Tuesday, March 18, 2008

'ဘုန်းဘုန်းချမှ လုံးလုံးရမယ်' ထွက်ပြီ

မောင်ဒီး
နယူးဒေလီ။ ။ 'ဘုန်းဘုန်းချမှ လုံးလုံးရမယ်' အမည်ရ မြန်မာ့ရိုးရာ အတာသင်္ကြန် သံချပ်ခွေကို အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများက ယမန်နေ့က ထုတ်ဝေ ဖြန့်ချိလိုက်သည်။
ကဗျာဆရာ မြတ်ထက် ရေးသား၍ ကျောက်မဲ (ကျော်ကြီး) စီစဉ်ကာ အိန္ဒိယအခြေစိုက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ လူငယ် ၃ဝ ခန့် ပါဝင် အားဖြည့်ထားသည့် ၁ဝ ကြိမ်မြောက် ထုတ်ဝေလိုက်သည့် ယခု သံချပ်ခွေကို မြန်မာအတာသင်္ကြန် ပွဲတော်အမီ ပြည်တွင်း ပြည်ပသို့ ဖြန့်ဝေသွားမည် ဖြစ်သည်။
"နောင်အနာဂတ်မှာ ဘုန်းကြီးတွေ ဆက်လက် ဦးဆောင်ပြီးတော့ လူထုလှုပ်ရှားမှုတွေ လုပ်မယ်ဆိုရင် ဒီမိုကရေစီတော့ သေချာပေါက် ရမှာပဲလို့ မြင်လို့ ကျနော်တို့က ဘုန်းဘုန်းချမှ လုံးလုံးရမယ် ဆိုပြီး ခေါင်းစဉ်ပေးထားတာပါ" ဟု သံချပ်ရေးသူ ဆရာမြတ်ထက်က မဇ္ဈိမကို ပြောသည်။
သူက ဆက်ပြီး "သမိုင်းတလျှောက်မှာ ဘယ်လောက်ထိ ရက်စက်တဲ့ အာဏာရှင်တွေကိုပဲ ဖြစ်ဖြစ် ဘုန်းကြီးတွေက ဘယ်တော့မှ အလျှော့မပေးဘူး။ ဘုန်းကြီးနဲ့ လူနဲ့ မတူတဲ့အချက်က လူတွေမှာက သူတို့ရဲ့ သားတွေ သမီးတွေဆိုတဲ့ သံယောဇဉ် ရှိတယ်။ ဘုန်းကြီးတွေက သံယောဇဉ် ကင်းတယ်၊ ချည်နှောင်မှု ကင်းတယ်။ တရားဓမ္မနဲ့ ဆန့်ကျင်လားဆိုတာ အမြဲကြည့်တယ်။ တရားဓမ္မနဲ့ ဆန့်ကျင်နေတဲ့ဟာ မှန်သမျှကို ဆုံးမလေ့ရှိတယ်" ဟု ပြောသည်။
သံချပ်သီချင်း စာသားများသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာကာလ သံဃာတော်များ ဦးဆောင်သော လူထု ဆန္ဒပြပွဲ၏ ပုံရိပ်များကို ခံစားရေးဖွဲ့ထားခြင်း ဖြစ်ပြီး လူထု၏ ကျပ်တည်းမှုများကို ပြောင်မြောက်သည့် စကားလုံးများဖြင့် ဖော်ကျူးထားသည်။
"ယာယီအားဖြင့်သာ လူထု နာမှာစိုးလို့ အလျှော့ပေးထားခြင်း ဖြစ်တယ်။ ကျနော် မြင်တာတော့ ဘုန်းကြီးတွေက မင်းဆိုး မင်းညစ်တွေကို ဆုံးမတဲ့ သမိုင်းကြောင်းတွေက အများကြီး ရှိခဲ့တော့ တချိန်ချိန်ကျရင် ဘုန်းကြီးတွေ ဆက်ပြီး တိုက်ပွဲဝင်လိမ့်မယ်လို့ လုံးဝ ဥဿဿုံ ယုံကြည်ပါတယ်" ဟု ဆရာမြတ်ထက်က ပြောသည်။
သံချပ်တွင် လူထုဘဝ အခြေအနေ၊ ကြံ့ဖွတ်၊ စွမ်းအားရှင်၊ စစ်ဖွဲ့စည်းပုံ၊ ရွှေဝါရောင်တော်လှန်ရေး၊ ဘုရင်ရူး၊ ကုလားလေးနဲ့ ဆွေးနွေးခန်း၊ သတ္တိရှင်နှင့် တိုက်ပွဲခေါ်သံ ကဏ္ဍများကို ခေါင်းစဉ်ငယ်များဖြင့် သံချပ်ထိုးထားပြီး မြန်မာခေတ်ပေါ်သီချင်း သံစဉ်များတွင် နအဖ စစ်အာဏာရှင်တို့၏ လုပ်ရပ်ဆိုးများကို လှောင်ပြောင်ဖွင့်ချ ထားသည့် စာသားများကို ထည့်သွင်းကာ သီဆိုထားသေးသည်။
ဆရာမြတ်ထက်က "ကျနော် ဒီတခေါက်ရေးရတာက ပိုပြီး စိတ်အားတက်ကြွတယ်။ ဘာကြောင့်လဲဆိုတော့ ရွှေဝါရောင်တော်လှန်ရေး အရှိန်ကလည်း ရှိနေသေးတာကိုး။ နောက် သူတို့ (နအဖ) လူထုဆန္ဒခံယူပွဲ ကြေညာတဲ့အချိန်လည်း ဖြစ်နေတော့ အဲဒီဟာတွေအပေါ်မှာ သီချင်းရေးရတာ ပြတ်ပြတ်သားသား ဆန့်ကျင်ချင်တဲ့ ဆန္ဒတွေ ပြင်းပြတယ်။ Mood လည်း ရတယ်ပေါ့လေ" ဟု ပြောသည်။
ယခု သံချပ် သီချင်းခွေမှာ နအဖ စစ်အာဏာရှင်များကို ပြုပြင်စေလိုသည့် ရည်ရွယ်ချက်လည်း မပါ၊ အသနားခံ တောင်းဆိုခြင်းလည်း မပါဘဲ နားဆင်သူ ပြည်သူလူထုများတွင် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ကာ ခွန်အားပေးထားခြင်း ဖြစ်သည်။
"ဒီသီချင်းတွေကို နားထောင်ပြီး ပြည်သူလူထုက စစ်အာဏာရှင်တွေကို အပြီးအပိုင် ချေမှုန်းချင်တဲ့ စိတ်ဓာတ်တွေ ဖြစ်လာတယ်ဆိုရင် ဒါ ကျနော်တို့အတွက် အမြတ်ပဲ။ အဲလို ကိန်းအောင်းမယ်လို့လည်း ယုံကြည်ပါတယ်" ဟု သူက ပြောသည်။
သံချပ် အခွေ ၅ဝဝ ကို အိန္ဒိယနိုင်ငံတွင် ထုတ်ဝေပြီး ထိုင်းနိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများကလည်း အခွေ ၅ ထောင်ခန့် ဆက်လက် ကူးယူကာ ဖြန့်ဝေသွားမည် ဖြစ်သည်။
"မြန်မာ့ရိုးရာ အတာသင်္ကြန်နဲ့ သံချပ်တွဲလာတာက အင်္ဂလိပ်ခေတ်ကတည်းက ရှိနေခဲ့ပြီ။ ဖဆပလ လက်ထက်မှာ ဆိုရင် ဌာနဆိုင်ရာတွေ၊ အစိုးရဘက်က လူတွေက သံချပ်ခွေတွေ ဝယ်ပြီး သူတို့ကို ဘာဝေဖန်ထားလဲဆိုတာ နားထောင်ပြီး ပြုပြင်ကြရတယ်။ လူငယ်တွေရဲ့ အကျင့်စာရိတ္တတွေကိုလည်း ပြုပြင်ပေးခဲ့တယ်။ အစိုးရတွေတောင်မှ သံချပ်တွေနဲ့ ဝေဖန်လိုက်ရင် ပြုပြင်လာရသည်အထိ သံချပ်တွေက လွှမ်းမိုးမှု ရှိခဲ့တယ်" ဟု ဆရာမြတ်ထက်က ပြောသည်။
မဆလ တပါတီစနစ် ကြီးစိုးစဉ် ကာလက ဌာနဆိုင်ရာများ၏ အားနည်းချက်များကို သံချပ်နှင့် ဝေဖန်သရော်ခွင့် ရှိခဲ့သော်လည်း နအဖ စစ်အာဏာရှင် လက်ထက်တွင်မူ အစိုးရဌာနများကို ဝေဖန်သည့် သံချပ်များ ထုတ်ဝေခွင့် မရှိတော့သဖြင့် သံချပ်ဆိုခွင့် မရှိသည့် သင်္ကြန်ကို မြန်မာ့ရိုးရာ အတာသင်္ကြန်ဟု ခေါ်ဆို၍ မရနိုင်ကြောင်း ဟာသဝိဇ္ဇာ ဇာဂနာက ယမန်နှစ်က ပြောဆို ဝေဖန်ခဲ့ဖူးသည်။

No comments: