Saturday, March 8, 2008

ငြိမ်းအဖွဲ့များကို ယာယီမှတ်ပုံတင် ထုတ်ပေး

မဇ္ဈိမသတင်းဌာန
မေလတွင် ကျင်းပမည့် ဆန္ဒခံယူပွဲအတွက် မျှော်ကိုး၍ ငြိမ်းအဖွဲ့များကို စစ်အစိုးရက ယာယီသက်သေခံလက်မှတ်များ ထုတ်ပေးလျက် ရှိသည်ဟု ထိုင်းမြန်မာနယ်စပ်အခြေစိုက် သုံးသပ်သူတဦးက ပြောကြားလိုက်သည်။
လွန်ခဲ့သော ဖေဖေါ်ဝါရီလကုန်ပိုင်းမှစ၍ ဝပြည် သွေးစည်းညီညွတ်ရေးပါတီနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့အပါအဝင် ငြိမ်းချမ်းရေးအဖွဲ့များကို အဆိုပါ သက်သေခံလက်မှတ်များ ထုတ်ပေးလျက်ရှိသည်ဟု ဆိုသည်။ ထိုသက်သေခံကဒ်ပြားများသည် ပုံမှန်ပန်းရောင်မဟုတ်ဘဲ ယာယီသက်သေခံကဒ်ပြား အဖြူရောင်များဖြစ်သည်ဟု သိရသည်။
"အဓိကရည်ရွယ်ချက်ကတော့ဗျာ၊ ဆန္ဒခံယူပွဲအတွက်ရယ်၊ နောင် ဒီငြိမ်းအဖွဲ့တွေအပေါ်မှာ ထိန်းချုပ်ရလွယ်အောင်ရယ် ရည်ရွယ်လုပ်တာဘဲဗျ" ဟု နိုင်ငံရေးအကဲခတ် ဦးအောင်ကျော်ဇောက မှတ်ချက်ချ ပြောကြားလိုက်သည်။
ဆန္ဒခံယူပွဲ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ၊ ယခုကဲ့သို့ ယာယီသက်သေခံလက်မှတ်များ ထုတ်ပေးထားခြင်းဖြင့် အနာဂါတ်တွင် သူတို့ကိုခွဲခြားရ လွယ်ကူမည်ဖြစ်သည်ဟု ဦးအောင်ကျော်ဇောက မှတ်ချက်ချသည်။
အဆိုပါ ဝအဖွဲ့နှင့်ကချင်အဖွဲ့ ၂ ခုစလုံးသည် ဒေါ်အောင်ဆန်းစုကြည်၏ကြေညာချက်ကို ကန့်ကွက်သည့် ကြေညာချက်များ ထုတ်ပြန်ရန် ငြင်းဆန်ခဲ့သဖြင့် စစ်အစိုးရ၏ဖိအားပေးခြင်းကို ခံနေရသည်။
"လွန်ခဲ့တဲ့ ၂ ရက်လောက်က စစ်အစိုးရ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေ ရောက်လာပြီး ကျနော်တို့ကို ယာယီကဒ်ပြားတွေထုတ်ပေးဘို့ စလုပ်နေပါပြီ" ဟု ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA) ပြောရေးဆိုခွင့်ရှိသူ က တနင်္လာနေ့က မဇ္ဈိမကိုပြောကြားသွားသည်။
"ယဉ်ကျေးမှုဝန်ကြီး ဦးခင်အောင်မြင့်၊ လူဝင်မှုအဖွဲ့အကြီးအကဲ ဦးမောင်မောင်ဆွေတို့ အပါအဝင် အနည်းဆုံး လူဝင်မှုအဖွဲ့အရာရှိတွေ ၆ ဖွဲ့လောက် ကျနော်တို့ဆီ ရောက်လာတာ" ဟုသူကဆက်လက်ပြောကြားသွားသည်။
UWSA ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ ယခုကဲ့သို့ယာယီသက်သေခံကဒ်ပြားများ ထုတ်ပေးခြင်းသည် မေလ ဆန္ဒခံယူပွဲအတွက် ပြင်ဆင်ခြင်းမှာ အဓိကဖြစ်သည်ဟု ဆိုသည်။
"ယာယီသက်သေခံကဒ်ပြားတေ ထုတ်ပေးတာ မတ်လကုန်မှာ ပြီးမယ်လို့ သူတို့ကကျနော်တို့ကိုပြောသွားတယ်" ဟု အဆိုပါပုဂ္ဂိုလ်က အသေးစိတ်ရှင်းလင်း ပြောကြားသွားခဲ့ပါသည်။
မည်သို့ပင်ဖြစ်စေ UWSA အဖွဲ့ဝင်များ အနေဖြင့် ဤယာယီနိုင်ငံသားကဒ်ပြားများကို ဆန္ဒခံယူပွဲအတွက် မဟုတ်ဘဲ သူတို့သည် မြန်မာနိုင်ငံသားစစ်စစ်များဖြစ်ကြောင်း ဤနိုင်ငံသားများဖြစ်ကြောင်း သက်သေခံအဖြစ် လိုချင်ကြသည်ဟု ဆိုသည်။
ဤသို့ အဖြူရောင်သက်သေခံကဒ်ပြားများကို ရရှိခြင်းဖြင့် ယခင်က မရရှိခဲ့သောအခွင့်အရေးဖြစ်သည့် တနိုင်ငံလုံး လွတ်လွတ်လပ်လပ် သွားလာနိုင်သည့် အခွင့်အရေးကို ရရှိမည် ဖြစ်သည်။
ကချင် KIO အဖွဲ့ကလည်း စစ်အစိုးရက ယာယီသက်သေခံကဒ်ပြားများ ထုတ်ပေးထားခြင်းကို လက်ခံထားပြီး ဖြစ်သည်။ အမည်မဖေါ်လိုသူ ကေအိုင်အို (KIO) အဖွဲ့အရာရှိတဦးက သူတို့အဖွဲ့ဝင်အများစုသည် ယခုအခါ မိသားစုဝင်များနှင့်အတူ အဖြူရောင်ကဒ်ပြားအတွက် မှတ်ပုံတင်ခြင်းလုပ်ငန်းများကို စတင်ပြုလုပ်နေပြီဟု ဆိုလိုက်ပါသည်။
"ဖေဖေါ်ဝါရီလ နောက်ဆုံးပတ်ကဘဲ လူဝင်မှုကြီးကြပ်ရေးဌာနက အရာရှိ ၅ ဦး ၆ ဦးလောက် ကျနော်တို့ ကေအိုင်အို ထိန်းချုပ်ထားတဲ့ လိုင်ဇာကိုရောက်လာပြီး ယာယီအဖြူရောင်သက်သေခံကဒ်ပြား ရရှိခွင့်ရှိတဲ့သူတွေစာရင်းကိုစတင်ကောက်ယူနေပါပြီ" ဟု အဆိုပါအရာရှိက ဆက်လက်ပြောဆိုသွားပါသည်။
"ကျနော်တို့ အများစုက လုပ်ကြပါတယ်။ ဒါပေမဲ့ ဆန္ဒခံယူပွဲအတွက် မဟုတ်ဘူးဗျာ။ စစ်အစိုးရကတော့ သူတို့ရည် ရွယ်ချက်အောင်မြင်ရေးအတွက် လုပ်နေတာဘဲ။ ကျနော်တို့ကလဲ ကျနော်တို့အစီအစဉ်နဲ့ ကျနော်တို့ဘဲလေ" ဟုသူကထပ်မံပြောဆိုလိုက်သည်။

No comments: