Thursday, March 6, 2008

ဂမ္ဘာရီ ရန်ကုန်သို့ ရောက်ရှိ

မဇ္ဈိမသတင်းဌာန
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ နိုင်ငံရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီသည် ယနေ့တွင် ရန်ကုန်သို့ ဆိုက်ရောက်လာပြန်ပြီ ဖြစ်သည်။
နိုင်ဂျီးရီယား သံတမန်သည် ရန်ကုန်တွင် သံတမန်များနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်းနှင့် နေပြည်တော်သို့ သွားရောက်ပြီး စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ရန်ကုန်မှလာသော ကြေးနန်းသတင်းများက အရသိရသည်။
မစ္စတာဂမ်ဘာရီသည် စက်တင်ဘာနှင့် နိုဝင်ဘာခရီးစဉ်များအတွင်း ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခဲ့သလို ဗိုလ်ချုပ်မှူးကြီး သန်းရွှေဦးဆောင်သော စစ်အစိုးရ ထိပ်တန်းခေါင်း ဆောင်များနှင့်လည်းတွေ့ဆုံခဲ့သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ မစ္စတာဂမ်ဘာရီနှင့် တွေ့ဆုံခွင့်ရရေးကိစ္စအပေါ် ဦးဥာဏ်ဝင်းက ယခုအချိန်အထိ အကြောင်းကြားခြင်း မရှိသေးဟု မဇ္ဈိမသို့ပြောသည်။
ကုလသမဂ္ဂ ကိုယ်စားလှယ်၏ မြန်မာပြည်ခရီးစဉ်မတိုင်ခင် တရက်စော ထုတ်ပြန်ထားသော အဖွဲ့ချုပ်၏ ကြေညာချက်တွင် ၁၉၉ဝ ရွေးကောက် ပွဲရလဒ်ကို အသိအမှတ်ပြုရန် ပျက်ကွက်သော စစ်အစိုးရအား ဥပဒေကြောင်းအရ တရားစွဲဆိုသည့်ကိစ္စကို ဗဟိုတရားရုံးချုပ်က ပယ်ချခဲ့သည့်ကိစ္စကို ဖော်ပြထားသည်။
မစ္စတာဂမ်ဘာရီသည် ၂ဝဝ၆ ခုနှစ်အစောပိုင်းက ကုလသမဂ္ဂ၏ မြန်မာပြည်ဆိုင်ရာ ကုသလမဂ္ဂသံတမန်အဖြစ် ခန့်အပ်ခံခဲ့ရပြီး ၂ဝဝ၆ ခုနှစ်အတွင်း နှစ်ခေါက်သွားရောက်ခဲ့ပြီး ယခုအကြိမ်ပါဆိုလျှင် ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပွားသည့်နောက်ပိုင်း ၃ ကြိမ်မြောက် ဖြစ်သည်။

No comments: