Tuesday, March 4, 2008

ပြည်ပရောက်မြန်မာများ နအဖ လူထုဆန္ဒ ခံယူပွဲကို ဆန့်ကျင်နေ

မဇ္ဈိမသတင်းဌာန
သန်းထိုက်ဦး ၊ မြင့်မောင်
ချင်းမိုင်။ ။ နအဖ ဆန္ဒခံယူပွဲအား ဆန့်ကျင်သည့် လက်မှတ်ရေးထိုး လှုပ်ရှားမှုတရပ်ကို စင်္ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများက ယခုလ ၁ ရက်နေ့မှ စတင်ခဲ့ရာ လက်မှတ်ပေါင်း ၁ဝဝဝ ကျော် ရရှိနေပြီ ဖြစ်သည်။
လာမည့်မေလတွင် ကျင်းပမည့် နအဖ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုရေး ပြည်သူ့ဆန္ဒ ခံယူပွဲအား ဆန့်ကျင်လက်မှတ် ရေးထိုးကာ ကုလသမဂ္ဂသို့ ပေးပို့မည့် လက်မှတ်ထိုး လှုပ်ရှားမှုကို စင်္ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများ အကြား ပြီးခဲ့တဲ့ စနေနေ့မှာ စတင်ခဲ့ရာတွင် ယခုအချိန်အထိ လက်မှတ် ၁ဝဝဝ ကျော် ကောက်ခံရရှိနေပြီဟု Signature Campaign တာဝန်ရှိသူများက ပြောဆိုခြင်း ဖြစ်သည်။
“လူဦးရေ တော်တော်များများကို ရပြီးတော့မှ ပို့မှာပါ။ Signature Campaign နဲ့ ပတ်သက်ပြီးတော့ ၁၆ ရက်နေ့မှာ ဘုန်းကြီးကျောင်းမှာ ပွဲတခု လုပ်မှာပါ။ အခုကောက်ခံရတဲ့ လူဦးရေကတော့ ၁ဝဝဝ ကျော် ရှိနေပါပြီ။ ဆန္ဒခံယူပွဲနှင့် ပတ်သက်ပြီး ဆန့်ကျင်တဲ့ Signature Campaign ကို ဆက်လုပ်သွားမယ်” ဟု တာဝန်ရှိသူ တဦးဖြစ်သူ ကိုစိုးထွန်းက ပြောသည်။
နအဖ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံသည့်အတွက် ဥပဒေ အတည်ပြုရေး လူထုဆန္ဒ ခံယူပွဲအား သပိတ်မှောက်ခြင်း ဖြစ်ပြီး၊ လက်မှတ်ရေးထိုးသူများ၏ လုံခြုံရေးအတွက် လက်မှတ်များကို စင်္ကာပူရှိ မြန်မာသံရုံးသို့ ပေးပို့မည့် အစီအစဉ် မရှိဘဲ ကုလသမဂ္ဂရုံးသို့သာ ပေးပို့သွားမည်ဟု လှုပ်ရှား ဆောင်ရွက်သူများက ပြောသည်။
ကိုစိုးထွန်းက “သူတို့ (နအဖ) ဟာ ယုံကြည်ရသူတွေလည်း မဟုတ်ဘူး။ အာဏာရပါတီလည်း မဟုတ်တဲ့အတွက် အသိအမှတ် ပြုစရာလည်း မရှိဘူး။ အာဏာကို မတရား သိမ်းပိုက်ထားတဲ့အတွက် မဲပေးစရာလည်း မလိုဘူးလို့ ကျနော်တို့က ခံယူထားတယ်။ အခြေခံဥပဒေကို မဖြစ်စေချင်တာ အမှန်ပဲ။ ဖြစ်သင့်တဲ့ အကြောင်းကိစ္စ မဟုတ်ဘူးလေ။ သူတို့ကို မဲသွားပေးတယ် ဆိုရင်လည်း သူတို့ရေးထားတဲ့ ဥပဒေကို ထောက်ခံသလို ဖြစ်နေမယ်။ ၁၉၉ဝ ရလဒ်ကို လက်မခံတဲ့ သဘောထား သက်ရောက်သွားလိမ့်မယ်” ဟု ပြောသည်။
နအဖ စစ်အစိုးရက ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) ကို အတည်ပြုမည့် လူထုဆန္ဒ ခံယူပွဲကို လာမည့် မေလတွင် ကျင်းပမည့် အကြောင်းနှင့် ၂ဝ၁ဝ ခုနှစ်တွင် ဖွဲ့စည်းပုံနှင့်အညီ ရွေးကောက်ပွဲသစ်တရပ် ကျင်းပသွားမည်ဟု ယခုလ ၉ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့သည်။
စင်္ကာပူတွင် မြန်မာနိုင်ငံသားပေါင်း ၃ သောင်းမှ ၅ သောင်းအကြား ရောက်ရှိကာ လုပ်ငန်းအမျိုးမျိုးတွင် ဝင်ရောက် လုပ်ကိုင်နေကြပြီး မြန်မာပြည်မှ တရားဝင် ထွက်ခွါလာသော ပြည်ပရောက် မြန်မာနိုင်ငံသား အနေနှင့် အဝေးရောက် မဲပေးရမည်ဟု နအဖ က ကြေညာထားသည်။
လက်မှတ် ကောက်ခံနေသူ တဦးဖြစ်သူ ကိုကျော်စိုးက “ပြည်သူလူထုက အားတက်သရော ရှိပါတယ်။ အခုကျမှ စိတ်ဝင်စားတဲ့ သဘောရှိတယ်။ အခြေခံဥပဒေတွေရဲ့ အချက်တွေက ဘာတွေလဲ၊ ကျနော်တို့က ဘာမှမသိဘူး။ မဲထည့်ရမယ်၊ မဲထည့်ရမယ် ဆိုတာတွေ ရှိတယ်။ ဘယ်လိုပုံစံနဲ့ မဲထည့်ရမှာလဲ။ လူတွေကို ပထမဆုံး နားလည်နိုင်မယ့် ပထမဆုံး ပွင့်ပွင့်လင်းလင်း ရှင်းပြနိုင်တယ်။ အားတက်သရော လက်မှတ်တွေ ရေးထိုးကြတာပေါ့” ဟု ပြောသည်။
Signature Campaign ကို http://aungsayarpyi.blogspot.com အင်တာနက်ပေါ်တင် တင်ထားပြီး စာမျက်နှာကို ဆွဲယူကာ ပေးပို့နိုင်ကြောင်းနှင့် လာမည့် ၁၆ ရက်မတိုင်မီ လက်မှတ်ပေါင်း ထောင်ချီရရှိမည်ဟု မျှော်လင့်ထားကြောင်း လှုပ်ရှားသူများက ပြောသည်။
ထိုင်းနိုင်ငံ မဲဆောက်မြို့တွင်လည်း ရွှေ့ပြောင်း အလုပ်သမားများကြား နအဖ စစ်အစိုးရ၏ အခြေခံဥပဒေ မူကြမ်းကို မိမိဆန္ဒဖြင့် ကြိုတင် ကန့်ကွက်မဲ ပေးကြောင်း လက်မှတ် ရေးထိုးထားသည့် သဘောထားများကို စုပေါင်းပြီး ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးထံ ပေးပို့သွားမည့် လှုပ်ရှားမှုကို မြန်မာနိုင်ငံ အလုပ်သမား သွေးစည်းညီညွတ်ရေး အဖွဲ့ (BLSO) က ပြုလုပ်နေသည်။
BLSO အဖွဲ့တာဝန်ခံ ကိုသံဒုတ်က “ကျနော်တို့ရဲ့ ဦးတည်ချက်က ဒီရွှေ့ပြောင်း အလုပ်သမားတွေရဲ့ သဘောထား အမှန်တွေကို ကုလသမဂ္ဂမှာရှိတဲ့ အထွေထွေ အတွင်းရေးမှူးထံကို တင်ပြမယ်။ နောက်တချက်က ဆန္ဒခံယူပွဲ မတိုင်ခင် ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ စစ်မှန်တဲ့ သဘောထားတွေကိုပေါ့နော်၊ အဓိကကတော့ နအဖ စစ်အစိုးရ လုပ်နေတဲ့ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီးတော့ ဆန့်ကျင်တဲ့ သဘောထားတွေကို ကျနော်တို့ ကြိုတင် ထုတ်ပြန်သွားမယ်” ဟု ပြောသည်။
ထိုင်းတနိုင်ငံထဲတွင် နေထိုင်သည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၂ သန်းခန့် ရှိနေရာ BLSO အနေနှင့် မဲဆောက်နှင့် မဟာချိုင်ရှိ မြန်မာလုပ်သားများ၏ ကန့်ကွက် သဘောထား လက်မှတ်များကို ကောက်ခံသွားမည် ဖြစ်သည်။
ယခုလ ၂၇ ရက်နေ့ထုတ် နအဖ စစ်အစိုးရပိုင် သတင်းစာတွင် ဖွဲ့စည်းပုံ ဥပဒေ အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကို ထုတ်ပြန်ခဲ့ပြီး၊ ပြည်ပသို့ တရားမဝင် ရောက်ရှိသူများအား မဲစာရင်းတွင် ထည့်သွင်းခြင်း မပြုရဟု ဖော်ပြထားသည်။
ကိုသံဒုတ်က “ဆန္ဒခံယူပွဲ ဆိုတာက နိုင်ငံသားတိုင်းရဲ့ အရေးကြီးတဲ့ ကိစ္စတခုဖြစ်တော့ ပြည်ပမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့လည်း မဲပေးနိုင်ဖို့ လိုအပ်တယ်။ သို့သော်လည်း နအဖ ကနေပြီးတော့ ပြည်ပမှာ ရောက်နေတဲ့ လူတွေကို တရားမဝင် သတ်မှတ်ထားတော့ ဘာမှ မဲပေးနိုင်မှာ မဟုတ်ဘူး။ သူတို့ရဲ့ သဘောထားအမှန်ကို ထုတ်ဖော်နိုင်မှာ မဟုတ်ဘူး။ အဲဒီအတွက် ကျနော်တို့က စီစဉ်ရတာပါ” ဟု ပြောသည်။
အလားတူပင် မလေးရှားနိုင်ငံ၌ ရှိသော အမျိုးသား ဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ) ဌာနခွဲကလည်း ယခုလ ၅ ရက်နေ့တွင် မလေးရှားရှိ ရွှေ့ပြောင်း အလုပ်သမားများထံမှ နအဖ ဆန္ဒခံယူပွဲအား ကန့်ကွက်သည့် သဘောထား လက်မှတ်များကို ကောက်ယူပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး၊ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီနှင့် အာဆီယံ နိုင်ငံများထံ ပေးပို့သွားမည်ဟု အဖွဲ့ ဥက္ကဋ္ဌ ကိုကျော်ကျော်က ပြောသည်။

No comments: