Thursday, March 6, 2008

ချဲသောင်းကျန်းနေ၍ု ပဲခူးရဲများ အဖမ်းခံရ

သန်းထိုက်ဦး
ချင်းမိုင်။ ။ ချဲထီ အရောင်းဒိုင်များအား ဖမ်းဆီးမပေးနိုင်ဟု ဆိုကာ ပဲခူးမြို့မှ ရဲဝန်ထမ်းများကို မတ်လ ၂ ရက်နေ့က စစ်ဖက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်သည်။
ပဲခူး အမှတ် ၁ ၊ ၂၊ ၃ ရဲစခန်းများမှ ရဲဝန်ထမ်း ၃၆ ဦးကို သက်ဆိုင်ရာ ရဲစခန်းများမှာပင် နေပြည်တော် အခြေစိုက် စစ်ဘက် လုံခြုံရေးအဖွဲ့ (စရဖ)က ဖမ်းဆီးကာ စခန်းမှူးတဦးမှအပ ကျန်သူများကို အမှတ် ၁ ရဲစခန်းအချုပ်တွင် ထိန်းသိမ်းထားသည်။
အဖမ်းခံထားရသည့် ရဲဝန်ထမ်းများမှ ပြင်ပသို့ လူကြုံနှင့် ပေးလိုက်သည့် စာတစောင်ကို ဒေသခံတဦးကို မဇ္ဈိမသို့ တယ်လီဖုန်းမှတဆင့် ပြန်လည် ဖတ်ပြခဲ့သည်။
“၂ ရက် ၂ လ ၂ဝဝ၈ နေ့မှာ တိုင်းအမှု အကူ ပူးပေါင်းရေးအဖွဲ့က မြို့ပေါ်ရှိ ၂၉ ဒိုင်အား ဝင်ရောက်ဖမ်းဆီးရာ ၄ ဦးသာ မိပြီး ကျန်ဒိုင်များ မမိသည့်အတွက် ၎င်းဒိုင်များနေသည့် အပိုင် နယ်ထိန်းရဲမှူးတို့အား သတင်းပေါက်ကြားပြီး အထက်ဌာနသို့ တင်ပြခြင်း မရှိဟု မတရားစွပ်စွဲပြီး အပိုင် နယ်ထိန်းရဲမှူးတို့ကို မတရားအနိုင်ကျင့် ချုပ်နှောင်သည့်အတွက် အချုပ်ခံရသော တပ်ဖွဲ့ဝင်များနှင့် ကျန်မိသားစုများမှာ ဒုက္ခမျိုးစုံ ကြုံတွေ့နေရသည်” ဟု စာထဲတွင် ပါရှိသည်။
ထို့အပြင် “အထက်အဖွဲ့အစည်းများ ထုတ်ပြန်သည့်အတွက် အထက် အဖွဲ့အစည်းများမှ သတင်းမပေါက်လျှင် အောက်ခြေအဆင့် တပ်ဖွဲ့ဝင်များ မသိရှိနိုင်ပါ။ အမှန်တကယ် ဒုစရိုက်များ လောင်းကစားများကို ကြိုတင်ကာကွယ် ဖမ်းဆီးခြင်း၊ အရေးယူခြင်းမှာ အောက်ခြေအဆင့် တပ်ဖွဲ့ဝင်များသာ ဖြစ်သည့်အတွက် အထက် လူကြီးများ သိရှိအောင် တင်ပြရပါသည်” ဟုလည်း ဆက်လက် ဖော်ပြထားသည်။
၂ဝဝ၈ ခုနှစ် ဇန်နဝါရီလတွင် ချဲဒိုင်ကြီးသမား ၄ ဦး အဖမ်းခံရပြီး နောက်ပိုင်း ရဲဝန်ထမ်းများအား ဖမ်းဆီးမှု ဆက်လိုက်လာခဲ့သည်။
“နှစ်လုံး၊ သုံးလုံး (ချဲ)သမားတွေကို စရဖ က နေပြီးတော့ ရောင်းနေတဲ့ လူနာမည် စာရင်းတွေနဲ့ပေါ့ ဝင်ဖမ်းခဲ့တာ။ ချဲရောင်းသူတွေကို ဖမ်းလို့ မရတဲ့အတွက် ကိုယ့်လူကိုယ် ပြန်ဖမ်းလိုက်တာ” ဟု အကြားအမြင်များသူ အခြား ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။
သူက ဆက်ပြီး “အဖမ်းအဆီး မရှိကြတော့၊ သူတို့ဖမ်းတာ မရဘူး ဆိုပြီးတော့ သူတို့ ရပ်ကွက်ဆိုင်ရာတွေပေါ့ နယ်ထိန်းတွေ၊ ရဲမှူးတွေပေါ့။ အဲဒီလူတွေကို ကိုယ့်လူကိုယ် ပြန်ဖမ်းပြီးတော့ ကိုယ့်အပိုင်ထဲက အရောင်းသမားတွေကို ဖမ်းပေးဆိုတဲ့ သဘောပေါ့။ ဖမ်းဆီးလို့ မရတဲ့အခါကျတော့ အကုန်လုံးကို အချုပ်ထဲ ထည့်ထားလိုက်တယ်” ဟု ပြောသည်။

No comments: