Thursday, March 27, 2008

မြေအောက်အောင်ပွဲ (သို့) ဖက်ဆစ်တော်လှန်ရေး (ဆောင်းပါး)

အောင်ခိုင်နိုင်
မြေအောက်တော်လှန်ရေး လုပ်ဆောင်မှုသည် စနစ်ဆိုးတခု၏ ဖိနှိပ်သော (သို့) မြေပေါ်လှုပ်ရှားခွင့်မရသော အခြေအနေတွင် မရှိမဖြစ် လိုအပ်သည်။
ပြည်သူအများ လွတ်မြောက်ရန်အတွက် လုပ်ဆောင်သော တော်လှန်ရေး လုပ်ငန်းများ၌ လျှို့ဝှက်မှု နည်းလမ်းများကို သုံးနေရခြင်းသည် မကောင်းသော အလုပ်မဟုတ်ပါ။ မြေအောက်လှုပ်ရှားမှုသည် မြေပေါ်လှုပ်ရှားမှုထက် လျှို့ဝှက်ရေးသည် အဓိက ဖြစ်ခြင်းကြောင့် ရန်သူအပေါ် အသာစီးရစေသည်။
မြန်မာ့နိုင်ငံရေး သမိုင်းတွင် တမျိုးသားလုံး စည်းစည်းလုံးလုံး ဖက်ဆစ်ဂျပန်များကို တော်လှန်နိုင်ခဲ့သော ၁၉၄၅ ခုနှစ် မတ်လ ၂၇ ဖက်ဆစ်တော်လှန်ရေးသည် မြေအောက်ဖွဲ့စည်းမှု၏ အခန်းကဏ္ဍ အရေးပါခဲ့သည်။
ကင်ပေတိုင် (Kempetai) ခေါ် ဖက်ဆစ်ဂျပန်များသည် မထင်ရင် မထင်သလို ဖမ်းသည်။ တို့သူ၊ ရှို့သူ ပြောလျှင် ဖမ်းသည်။ ထင်စရာ၊ မသင်္ကာလျှင် ဖမ်းသည်။ မြန်မာများ မကြုံဖူးသော ရက်စက်မှု နည်းမျိုးစုံဖြင့် ညှဉ်းခဲ့ကြသည်။ ဖက်ဆစ်စနစ်ကို မြေအောက်နည်း သုံး၍ တိုက်ရမည်ကို သိသော ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားများ ပါဝင်သော ဖက်ဆစ် တိုက်ဖျက်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ချုပ် [ဖတပလ] (AFO or The Anit-Fascist Organization) ကို ၁၉၄၄ ခုနှစ် သြဂုတ်လ ၂၃ ရက်တွင် လျှို့ဝှက် ဖွဲ့စည်းလိုက်သည်။ ဖတပလ သည် ဗမာ့တပ်မတော်၊ ပြည်သူ့အရေးတော်ပုံ ပါတီနှင့် ကွန်မြူနစ် ပါတီတို့ ညီညွတ်စွာ ပူးပေါင်း ပါဝင်ထားသည့် နိုင်ငံရေး စည်းရုံးမှုကြီးတရပ် ဖြစ်သည်။
ဂျပန်ပုလိပ်များ မည်သို့ပင် ညှဉ်းညှဉ်း၊ မည်သို့ပင် မေးမေး 'လွတ်လပ်ရေး အပျိုစင်' ကို အထူးလိုလား တောင့်တလျက် ရှိကြသော မြန်မာများသည် 'လျှို့ဝှက် တော်လှန်ရေး' အကြောင်းကို လေသံမျှ မဟ။ 'ဘူး' ကွယ်နေကြသည်။
ဗိုလ်ချုပ်သည် မြေပေါ်မှ နေ၍ ဂျပန်ကို ပရိယာယ်ဆင်ရင်း စစ်မျက်နှာများကို ဖွင့်နေသလို၊ နိုင်ငံရေး ခေါင်းဆောင်များကလည်း ဖက်ဆစ် ဆန့်ကျင်ရေးကို မြေအောက်မှ နည်းမျိုးစုံဖြင့် စည်ရုံး ဝါဒဖြန့်နေသည်။ ဖက်ဆစ်စနစ်ကို လူထုအင်အား၊ ပြည်သူ့စစ်အသွင်ဖြင့် တိုက်ထုတ်နိုင်ခဲ့ကြသည်။
ဗိုလ်ချုပ်သည် နိုင်ငံရေး အင်အားစုများကို တစုတည်းအသွင် ပြည်သူကိုယ်စားပြု ဖတပလ ကို ဖွဲ့စည်းမှု စတင်၍ လွတ်လပ်ရေးကို အရယူ ပေးနိုင်ခဲ့သည်။ ဖတပလ ၏ နိုင်ငံရေးခေါင်းဆောင်မှုကို ပြည်သူက လိုက်ခဲ့ကြသည်။

လက်ရှိကွက်လပ်
လက်ရှိတွင် မြန်မာ့နိုင်ငံရေးသည် ခေါင်းဆောင်မှု ကွက်လပ် လိုအပ်နေသည်။ နိုင်ငံရေးအင်အားစုများ ပါဝင်သော ပြည်သူကိုယ်စားပြု တခုတည်းသော နိုင်ငံရေး ဦးသျှောင်အဖွဲ့ မရှိသည်မှာ အမှန် ဖြစ်သည်။ ဦးသျှောင်အဖွဲ့မှသာ ပြည်သူကို ဦးဆောင်နိုင်ပြီး၊ ပြည်သူကလည်း အဖွဲ့၏ ဦးဆောင်မှုကို လိုက်မှာ မလွဲပေ။ တရားသေမှုထက် လက်ရှိ လုပ်သင့်သော နိုင်ငံရေး အခြေအနေကို ဦးဆောင်မှု၊ ညွန်ကြားမှု ပေးနိုင်ရမည်။ ဥပမာ မေလ ရွေးကောက်ပွဲအတွက် တသံတည်း ထွက်နေရမည်။ အခြေခံဥပဒေကို လုံးဝသပိတ်မှောက် (သို့) ကန့်ကွက်မဲပေး ဆိုပြီး တခုတည်းကို ဦးဆောင်မှု ပေးနိုင်ရမည်။
နိုင်ငံတွင်း ပြဿနာ ရှိနေခြင်းကိုက တိုင်းပြည် မငြိမ်မသက် ဖြစ်ပြီး အပြောင်းအလဲ ဖြစ်ရမည်ဆိုသည့် ယုံကြည်ချက်မျိုးသည် အပေးမျှော်အဆင့်တွင် ဖြစ်နေသေးသည်မှာ အနှစ် ၂၀ သမိုင်းက သက်သေပြလိုက်ပြီး ဖြစ်သည်။
နိုင်ငံရေး ဦးသျှောင်အဖွဲ့သည် နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များ ပါဝင်သော အဖွဲ့ကြီး ဖြစ်သင့်ပြီး၊ ပြည်ချစ် တပ်မတော်ကို မွေးထုတ်နိုင်ရမည်။ အင်အားချိန်ခွင်လျှာကို အသုံးပြုနေရသော ယနေ့ကမ္ဘာတွင် မြန်မာ့နိုင်ငံရေးတွင်ကော ဘာကြောင့် မသုံးနိုင်ရမည်နည်း။
ဗိုလ်ချုပ်သည် နိုင်ငံရေးနည်းဖြင့်မရလျှင်၊ အင်အားချိန်ခွင်လျှာကို သုံးရမည် ဆိုသော ယုံကြည်ချက်ဖြင့် လွတ်လပ်ရေးကို မြေပေါ်၊ မြေအောက် နည်းမျိုးစုံသုံးပြီး ယူခဲ့ပုံကို မမေ့အပ်သင့်။
ဖက်ဆစ် စစ်အုပ်စုကို တော်လှန်ရန် ဒုတိယမြောက် ဖက်ဆစ်တော်လှန်ရေးတွင် နိုင်ငံရေးဦးသျှောင်အဖွဲ့၏ ဦးဆောင်မှုနှင့်အတူ မြေအောက်နည်းသည် အရေးပါနေဦးမည်။ ။

No comments: