Thursday, March 6, 2008

မလေးရှားရောက် မြန်မာများ ဆန္ဒခံယူပွဲ ဆန့်ကျင်လက်မှတ်ထိုး

မဇ္ဈိမသတင်းဌာန
မြင့်မောင်
ချင်းမိုင်။ ။ မလေးရှားရောက် မြန်မာနိုင်ငံသားများက မေလတွင် နအဖ က ကျင်းပမည့် လူထုဆန္ဒ ခံယူပွဲအပေါ် ကန့်ကွက်သည့် လက်မှတ်ရေးထိုး လှုပ်ရှားမှုကို ယနေ့ စတင်လိုက်သည်။
လက်မှတ်ရေးထိုး လှုပ်ရှားမှုကို မြို့တော် ကွာလာလမ်ပူရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD (လွတ်မြောက်နယ်မြေ) မလေးရှား ဌာနခွဲရုံးမှ စတင်လိုက်ရာတွင် မလေးရှားရောက် မြန်မာနိုင်ငံသား ၈ဝ ဦးက ရုံးသို့ လာရောက်ကာ လက်မှတ်များ ရေးထိုးခဲ့ပြီ ဖြစ်သည်။
“အားသက်သရောပဲ လက်မှတ်ထိုးတဲ့သူတွေ။ အလုပ်မအားကြတဲ့ ကြားထဲကနေ လာပြီးတော့ လက်မှတ် လာထိုးကြတယ်။ ဒီနေ့ကစတာ မေလ ၃ဝ ရက်နေ့အထိ ဆက်လက် လုပ်သွားမယ်။ စုစုပေါင်းအယောက် ၈ဝ ရဲ့ လက်မှတ်ရထားတယ်” ဟု အဖွဲ့ သတင်းနှင့် ပြန်ကြားရေးဌာနမှ ကိုခင်မောင်ဝင်းက ပြောသည်။
ယခုလို ဆန္ဒမဲပေးပွဲအား ဆန့်ကျင်ကန့်ကွက် ရခြင်းသည် စစ်အာဏာရှင်တို့ စိတ်ကြိုက် ကိုယ်စားလှယ်များဖြင့် ကျင်းပခဲ့သည့် ညောင်နှစ်ပင် ညီလာခံနှင့် စစ်အုပ်စုအလိုကျ ရေးဆွဲထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်သည့်အတွက် ဆန့်ကျင် ကန့်ကွက်ရခြင်း ဖြစ်သည်ဟု NLD (လွတ်မြောက်နယ်မြေ) မလေးရှားဌာနခွဲမှ ဥက္ကဋ္ဌ ကိုကျော်ကျော်က မဇ္ဈိမကို ပြောသည်။
သူက “စစ်အာဏာရှင်တွေကို ရာသက်ပန် တရားဝင် ရပ်တည်ခွင့် ပေးထားပြီး ကျနော်တို့ တိုင်းရင်းသား ပြည်သူတွေအပေါ် မတရား ဖိနှိပ်ညှဉ်းပမ်းနိုင်မယ့် စစ်ကျွန်ဘဝကို တွန်းပို့ထားတယ်။ ကျနော်တို့ နိုင်ငံသားတိုင်းရဲ့ အနာဂတ် ကံကြမ္မာကို ဖန်တီးပေးမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို နအဖ က ပြဋ္ဌာန်း စီရင်တာဟာ ကျနော်တို့ ပြည်သူတွေကို မတရား ဗိုလ်ကျအနိုင်ကျင့် စော်ကားခြင်း ဖြစ်တယ်” ဟု ပြောသည်။
တရားဝင် ပြည်ဝင်ခွင့်လက်မှတ် ကိုင်ဆောင်ထားသည့် လက်မှတ်ရေးထိုးသူ တဦးက “ကျနော်တို့ အခုလို ကန့်ကွက်လိုက်တဲ့အတွက် ကျနော်တို့အနေနဲ့ အဆိုးဆုံးကို တွက်ထားမှ ရမယ်။ တကယ်လို့ ဆိုးသွားမယ် ဆိုလို့ရှိရင် အဲဒီအတွက်လည်း အဆင်သင့် ဖြစ်ရမယ်လေ။ ကိုယ့်တမျိုးသားလုံး စစ်ကျွန်ဘဝက လွတ်မြောက်အောင်လို့ ကြိုးစားတဲ့နေရာမှာ ဒါက လမ်းပြကြယ် တခုအနေနဲ့ ကြိုးစားသွားမယ်လို့ ထင်တာပဲ။ အဲဒီလို ကြိုးစားသွားလို့ ဆိုးသည် ဖြစ်စေ၊ ကောင်းသည် ဖြစ်စေ ခံစားလာရမယ့် အဆိုးအကောင်းတွေအတွက် အဆင်သင့်ပဲ” ဟု ပြောသည်။
ကောက်ခံရရှိသည့် လက်မှတ်များကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီနှင့် အာဆီယံနိုင်ငံ အသီးသီးသို့ ပေးပို့သွားမည် ဖြစ်သည်။
လက်မှတ်ရေးထိုးသူကပင် ဆက်ပြီး “ပြည်ပရောက်နေတဲ့ သူတွေကို တရားဝင်၊ တရားမဝင် သူတို့က ခွဲခြားတာပေါ့။ သူတို့က ပြည်သူလူထုကို ခုတုံးလုပ်တဲ့အပေါ်ကို ကျနော်တို့က ဖော်ပြလိုက်သလိုမျိုး ယူဆတယ်။ လမ်းပြကြယ် မဟုတ်ရင်တောင် အတတ်နိုင်ဆုံး ကြိုးစားသွားမယ်။ နောက်ကလူတွေ ပါလာလို့ အဲဒီ အဆိုးတွေကို ခံစားရရင်လည်း ကျနော့်အနေနဲ့ ကျေကျေနပ်နပ် ခံယူသွားမှာပါ” ဟု ပြောသည်။
မလေးရှားနိုင်ငံတွင် နိုင်ငံကူးလက်မှတ်နှင့် တရားဝင် နေထိုင်သူ မြန်မာနိုင်ငံသား ၂ သိန်းခန့် ရှိသည့်အပြင်၊ တရားမဝင် ရွှေ့ပြောင်းလုပ်သားပေါင်း ၃ သိန်းခန့် ရှိကြောင်းနှင့် မလေးရှားရှိ အခြား မြို့နယ်ဒေသများတွင်လည်း လက်မှတ်ရေးထိုးမှုကို NLD အဖွဲ့ဝင်များက ဦးဆောင်ကာ တိုးချဲ့ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ကိုကျော်ကျော်က ပြောသည်။

No comments: