Thursday, March 6, 2008

ဆန္ဒခံယူပွဲ ကန့်ကွက်စာများဖြင့် အမရပူရမှာ လှုံ့ဆော်

မဇ္ဈိမသတင်းဌာန
မြင့်မောင်
နယူးဒေလီ။ ။ မန္တလေးတိုင်း အမရပူရ မြို့နယ်တွင် လူထုဆန္ဒ ခံယူပွဲအပေါ် ဆန့်ကျင် ကန့်ကွက်စာများနှင့် မြန်မာပြည် လွတ်မြောက်ရေး လှုံ့ဆော်စာများ ယခုလ ၂ ရက်နေ့က စ၍ ဒေသခံများ မြင်တွေ့နေရသည်။
လက်တဝါးခန့်ရှိ အနီရောင်ဆေးများဖြင့် “Free Burma”၊ “Free Aung San Suu Kyi"၊ " Free Dr. Zaw Myint Maung” (နှစ်ရှည်ထောင်ဒဏ် ကျနေသူ အမရပူရ မြို့နယ် လွှတ်တော် ကိုယ်စားလှယ်) စာတမ်းများကို မှုတ်ဆေးနှင့် ရေးထားသလို မေလတွင် ကျင်းပမည့် နအဖ လူထုဆန္ဒ ခံယူပွဲကို ဆန့်ကျင်ကန့်ကွက်သည့် A4 side အရွယ်ထက် သေးငယ်သည့် စာရွက်များကို လေးစုရပ်ကွက်ရှိ အထကကျောင်းရှေ့၊ တောင်သမန် တံတား၊ ကျောက်လမ်းမကြီးနှင့် အခြားနေရာများတွင် လိုက်ကပ်ထားခြင်းဖြစ်သည်။
“ရေးထားတာက ၄၆ နှစ်ကြာအောင် အုပ်ချုပ်ခဲ့တဲ့ စစ်ကျွန်ဘဝကနေ ပြီးတော့ လွတ်မြောက်အောင် သားစဉ်မြေးဆက် လွတ်မြောက်ဖို့ အတွက် လက်ရှိ နအဖရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လုံးဝမထောက်ခံဖို့ အတွက် ရေးထားတယ်” ဟု မျက်မြင်တွေ့ရှိသူ အမျိုးသမီးတဦးက မဇ္ဈိမကို ပြောသည်။
နောက်တဦးကလည်း “ ၃ ရက်နေ့ မနက်ပိုင်းမှာ တွေ့တာပေါ့။ ဒန်အိုးဆိုင် ကနေပြီးတော့ တောင်သမန် တံတား အစအဆုံးအထိ စာတွေ ကပ်ထားတာပေါ့နော်။ အမရပူရ တမြို့လုံးနီးပါး စာရွက်စာတမ်းများ ကပ်ထားတယ်လို့လည်း ပြောကြတယ်” ဟု ပြောသည်။
၃ ရက်နေ့ နံနက်တွင်ပင် အဆိုပါ ကပ်ထားသည့် စာရွက်များကို ရဲအမှုထမ်းတဦးနှင့် ကြံ့ခိုင်ဖွံ့ရေး အသင်းသား ၃ ဦးတို့သည် ဆိုင်ကယ်နှစ်စီးနှင့် လိုက်လံ ခွာယူသလို မှုတ်ဆေးစာတမ်းများ အပေါ်တွင်လည်း ထုံးသုတ်သွားကြသည်။
ဒုတိယပုဂ္ဂိုလ်က “သူတို့တွေက မှုတ်ဆေးနဲ့ မှုတ်ထားတဲ့ ဟာတွေကို ထုံးတွေနဲ့ သုတ်ထားပေမယ့် Free Burma ဆိုတဲ့ စာတမ်းကို မှုန်ဝါးဝါး မြင်နေ ရပါတယ်။ မှုတ်ဆေးနဲ့ ရေးထားတာကတော့ ၂ ရက် ၃ လ ၂ဝဝ၈ ဆိုတာ ရေးထားတာပေါ့” ဟု ပြောသည်။
အထကကျောင်းရှေ့တွင်မူ ဒေါ်အောင်ဆန်းစုကြည် ခမောက်စောင်းထားသည့် အဖြူအမဲ ဓာတ်ပုံကို ပြက္ခဒိန် အရွယ်ခန့် စာရွက်ပေါ်တွင် ရိုက်နှိပ်ထားကာ ကျောင်းတံခါးမကြီး နှစ်ဘက်စလုံးတွင် ကပ်ထားရာမှ ပြန်ဖြုတ်သွားသည်။

No comments: