Friday, March 21, 2008

တိဘက် လှုပ်ရှားမှုကို မြန်မာအမတ်များ ပူးပေါင်း

မြင့်မောင်(မဇ္ဈိမသတင်းဌာန )
နယူးဒေလီ။ ။ အိန္ဒိယနိုင်ငံ မြို့တော်၌ တိဘက်လူမျိုးများ ဆန္ဒပြပွဲကို ပြည်ပရောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကလည်း သွေးစည်း ညီညွတ်ရေး ပြသသည့် အနေဖြင့် ယနေ့ ပူးပေါင်း ပါဝင်ခဲ့သည်။
တိဘက် ဆန္ဒပြသူများအား တရုတ်အစိုးရမှ အကြမ်းဖက် နှိမ်နှင်းနေခြင်းသည် မြန်မာပြည်သူများအား နအဖ မှ နှိပ်စက်နေပုံနှင့် အလားသဏ္ဍာန် တူသလို၊ လူသားချင်း စာနာထောက်ထားသောကြောင့် တိဘက်ပြည်သူများအား အားပေးခြင်း ဖြစ်သည်ဟု မြန်မာ လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
"တိဘက်အရေးနဲ့ ပတ်သက်လို့ တိဘက်လူမျိုးတွေရဲ့ သဘောဆန္ဒကို အင်မတန်မှ လေးစားတယ်။ အသိအမှတ်ပြုတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော် ကိုယ်တိုင်ကလည်း လူထုက ရွေးထားတဲ့ ကိုယ်စားလှယ် ဖြစ်တဲ့အတွက်ကြောင့် လူထုရဲ့ အသံ၊ လူထုရဲ့ ဆန္ဒကို လေးစားရမယ် ဆိုတဲ့ အခြေခံအပေါ် သွေးစည်းညီညွတ်ရေး ပြတာ ဖြစ်တယ်" ဟု စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ အန်အယ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ ညွှန့်ပေါင်းအစိုးရ (NCGUB) ဝန်ကြီးဖြစ်သူ ဒေါက်တာတင့်ဆွေက မဇ္ဈိမကို ပြောသည်။
သူက "တရုတ်အစိုးရကို ပေါင်းပြီးတော့ ဆန့်ကျင်ကြမယ်ဆိုတဲ့ အနေအထား မဟုတ်ဘဲ မြန်မာပြည်သူလူထုနဲ့ တိဘက် ပြည်သူလူထုတွေရဲ့ သဘောဆန္ဒကို လေးစားကြောင်း ပြသတဲ့အနေနဲ့ ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်" ဟု ဆက်ပြောသည်။
ပြည်ပရောက် တိဘက်များက တရုတ်အစိုးရမှ ဖမ်းဆီးထားသော တိဘက်လူမျိုးများအား ချက်ခြင်း လွှတ်ပေးရန်၊ သတင်းမီဒီယာများကို တားမြစ်ထားခြင်းများ ရုပ်သိမ်းပေးရန်၊ အကြမ်းဖက်မှုများကို ရပ်တန့်ရန်၊ တိဘက်နယ်မြေမှ လူမျိုး ပြုန်းတီးစေရန် လုပ်ဆောင်နေခြင်းများကို ရပ်တန့်ပေးရန်၊ လုံလောက်သည့် ဆေးဝါး အကူအညီများ ပေးရန်နှင့် တိဘက် အခြေအနေများကို စောင့်ကြည့် လေ့လာသူများအား ပြန်လွှတ်ပေးရန် တောင်းဆိုကြသည်။
တိဘက်မြို့တော် လာဆာတွင် ဆူပူအုံကြွမှုများ ဖြစ်ပြီး တရုတ်အစိုးရက ပစ်ခတ် နှိမ်နင်းခဲ့သည့်အတွက် လူ ၉၉ ယောက် ဦး သေဆုံးခဲ့ရပြီး၊ ထောင်နှင့်ချီရှိသည့် ဆန္ဒပြ ပြည်သူများအား ဖမ်းဆီးထားသည်ဟု အိန္ဒိယအခြေစိုက် အဝေးရောက် တိဘက်အစိုးရက ပြောဆိုသော်လည်း တရုတ်အစိုးရ၏ တရားဝင် ကြေညာချက်က ၁၃ ဦးသာ သေဆုံးသည်ဟု ဆိုသည်။
နယူးဒေလီမြို့လယ်ရှိ ဂျန်တားမန်တားအရပ်တွင် ယနေ့ ကျင်းပသည့် ဆန္ဒပြပွဲသို့ အိန္ဒိယနိုင်ငံ အတိုက်အခံပါတီများမှ ခေါင်းဆောင်များ၊ ပြည်ပရောက် တိဘက်အစိုးရဝန်ကြီး ၄၂ ဦး၊ မြန်မာ လွှတ်တော်ကိုယ်စားလှယ်များ၊ တိဘက် ဘုန်းတော်ကြီးများ၊ တိဘက် ကျောင်းသားများနှင့် တိဘက်ပြည်သူ စုစုပေါင်း ၉ဝဝ ကျော် တက်ရောက်ခဲ့သည်။
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ အန်အယ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိန်က "လူထုတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေတာကို အကြမ်းဖက်ပြီးတော့ နှိမ်နင်းတဲ့ လုပ်ရပ်မျိုးကို ကျနော်တို့အနေနဲ့ အမြဲတမ်း ဆန့်ကျင်တယ်။ တိဘက် ဆိုတာက ဗုဒ္ဓဘာသာက အဓိက လွှမ်းမိုးတဲ့လူမျိုး ဖြစ်တယ်။ သံဃာတော်တွေကိုတောင်မှ တရုတ်အစိုးရနဲ့ မြန်မာအစိုးရက အကြမ်းဖက် နှိမ်နှင်းတယ်ဆိုတာလည်း တူနေတယ်။ ကျနော်တို့အနေနဲ့ တိဘက် ပြည်သူတွေအတွက် အလွန်ကို စိတ်မကောင်းဘူး။ ကျနော်တို့က အကြမ်းဖက်မှုတွေ ရပ်စဲရေးကို ကျနော်တို့တတွေ အကြမ်းမဖက် လှုပ်ရှားမှုတွေနဲ့ တွဲပြီးတော့ ရတဲ့အထိ လုပ်သွားမယ်" ဟု ပြောသည်။
တိဘက်ဆန္ဒပြမှုများကို ၁၉၈၉ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒလိုင်လားမားက ကြိုးကိုင် ဖန်တီးခဲ့သည်ဟု တရုတ်က စွပ်စွဲ ပြောဆိုထားသည်။
"ဒီဖြစ်ရပ်တွေကို ဒလိုင်အုပ်စုက စုစည်း၊ အကွက်ချ ဖန်တီး ကြိုးကိုင်ခဲ့တယ်ဆိုတဲ့ အချက်အလက် အထောက်အထား အပြည့်အစုံ ရှိတယ်" ဟု တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင်က ပြောဆိုခဲ့သည်။
"သူတို့ရဲ့ မဟုတ်တရုတ် ရည်မှန်းချက် အောင်မြင်ဘို့ အိုလံပစ်ပွဲတော်ကို ပျက်ပြားအောင် လှုံ့ဆော်ခဲ့တာ ဖြစ်တယ်" ဟု မစ္စတာဝမ်က ပြောသည်။
ဒလိုင်လားမားက ပြင်းပြင်းထန်ထန် ငြင်းဆန်လိုက်ပြီး အကယ်၍ ဆူပူ အုံကြွမှု ပိုပြင်းထန်လာလျှင် တိဘက် ခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်ပေးမည်ဟု တုံ့ပြန်လိုက်သည်။
"အကြမ်းဖက်မှုဆိုတာ လူသားသဘာဝရဲ့ ဆန့်ကျင်ဘက်ပဲ။ ကျနော်တို့ဟာ တရုတ်ဆန့်ကျင်ရေး ခံစားမှုတွေ ဖွံ့ထွားလာအောင် လုပ်လို့ မဖြစ်ဘူး။ ကျနော်တို့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အတူတကွ နေထိုင်ရမှာပဲ" ဟု ၁၉၅၉ ခုနှစ်ကတည်းက အိန္ဒိယသို့ ထွက်ပြေး ခိုလှုံခဲ့သူ ဒလိုင်လားမားက ပြန်လည် တုံ့ပြန် ပြောဆိုခဲ့သည်။
တရုတ်က တိဘက်သည် တရုတ်၏ အစိတ်အပိုင်းဖြစ်သည်ဟု တောက်လျောက် ပြောဆိုနေသော်လည်း ၂ဝ ရာစုမတိုင်မီအထိ ကိုယ်ပိုင်အုပ်ချုပ်ရေး ရှိခဲ့သည်။

No comments: