Friday, March 21, 2008

မှတ်ပုံတင်နှင့် ထောက်ခံမဲ လဲလှယ်လို

မျိုးကြီး
ရွှေလီ။ ။ ရှမ်းပြည်နယ် မြို့နယ်အချို့တွင် နအဖ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မဖြစ်မနေ ထောက်ခံရန် လဝက အရာရှိများက ဒေသခံများအား ပြောဆို စည်းရုံးနေသည်။
ရှမ်းပြည်နယ် မူဆယ်ခရိုင် နမ့်ခန်း၊ မန့်ဟီးရိုးနှင့် ပန်ဆိုင်းမြို့နယ်များတွင် ဒေသခံများကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန (လဝက) မှ ယခုရက်ပိုင်းအတွင်း မှတ်ပုံတင်များ ပြုလုပ်ပေးနေရာ လဝက အရာရှိများက ဒေသခံများကို ပြောဆို စည်းရုံးနေခြင်း ဖြစ်သည်။
နမ့်ခမ်းမြို့နယ်တွင် လဝက ဦးစီးမှူး ဦးမြင့်မောင်နှင့် စာရင်းကောက် စာရင်းထိန်း ဦးဉာဏ်လင်းကြီးက ဦးဆောင်၍ မှတ်ပုံတင် ပြုလုပ်ပေးရာတွင် ဒေသခံများကို စည်းရုံးနေသည်ဟု ဒေသခံတဦးက ယခုလို ပြောသည်။
"မှတ်ပုံတင် လုပ်ပေးတယ်ပေါ့။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လူအင်အားစာရင်း ဆိုတဲ့ စာရွက်မှာ အိမ်ထောင်စုစာရင်း မူရင်းပါတဲ့ သူတွေကို လုပ်ပေးတယ်။ ကျားက အစိမ်းရောင်၊ မ က အနီရောင် မှတ်ပုံတင်တွေ။ အဲဒီ လဝက ဦးစီးမှူး ပြောတာကတော့၊ မှတ်ပုံတင် သွားထုတ်တဲ့ အချိန်ကပေါ့နော် ထောက်ခံမဲ ထည့်ရမယ်တဲ့" ဟု သူက ပြောသည်။
မန့်ဟီးရိုးမြို့တွင် ယခုလ ၁၂ ရက်နေ့က မှတ်ပုံတင်များ ပြုလုပ်ပေးရာ လဝက ဒုဦးစီးမှူး ဦးသောင်းချစ်က ဒေသခံများအား မှတ်ပုံတင်ကို အလကား လုပ်ပေးနေသဖြင့် ဆန္ဒခံယူပွဲကို ထောက်ခံကြရန် ပြောဆိုနေသည်ဟု ဒေသခံများက ပြောသည်။
ယခုလ ၁၅ ရက်နေ့က ပန်ဆိုင်းမြို့တွင် ပြုလုပ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုမည့် မေလ ဆန္ဒခံယူပွဲအတွက် မဲပေးနည်း ရှင်းပြသည့် မယက ရုံးတွင် ကျင်းပသည့် အစည်းအဝေးတွင် လဝက ဦးစီးမှူး ကျော်သက်ဟန်က ရယက အဖွဲ့ဝင်များကို အခြေခံ ဥပဒေကို ထောက်ခံကြရန်နှင့် မထောက်ခံပါက ထောင်ဒဏ် ၃ နှစ်နှင့် ငွေဒဏ် တသိန်း ပြစ်ဒဏ် ချမှတ်မည်ဟုပင် ပြောဆိုခဲ့သည်။
"မဲထည့်ပုံ၊ ထည့်နည်းတွေကိုလည်း ကျောက်သင်ပုန်းနဲ့ ရှင်းပြတယ်။ မဲလာထည့်တဲ့သူတွေရဲ့ မှတ်ပုံတင်တွေကို ယူထားရမယ်။ နောက် မဲလက်မှတ်တွေ ထုတ်ပေးမယ်။ အဲဒီမှာ မဲပုံးက တပုံးထဲပဲ ထားမယ်။ တကယ်လို့ စာမတတ်တဲ့ သူတွေပါရင် တံခါးပေါက်ကနေ လက်ဆွဲပြီး ထည့်ခိုင်းရမယ်လို့ အစည်းအဝေးမှာ ရှင်းပြတယ်" ဟု ရယက အဖွဲ့ဝင်များနှင့် နီးစပ်သူတဦးက ပြောသည်။
ထို့အပြင် ရပ်ကွက်ကျေးရွာများ အတွင်းရှိ မဲပေးနိုင်သူ အားလုံး မဲရုံသို့ လာရောက် မဲပေးစေရန် ရယက ဥက္ကဋ္ဌများက တာဝန်ယူရမည် ဖြစ်ပြီး အကယ်၍ မဲမပေးဘဲ တိမ်းရှောင်သူများ ရှိပါက ရယက ဥက္ကဋ္ဌများအား ထောင်ဒဏ် ၃ နှစ် အပြစ်ပေးမည်ဟုလည်း ပြောဆိုကြောင်း သူက ဆက်ပြောသည်။
ယခုလို ခြိမ်းခြောက်ပြောဆိုမှုကို ကျေးရွာသားများအား ပြောဆိုခြင်း မရှိသေးကြောင်း ပန်ဆိုင်း ဒေသခံ နောက်တဦးက ပြောသည်။
"ကျနော်တို့ကို ရယက တွေက ထောင်ချမယ်လို့ ပြောတာတော့ မရှိသေးဘူး။ ဒီလဆန်းပိုင်းကတော့ မယက ဥက္ကဋ္ဌကိုယ်တိုင် ထောက်ခံမဲ ထည့်ကြဖို့ စည်းရုံးတာတွေတော့ ရှိတယ်။ သူပြောတာကတော့ တိုင်းပြည်အသစ် ထူထောင်မယ်၊ အားလုံး ဝိုင်းထောက်ခံကြဖို့။ အဲဒါဆိုရင် သမ္မတက ရှမ်းလည်း ဖြစ်ချင် ဖြစ်မယ်၊ ပလောင်လည်း ဖြစ်ချင် ဖြစ်မယ်။ အဲလိုတွေတော့ ကြားတယ်" ဟု သူက ပြောသည်။
နမ့်ခမ်းမြို့နယ် ပန်ဆေးကျေးရွာတွင်မူ ပြည်သူ့စစ်ခေါင်းဆောင် ပန်းဆေးကျော်မြင့်ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ထောက်ခံမဲပေးရန် ပန်ဆေးကျေးရွာအတွင်း ပြောဆို စည်းရုံးမှုများ ပြုလုပ်နေကြောင်းနှင့် မထောက်ခံပါက တရွာလုံးကို နအဖ စစ်အစိုးရက မောင်းထုတ်မည်ဟု ခြိမ်းခြောက် ပြောဆိုနေသည်။

No comments: