ဖနိဒါ
ချင်းမိုင်။ ။ မြစ်ကြီးနားထောင်တွင် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အမရပူရမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်သည် ကျန်းမာရေး ဆိုးရွားနေသော်လည်း ဆေးကုသခွင့်မရဘဲ ဖြစ်နေသည်။
မန္တလေးတိုင်း အမရပူရမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်သည် မြစ်ကြီးနားထောင်အတွင်း လိပ်ခေါင်းရောဂါနှင့် အစာအိမ်ရောဂါများ အပြင်းအထန် ခံစားနေရသော်လည်း ဆေးဝါးကုသမှု မပေးကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများက ပြောဆိုကြခြင်း ဖြစ်သည်။
လွန်ခဲ့သည့် ၂ နှစ်ခန့်ကတည်းက အစာအိမ်ရောဂါ ဖြစ်ခဲ့ကြောင်းနှင့် လိပ်ခေါင်း ရောဂါသည်လည်း လွန်ခဲ့သည့် ၆ လကတည်းက ခွဲစိတ်ကုသရန် လိုအပ်နေသည်ဟု ထောင်တွင်း အထူးကုဆရာဝန်က ပြောဆိုခဲ့သော်လည်း ကုသခွင့်မရဘဲ ဖြစ်နေသည်။
ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) အေအေပီပီ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်ကလည်း ဒေါက်တာ ဇော်မြင့်မောင်၏ ရောဂါ အခြေအနေသည် ခွဲစိတ်ကုသရန် လိုအပ်နေသည်ဟု ပြောသည်။
သူက “ခွဲစိပ်ကုသရမယ့် အခြေအနေ ဖြစ်နေတယ်။ ပြီးခဲ့သည့်လက ဆရာဝန်ကရော၊ ထောင်အာဏာပိုင်တွေကရော သူ့ကို ခွဲစိပ်ကုသဖို့ ဆိုပြီး သဘောတူထားပြီးသား ဖြစ်တယ်။ အဲဒါက ပြီးခဲ့သည့်လက သဘောတူထားပြီးသား ဖြစ်တယ်။ အခုချိန်ထိ ကုသခွင့် မရသေးဘူး။ သူ့ကျန်းမာရေး အခြေအနေက ထမင်းတောင်မှ အခုအချိန် ၉ ဇွန်းလောက်ပဲ စားနိုင်တဲ့ အနေအထားမျိုး ရှိတယ်။ ဒီ့ထက်ပိုစားရင် အောင့်လာတာတို့ ဖြစ်နေတယ်” ဟု ပြောသည်။
မိသားစုဝင်များက ခွဲစိတ်ရန် သက်ဆိုင်ရာဌာနများသို့ တင်ပြထားသော်လည်း ကုသခွင့်ကို တိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့်က ခွင့်မပြုသဖြင့် ယခုတိုင် ထောင်တွင်း၌ ရှိနေဆဲ ဖြစ်သည်ဟု ကိုဘိုကြည်က ပြောသည်။
သူက ဆက်ပြီး “နအဖ က လူတယောက်ကို ဖမ်းထားပြီးလို့ရှိရင် ကျန်းမာရေးအရ စောင့်ရှောက်ရမယ့် တာဝန် အပြည့်ရှိတယ်။ အဲဒီတာဝန်ကို မယူပေးနဲ့ ဆေးဝါးကုသမှု မပေးဘူးဆိုတာက သူ့ကို ညှဉ်းဆဲနေသလို ဖြစ်တယ်။ နိုင်ငံရေးလုပ်လို့ မင်းတို့ လုပ်ရချည်လား ဆိုပြီးတော့ အမုန်းတရားနဲ့ နှိပ်စက်နေသလို ဖြစ်နေတယ်။ ဒါဟာ မလုပ်သင့်ဘူး။ အင်မတန်မှ ရက်စက်တဲ့ ကိစ္စဖြစ်နေတယ်” ဟု ပြောသည်။
ဒေါက်တာဇော်မြင့်မောင် သည် ၁၉၉ဝ ခုနှစ် နိုဝင်ဘာလတွင် စင်ပြိုင်အစိုးရ ဖွဲ့စည်းရန် ကြံစည်သည်ဟု ဆိုကာ ဖမ်းဆီးခံခဲ့ရပြီး ၁၉၉၁ ခုနှစ် ဧပြီလအတွင်း နိုင်ငံတော် ပုန်ကန်မှုဖြင့် ၂၅ နှစ် ပြစ်ဒဏ် ကျခံခဲ့ရသည်။ ထို့နောက် ၁၉၉၇ ခုနှစ်တွင် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးထံ ထောင်တွင်း ချိုးဖောက်မှုများကို တင်ပြခြင်းကြောင့် ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ်ပေးခံရကာ စုစုပေါင်း ထောင်ဒဏ် ၃၇ နှစ် ကျခံနေရသူ ဖြစ်သည်။
အလားတူပင် ပြီးခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးနှင့် ပတ်သက်၍ လူထု အထိတ်တလန့် ဖြစ်စေမှု၊ လူထုဆူပူမှု ဖြစ်စေရန် လှုံ့ဆော်မှု - ပုဒ်မ ၅ဝ၅ (ခ) ဖြင့် မြစ်ကြီးနားထောင်တွင် ထောင်ဒဏ် ၂ နှစ်စီ ကျခံနေရသော မြစ်ကြီးနား အန်အယ်ဒီ အဖွဲ့ဝင် ဦးနေဝင်း၊ ဦးဖေစိန်နှင့် ဦးကျော်မောင်တို့အနက် ဦးနေဝင်းသည် ယခုရက်ပိုင်းအတွင်း သွေးတိုးရောဂါ ဆိုးရွားနေသော်လည်း ဆေးကုခွင့် မပေးကြောင်း ပြီးခဲ့သည့်လ ၂၇ ရက်နေ့က ထောင်ဝင်စာ သွားတွေ့ခဲ့သည့် မိသားစုဝင်နှင့် နီးစပ်သူတဦးက ပြောသည်။
“ထောင်ဝင်စာ သွားတွေ့တော့ သွေးတိုးတွေ တက်တာ။ အောက်သွေးက ၁ဝဝ ၊ အပေါ်သွေး ၁၆ဝ ဆိုတော့လေ စိုးရိမ်နေရတယ်။ အများကြီးပဲလေ။ အဲဒါ စိုးရိမ်နေရတာပေါ့နော်” ဟု သူက ပြောသည်။
Tuesday, March 4, 2008
ထောင်ကျခံ အမတ် ကို ဆေးကုမပေး
Posted by Ko Myint Maung at Tuesday, March 04, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment