Tuesday, March 4, 2008

အဲပုဂံ အရေးပေါ် ဆင်းသက်ရ

မဇ္ဈိမသတင်းဌာန
ချင်းမိုင်။ ။ အဲပုဂံ လေယာဉ်တစီးသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပျံထွက်ပြီး မကြာခင်မှာပင် အင်ဂျင်တလုံး ချို့ယွင်း၍ အရေးပေါ် ပြန်လည် ဆင်းသက်ရမှု ယမန်နေ့က ဖြစ်ပွားခဲ့ပြန်သည်ဟု ခရီးသည်များနှင့် လေကြောင်းလိုင်း သတင်းရပ်ကွက် အပြောအရ သိရသည်။
ရန်ကုန်မှ ငပလီသို့ ပျံသန်းမည့် အဲပုဂံ၏ အိတ်ဇ်ဝိုင်-အေအိုင်အေ လေယာဉ်သည် တင်္နလာနေ့က မင်္ဂလာဒုံ လေဆိပ်မှထွက်ပြီး နာရီဝက်ခန့်အကြာ ပြန်လည် ဆင်းသက်ရခြင်း ဖြစ်သည်။
“ခရီးသည် ၃၅ ယောက် လေယာဉ်ပေါ်မှာ ပါတယ်။ ဒါပေမယ့် ဘာဖြစ်လဲဆိုတာကို မသိလိုက်ကြဘူး” ဟု ခရီးသည်တဦးက ပြောသည်။
အဆိုပါ အေတီအာ- ၇၂-၂၁၂ အမျိုးအစား လေယာဉ်သည် မြန်မာ့လေကြောင်းမှ ငှားရမ်းထားခြင်း ဖြစ်သည်။
အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှုစာရင်းတွင် ပါဝင်နေသော စစ်အစိုးရ၏ လူယုံတော် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇပိုင် လေကြောင်းလိုင်းမှ လေယာဉ်များသည် သီတင်းပတ် ၂ ပတ်အတွင်း ဒုတိယအကြိမ်မြောက် အရေးပေါ် အခြေအနေ ကြုံခဲ့ရခြင်း ဖြစ်သည်။
ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် မြစ်ကြီးနားမှ ပူတာအိုသို့ ပျံသန်းသော အဲပုဂံ လေယာဉ်တစီးသည် ပြေးလမ်းမှ ပေ ၃၀၀ ခန့် လွန်သွားခဲ့သည်။ လေယာဉ်မှူး ဒဏ်ရာရခဲ့ပြီး လေယာဉ်လည်း ကိုယ်တပိုင်း ကျိုးသွားသည်။

No comments: