Thursday, March 27, 2008

နေပြည်တော် တိရစ္ဆာန်ရုံ ဖွင့်လှစ်

မဇ္ဈိမသတင်းဌာန
နယူးဒေလီ။ ။ တိရစ္ဆာန်ပေါင်း ၂ဝဝ ကျော်ရှိသည့် နေပြည်တော် တိရစ္ဆာန် ဥယျာဉ်ဖွင့်ပွဲကို မြို့တော်သစ်တွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အကျဉ်းဦးစီးဌာန ကျောက်ထုစခန်းနေရာတွင် ၂ နှစ်ကျော်ကြာ အချိန်ယူ တည်ဆောက်ရသည့် တိရစ္ဆာန်ဥယျာဉ် ဖွင့်ပွဲကို နံနက် ၈ နာရီ ၃ဝ မိနစ်တွင် ပြုလုပ်ရာ နအဖ အတွင်းရေးမှူး ၁ ဒုတိယဗိုလ်ချုပ်ကြီး သူရ တင်အောင်မြင့်ဦး တက်ရောက်ခဲ့သည်။
မနက်ဖြန်တွင် ကျရောက်မည့် တပ်မတော်နေ့အတွက် ရောက်ရှိနေကြသော နိုင်ငံခြား စစ်သံမှူးများနှင့် သံရုံး ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဆန္ဒကို အကောင်အထည်ဖော်မှု ဖြစ်သော တိရစ္ဆာန်ရုံ တည်ဆောက်ခြင်းကို ကုမ္ပဏီ ၂၂ ခုက တည်ဆောက်ခဲ့ပြီး ကျပ်သိန်း ၅ သောင်းကျော် ကုန်ကျခဲ့သည်။
ဟက်တာ ၂၄ဝ ကျပ်ဝန်းပြီး ပင်ဂွင်း၊ ကျားဖြူ၊ သားပိုက်ကောင်များ အပါအဝင် တိရစ္ဆာန် အကောင်ပေါင်း ၂၄ဝ ကျော်ပါဝင်သည်ဟု သစ်တောအရာရှိတဦးက ပြောသည်။ သို့သော်လည်း ရန်ကုန် တိရစ္ဆာန်ဥယျာဉ်မှ ပြောင်းရွှေ့သယ်ယူခဲ့သည့် တိရစ္ဆာန်များက အများစုဖြစ်သည်။

No comments: