Saturday, March 8, 2008

၅ လောင်းပြိုင် လူသတ်မှု ပြည်တွင်းဂျာနယ်များ သတင်းထုတ်ခွင့်မရ

ဖနိဒါ
ချင်းမိုင်။ ။ ရန်ကုန်မြို့မှ ၅ လောင်းပြိုင် လူသတ်မှုသတင်းကို ပြည်တွင်းထုတ် သတင်းဂျာနယ်များတွင် ထုတ်ဖော်ရေးသားခွင့် မပေးဘဲ မှုခင်းဂျာနယ်များ နှစ်စောင်ကသာ ရေးသားဖော်ပြခွင့် ရနေသည်။
ရန်ကုန်လူထုအကြား လူပြောများသွားသည့် ယခုလ ၃ ရက်နေ့က ၅ လောင်းပြိုင် လူသတ်မှုသတင်းကို ပြည်တွင်းရှိ ဂျာနယ်တိုက်များက သတင်းရယူ ဖော်ထုတ်လိုသော်လည်း အာဏာပိုင်များက ခွင့်မပြုဘဲ တနင်္လာနေ့စဉ်ထုတ် မှုခင်းရှုထောင့်နှင့် မှုခင်းမြင်ကွင်းဂျာနယ်များတွင်သာ ဖော်ပြရေးသားခွင့် ပေးထားသည်ဟု ပြည်တွင်းရှိ ဂျာနယ်တိုက်များက ဆိုသည်။
“ကျနော်တို့ ကမာရွတ်ရဲစခန်းကို ဖုန်းဆက်မေးတော့ ကျနော်တို့ ဒီသတင်းတင်လို့ ရမလားလို့ မေးတော့ မရဘူး။ ဒါနဲ့ပတ်သက်ပြီး လုံးဝ သတင်းထုတ်ပြန်ခွင့် မရဘူး၊ မရှိဘူးလို့ ပြောတယ်” ဟု ရန်ကုန်မြို့ရှိ အမည်မဖော်လိုသူ အယ်ဒီတာတဦးက ပြောသည်။
အခြားပြည်တွင်းထုတ် သတင်းဂျာနယ် အယ်ဒီတာတဦးကလည်း “ရှင်းရှင်းပြောရရင် အဲဒီအမှုနဲ့ ပတ်သက်ပြီး ထည့်လို့ရတယ်လေ။ သူတို့သတင်းစာတွေမှာ အဲဒီအမှုနဲ့ ပတ်သက်ပြီး ကြော်ငြာထည့်တယ်။ ကျနော်တို့က သတင်းစာမှာ ပါသလောက် ကိုးကားပြီး ထည့်မယ်လို့ ပြောတာကိုလည်း မဖော်ပြခိုင်းဘူး” ဟု ပြောသည်။
လူသတ်မှုသတင်းကို ရေးသားခွင့်ရရန်အတွက် ယနေ့တွင် စာပေစိစစ်ရေးသို့ တင်ပြထားပြီး အစိုးရထုတ် ကြေးမုံသတင်းစာနှင့် မှုခင်းဂျာနယ်များတွင် ထုတ်ပြန်ပြီးဖြစ်သောကြောင့် ခွင့်ပြုချက်ပေးလာလိမ့်မည်ဟု မျှော်လင့်ရကြောင်း သူက ဆက်ပြောသည်။
ညနေပိုင်း အချိန်တွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ အကျယ်ချုပ်ကျခံနေရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်နှင့် နီးကပ်သော ကမာရွတ်မြို့နယ် စိမ်းလဲ့ကန်သာလမ်း၊ အမှတ် ၁၂၆ နေအိမ်တွင် လုံခြုံရေးအစောင့်အကြပ်များ ထူထပ်နေသည့်ကြားမှ အိမ်ရှင် အမျိုးသားနှင့် အမျိုးသမီး ၄ ဦးအား ဦးခေါင်းကို ပစ်ခတ်သွားခြင်း ဖြစ်သည်။
လူသတ်မှုအကြောင်း သတင်းဖော်ထုတ်ခွင့်ရသည့် အဆိုပါ မှုခင်းဂျာနယ် နှစ်စောင်သည် တနင်္လာနေ့စဉ်ထုတ် ဂျာနယ်များ ဖြစ်သော်လည်း ပုံမှန်ထုတ်ရက်ထက်စောကာ ယနေ့တွင် ဂျာနယ်အချပ်ပိုအဖြစ် သတင်းရေးသား ဖော်ပြထားပြီး ရောင်းဈေးမှာ တစောင်လျှင် ကျပ် ၃ဝဝ နှင့် စောင်ရေ ၁ ထောင် ဖြန့်ချိလျက် ရှိသည်။
ရဲသတင်းရပ်ကွက် အဆိုအရ အသတ်ခံရသော မိသားစု၏ နေအိမ်မှ ငွေကျပ် သိန်းတထောင် (အမေရိကန်ဒေါ်လာ ၉ သောင်းခန့်) ပျောက်ဆုံးနေသည်ဟု သိရသည်။
ကျည်ဆံတွင် ပါရှိသည့် အမှတ်အသားများ၊ အမှတ်စဉ်များကို ဖျက်ထားသော်လည်း ကာကွယ်ရေး ပစ္စည်းစက်ရုံမှ ထုတ်လုပ်ထားသည့် ကျည်ဆံများဖြစ်ကြောင်း အကြားအမြင်များသော သတင်းရပ်ကွက်က ဆိုသည်။
သေဆုံးသူ ၅ ဦးကို ယနေ့ညနေတွင် ရေဝေးသုသာန်၌ သဂြိုဟ်မည် ဖြစ်သည်။

No comments: