Monday, March 3, 2008

ကန့်ကွက်မဲပေးရေး လှုံ့ဆော်စာများ ဖြန့်ဝေ

မဇ္ဈိမသတင်းဌာန

ချင်းမိုင်။ ။ စစ်အစိုးရ၏ ဆန္ဒခံယူပွဲ၌ ကန့်ကွက်မဲ ပေးရန် လှုံဆော်သောစာများ ရန်ကုန်မြို့တွင် ဖြန့်ဝေမှုများ ရှိနေကြောင်း မြို့ခံများ အပြောအရ သိရသည်။
ဗမာပြည် ကွန်မြူနစ်ပါတီမှ ရဲဘော်စိုးချစ် ရေးသားသော အဆိုပါ လှုံဆော်စာများကို ယနေ့နံနက် (၉) နာရီခန့်က လှည်းတန်းလမ်းဆုံတွင် လူငယ် (၃-၄) ဦး လိုက်လံ ဖြန့်ဝေနေခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသော မြို့ခံတဦးက ပြောသည်။
“ရှင်းရှင်းပြောရရင် သူတို့နဲ့ ပတ်သက်လို့ လုံးဝ မဲမထည့်ဖို့ စည်းရုံးတဲ့ စာပါ။ သူတို့ဘက်က မဖြစ်မနေ အတင်း အဓမ္မ ခြိမ်းခြောက်မယ် ဆိုရင် ‘နိုး’ လို့ ထည့်ဖို့ စည်းရုံးတဲ့ စာပါ” ဟု အဆိုပါ မြို့ခံက ပြောသည်။
ပြည်သူလူထု အနေဖြင့် ဆန္ဒခံယူပွဲကို သပိတ်မှောက်လျှင် ကြံ့ဖွတ် (၂၄) သန်း၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း၊ အစိုးရ အမှုထမ်းအရာထမ်း စသည်တို့ဖြင့် ဖွဲ့စည်းပုံကို အတည်ပြုနိုင်ကြောင်း၊ အတိုက်အခံများ အနေဖြင့် ဆန္ဒခံယူပွဲ မတိုင်ခင်တွင် လူထု ဆန္ဒပြပွဲများကို ဖော်ထုတ်နိုင်မည့် အခြေအနေ မရှိသဖြင့် ကန့်ကွက်မဲပေး သည့်နည်းလမ်းကိုသာ ရွေးသင့်ကြောင်း ရေးသားထားသည်။
၎င်းအပြင် ကုလသမဂ္ဂ ကိုယ်စာလှယ်၊ မစ္စတာ ဂမ်ဘာရီ၏ မြန်မာပြည် ခရီးစဉ်အတွင်း ကုလသမဂ္ဂ ကြီးကြပ်သော လူထုဆန္ဒခံယူပွဲ ဖြစ်ရေးအတွက် အတိုက်အခံများဘက်မှ တောင်းဆိုသင့်သည်ဟု ဆိုထားသည်။
ကွန်ပြူတာ စာလုံးဖြင့် တမျက်နှာအပြည့် ရေးသားထားသော စာတွင် လက်ရှိ ဗိုလ်ချုပ်သန်းရွှေ ရင်ဆိုင်နေရသော ပြဿနာသည် ဗိုလ်ချုပ်နေဝင်း လက်ထက် (၁၉၇၃) ခုနှစ်က အခြေအနေနှင့် ကွာခြားသည်ဟု ဆိုသည်။
၁၉၆၂ ခုနှစ် ကတည်းက ပထစပါလီမန်ကို ဖျက်သိမ်းခဲ့သော ဗိုလ်ချုပ်နေဝင်းသည် (၁၉၇၄) ခုနှစ်တဝိုက်က ကျောင်းသားလှုပ်ရှားမှုနှင့် မြို့ပေါ်နိုင်ငံရေး အတိုက်အခံများကိုလည်း လုံးဝ ချိုးနှိမ် ထားနိုင်ခဲ့ကြောင်း၊ အန်အယ်ဒီ ပါလီမန်ကို ဖျက်သိမ်းရန် ကြိုးစားသော သန်းရွှေအုပ်စု မြို့ပေါ် နိုင်ငံရေး လှုပ်ရှားမှုများကို တခုပြီးတခု ရင်ဆိုင် နေရသည်လည်း ရဲဘော်စိုးချစ်က သူ၏စာတွင် ရေးသားသည်။
၁၉၃၉ တွင် မြေအောက်ပါတီ တခုအဖြစ် စတင်ဖွဲ့စည်းခဲ့သော ဗမာပြည် ကွန်မြူနစ် ပါတီသည် မြန်မာပြည်၏ သက်တမ်းအရှည်ကြာဆုံး ပါတီဖြစ်ပြီး ၁၉၄၅ မှ ၁၉၄၈ အတွင်းသာ မြေပေါ်ပါတီအဖြစ် ရပ်တည်ခဲ့သည်။ လွတ်လပ်ရေး ရပြီးချိန်မှာ ၁၉၈၉ အထိ လက်နက်ကိုင် လမ်းစဉ်ကို ကျင့်သုံးခဲ့သော်လည်း ၎င်းနောက်ပိုင်းတွင် မြေအောက်ပါတီ တခုအဖြစ် ပြန်လည် အသွင်ပြောင်းသွားသည်။

No comments: