Thursday, March 13, 2008

ရန်ကုန် လုံခြုံရေး ပိုမိုတိုးမြှင့်

မဇ္ဈိမသတင်းဌာန
ချင်းမိုင်။ ။ ရန်ကုန်မြို့ပေါ်ရှိ လူစည်ကားရာနေရာများတွင် လုံခြုံရေးယူသည့် စစ်ကားနှင့် စစ်သား အရေအတွက်သည် ယနေ့တွင် ပိုမို ထူးခြားစွာ တိုးပွားလာသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။
ရန်ကုန်မြို့တော်ခန်းမရှေ့တွင် စစ်သားအပြည့်ပါသော စစ်ကား ၁ဝ စီး ရပ်နားထားပြီး တာမွေပလာဇာ၊ လှည်းတန်းမီးပွိုင့်၊ ဆူးလေမီးပွိုင့် အစရှိသည့် လူစည်ကားရာ နေရာများတွင်လည်း လည်ပတ်အနီနှင့် စစ်သားများ လုံခြုံရေးယူနေပြီး ခြောက်ထပ်ကြီးဘုရားတွင်လည်း စစ်ကား တစီးပြီး တစီး အပြောင်းအလဲ လုပ်နေသည်ဟု မျက်မြင်တွေ့သူတဦးက ပြောသည်။
“ဒီကနေ့တော့ စွမ်းအားရှင်နဲ့ ကြံ့ဖွံ့တွေကိုလည်း ခေါ်ပြီးတော့ လမ်းတွေမှာ ချထားတာ တွေ့ရတယ်။ ကော်ခုံလေးတွေနဲ့ ၄၊ ၅ ယောက် ထိုင်ပြီး တောင်ကြည့် မြောက်ကြည့် လုပ်နေကြတယ်။ လမ်းတွေမှာပေါ့နော်။ ရွှေဂုံတိုင်၊ မြေနီကုန်း၊ ဗဟန်းဈေး၊ ဆူးလေ၊ အင်းစိန်ဘက်မှာတွေပေါ့” ဟု သူက ပြောသည်။
သူက ဆက်ပြီး “ပန်းဆိုးတန်းကုန်းပေါ်မှာ ဆိုရင်လည်း သစ်သားနဲ့ သံဆူးကြိုးနဲ့ ရိုက်ထားတဲ့ဟာပေါ့နော်။ ထောင်ထားလိုက်ရင် လမ်းပိတ်လို့ ရတဲ့ဟာ အများကြီး ချထားတယ်။ နေရာတိုင်းမှာ တော်တော်များတယ်” ဟု ပြောသည်။
အတိုက်အခံ နိုင်ငံရေးပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးနှင့် မလှမ်းမကမ်းတွင်လည်း စစ်ကား ၄ စီး ရပ်နားပြီး လုံခြုံရေး ယူထားသည်ဟုလည်း သိရသည်။
“လုံခြုံရေး တနေ့ထက်တနေ့ ဘာကြောင့် တိုးလာလဲဆိုတော့ လူထုကို ကြောက်နေတာလေ။ လူထုက အခုချိန်မှာ တခုခု ထလုပ်မလား၊ သူတို့ ရည်ရွယ်ချက်ကို မထောက်ခံပဲနဲ့ တခုခု ထလုပ်မလားဆိုတဲ့ ကယောင်ခြောက်ခြား အတွေးတွေနဲ့ ကြိုတင် လူထုကို ခြောက်လှန့်နေတာလို့ပဲ မြင်ပါတယ်” ဟု ရန်ကုန်မြို့ခံ နောက်တဦးက ပြောသည်။
ယခုလို လုံခြုံရေး တိုးမြှင့်လာခြင်းမှာ နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သေဆုံးပြီဆိုသည့် သတင်း ထွက်ပေါ်လာခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု သူက ပြောသည်။
အတည်ပြု၍ မရသေးသော သတင်းအရ နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အူမကြီးကင်ဆာရောဂါဖြင့် စစ်ဆေးရုံတခုတွင် ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။
ယနေ့သည် အာဏာပိုင်များ၏ သတ်ဖြတ်မှုကြောင့် စက်မှုတက္ကသိုလ်ကျောင်းသား မောင်ဖုန်းမော် ကျဆုံးခဲ့သည့် နှစ် ၂ဝ ပြည့်နေ့ ဖြစ်သောကြောင့် ကျောင်းသားလူငယ်များ လှုပ်ရှားမှု ဖော်ဆောင်လာမည်ကို အာဏာပိုင်များက စိုးရိမ်နေသောကြောင့် လုံခြုံရေး တိုးမြှင့်လာခြင်းလည်း ဖြစ်နိုင်သည်ဟု ရန်ကုန်မြို့ခံတဦးကလည်း ပြောသည်။ View: (347)

No comments: