Wednesday, March 5, 2008

ရဲရဲတောက် မြန်မာအမျိုးသမီး ၃ ဦး ဆုရရှိ

ဖနိဒါ
ချင်းမိုင်။ ။ ချက်နိုင်ငံအခြေစိုက် နိုင်ငံတကာ လူ့အခွင့်ရေးအဖွဲ့တခုမှ မြန်မာ့ဒီမိုကရေစီအရေး စွမ်းစွမ်းတမံ စစ်အစိုးရကို ဆန့်ကျင် လှုပ်ရှားသူ မြန်မာအမျိုးသမီး ၃ ဦးအား Homo Homini ဆုကို ယနေ့ ချီးမြှင့်လိုက်ပြီဖြစ်သည်။
မနီလာသိန်း
၂ဝဝ၇ ခုနှစ် Homo Homini ဆုကို ချက်သမ္မတနိုင်ငံ အခြေစိုက် People in Need အဖွဲ့မှ မြန်မာ့ဒီမိုကရေစီအရေး လုပ်ဆောင် ကြိုးပမ်းသူ မဖြူဖြူသင်း၊ မနီလာသိန်းနှင့် မစုစုနွေးတို့ကို ပေးအပ်လိုက်ခြင်း ဖြစ်ပြီး ကိုယ်စားလှယ်များ အနေဖြင့် ချက်စံတော်ချိန် ည ၇ နာရီခွဲတွင် အခမ်းအနားနှင့် ဆုလက်ခံရမည် ဖြစ်သည်။
အာဏာပိုင်များ၏ လိုက်လံ ဖမ်းဆီးမှုကြောင့် တိမ်းရှောင်နေရသည့် ဆုရရှိသူ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ မနီလာသိန်းက ဆုရရှိခြင်းနှင့် ပတ်သက်၍ ယခုလို တုံ့ပြန် ပြောဆိုသည်။
"ကျမ ဒီဆုကို ရလိုက်တယ်လို့ သိလိုက်ရတဲ့ အချိန်မှာ စက်တင်ဘာအရေးအခင်းမှာ လမ်းပေါ်မှာ ကျဆုံးသွားတဲ့ ရဲဘော်တွေ၊ ရဟန်းသံဃာ ပြည်သူတွေ ပြေးပြီးတော့ သတိရမိတယ်။ ပြီးတော့ ထောင်ထဲမှာ ရှိနေတဲ့ ကျမတို့ရဲ့ ရဲဘော်တွေကိုလည်း သတိရလိုက်မိပါတယ်။ အခု ဒီဆုဟာ ကျမတို့ နိုင်ငံမှာ လူမသိလိုက် လူသိမများဘဲနဲ့ အညတရ သတ္တိရှင်တွေ အများကြီးရှိတယ်။ ကျမတို့ နိုင်ငံမှာ ရှိနေတဲ့ မြန်မာ့ ဒီမိုကရေစီ စွမ်းဆောင်နေတဲ့ သူတွေ အားလုံးကို တခြားနိုင်ငံကနေ အသိအမှတ်ပြုပေးတဲ့အတွက် ဝမ်းသာပါတယ်" ဟု သူက မဇ္ဈိမကို ပြောသည်။
အေအိုင်ဒီအက်စ် ဝေဒနာရှင်များကို ကူညီစောင့်ရှောက်ပေးခဲ့ကာ ဖမ်းဆီးမှုမှ တိမ်းရှောင်နေရသူ မဖြူဖြူသင်းကလည်း မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် အာဏာရှင်စနစ်ကို တော်လှန်ခဲ့သည့် ပြည်သူတရပ်လုံးကို ကိုယ်စားပြုသည့် ဆုပါဟု ပြောသည်။
မဖြူဖြူသင်း
"နိုင်ငံရေးလုပ်တယ် ဆိုတာက တယောက်ထဲ၊ နှစ်ယောက်ထဲ လုပ်လို့ရတာ မဟုတ်ဘူး။ ခေတ်အဆက်ဆက်က အာဏာရှင်ကို တော်လှန်ခဲ့တဲ့သူတွေ အကုန်လုံး၊ ကျောင်းသားပြည်သူ၊ လုပ်သားပြည်သူတွေ စုပေါင်းပြီးတော့ လုပ်ဆောင်ခဲ့တယ်။ ပြည်သူတွေအတွက်ကို အသိအမှတ်ပြုတယ်လို့ ကျမအနေနဲ့ ခံယူတယ်။ အဲဒါကြောင့် မြန်မာပြည်မှာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအားလုံးကို အသိအမှတ်ပြုလို့ ကျမအနေနဲ့ ဝမ်းသာပီတိ ဖြစ်မိပါတယ်" ဟု သူက ပြောသည်။
ဆုရရှိသူ နောက်တဦးဖြစ်သည့် လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် အာဏာပိုင်များ၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်။
မစုစုနွေး
ယခုချီးမြှင့်သည့်ဆုကို ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ အဖွဲ့ဝင်တဦးဖြစ်သူ နိုင်ငံရေး အကျဉ်းသားဟောင်း မလဲ့လဲ့နွယ်က တက်ရောက်၍ ကိုယ်စားယူမည်ဖြစ်သည်။
မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်း လှုပ်ရှားသူများကို ဆုချီးမြှင့်ခြင်းသည် ဒုတိယအကြိမ်မြောက် ဖြစ်ပြီး၊ ပထမအကြိမ်က ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ကို ၂ဝဝ၁ ခုနှစ်တွင် ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။
မနီလာသိန်းက စစ်အစိုးရမှ တဖက်သတ် ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေး ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲနှင့် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲအသစ်ကို ဆန့်ကျင်ကြောင်း ယခုလို ဆက်လက်ပြောဆိုသည်။
"ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးအတွက် ပြည်သူလူထုတွေက ကိုယ့်ရဲ့ ဒုက္ခတွေ ကင်းဝေးဖို့အတွက် မေတ္တာပို့ ဆန္ဒထုတ်ဖော်ခဲ့တယ်။ အဲဒါဟာ ပြည်တွေရဲ့ ဆန္ဒအမှန်ကို ဖော်ထုတ်ခဲ့ပြီးပြီ။ အခုအခါမှာ ပြည်သူတွေကို အမအနေနဲ့ တခုပြောချင်တာက ကိုယ့်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ကိုယ်ကိုတိုင် လုပ်ဆောင်မှ ကိုယ့်အခွင့်အရေးကို ရမယ်။ ပြည်သူတွေအနေနဲ့ ညီညီညွတ်ညွတ်နဲ့ ရဲရဲဝံ့ဝံ့နဲ့ ဆန္ဒခံယူပွဲကို ကန့်ကွက်ဖို့ အမ ပြောချင်ပါတယ်" ဟု သူက ပြောသည်။
မဖြူဖြူသင်းကလည်း စစ်အာဏာပိုင်များမှ ယခုလို တဖက်သတ် လုပ်ဆောင်နေသော်လည်း စစ်မှန်သည့် ဒီမိုကရေစီ မရမချင်း ဆက်လက် ကြိုးပမ်းသွားမည်ဟု ပြောသည်။
"အခု မြန်မာပြည်အခြေအနေမှာ သူတို့ စိတ်ကြိုက်၊ သူတို့ သဘောအရ လုပ်တယ် ဆိုပေမယ့် အမတို့ အနေနဲ့တော့ လွတ်လွတ်လပ်လပ်နဲ့ ဒီမိုကရေစီ မရမချင်း ပြည်သူလူထုအားလုံးနဲ့အတူ ပူးပေါင်းပြီး မြန်မာနိုင်ငံကို လွတ်လပ်တဲ့ လူ့အခွင့်အရေး ရရှိတဲ့ တိုင်းပြည် ဖြစ်တဲ့အထိ ကျမတို့ ကြိုးစားဆောင်ရွက်သွားမယ်လို့ ပြောချင်ပါတယ်" ဟု သူက ပြောသည်။
People in Need (PIN) အဖွဲ့သည် ၁၉၉၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် လွတ်လပ်ပြီး၊ အမြတ်စွန်းမရှိသော အစိုးရမဟုတ်သော အဖွဲ့စည်းတခုဖြစ်ကာ လူမှုကယ်ဆယ်ရေး လုပ်ငန်းများ၊ ဒီမိုကရေစီနှင့် လူ့အခွင့်ရေးဆိုင်ရာကိစ္စများနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပံ့ပိုးမူများ လုပ်ဆောင်နေသော အဖွဲ့ဖြစ်သည်။

No comments: