Tuesday, March 18, 2008

ကလေးစစ်သားတွေစုဆောင်းပြန်ပြီ

မာဝမ်းမာကမ်မာကာ
ဘန်ကောက်၊ ၁၈ မတ်လ (IPS) - အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) သည် ကလေးများကို မြန်မာစစ်တပ်အတွက် အတင်းအဓမ္မ စုဆောင်းနေကြောင်း တိုင်တန်းချက်များကို လွန်ခဲ့သော စက်တင်ဘာလအထိ အနည်းငယ်မျှသာ ရရှိခဲ့သည်။ သို့သော်ယခုထိုသို့မဟုတ်တော့ချေ။
အိုင်အယ်လ်အိုသည် သူ၏ အစီရင်ခံစာသစ်တွင် လွန်ခဲ့သော စက်တင်ဘာ ၂ဝဝ၇ မှစ၍ ပြောင်းလဲလာသော အခြေအနေများကို ဖေါ်ပြထားခဲ့သည်၊ ထိုကာလက သံဃာတော်များ ဦးဆောင်ကာ မေတ္တာသုတ်ရွတ်၍ ထောင်ပေါင်းများစွာသော ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို စစ်အစိုးရက ရက်ရက်စက်စက် နှိမ်နင်းခဲ့သည့်အချိန် ဖြစ်သည်။
ထိုကာလမတိုင်မီက ရရှိခဲ့သော တိုင်တန်းစာအများစုမှာ အဓမ္မလုပ်အားပေးကိစ္စများ ဖြစ်သည်။ 'ဒေသဆိုင်ရာအုပ်ချုပ် ရေး အာဏာပိုင်များက ခိုင်းစေသည့် အဓမ္မလုပ်အားပေးကိစ္စများသာ ဖြစ်သည်။ အသက်မပြည့်သေးသူများကို စစ်သားအဖြစ် စုဆောင်းမှုများနှင့် အခြားစစ်ရေးနှင့် ဆက်စပ်သည့် တိုင်တန်းချက်များကို အနည်းငယ်သာ ရရှိခဲ့သည်' ဟု အလုပ်သမားအဖွဲ့ချုပ်၏ ဌာနချုပ် တည်ရှိရာ ဂျနီဗာတွင် ပြုလုပ်နေသော အုပ်ချုပ်ရေးကောင်စီ အစည်းအဝေးတွင် တင်သွင်းသည့် အစီရင်ခံစာတွင် ရေးသား ဖေါ်ပြထားသည်။
'လွန်ခဲ့သော စက်တင်ဘာလမှ စ၍ အခြေအနေမှာ ပြောင်းပြန် ဖြစ်သွားခဲ့သည်။ ရရှိသော တိုင်တန်းစာအများစုမှာ စစ်ရေးနှင့် ပတ်သက်သောကိစ္စများနှင့် အသက်မပြည့်သေးသူများကို စစ်သားအဖြစ် စုဆောင်းသည့် ကိစ္စရပ်များဖြစ်သည်' ဟု ရန်ကုန် အိုင်အယ်လ်အိုရုံး ကတင်သွင်းသည့် 'ကလေးစစ်သား၊ အဓမ္မစုဆောင်းသည့် အမှုများ' ၂၆ ဖေဖေါ်ဝါရီ ၂ဝဝ၇ မှ ၂၅ ဖေဖေါ်ဝါရီ ၂ဝဝ၈ အထိ ဆိုသည့် အစီရင်ခံစာတွင် ဖေါ်ပြထားသည်။
၁၄ နှစ်အရွယ် မြန်မာယေက်ျားလေးတယောက် လွန်ခဲ့သော အောက်တိုဘာလက အဖြစ်အပျက်ကို အိုင်အယ်လ်အို အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုနေ့က ထိုကလေး ရန်ကုန်ရှိဈေး တဈေးသို့ သွားရောက်ခဲ့သည်။ သူ့အကို ရောင်းချနေသော ဈေးဆိုင်တွင် သွားရောက် ကူညီလုပ်ကိုင်ပေးရန် ဖြစ်သည်။ ထိုမြို့တော်ဟောင်း ရန်ကုန်မြို့၏ လမ်းမများပေါ်တွင် သူ့ကိုစစ်သားများက ရပ်တန့်စေပြီး စစ်ကားတစီးပေါ် တင်ကာ စစ်သား စုဆောင်းရေးရုံးသို့ ခေါ်ဆောင်သွားသည်။
ထိုသို့ တပ်မတော်ဟု ခေါ်သည့် လက်နက်ကိုင်တပ်ဖွဲ့များကို တိုးချဲ့ရန် စစ်သားသစ်များ စုဆောင်းနေရာ၌ ကလေးများ ပါဝင်နေမှုကို သူတို့၏ မှတ်တမ်းမှတ်ရာများတွင် ဖေါ်ပြနိုင်မှုသည် အမှန်စင်စစ် အကင်းမျှသာရှိသည်ဟု အိုင်အယ်လ်အို ကဝန်ခံ ပြောကြားလိုက်ပါသည်။ "ကျနော်တို့ ရရှိနေသော တိုင်တန်းချက်များသည် ပြဿနာ၏ အတိမ်အနက်ကို ရောင်ပြန်ဟပ် ဖေါ်ပြနိုင်ခြင်းမရှိဟု ကျနော်တို့ ယုံကြည်ပါသည်။ ဤတိုင်တန်းချက်များသည် ပြဿနာ၏အကင်းမျှ သာရှိပါသည်" ဟု ရန်ကုန်အိုင်အယ်လ်အိုရုံး ဆက်သွယ်ရေးအရာရှိ စတိဗ်မာရှယ်လ် Steve Marshall က IPS နှင့်တွေ့ဆုံရာတွင် ပြောကြားသွားသည်။
"ပွဲစားအဖြစ် ဆောင်ရွက်နေသူအချို့ ရှိနေသည်ဟု ကျနော်တို့ နားလည်ထားပါသည်။ သူတို့သည် အင်အားသုံး၍သော်‚ လှည့်ဖျား၍သော်‚ ကလေးများကို စစ်သားစုဆောင်းရေးရုံးများသို့ ခေါ်ယူသွားကြသည်။ အစိုးရကို ဤပြဿနာနှင့် စပ်လျဉ်း၍ တိုင်တန်းသည့်အခါ သူတို့က လျင်မြန်စွာအရေးယူ ဆောင်ရွက်ပေးကြပါသည်။ ခေါ်ဆောင်လာသော ကလေးစစ်သားကို ပြန်လွှတ်ပေးပြီး စစ်သားစုဆောင်းရေး အရာရှိတာဝန်ရှိသူကို စစ်စည်းကမ်းနှင့်အညီ အရေးယူပါသည်" ဟု သူက ဆက်လက် ပြောကြားသွားသည်။
သို့သော် လူ့အခွင့်အရေးအုပ်စုများက စစ်အစိုးရက အတင်းအဓမ္မ စစ်သားအဖြစ် စုဆောင်းမှုမရှိပါဟု ပြောဆိုနေသည်များကို ယုံကြည်ပြီး အရူးအလုပ်မခံရစေရန် နိုင်ငံတကာအသိုင်းအဝိုင်းကို သတိပေးသွားပါသည်။ 'ကလေးစစ်သား ရာပေါင်းများစွာကို လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူတို့မိသားစုများ ရှိရာသို့ ပြန်ပို့ပေးခဲ့ကြောင်း' စစ်အစိုးရ၏ သတင်းစာများတွင် ဖေါ်ပြ ရေးသားထားမှုများကို လန်ဒန်အခြေစိုက် ဘားမားကင်ပိန်း ယူကေ က "လုံးလုံးအဓိပ္ပါယ် ကင်းမဲ့ကြောင်း ပြောဆိုပယ်ချ" လိုက်ပါသည်။
ကလေးစစ်သား စုဆောင်းမှုနှင့် ပတ်သက်၍ နိုင်ငံတကာမှ ဝေဖန် ပြစ်တင်သံများကို တုံ့ပြန်သည့်အနေနှင့် ထိုပြဿနာကို ကိုင်တွယ် ဖြေရှင်းရန် အဆင့်မြင့် စစ်အရာရှိကြီးများ ပါဝင်သော အဖွဲ့တခုကို ၂ဝဝ၄ ခုနှစ်တွင်ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့သည်။ သို့သော် အဆိုပါ အသက်မပြည့် သေးသူများအား စစ်သားအဖြစ် စုဆောင်းခြင်းကို ကာကွယ် တားဆီးရေးကော်မီတီမှာ ကလေးအခွင့်အရေးနှင့် အလုပ် သမား အခွင့်အရေးချိုးဖောက်မှုများကို ကာကွယ် ဟန့်တားရေးထက် ကလေးစစ်သားနှင့် စပ်လျဉ်းသည့် အစီရင်ခံစာများကို ရှုံ့ချ ပြစ်တင်ခြင်းဖြင့်သာ ပြီးနေသည်။
စစ်အစိုးရ၏ အဆိုပါ အထူးကော်မီတီသည် တပ်မတော်အတွင်းမှ ကလေးစစ်သားများကို ကယ်ဆယ်ရန် ပျက်ကွက်ခဲ့ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီး HRW က ယင်း၏ နိုဝင်ဘာ ၂ဝဝ၇ တွင်ထုတ်ပြန်သောအစီရင်ခံ စာတွင် အတည်ပြု ဖေါ်ပြထားသည်။ "မြန်မာစစ်တပ် စစ်သားစုဆောင်းရေးအဖွဲ့များသည် အသက် ၁ဝ နှစ်မျှအထိ ငယ်ရွယ်သော ကလေးများကိုပင် ပစ်မှတ်ထားကာ စစ်သားအဖြစ် စုဆောင်းမှုများ ပြုလုပ်နေသည်။ စစ်ထဲမဝင်လျှင် ဖမ်းဆီးခံရမည်၊ ရိုက်နှက်ခံရမည် ဟု ခြိမ်းခြောက်ပြီး စုဆောင်းနေကြသည်" ဟု နယူးယောက်အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ကြီးက ယင်း၏ အစီရင်ခံစာတွင် ဖေါ်ပြခဲ့ပါသည်။
"တခါတရံ ကလေးများကို လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင်ရန် အတင်းအကြပ် စေခိုင်းကြသည်။ ရွာမီးရှို့ခြင်းများ၊ အရပ်သားများကို အဓမ္မ လုပ်အားပေးအဖြစ် ခိုင်းစေခြင်းများတို့ ဖြစ်သည်။ ထွက်ပြေးရန်ကြိုးစားလျှင်သော်, စစ်မြေပြင်မှ စစ်ပြေးအဖြစ် ထွက်ပြေးလျှင်သော်‚ ပြန်လည် ဖမ်းဆီးမိလျှင် ရိုက်နှက်ခံရသည်၊ စစ်တပ်အတွင်း သို့ အတင်းအဓမ္မ ပြန်လည်သွတ်သွင်းခြင်း ခံရသည် သို့တည်းမဟုတ် အကျဉ်းချခံရသည်" ဟု 'စစ်သားအဖြစ် ရောင်းချခံရခြင်း၊ မြန်မာနိုင်ငံအတွင်း ကလေးစစ်သား စုဆောင်းမှုနှင့် အသုံးပြုမှုများ' ဆိုသည့် အဆိုပါ အစီရင်ခံစာ တွင် ဆက်လက် ဖေါ်ပြထားသည်။
ဤအစီရင်ခံစာပါ စိတ်ပျက်ဘွယ်လေသံမှာ HRW ၏ ၂ဝဝ၂ ခုနှစ် အစီရင်ခံစာပါ မြန်မာပြည်တွင်း တိုးများလာနေသော ကလေးစစ်သား အရေအတွက် အကြောင်း ဖေါ်ပြချက်လေသံကို ပဲ့တင်ထပ်ထားခြင်းသာ ဖြစ်သည်။ အဆိုပါ 'ကျနော့် သေနတ်က ကျနော့်အရပ်လောက်ရှိတယ်' ခေါင်းစဉ်ပါ အစီရင်ခံစာတွင် 'မြန်မာနိုင်ငံ၏ ခန့်မှန်းခြေ စုစုပေါင်း စစ်သားအရေအတွက် ၃၅ဝဝဝဝ တွင် ၇ဝဝဝဝ သို့မဟုတ် ထို့ထက် ပိုသောအရေအတွက်မှာ ကလေးစစ်သားများ ဖြစ်ဘွယ်ရှိသည်' ဟု ရေးသား ဖေါ်ပြထားခဲ့သည်။
စစ်သား စုဆောင်းရေးအရာရှိများ၏ ကလေးစစ်သားများ လိုက်လံရှာဖွေစုဆောင်းရာ စားကျက်နယ်မြေသည် လွန်ခဲ့သော ၅ နှစ်အတွင်း အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ ထိုသို့ တာဝန်ပေးခံရသူ စစ်သားများ၊ အရပ်သားများသည် ဈေးများ၊ မီးရထားဘူတာရုံများ၊ ဘတ်စ်ကားဂိတ်များ၊ ကူးတို့ဆိပ်များ၊ လမ်းမများ နှင့် ပွဲတော်များ ကျင်းပရာတို့တွင် ပစ်မှတ်ထားကာ ရှာဖွေကြသည်။ ကလေးစစ်သား စုဆောင်းပေးနိုင်လျှင် ရရှိသည့် ဆုလာဘ်သည် နေရာတနေရာနှင့် တနေရာမတူ ကွဲပြားသည်။ အချို့နေရာတွင် ကလေးစစ်သားတဦး စုဆောင်းနိုင်လျှင် အမေရိကန်ဒေါ်လာ ၂၅ ဒေါ်လာနှင့်ညီမျှ သောငွေကိုရရှိပြီး အချို့နေရာများတွင် ဆန်တအိတ်ရသည်။
စစ်အစိုးရ၏ လေလုံးမိုးလုံးနှင့် အမှန်တကယ် ဖြစ်ပျက်နေသည်တို့၏ ကွာခြားချက်မှာ အတိုင်းသားရှင်းလင်းလှသည် HRW ၏ မြန်မာနိုင်ငံဆိုင်ရာအတိုင်ပင်ခံ ဒေးဗစ်စကော့မက်သီးဆန် David Scott Mathieson က ပြောကြားသွားပါသည်။ "မြန်မာနိုင်ငံစစ်အစိုးရ၏ ဥပဒေများ၊ စည်းမျဉ်းများနှင့် အမှန်တကယ် ဖြစ်ပျက်နေသည် တို့ကြားတွင် ကြီးကြီးမားမား ကွာဟချက်များရှိပါသည်" ဟုသူက ပြောကြားသွားသည်။
"စစ်တပ်အတွင်းသို့ ကလေးစစ်သားများကိုအတင်းအကြပ် စုဆောင်းမှုများ ကျယ်ကျယ်ပြန့်ပြန့်ပင် ရှိနေတယ်" ဟု သူက IPS သတင်းဌာနကို ပြောကြားခဲ့သည်။ "သူတို့ လုပ်နေတာ ကုန်သွယ်ရေးလုပ်ငန်းတခုရဲ့ အစိတ်အပိုင်းတခုလိုဘဲ။ တပ်ရင်းအလိုက် တပ်သားသစ် စုဆောင်းရေးသတ်မှတ်ချက် ကိုယ်တာတွေ ရှိတယ်။ အဲဒါကို ပြည့်မီအောင်လုပ်နိုင်ရင် ဆုပေးတယ်"။
မြန်မာစစ်အစိုးရ၏ တပ်မတော် စစ်အင်အားတိုးချဲ့ရေးအတွက် မြန်မာကလေးငယ်များကို အလုအယက် စုဆောင်းမှုသည် ၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာစစ်တပ်၏ ပေါ်လစီအပြောင်းအလဲ၌ မြစ်ဖျားခံသည်။ ထိုနှစ်တွင် လူထုအုံကြွမှုကြီး ဖြစ်ပွါးခဲ့သည်။ သောင်းနှင့်ချီသော အရပ်သားများ လမ်းမများပေါ်သို့ထွက်၍ ဆန္ဒပြခဲ့ကြသည်။ ၁၉၆၂ ခုနှစ်စစ် အာဏာသိမ်းပြီးကတည်းက အာဏာကို လက်မလွှတ်ခဲ့သည့် စစ်အာဏာရှင်စနစ်ကို စိန်ခေါ်အံတုခဲ့ကြသည်။ ထိုအခါ စစ်တပ်က အုံကြွမှုကြီးကို ကျည်ဆံများဖြင့် တုံ့ပြန်ခဲ့သဖြင့် လက်နက်မဲ့ ဆန္ဒပြသူ ၃ဝဝဝ ခန့် သေဆုံးခဲ့ရသည်။
မကြာမီပင် ယခင်က အရွယ်အစားအားဖြင့်သိပ်မကြီးဘဲ ကျစ်လျစ်သည့်တပ်မတော်၊ ကလေးစစ်သားအသုံးပြုမှု ရာဇဝင် မရှိခဲ့သည့်တပ်မတော်ကို စစ်အာဏာ တည်မြဲရေးအတွက် အကြီးအကျယ် တိုးချဲ့ရန် အမိန့်ပေးခဲ့သည်။ သို့ဖြင့် ယခင်က ၁၈ဝဝဝဝ မျှသာ အရေအတွက်ရှိသော စစ်တပ်ကို (အနိမ့်ဆုံးအားဖြင့်စာရွက်ပေါ်တွင်) လက်ရှိ အင်အား ၄ သိန်း အထိ တိုးချဲ့ခဲ့သည်။
မြန်မာ့စစ်ရေး အကဲခတ်များက ထောက်ပြသလိုပင် နယ်စပ်၌ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် တိုက်ခိုက်နေရသည့်အတွက် ဆုံးရှုံးနေရသော ပြုန်းတီးအင်အားအပြင် စစ်တပ်အတွင်း၌ စစ်ပြေးအရေအတွက် အလွန်များပြားနေသည်ဟု ဆိုသည်။ "မြောက်ပိုင်းတိုင်းမှူးရဲ့ အစီရင်ခံစာအရ ၂ဝဝ၆ ခုနှစ် လေးလပတ်အတွင်း စစ်ပြေးများမှာ တပ်မတခုစာပင် ရှိခဲ့သည်" ဟု ထိုင်းနိုင်ငံမြောက်ပိုင်း Payap တက္ကသိုလ်၏ ကထိက တဦးဖြစ်သော ဦးဝင်းမင်း က အင်တာဗျူးတခုတွင် ပြောကြားသွားခဲ့ပါသည်။ "ဒါဟာ သူတို့ရဲ့ တပ်ရင်း ဖွဲ့စည်းပုံတွေအရ အင်အား ၃ဝဝဝ ကျော် ပါတယ်" ဟုသူက ဆိုလိုက်သည်။
ယခင်နှစ်များက အခြေအနေမှာ ယခုထက်ပင် ဆိုးရွားခဲ့သည်။ ၂ဝဝ၅ ခုနှစ် လေးလပတ်အတွင်း တနိုင်ငံလုံးတွင် စစ်ပြေး စုစုပေါင်း ၄၇ဝ၁ ဦးရှိခဲ့သည် ဟု ဦးဝင်းမင်းက ဖြည့်စွက် ပြောကြားသွားပါသည်။ "ကျနော့် ခန့်မှန်း တွက်ဆချက်အရ လွန်ခဲ့တဲ့နှစ်ကုန်မှာ အခြေအနေက ဒီထက် ပိုဆိုးနိုင်ပါတယ်။ ၂ဝဝ၇ ခုနှစ်အတွင်း စစ်ပြေးအရေအတွက် စုစုပေါင်း က ၁၅ဝဝဝ ခန့်ရှိနိုင်ပါတယ်" ။
သို့သော် လွန်ခဲ့သော စက်တင်ဘာလတွင် ဖြစ်ပွါးခဲ့သော လူအများ ကြည်ညိုလေးစားသည့် သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများတွင် သံဃာတော်များကို ပစ်သတ်ရန် အမိန့်ပေးခံခဲ့ရပြီးနောက် တပ်သားမည်မျှ စစ်စခန်းများကို စွန့်ခွါ ထွက်ပြေးခဲ့ကြသည်ကိုမူ မသိနိုင်သေးပါဟု သူက ထုတ်ဖေါ် ပြောဆိုသွားပါသည်။ "ဒါတွေက နောက်တကြိမ် ၄ လပတ် အစည်းအဝေးမှာ တပ်မှူးတွေ လာတဲ့အခါ သိမှာဘဲ၊ အခုတော့ ဒီအစည်းအဝေးတွေက ပြီးခဲ့တဲ့ မေလ ထဲက မလုပ်ဖြစ်သေးတာ"။

No comments: