Tuesday, March 18, 2008

အင်္ဂါဆုတောင်းပွဲများ မြို့နယ်အချို့တွင် ဆက်လုပ်နေ

နန်းဒေဝီ
နယူးဒေလီ။ ။ အင်္ဂါနေ့တိုင်း ပြုလုပ်နေကျ အပတ်စဉ် ဝတ်ပြု ဆွမ်းလောင်းပွဲများကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များမှ ရန်ကုန်နှင့် နယ်ဒေသအချို့တွင် ယနေ့ ပြုလုပ်ခဲ့ကြသည်။
လုံခြုံရေးများ တင်းကျပ်နေသည့် ကြားမှာပင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ရန်ကုန်တွင် အဖွဲ့ချုပ်ဝင် အမျိုးသမီးများက ဦးဆောင်ကာ အဖွဲ့ချုပ်ရုံးရှေ့တွင် ယနေ့ နံနက်ပိုင်းက ဆွမ်းလောင်း လှူကြသလို၊ မန္တလေးတိုင်း မိတ္တီလာမြို့နယ် ဝမ်းတွင်း-သဲတော၊ ဝမ်းတွင်း-သဲစုနှင့် ပဲခူးမြို့တို့တွင်လည်း အန်အယ်ဒီ အဖွဲ့ဝင်များက အလားတူ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
"ကျနော်တို့ အင်္ဂါနေ့တိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးသမားတွေ လွတ်မြောက်ရေးအတွက် ဆွမ်းလောင်းပွဲ လုပ်ပါတယ်။ အမျိုးသမီးအဖွဲ့က၊ ခါတိုင်းလိုပဲ ဆွမ်းလောင်းပွဲလုပ်တာပါ" ဟု အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
မိတ္တီလာမြို့နယ် အန်အယ်ဒီ အတွင်းရေးမှူး၊ အမျိုးသမီး တာဝန်ခံနှင့် ဘဏ္ဍာရေးမှူးဖြစ်သူ ဒေါ်မြင့်မြင့်အေးကလည်း နယ်ဒေသများ အခြေအနေကို ယခုလို ရှင်းပြသည်။
"သံဃာတော် ၁၅ဝ ပုံမှန် ကြွတယ်။ ဆိတ်သား၊ အာလူးနှပ်နဲ့ လောင်းတယ်။ သံဃာတပါးကိုလည်း တိုက်ပေါ် ပင့်ပြီးတော့ ရေစက်ချ အမျှဝေတယ်။ အဖွဲ့ဝင်တွေလည်း လာတယ်။ သာစည်-မိတ္တီလာ တွဲရက် ဆွမ်းဆောင်းတဲ့ သဘောပဲပေါ့နော်" ဟု သူက ပြောသည်။
မိတ္ထီလာ ဆွမ်းလောင်းပွဲကို အာဏာပိုင်များက တစုံတရာ နှောင့်ယှက်ခြင်း မရှိသော်လည်း ကြံ့ဖွံ့များ၊ စွမ်းအားရှင်များက ယခင်တပတ် ဆွမ်းလောင်းပွဲသို့ ကြွရောက်ခဲ့သည့် သံဃာတော်များကို နောက်ယောင်ခံခြင်း၊ မေးမြန်းခြင်းများ ပြုလုပ်ခဲ့သည်ဟု ဒေါ်မြင့်မြင့်အေးက ပြောသည်။

No comments: