Saturday, March 8, 2008

မစ္စတာ ဂမ်ဘာရီနှင့် ဒီချုပ်ခေါင်းဆောင်များ မနက်ဖြန် တွေ့ဆုံမည်

နေသွင်
ချင်းမိုင်။ ။ ရန်ကုန်သို့ ရောက်နေပြီဖြစ်သော ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များနှင့် မနက်ဖြန်တွင် တွေ့ဆုံမည် ဖြစ်သည်။
မည်သည့်အချိန်တွင် တွေ့ဆုံမည်ကို အတိအကျ မသိရသော်လည်း မနက်ဖြန်တွင် အဖွဲ့ချုပ်ခေါင်းဆောင်များနှင့် မစ္စတာ ဂမ်ဘာရီတို့ တွေ့ဆုံခွင့် ပေးမည်ဖြစ်ကြောင်း အာဏာပိုင်များဘက်မှ တရားဝင် အကြောင်းကြားထားသည်ဟု ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
"တခုပြောနိုင်တာက အချိန်အတိအကျတော့ ကျနော်တို့ မသိဘူး။ မနက်ဖြန်မှ တွေ့ရမယ်။ ကျန်တဲ့လူတွေတော့ ကျနော် မသိဘူး။ အန်အယ်ဒီနဲ့ ပြောတာ။ ဒီထက်တော့ ကျနော်တို့ သိခွင့်မရှိပါဘူး" ဟု ဦးဉာဏ်ဝင်းက ပြောသည်။
မနက်ဖြန် တွေ့ဆုံပွဲတွင် အဖွဲ့ချုပ်ခေါင်းဆောင်များအပြင် ပါတီအထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ တွေ့ဆုံမည်၊ မတွေ့ဆုံမည်ကိုမူ မသိနိုင်သေးကြောင်း ဦးဉာဏ်ဝင်းက ဖြည့်စွက်ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ ဗဟိုအလုပ်အမှုဆောင် ဦးညွန့်ဝေနှင့် ကုလသမဂ္ဂ သံတမန် မစ္စတာဂမ်ဘာရီတို့သည် ပြီးခဲ့သည့်နှစ်၊ နိုဝင်ဘာလအတွင်းက စစ်အစိုးရရုံးစိုက်ရာ နေပြည်တော်တွင် နောက်ဆုံး တွေ့ဆုံခဲ့သေးသည်။
ယမန်နေ့ကတည်းက ရန်ကုန်မြို့သို့ ရောက်ရှိလာသော ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီသည် ယခုအချိန်အထိ စစ်အစိုးရအဖွဲ့မှ အလယ်အလတ်အဆင့် ဝန်ကြီး ၂ ဦးနှင့် တွေ့ဆုံခဲ့ပြီး ခရီးစဉ်အတွင်း အဓိကကျသည့် တွေ့ဆုံလိုသူများနှင့် တွေ့ဆုံခွင့်ရရေးအတွက် ဆက်လက် ကြိုးပမ်းသွားမည်ဟု မျှော်လင့်ရသည်။
မြန်မာ့နိုင်ငံရေး ပြဿနာ ပြေလည်ရေးအတွက် ကြားဝင်ဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်း ခံထားရသော ကုလသမဂ္ဂ ကိုယ်စားလှယ်သည် ယမန်နေ့က ခရီးရောက်မဆိုက်တွင် စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ ကုလသမဂ္ဂရုံး ကိုယ်စားလှယ်များ၊ နိုင်ငံခြားသံတမန်များ၊ ရန်ကုန်အခြေစိုက် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (အိုင်စီအာစီ) မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။
ယနေ့နံနက် အစောပိုင်းကလည်း စစ်အစိုးရ ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ကျော်ဆန်းနှင့် နာရီအတန်ကြာ တွေ့ဆုံခဲ့သလို ညနေပိုင်းတွင် အသစ်စက်စက် ခန့်အပ်ခံထားရသော လူထုဆန္ဒခံယူပွဲ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်တိုးနှင့်လည်း တွေ့ဆုံမည်ဟု ရန်ကုန်မှ ဝင်ရောက်လာသော သတင်းများက ဆိုသည်။
နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်မှ နောက်ဆုံးထုတ်ပြန်သော သတင်းအရ မစ္စတာဂမ်ဘာရီသည် ယခု ရက်ပိုင်းအတွင်း ယခင်ခရီးစဉ်များအတွင်းက တွေ့ဆုံခဲ့ခြင်း မရှိသော ပုဂ္ဂိုလ်များ အပါအဝင် အလွှာအသီးသီးမှ ကိုယ်စားလှယ်များနှင့် ကျယ်ပြန့်စွာ တွေ့ဆုံသွားမည်ဟု ဖော်ပြထားသည်။
သူ၏ ယခင် ခရီးစဉ်များအတွင်းက အများဆုံး ၆ ရက်ကြာ မြန်မာပြည်တွင် နေထိုင်သွားခဲ့သော မစ္စတာဂမ်ဘာရီ သည် ယခုတကြိမ်တွင် လိုအပ်သလို နေထိုင်သွားမည်ဟုလည်း ကုလသမဂ္ဂက ဆိုသည်။
မစ္စတာဂမ်ဘာရီသည် ပြီးခဲ့သည်နှစ် နိုဝင်ဘာခရီးစဉ်အတွင်း နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့်မရဘဲ ယခုခရီးစဉ်၌လည်း တွေ့ဆုံခွင့် ရ၊ မရ မရေမရာ ဖြစ်နေသည်။
မစ္စတာ ဂမ်ဘာရီ၏ ခရီးစဉ်သည် နေပြည်တော်တွင် နအဖ ထိပ်တန်းခေါင်းဆောင်များ၊ ဒေသဆိုင်ရာ စစ်တိုင်းမှူးများနှင့် သူတို့၏ ဇနီးများပါ အစုံအညီ တက်ရောက်နေသော အစည်းအဝေးနှင့်လည်း တိုက်ဆိုင်နေသည်။
လေ့လာသုံးသပ်သူများက မစ္စတာဂမ်ဘာရီ၏ ယခုခရီးစဉ်အတွင်း သိသာသော တိုးတက်မှုများ မျှော်လင့်မထားကြဘဲ စစ်အစိုးရ၏ လမ်းပြမြေပုံကိုသာ လက်သင့်ခံပြီး နောက်ကြောင်း ပြန်လှည့်ရမည့် ခရီးစဉ်အဖြစ် တွက်ဆထားကြသည်။
ယခုခရီးစဉ်မတိုင်မီ မစ္စတာဂမ်ဘာရီက သူ၏ ယခုခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပေးသည့် ကိစ္စအပေါ် အဓိကထား ဆွေးနွေးသွားမည်ဟု ပြောဆိုထားသည်။
စစ်အစိုးရသည် ပြီးခဲ့သည်လအတွင်း လာမည့် မေလတွင် လူထုဆန္ဒခံယူပွဲကျင်းပရန်နှင့် ၂ဝ၁ဝ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာထားပြီး လူထုဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်တရပ်ကိုလည်း သူတို့ စိတ်ကြိုက် ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားပြီး ဖြစ်သည်။
ဤအတောအတွင်း ၁၉၉ဝ ခုနှစ်ရွေးကောက်ပွဲတွင် ရွေးကောက်ခံခဲ့ရသော လွှတ်တော်ကိုယ်စားလှယ်များက မစ္စတာ ဂမ်ဘာရီ၏ ခရီးစဉ်အတွင်း တွေ့ဆုံလိုကြောင်း ကုလသမဂ္ဂထံ ဒုတိယအကြိမ် စာပို့ထားသည်။
သံတမန်သတင်းရပ်ကွက်ကို ကိုးကားပြီး အတည်မပြုနိုင်သေးသော သတင်းများအရ မစ္စတာဂမ်ဘာရီသည် တနင်္ဂနွေနေ့တွင် သူ၏ခရီးစဉ်ကို အဆုံးသတ်ဖွယ်ရှိသည်ဟု သိရသည်။
အီဗရာဟင် ဂမ်ဘာရီသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ၂ဝဝ၆ ခုနှစ်ကတည်းက ခန့်အပ်ခံထားရပြီး ယခုအကြိမ်နှင့်ဆိုလျှင် မြန်မာပြည်သို့ ၅ ကြိမ်မြောက် လာရောက်ခြင်းဖြစ်သည်။
သူသည် မြန်မာ့အရေး တိုးတက်ဖြစ်ထွန်းစေရန် ကြိုးပမ်းနေမှုတွင် ဒေသတွင်း နိုင်ငံများ၏ ထောက်ခံအားပေးမှု ရရှိရန်အတွက် ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း ဒေသတွင်း နိုင်ငံများဖြစ်သော တရုတ်၊ ဂျပန်၊ စင်ကာပူနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ဇန်နဝါရီလနှောင်းပိုင်းက အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သေးသည်။

No comments: