Saturday, March 8, 2008

ရန်ကုန်အနှံ့ လုံခြုံရေး တိုးမြှင့်

မဇ္ဈိမသတင်းဌာန
ချင်းမိုင်။ ။ ကုလသမဂ္ဂ ကိုယ်စားလှယ် အီဗရာဟင် ဂမ်ဘာရီ ရန်ကုန် ရောက်လာပြီး မရှေးမနှောင်းတွင်ပင် ရန်ကုန်မြို့အနှံ့တွင် စစ်ကားများနှင့် စစ်အစိုးရ ကျောထောက်နောက်ခံ အဖွဲ့များကို ကားများဖြင့် နေရာအနှံ့တွင် တွေ့နေရသည်ဟု မြို့ခံများက ပြောသည်။
ရန်ကုန်မြို့ နေရာအနှံ့တွင် လက်နက် အပြည့်အစုံနှင့် စစ်ကားများအပြင် ကြံ့ဖွံ့နှင့် စွမ်းအားရှင်များကို အပြည့် တင်ဆောင်ထားသော ဒိုင်နာကားများကို အသင့် အနေအထားဖြင့် ရှိနေသည်ဟု မျက်မြင်များက ပြောသည်။
ပန်းဆိုးတန်း၊ ဆူးလေ၊ ကမာရွတ်၊ ဗဟန်း၊ ကြည့်မြင်တိုင်၊ ဦးဝိစာရလမ်း၊ ကန်တော်မင်ပန်းခြံတို့တွင် စစ်ကားများနှင့် စွမ်အားရှင် ကားများကို ချထားပြီး မြို့တော်ခန်းမ ရှေ့တွင်လည်း မီးသတ်ကားများ လုံခြုံရေး ချထားကြောင်း မျက်မြင်တဦးက ပြောသည်။
“အရင် စက်တင်ဘာလိုပဲ။ ကြံ့ဖွံ့နဲ့ စွမ်းအားရှင်တွေကို ခေါ်ပြီးတော့ ကားပေါ်တင်ပြီးတော့ ချထားတယ်။ အပြည့်ဘဲ၊ ကားကြီးတွေ၊ ၁၁ဝ ဒိုင်နာတွေ အများကြီး ရှိတယ်။ စက်တင်ဘာက အတိုင်းဘဲ။ လုံထိန်းရော၊ မီးသတ်ကားတွေရော။ ရဲတွေရော၊ စွမ်းအားရှင်တွေရော။ ကားတွေရော၊ မီးသတ်ကားတွေရော အားလုံးပေါင်းဆိုရင် ရာချီလောက် ရှိတယ်” ဟု အဆိုပါ မြို့ခံက ပြောသည်။

No comments: