Saturday, March 8, 2008

နအဖ လူထုဆန္ဒခံယူပွဲ ကန့်ကွက်လက်မှတ် ၁၂ဝဝဝ ခန့်ရပြီ

သန်းထိုက်ဦး
ချင်းမိုင်။ ။ ပြည်ပရောက် မြန်မာလုပ်သားများအကြား နအဖ လူထုဆန္ဒခံယူပွဲအား ကန့်ကွက်သည့် လက်မှတ်များ ကောက်ခံနေရာတွင် ယခုအခါ လက်မှတ်ပေါင်း ၁၂ဝဝဝ ခန့် ရရှိနေပြီ ဖြစ်သည်။
ထိုင်းနိုင်ငံ မဲဆောက်၊ ဘန်ကောက်မြို့ မဟာချိုင်ဒေသ၊ စင်္ကာပူနှင့် မလေးရှားနိုင်ငံတို့တွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများထံမှ မေလတွင် ကျင်းပမည့် နအဖ လူထုဆန္ဒခံယူပွဲအား ဆန့်ကျင်သည့် လက်မှတ်များ ကောက်ခံနေရာ ယခုအခါ လက်မှတ်ပေါင်း ၁၂ဝဝဝ (တသောင်းနှစ်ထောင်) ခန့် ရရှိနေပြီဟု ဦးဆောင်လှုပ်ရှားသူများက ပြောဆိုကြသည်။
“အခုလက်ရှိ မဲဆောက်နဲ့ ဘန်ကောက်မြို့ မဟာချိုင်က ခန့်မှန်းခြေ လူဦးရေ တသောင်းလောက် ရှိပြီ။ တက်တက်ကြွကြွနဲ့ ပါဝင်တာကို တွေ့ရတယ်” ဟု မဲဆောက်အခြေစိုက် မြန်မာနိုင်ငံ အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ (BLSO) တာဝန်ခံ ကိုသံဒုတ် က ပြောသည်။
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သန်းခန့်ရှိနေရာ BLSO က မဲဆောက်နှင့် မဟာချိုင်ရှိ မြန်မာလုပ်သားများထံမှ လက်မှတ်များကို ကောက်ခံနေခြင်း ဖြစ်သည်။
BLSO ကဲ့သို့ပင် ယခုလဆန်းပိုင်းမှ စတင်ကာ ကန့်ကွက်လက်မှတ်များ ကောက်ခံနေသည့် စင်္ကာပူနိုင်ငံမှ ပြည်ပရောက် မျိုးချစ်မြန်မာများ (စင်္ကာပူ) အဖွဲ့တွင်လည်း ယခုအခါ လက်မှတ်ပေါင်း ၁၆ဝဝ ကျော် ရရှိနေပြီ ဖြစ်သည်။
အဖွဲ့တာဝန်ရှိသူတဦးဖြစ်သူ ကိုကျော်စိုးက “စင်္ကာပူမှာရှိတဲ့ သီရိလင်္ဏာ ဓမ္မဝိဟာရကျောင်းမှာ တရားပွဲလုပ်တဲ့ နေရာမှာလည်း ဆန့်ကျင်လက်မှတ်တွေ ကောက်ခံခဲ့တယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က။ ဆရာတော်က စင်္ကာပူမှာရှိတဲ့ မြန်မာတွေကို တရားဟောကြားခဲ့ပါတယ်။ တရားနာတဲ့ ပရိသတ် ၁ဝဝဝ နီးပါး လာတယ်လေ။ ပရိသတ်တွေထဲက နအဖ လုပ်မယ့် ဆန္ဒခံယူပွဲကို ဆန့်ကျင်တဲ့လက်မှတ် ရေးထိုးသွားတဲ့ ဦးရေက ၈ဝဝ လောက် ရှိပါတယ်။ စုစုပေါင်းကတော့ ၁၆ဝဝ ကျော်ပါပြီ” ဟု ပြောသည်။
မနက်ဖြန်နှင့် သဘက်ခါတွင်လည်း ယခုနေရာ၌ပင် လက်မှတ်များ ဆက်လက်ကောက်ခံသွားမည်ဖြစ်ကာ ယခုလ ၁၆ ရက်နေ့မှာ ကျင်းပမည့် ကျောင်းသားခေါင်းဆောင် ကိုဖုန်းမော်အတွက် ဆွမ်းသွပ်အမျှဝေပွဲတွင်လည်း လူထုအစည်းအဝေး ကျင်းပသွားမည်ဟု သိရသည်။
စင်္ကာပူတွင် မြန်မာနိုင်ငံသား ၃ သောင်းမှ ၅ သောင်းအကြား ရောက်ရှိနေကာ လုပ်ငန်းအမျိုးမျိုးတွင် ဝင်ရောက် လုပ်ကိုင်နေကြပြီး မြန်မာပြည်မှ တရားဝင် ထွက်ခွါလာသော ပြည်ပရောက် မြန်မာနိုင်ငံသားအနေနှင့် အဝေးရောက် မဲပေးရမည်ဟု နအဖ က ကြေညာခဲ့သည်။
ယခုလ ၅ ရက်နေ့မှစတင်ကာ မလေးရှားနိုင်ငံရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) က ဦးဆောင်လှုပ်ရှားနေသည့် နအဖ လူထုဆန္ဒခံယူပွဲအား ကန့်ကွက်သည့် လက်မှတ်များ ကောက်ခံနေရာ ယခုအခါ ၃ဝဝ နီးပါး ရရှိပြီ ဖြစ်သည်။
“တချို့လူတွေက လာမယ့် တနင်္ဂနွေကျမှ လာပြီးတော့ လက်မှတ်ထိုးမယ်။ ဘာကြောင့်လဲဆိုတော့ ဒီကြားထဲ မအားကြလို့လေ။ တနင်္ဂနွေနေ့ကျမှ လာကြမယ်လို့ အကြောင်းကြားတယ် ခင်ဗျ။ အခုလက်ရှိ ရထားတာက ကွာလာလမ်ပူတခွင်က ရထားတာပါ။ အခု နေရာအနှံ့အပြားကို လိုက်ပြီးတော့ လက်မှတ်ထိုးခိုင်းနေတယ်။ တနင်္ဂနွေဆိုလို့ ရှိရင်တော့ ကျနော်တို့ ခန့်မှန်းခြေအရ လူ ၂ဝဝဝ လောက် ရနိုင်မယ်ခင်ဗျ” ဟု အဖွဲ့ ဥက္ကဋ္ဌ ကိုကျော်ကျော်က ပြောသည်။
နအဖ စစ်အစိုးရ၏ အခြေခံဥပဒေမူကြမ်းကို မိမိဆန္ဒအလျောက် ကြိုတင်ကန့်ကွက်သည့် လက်မှတ်များကို စုပေါင်းပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ အာဆီယံနိုင်ငံများထံ ပေးပို့သွားမည်ဟု ဦးဆောင်လှုပ်ရှားသူများက ပြောသည်။
နအဖက ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) အတည်ပြုမည့် လူထုဆန္ဒခံယူပွဲကို လာမည့် မေလတွင် ကျင်းပမည့်အကြောင်းနှင့် ၂ဝ၁ဝ ခုနှစ်တွင် ဖွဲ့စည်းပုံနှင့်အညီ ရွေးကောက်ပွဲသစ်တရပ် ကျင်းပသွားမည်ဟု ယခုလ ၉ ရက်နေ့က ကြေညာခဲ့သည်။

No comments: