Wednesday, March 12, 2008

ကြံ့ဖွံ့က ငွေချေးပြီး စည်းရုံးနေ

မောင်ဒီး
နယူးဒေလီ။ ။ ဒဂုံမြို့သစ်မြို့နယ်တွင် ကြံ့ခိုင် ဖွံ့ဖြိုးရေးအသင်းက အသင်းသားများကို ငွေ ၅ သောင်းခန့်အထိ ချေးငှားခွင့် ပြုနေပြီး အသင်းဝင် မဟုတ်သူ အရပ်သားများကိုလည်း ငွေပြ စည်းရုံးနေသည်ဟု ဒေသခံများက ဆိုသည်။
အသင်းဝင် ဖြစ်သူများကို ၃ သောင်းမှ ၅ သောင်းအထိ အတိုးနှုန်း သက်သာစွာဖြင့် ချေးပေးနေပြီး ငွေချေးငှားလိုသူ ပြည်သူများ အနေနှင့် အသင်းဝင်အဖြစ် ဝင်ရောက်လာက ငွေချေးငှားပေးရန် အသင့်အနေအထား ရှိသည် ဆိုသည့် သဘောဖြင့် စည်းရုံးရေး ဆင်းနေသည်ဟု ဒေသခံများက ပြောဆိုကြခြင်း ဖြစ်သည်။
“အများစုက အထွေထွေ အကျပ်အတည်းနဲ့ ဆိုတော့ အတိုးက နောက်မှနေ၊ အခုရနိုင်သမျှ ချေးမယ်ဆိုပြီး လုပ်နေကြတာပေါ့နော်။ ပိုက်ဆံချေးချင်တဲ့ အပြင်လူတွေကလည်း ဒီအဖွဲ့ထဲဝင်ရင် ချေးလို့ ရတာပေါ့နော်။ စည်းရုံးရေးသဘောပေါ့လေ” ဟု ဒဂုံမြို့သစ်တွင် နေထိုင်သူတဦးက ပြောသည်။
ငွေကြေး လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသယောင် စည်းရုံးရေးဆင်းနေပြီး လူထုဆန္ဒခံယူပွဲ၌ အတင်းအကျပ် ထောက်ခံမဲ ထည့်ခိုင်းမည်ကို စိုးရိမ်နေရသည်ဟုလည်း သူက ဆက်ပြောသည်။
ကြံ့ခိုင် ဖွံ့ဖြိုးရေးအပြင် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့ကလည်း အသင်းသူ/သားများကို ငွေချေး ငှားခြင်း လုပ်နေသည်။
ယခုလို ငွေရေး အကူအညီပေးသည့် နည်းလမ်းဖြင့် စည်းရုံးရေး ဆင်းနေသည့်အပြင် ဒေသခံများကို ခြိမ်းခြောက်ကာ အသင်းသို့ ဝင်စေခြင်းလည်း ဒဂုံမြို့သစ် အရှေ့ပိုင်းတွင် ရှိနေသည်ဟု ဒေသခံတဦးက ပြောသည်။
ဒဂုံမြို့သစ် အရှေ့ပိုင်း ရပ်ကွက်အမှတ် ၉ နေ ပြည်သူများအတွက် ရေပေးဝေခြင်းများကို ကြံ့ခိုင်ဖွံ့ဖြိုးရေးက ဦးစီးကာ စီစဉ်ပေးနေခြင်း ဖြစ်ပြီး ဒဂုံမြို့သစ် ကြံ့ဖွံ့အတွင်းရေးမှူးက ရပ်ကွက် ပြည်သူများအနေနှင့် အသင်းထဲသို့ မဝင်မနေရ ဝင်ရမည်ဟု ယမန်နေ့က ခြိမ်းခြောက်ပြောဆိုကြောင်း သူက ပြောသည်။
“သူတို့က ရေယူနေတဲ့ ပြည်သူတွေ အနေနဲ့က မိသားစုရှိသမျှက ကြံ့ခိုင် ဖွံ့ဖြိုးရေးအသင်းထဲ မဝင်မနေရ နေရမယ်တဲ့။ ရေရရှိရေးအတွက် သူတို့က လုပ်ပေးရတဲ့အတွက် ကြံ့ခိုင်ရေးထဲကို မဝင်မနေရ ဝင်ရမယ်ဆိုပြီး ခြိမ်းခြောက်တာတဲ့။ မဝင်ဘူးဆိုရင် ရေပိတ်မယ့် သဘောမျိုး၊ နောက်ပြီး တခြားအကြောင်းအရာတွေနဲ့ ပြဿနာအမျိုးမျိုး ရှာမယ်ဆိုတဲ့ အနေအထားမျိုး ကြားနေရတယ်ဗျ” ဟု အဆိုပါ ဒေသခံက ပြောသည်။
သောက်သုံးရေအတွက် ငမိုးရိပ်ရေလှောင်တမံမှ ပိုက်နှင့် သွယ်တန်းကာ ရယူနေခြင်းဖြစ်ပြီး ပိုက်အတွက် ကျပ်ငွေ တသိန်း ၆ သောင်းကျော် ပေးရသဖြင့် ကိုယ်ပိုင်ငွေနှင့် ဝယ်ယူနေသည့် ရေကိစ္စနှင့်ပတ်သက်၍ ယခုလို အတင်းအကျပ် ကြံ့ဖွံ့အသင်းဝင်စေခြင်းအပေါ် ပြည်သူများ မကျေမနပ် ဖြစ်နေသည်ဟု ဆိုသည်၊၊
“ပြည်သူတွေနဲ့ ထိပ်တိုက်တိုးမယ်။ ဒီကိစ္စအပေါ် ပြည်သူတွေ တော်တော် မကျေမနပ်ဖြစ်နေတာ။ ကိုယ့်ငွေနဲ့ကိုယ် ရေယူတာလေ။ အလကားရတာလည်း မဟုတ်ဘဲ။ အဲဒီအပေါ်မှာ အခုလို ဖိအားပေး နေတယ်ဆိုတော့ ပြည်သူကို အုံကြွအောင် ဆွနေတာမျိုး ဖြစ်နေတယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။

No comments: