားဆီးရေးကော်မီတီမှာ ကလေးအခွင့်အရေးနှင့် အလုပ် သမား အခွင့်အရေးချိုးဖောက်မှုများကို ကာကွယ် ဟန့်တားရေးထက် ကလေးစစ်သားနှင့် စပ်လျဉ်းသည့် အစီရင်ခံစာများကို ရှုံ့ချ ပြစ်တင်ခြင်းဖြင့်သာ ပြီးနေသည်။
စစ်အစိုးရ၏ အဆိုပါ အထူးကော်မီတီသည် တပ်မတော်အတွင်းမှ ကလေးစစ်သားများကို ကယ်ဆယ်ရန် ပျက်ကွက်ခဲ့ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီး HRW က ယင်း၏ နိုဝင်ဘာ ၂ဝဝ၇ တွင်ထုတ်ပြန်သောအစီရင်ခံ စာတွင် အတည်ပြု ဖေါ်ပြထားသည်။ "မြန်မာစစ်တပ် စစ်သားစုဆောင်းရေးအဖွဲ့များသည် အသက် ၁ဝ နှစ်မျှအထိ ငယ်ရွယ်သော ကလေးများကိုပင် ပစ်မှတ်ထားကာ စစ်သားအဖြစ် စုဆောင်းမှုများ ပြုလုပ်နေသည်။ စစ်ထဲမဝင်လျှင် ဖမ်းဆီးခံရမည်၊ ရိုက်နှက်ခံရမည် ဟု ခြိမ်းခြောက်ပြီး စုဆောင်းနေကြသည်" ဟု နယူးယောက်အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ကြီးက ယင်း၏ အစီရင်ခံစာတွင် ဖေါ်ပြခဲ့ပါသည်။
"တခါတရံ ကလေးများကို လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင်ရန် အတင်းအကြပ် စေခိုင်းကြသည်။ ရွာမီးရှို့ခြင်းများ၊ အရပ်သားများကို အဓမ္မ လုပ်အားပေးအဖြစ် ခိုင်းစေခြင်းများတို့ ဖြစ်သည်။ ထွက်ပြေးရန်ကြိုးစားလျှင်သော်, စစ်မြေပြင်မှ စစ်ပြေးအဖြစ် ထွက်ပြေးလျှင်သော်‚ ပြန်လည် ဖမ်းဆီးမိလျှင် ရိုက်နှက်ခံရသည်၊ စစ်တပ်အတွင်း သို့ အတင်းအဓမ္မ ပြန်လည်သွတ်သွင်းခြင်း ခံရသည် သို့တည်းမဟုတ် အကျဉ်းချခံရသည်" ဟု 'စစ်သားအဖြစ် ရောင်းချခံရခြင်း၊ မြန်မာနိုင်ငံအတွင်း ကလေးစစ်သား စုဆောင်းမှုနှင့် အသုံးပြုမှုများ' ဆိုသည့် အဆိုပါ အစီရင်ခံစာ တွင် ဆက်လက် ဖေါ်ပြထားသည်။
ဤအစီရင်ခံစာပါ စိတ်ပျက်ဘွယ်လေသံမှာ HRW ၏ ၂ဝဝ၂ ခုနှစ် အစီရင်ခံစာပါ မြန်မာပြည်တွင်း တိုးများလာနေသော ကလေးစစ်သား အရေအတွက် အကြောင်း ဖေါ်ပြချက်လေသံကို ပဲ့တင်ထပ်ထားခြင်းသာ ဖြစ်သည်။ အဆိုပါ 'ကျနော့် သေနတ်က ကျနော့်အရပ်လောက်ရှိတယ်' ခေါင်းစဉ်ပါ အစီရင်ခံစာတွင် 'မြန်မာနိုင်ငံ၏ ခန့်မှန်းခြေ စုစုပေါင်း စစ်သားအရေအတွက် ၃၅ဝဝဝဝ တွင် ၇ဝဝဝဝ သို့မဟုတ် ထို့ထက် ပိုသောအရေအတွက်မှာ ကလေးစစ်သားများ ဖြစ်ဘွယ်ရှိသည်' ဟု ရေးသား ဖေါ်ပြထားခဲ့သည်။
စစ်သား စုဆောင်းရေးအရာရှိများ၏ ကလေးစစ်သားများ လိုက်လံရှာဖွေစုဆောင်းရာ စားကျက်နယ်မြေသည် လွန်ခဲ့သော ၅ နှစ်အတွင်း အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ ထိုသို့ တာဝန်ပေးခံရသူ စစ်သားများ၊ အရပ်သားများသည် ဈေးများ၊ မီးရထားဘူတာရုံများ၊ ဘတ်စ်ကားဂိတ်များ၊ ကူးတို့ဆိပ်များ၊ လမ်းမများ နှင့် ပွဲတော်များ ကျင်းပရာတို့တွင် ပစ်မှတ်ထားကာ ရှာဖွေကြသည်။ ကလေးစစ်သား စုဆောင်းပေးနိုင်လျှင် ရရှိသည့် ဆုလာဘ်သည် နေရာတနေရာနှင့် တနေရာမတူ ကွဲပြားသည်။ အချို့နေရာတွင် ကလေးစစ်သားတဦး စုဆောင်းနိုင်လျှင် အမေရိကန်ဒေါ်လာ ၂၅ ဒေါ်လာနှင့်ညီမျှ သောငွေကိုရရှိပြီး အချို့နေရာများတွင် ဆန်တအိတ်ရသည်။
စစ်အစိုးရ၏ လေလုံးမိုးလုံးနှင့် အမှန်တကယ် ဖြစ်ပျက်နေသည်တို့၏ ကွာခြားချက်မှာ အတိုင်းသားရှင်းလင်းလှသည် HRW ၏ မြန်မာနိုင်ငံဆိုင်ရာအတိုင်ပင်ခံ ဒေးဗစ်စကော့မက်သီးဆန် David Scott Mathieson က ပြောကြားသွားပါသည်။ "မြန်မာနိုင်ငံစစ်အစိုးရ၏ ဥပဒေများ၊ စည်းမျဉ်းများနှင့် အမှန်တကယ် ဖြစ်ပျက်နေသည် တို့ကြားတွင် ကြီးကြီးမားမား ကွာဟချက်များရှိပါသည်" ဟုသူက ပြောကြားသွားသည်။
"စစ်တပ်အတွင်းသို့ ကလေးစစ်သားများကိုအတင်းအကြပ် စုဆောင်းမှုများ ကျယ်ကျယ်ပြန့်ပြန့်ပင် ရှိနေတယ်" ဟု သူက IPS သတင်းဌာနကို ပြောကြားခဲ့သည်။ "သူတို့ လုပ်နေတာ ကုန်သွယ်ရေးလုပ်ငန်းတခုရဲ့ အစိတ်အပိုင်းတခုလိုဘဲ။ တပ်ရင်းအလိုက် တပ်သားသစ် စုဆောင်းရေးသတ်မှတ်ချက် ကိုယ်တာတွေ ရှိတယ်။ အဲဒါကို ပြည့်မီအောင်လုပ်နိုင်ရင် ဆုပေးတယ်"။
မြန်မာစစ်အစိုးရ၏ တပ်မတော် စစ်အင်အားတိုးချဲ့ရေးအတွက် မြန်မာကလေးငယ်များကို အလုအယက် စုဆောင်းမှုသည် ၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာစစ်တပ်၏ ပေါ်လစီအပြောင်းအလဲ၌ မြစ်ဖျားခံသည်။ ထိုနှစ်တွင် လူထုအုံကြွမှုကြီး ဖြစ်ပွါးခဲ့သည်။ သောင်းနှင့်ချီသော အရပ်သားများ လမ်းမများပေါ်သို့ထွက်၍ ဆန္ဒပြခဲ့ကြသည်။ ၁၉၆၂ ခုနှစ်စစ် အာဏာသိမ်းပြီးကတည်းက အာဏာကို လက်မလွှတ်ခဲ့သည့် စစ်အာဏာရှင်စနစ်ကို စိန်ခေါ်အံတုခဲ့ကြသည်။ ထိုအခါ စစ်တပ်က အုံကြွမှုကြီးကို ကျည်ဆံများဖြင့် တုံ့ပြန်ခဲ့သဖြင့် လက်နက်မဲ့ ဆန္ဒပြသူ ၃ဝဝဝ ခန့် သေဆုံးခဲ့ရသည်။
မကြာမီပင် ယခင်က အရွယ်အစားအားဖြင့်သိပ်မကြီးဘဲ ကျစ်လျစ်သည့်တပ်မတော်၊ ကလေးစစ်သားအသုံးပြုမှု ရာဇဝင် မရှိခဲ့သည့်တပ်မတော်ကို စစ်အာဏာ တည်မြဲရေးအတွက် အကြီးအကျယ် တိုးချဲ့ရန် အမိန့်ပေးခဲ့သည်။ သို့ဖြင့် ယခင်က ၁၈ဝဝဝဝ မျှသာ အရေအတွက်ရှိသော စစ်တပ်ကို (အနိမ့်ဆုံးအားဖြင့်စာရွက်ပေါ်တွင်) လက်ရှိ အင်အား ၄ သိန်း အထိ တိုးချဲ့ခဲ့သည်။
မြန်မာ့စစ်ရေး အကဲခတ်များက ထောက်ပြသလိုပင် နယ်စပ်၌ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် တိုက်ခိုက်နေရသည့်အတွက် ဆုံးရှုံးနေရသော ပြုန်းတီးအင်အားအပြင် စစ်တပ်အတွင်း၌ စစ်ပြေးအရေအတွက် အလွန်များပြားနေသည်ဟု ဆိုသည်။ "မြောက်ပိုင်းတိုင်းမှူးရဲ့ အစီရင်ခံစာအရ ၂ဝဝ၆ ခုနှစ် လေးလပတ်အတွင်း စစ်ပြေးများမှာ တပ်မတခုစာပင် ရှိခဲ့သည်" ဟု ထိုင်းနိုင်ငံမြောက်ပိုင်း Payap တက္ကသိုလ်၏ ကထိက တဦးဖြစ်သော ဦးဝင်းမင်း က အင်တာဗျူးတခုတွင် ပြောကြားသွားခဲ့ပါသည်။ "ဒါဟာ သူတို့ရဲ့ တပ်ရင်း ဖွဲ့စည်းပုံတွေအရ အင်အား ၃ဝဝဝ ကျော် ပါတယ်" ဟုသူက ဆိုလိုက်သည်။
ယခင်နှစ်များက အခြေအနေမှာ ယခုထက်ပင် ဆိုးရွားခဲ့သည်။ ၂ဝဝ၅ ခုနှစ် လေးလပတ်အတွင်း တနိုင်ငံလုံးတွင် စစ်ပြေး စုစုပေါင်း ၄၇ဝ၁ ဦးရှိခဲ့သည် ဟု ဦးဝင်းမင်းက ဖြည့်စွက် ပြောကြားသွားပါသည်။ "ကျနော့် ခန့်မှန်း တွက်ဆချက်အရ လွန်ခဲ့တဲ့နှစ်ကုန်မှာ အခြေအနေက ဒီထက် ပိုဆိုးနိုင်ပါတယ်။ ၂ဝဝ၇ ခုနှစ်အတွင်း စစ်ပြေးအရေအတွက် စုစုပေါင်း က ၁၅ဝဝဝ ခန့်ရှိနိုင်ပါတယ်" ။
သို့သော် လွန်ခဲ့သော စက်တင်ဘာလတွင် ဖြစ်ပွါးခဲ့သော လူအများ ကြည်ညိုလေးစားသည့် သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများတွင် သံဃာတော်များကို ပစ်သတ်ရန် အမိန့်ပေးခံခဲ့ရပြီးနောက် တပ်သားမည်မျှ စစ်စခန်းများကို စွန့်ခွါ ထွက်ပြေးခဲ့ကြသည်ကိုမူ မသိနိုင်သေးပါဟု သူက ထုတ်ဖေါ် ပြောဆိုသွားပါသည်။ "ဒါတွေက နောက်တကြိမ် ၄ လပတ် အစည်းအဝေးမှာ တပ်မှူးတွေ လာတဲ့အခါ သိမှာဘဲ၊ အခုတော့ ဒီအစည်းအဝေးတွေက ပြီးခဲ့တဲ့ မေလ ထဲက မလုပ်ဖြစ်သေးတာ"။

စာမေးပွဲ သပိတ်မှောက်ရန် သံဃာ့တပ်ပေါင်းစု တိုက်တွန်း

သန်းထိုက်ဦး
ချင်းမိုင်။ ။ စမ္မစရိယနှင့် ပါဋိ ပထမပြန်စာမေးပွဲကို သံဃာတော်များအနေနှင့် မဖြေဆိုရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစုကြီးက တိုက်တွန်းလိုက်သည်။
ယခုလ ၂၄ ရက်နေ့ (တပေါင်းလပြည့်ကျော် ၃ ရက်နေ့) ၌ နအဖ စစ်အစိုးရက ကျင်းပပေးမည့် စမ္မစရိယနှင့် ပါဋိ ပထမပြန်စာမေးပွဲကို မဖြေဆိုကြရန် ယခုလို တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။
"ရွှေဝါရောင်တော်လှန်ရေးမှာ ကံဆောင်ခဲ့တဲ့ကိစ္စ ရှိပါတယ်။ ကံဆောင်ပွဲဆိုတာက သပိတ်မှောက် ကံဆောင်ထားပြီ ဆိုရင် သပိတ်လှန်တဲ့ ကံဆောင်ပွဲ မလုပ်သမျှ ကံဆောင်ပွဲဟာ အသက်ဝင်နေတာပါပဲ။ ဒါကြောင့် ကံဆောင်ပွဲတော် မပြီးဆုံးသေးဘူး ဆက်လက်ပြီးတော့လည်း ကံဆောင်နေတယ်။ ကံဆောင်ထားတဲ့ အတိုင်းပဲ ဝိနည်း စည်းကမ်းကို လိုက်နာပြီးတော့၊ ကံဆောင်ပွဲကို ဆက်ပြီးတော့ ကံဆောင်သွားကြပါ" ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃတပ်ပေါင်းစုကြီးမှ နာယက ဆရာတော် ဦးပညာဇောတက မဇ္ဈိမကို မိန့်ကြားသည်။
ဆရာတော်က "ရွှေဝါရောင်တော်လှန်ရေးမှာ ပါခဲ့တဲ့ ရဟန်းသံဃာတော်များတွေကို ဖမ်းဆီးတယ်၊ ရိုက်နှက်တယ်၊ ကြိုးနဲ့ တုတ်တယ်၊ ထောင်ထဲမှာ အကျဉ်းချထားတယ်ပေါ့။ ဒါဟာ သာသနာကို စော်ကားလိုက်တာပဲ ဖြစ်တယ်လေ။ အဲဒါကြောင့် ပြည်တွင်းမှာရှိတဲ့ သံဃာတော်များက စာမေးပွဲကို သပိတ်မှောက်ကြပါ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်တာပါ" ဟု ဆက်လက် မိန့်ကြားသည်။
ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် သံဃတပ်ပေါင်းစုကြီး၏ ကြေညာချက်၌ နအဖ က ကျင်းပမည့် စမ္မစရိယနှင့် ပါဋိ ပထမပြန် စာမေးပွဲကို သံဃာတော်များအနေနှင့် မဖြေဆိုဘဲ သပိတ်မှောက်ကြရန်၊ စာမေးပွဲ မဖြေဆိုလိုက်ရသဖြင့် သာသနာ မကွယ်ပျောက်နိုင်ကြောင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးရိုက်နှက် သတ်ဖြတ်ပြီး သာသနိက အဆောက်အဦများ ဖျက်ဆီးခံရခြင်းကသာ သာသနာတော် ကွယ်ပျောက်နိုင်ကြောင်း ဖော်ပြထားသည်။
နိုင်ငံတဝှမ်းတွင် ယခုစာမေးပွဲကို နှစ်စဉ် တပြိုင်နက်ထဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။
ရွှေဝါရောင် တော်လှန်ရေးနောက်ပိုင်း မြို့ကြီးများရှိ စာသင်တိုက်များတွင် သံဃာတော်အပါး အရေအတွက်ကို အကန့်အသတ်ဖြင့်သာ သတင်းသုံး နေထိုင်ခွင့်ပြုသောကြောင့် သံဃာအများအပြားသည် နေရပ်ရင်းသို့ ပြန်လည် ကြွချီသွားကြသည်။
မန္တလေးမြို့ရှိ မစိုးရိမ်ကျောင်း (တိုက်သစ်) နှင့် မကွေးတိုင်း ပခုက္ကူမြို့ရှိ ဗောဓိမဏ္ဍိုင်ကျောင်းတိုက် အပါအဝင် စာသင်တိုက်ကြီး ၄ တိုက်တွင် စာသင်ကြားနေသည့် သံဃာအများစုသည် ယခုစာမေးပွဲကို ဖြေဆိုသွားမည် မဟုတ်ကြောင်း ဒေသခံ ဆရာတော်များက မိန့်ကြားသည်။
ပခုက္ကူ စာသင်ကျောင်းတိုက် တတိုက်မှ ဆရာတော်တပါးက "ပခုက္ကူက အများစု (လက်မှတ်) မထိုးကြဘူး။ အရေးအခင်းကာလတုန်းက နယ်တွေ ပြန်ကြနဲ့၊ စာတွေ သိပ်မလုပ်ဖြစ်ကြတော့ဘူးလေ။ အဲဒါကြောင့်ပါ" ဟု မဇ္ဈိမကို မိန့်ကြားသည်။
စာသင်တိုက်ကြီးများ ဖြစ်သည့် အရှေ့ကျောင်းတိုက်၊ အနောက်ကျောင်းတိုက်၊ အလယ်ကျောင်းတိုက်၊ ဗောဓိမဏ္ဍိုင်ကျောင်းတိုက် အပါအဝင် ခန့်မှန်းခြေ သံဃာအပါး ၁ဝဝဝ ခန့်အနက် စာမေးပွဲဖြေမည့် သံဃာအပါး ၂ဝဝ ခန့်သာ ရှိသည်ဟု ဆရာတော်က ဆက်လက် မိန့်သည်။
မန္တလေးရှိ မစိုးရိမ်ကျောင်းတိုက်သစ်မှ ဆရာတော်တပါးကလည်း "စက်တင်ဘာ ရုတ်ရုတ် ဖြစ်သွားတာလေးနဲ့ တချို့ စာမေးပွဲလက်မှတ် ထိုးဖို့ရာ အချိန်မမီတာတို့၊ မထိုးလိုက်ရတာတို့၊ တချို့လည်း စာတွေ မလုပ်ဖြစ်တော့ မထိုးကြတာပေါ့" ဟု မိန့်ကြားသည်။
မစိုးရိမ်ကျောင်းတိုက်သစ်တွင် လက်ရှိ အချိန်၌ သံဃာအပါး ၁၄ဝဝ ခန့်ရှိပြီး အများစုက မဖြေဆိုဟု ပြောသည်။
သို့သော် မန္တလေးမြို့ ဘုရားကြီးကျောင်းတိုက်တွင် သံဃာအပါး ၁၄ဝဝ ခန့်ရှိပြီး အပါး ၁ဝဝဝ ခန့်သည် စာမေးပွဲ ဖြေဆိုရန် သံဃနာယကထံ လက်မှတ်ရေးထိုးခဲ့သည်ကို တွေ့ရသည်ဟု အမည်မဖော်လိုသူ ဆရာတော်တပါးက မိန့်ကြားသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃတပ်ပေါင်းစုကြီးကို ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် မန္တလေးမြို့၌ စတင် ဖွဲ့စည်းခဲ့သည်။