Friday, March 21, 2008

တပြိုင်တည်း သပိတ်မှောက်ရန် ပြည်ပရှိ သံဃာတော်များက တိုက်တွန်း

နေသွင်
ချင်းမိုင်။ ။ လာမည့် ဧပြီလ ၂၆ ရက်နေ့ (စနေနေ့) တွင် ပြည်တွင်း ပြည်ပရှိ အင်အားစုများအနေနှင့် တပြိုင်နက်တည်း သပိတ်မှောက်ကြရန် ပြည်ပ အခြေစိုက် မြန်မာရဟန်းတော်များအဖွဲ့က ယနေ့ တိုက်တွန်းလိုက်သည်။
သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်မှ ဘဒ္ဒန္တကောဝိဒါဘိဝံသ (မစိုးရိမ်ဆရာတော်) က လက်မှတ်ထိုး ထုတ်ပြန်သော ကြေညာချက်တွင် ပြည်ပသို့ ရောက်ရှိနေသော သံဃာတော်များ၊ ဒီမိုကရေစီအင်အားစုများ၊ ပြည်တွင်းရှိ သံဃာနှင့် ပြည်သူများအားလုံး တပြိုင်နက်တည်း သပိတ်မှောက်ကြရန် နှိုးဆော်လိုက်ခြင်း ဖြစ်သည်။
သင်္ကန်းကျွန်း မဂ္ဂင်ကျောင်းတိုက်၏ တိုက်အုပ်ဆရာတော် ဖြစ်ခဲ့ပြီး မကြာခင်က ထိုင်းမြန်မာနယ်တွင် တိမ်းရှောင် သီတင်းသုံးနေသော အရှင် ပညာဇောတက " ၅ လပိုင်းမှာ လုပ်မယ့်ဟာကို ရဟန်းသံဃာတွေက သဘောမတူဘူး ဆိုတာ ပြလိုက်တာပဲ။ ကျန်တဲ့ အဖွဲ့အစည်းတွေကလည်း သံဃာလိုင်းက ဒီလောက် တင်ထားရင်၊ ပါတီတွေ၊ ကျန်တဲ့ ဒီမိုကရေစီအင်အားစုတွေ ရှိမယ်၊ သူတို့တွေက ဘယ်လို ပြင်မလဲဆိုတာ တပ်လှန့် နှိုးဆော်လိုက်တာပဲလေ" ဟု ပြောသည်။
ဆရာတော်သည် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၏ ဦးဆောင်ဆရာတော် ဖြစ်ပြီး ရွှေဝါရောင် တော်လှန်ရေးမတိုင်ခင် ကနဦး ပြင်ဆင်မှုများတွင် အခရာကျသော သံဃာတော်တပါး ဖြစ်သည်။
ဆရာတော် ဘဒ္ဒန္တကောဝိဒါဘိဝံသ၏ ကြေညာချက်ထဲတွင် နိုင်ငံတကာအသီးသီးတွင် ရှိနေကြသော ဒေသဆိုင်ရာ သာသနာ့ ဥသျှောင်နှင့် ဒီမိုကရေစီအင်အားစု အဖွဲ့အစည်းပေါင်းစုံ၊ ပြည်တွင်း သံဃာထုကြီး၊ ကျောင်းသားပြည်သူ၊ အလုပ်သမား၊ လယ်သမား၊ စစ်မှန်သော ပြည်သူ့ စစ်သားများအနေဖြင့်လည်း ဧပြီလ ၂၆ ရက်၊ စနေနေ့တွင် ရဲရင့်ပြတ်သွားစွာ သာသနာ့ဥသျှောင်နှင့် အတူတကွ ပြည်တွင်း ပြည်ပ တပြိုင်တည်း သပိတ်မှောက်ကြရန် နှိုးဆော်အပ်ပါသည်ဟု ဖော်ပြထားသည်။
အရှင် ပညာဇောတက "တချို့က ကန့်ကွက်မဲ ထည့်မယ်။ တချို့က လုံးဝကို ဘွိုင်းကောက် (သပိတ်မှောက်) လုပ်မယ်ဆိုပြီး ဖြစ်နေတယ်။ ဒီနည်းတွေက စဉ်းစားတာက စဉ်းစားလို့ ရတယ်။ တခြားနည်းနဲ့ရော လုပ်လို့ မရဘူးလား။ တခြားနည်းနဲ့လည်း နအဖ သွားမယ့် လမ်းကြောင်းကို ကန့်ကွက်လို့ရတယ် ဆိုတာကို သံဃာတွေက ထောက်ပြလိုက်တာပဲ။ ကန့်ကွက်တာ မဟုတ်ဘူး။ ဘိုင်းကောက်လုပ်တာ မဟုတ်ဘူး။ လမ်းပေါ်တက်ပြီး အော်လို့ရတယ်ဆိုတာ သံဃာတွေက လမ်းပြလိုက်တာပဲ" ဟု မိန့်ကြားသည်။
အမေရိကန်နိုင်ငံ နယူးယောက်ရှိ သံဃာ့ ဥသျှောင်အဖွဲ့မှ ဦးဇင်း ဦးစန္ဒောဘာသစာရ က "ဦးဇင်းတို့ အနေနဲ့  ပတ္တနိက္ကုဇနကံ ဆောင်ဆဲပဲလေ။ ကံဆောင်တယ် ဆိုတာက စစ်အစိုးရ လုပ်တာတွေက အသိအမှတ် မပြုဘူး။ အသိအမှတ်ပြုတော့ သံဃာ့ဥသျှောင်နဲ့ အတူ ပြည်တွင်းက သံဃာထုကြီး လူထုကြီးက စစ်အစိုးရရဲ့ ဆန္ဒခံယူပွဲကိစ္စမှာ သံဃာ့ဥသျှောင်နဲ့အတူ ဆောင်ရွက်ကြပါဆိုတဲ့ အဓိပ္ပာယ်။ ဆန္ဒခံယူပွဲမှာ သွားပြီး ကန့်ကွက်တာပဲ ဖြစ်ဖြစ်၊ ဆန့်ကျင်တာပဲ ဖြစ်ဖြစ်၊ ထောက်ခံတာပဲ ဖြစ်ဖြစ် အဲ့ဒီအဆင့်ကို ရောက်စရာ အကြောင်းမရှိဘူး။ အဲလို ဖြစ်သွားရင် စစ်အစိုးရ အောင်သလို နိုင်သလို ဖြစ်သွားမယ်။ အဲဒီအတွက် ဘုန်းဘုန်းတို့က ထောက်ခံပွဲအဆင့်ကို ရောက်လို့ မဖြစ်ဘူးလို့ ယုံကြည်တယ်။ ရွေးကောက်ပွဲ မရောက်ခင်မှာ အုံကြွပွဲတခု ဖြစ်ဖို့ လိုလာတယ်" ဟု မိန့်ကြားသည်။
ဆက်လက်၍ "ဦးဇင်းတို့အနေနဲ့ တိုက်ပွဲခေါ်မှုတခု ဖြစ်တဲ့အတွက် မြန်မာပြည် အမျိုးသားရေးအတွက် သံဃာတွေက တက်တက်ကြွကြွ ပါဝင် လုပ်ဆောင်တဲ့အတွက် ဦးဇင်းအနေနဲ့ လုံးဝ အားရတယ်။ အသိအမှတ်ပြုတယ်။ လုပ်တိုင်း လုပ်တိုင်းမှာတော့ ဒီမိုကရေစီ အင်အားစုတွေနဲ့ ညှိပြီးသွားတာက ပိုပြီး ဆန္ဒရှိတယ်" ဟု အရှင်ပညာဇောတက မိန့်ဆိုသည်။
သာသနာ့ ဥသျှောင်အဖွဲ့ကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိမြို့တွင် ဖွဲ့စည်းခဲ့ပြီး ယခုအခါ အမေရိကန်၊ အင်္ဂလန်၊ ဥရောပ၊ ကနေဒါ၊ ဘင်္ဂလားဒေ့ရှ်၊ နယူးဇီလန်၊ သြစတြေးလျား၊ ထိုင်ဝမ်၊ စင်္ကာပူး၊ မလေးရှား၊ ထိုင်း၊ သီရိလင်္ကာနှင့် အိန္ဒိယ စသော တဒါဇင် ကျော်သော နိုင်ငံများတွင် အဖွဲ့ခွဲများ ဖွဲ့စည်းထားပြီ ဖြစ်သည်။
အမေရိကန် အခြေစိုက် အဖွဲ့ချုပ်ကြီးသည် ဧပြီလ ၂၆ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အဆောက်အဦးရှေ့တွင် ပဋ္ဌာန်း ပရိတ်ရွတ်ခြင်း၊ တရား ဟောကြားခြင်း၊ ကျဆုံး ပျံလွန်တော်မူသွားသော ရဟန်းရှင်လူများအတွက် အမျှဝေခြင်း၊ ငြိမ်းချမ်းစွာ သပိတ်မှောက် လမ်းလျှောက် ဆန္ဒဖော်ထုတ်ခြင်းများ လုပ်ဆောင်သွားမည်ဟု သိရသည်။

No comments: