Tuesday, March 4, 2008

တပ်ရိက္ခာအတွက် စပါး ဈေးလျှော့ရောင်းရ

မျိုးကြီး
ရွှေလီ။ ။ စစ်တပ်ရိက္ခာ အတွက် ကချင်ပြည်နယ် ဗန်းမော်ခရိုင် အတွင်းရှိ ဆန်အရောင်းဆိုင်များမှ ဆန်နှင့် စပါးများကို လျှော့ဈေးနှင့် ယခုလ ၂ ရက်နေ့မှ စတင်ကာ လကုန်အထိ ရောင်းချပေးသွင်း သွားရမည် ဖြစ်သည်။
ထိုသို့ တပ်ရိက္ခာအတွက် ရောင်းချပေးရာတွင် ဗန်းမော်မြို့ပေါ်တွင် ရှိသော ဆန်စပါးနှင့် ပတ်သက်သည့် အရောင်းဆိုင်ကြီးများ၊ စပါးကြိတ်ခွဲစက်များ၊ ဆန်အရောင်းဆိုင် အငယ်များထံမှ ဗန်းမော် ဆန်ကုန်သည်များ အသင်းက ခရိုင် အေးချမ်းသာယာရေးရုံး ညွှန်ကြားချက်အရ လျှော့ဈေးနှင့် ဝယ်ယူကာ မြစ်ကြီးနား အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ တဆင့် သွင်းပေးရခြင်း ဖြစ်သည်။
“မြို့နယ်က သွင်းခိုင်းတာပေါ့နော်။ သူတို့ရောင်းခိုင်းတာက ဆန်အမျိုးအစားက အကောင်းစားပဲ ရောင်းခိုင်းတာ။ စပါးကျတော့လည်း အန်တီတို့က ဟိုအောက်ပိုင်း ကောလင်း ဝန်းသိုဘက်က ဝယ်ရတာ ဆိုတော့ အခက်အခဲ ရှိတာပေါ့။ အဲဒီတော့ ဆန်ပဲ သွင်းကြတယ်။ ဆန်ကလည်း အကောင်းစား မသွင်းနိုင်ဘူး။ အလတ်စားပဲ သွင်းကြတယ်။ သူတို့ပေးတဲ့ဈေးနဲ့က မကိုက်လို့လေ” ဟု ဆန်ဆိုင်ရှင်တဦးက မဇ္ဈိမကို ပြောသည်။
မြို့ပေါ်တွင်ရှိသည့် ဆန်စပါး အရောင်းဆိုင်ကြီးများ၊ ကြိတ်ခွဲစက်များ၊ အရောင်းဆိုင်ငယ်များကို အကြီးစား၊ အလတ်စား၊ အသေးစားဟူ၍ အုပ်စု ၃ မျိုးခွဲခြားလိုက်ပြီး အမျိုးအစားအလိုက် သတ်မှတ်ထားသည့် တင်းအရေအတွက် ပြည့်မီစေရန် ရောင်းချပေးရသည်။
အကြီးစား စာရင်းတွင်ပါဝင်သည့် ဆိုင်တဆိုင်လျှင် စပါးတင်း ၃ဝ သို့မဟုတ် ဆန်တတင်းခွဲအိတ် ၇ အိတ်၊ အလတ်စားဆိုင်သည် စပါး ၂၅ တင်း သို့မဟုတ် ဆန် ၅ အိတ်၊ အသေးစားဆိုင်သည် စပါးတင်း ၂ဝ သို့မဟုတ် ဆန် ၄ အိတ် ရောင်းချကြရခြင်း ဖြစ်သည်။
ဆန်အလတ်စား လက်ရှိပေါက်ဈေးသည် တအိတ်လျင် ၁၈ဝဝဝ ကျပ်မှ ၂၃ဝဝဝ ကျပ်အထိ ရှိနေပြီး၊ ဆန်ကုန်သည်များအသင်းမှ တအိတ်လျှင် ၁၂ဝဝဝ ကျပ်ဈေးနှုန်းဖြင့်သာ ဖြတ်ပေးသဖြင့် ဆန်အရောင်းပိုင်ရှင်များက တအိတ်လျှင် ကျပ်ပေါင်း ၆ဝဝဝ မှ ၇ဝဝဝ ခန့်အထိ အရှုံးခံ ရောင်းချနေကြရသည်။
လွန်ခဲ့သည့် နှစ်မှစ၍ ဗန်းမော်မြို့တွင်းရှိ ဆန်အရောင်းဆိုင်များ၊ စပါးကြိတ်ခွဲစက်များမှ တပ်ရိက္ခာအတွက် ယခုကဲ့သို့ ရောင်းချပေးသွင်းရခြင်း ဖြစ်ပြီး ယခုဆိုလျင် ၂ နှစ် ရှိပြီ ဖြစ်သည်။
အခြားဒေသခံ တဦးက တပ်ရိက္ခာစပါးအတွက် ယခုလို ဈေးနှိမ်၍ ဝယ်ယူနေခြင်းသည် မှန်ကန်ကြောင်း ပြောဆိုလိုက်ပြီး၊ သူက ဗန်းမော်ခရိုင် အတွင်းရှိ မြို့နယ်များဖြစ်သော မန်စီ၊ မိုးမောက်၊ ရွှေကူတွင်လည်း တပ်ရိက္ခာ စပါးအတွက် လယ်သမားများနှင့် စပါး အရောင်းအဝယ် လုပ်သူများပါ ပေါက်ဈေးထက် လျှော့ရောင်းပေးနေရသည်ဟု ပြောသည်။
၂ဝဝ၄ ခုနှစ်တွင် နအဖ အတွက် စပါး ဝယ်ယူပေးခဲ့သော ကုန်သွယ်လယ်ယာနှင့် တာဝန်ကျေ စပါးဝယ်ယူရေး စနစ်ကို ဖျက်သိမ်းလိုက်ကြောင်း တရားဝင် ထုတ်ပြန်ခဲ့သော်လည်း ယခုအချိန်အထိ တပ်ရိက္ခာစပါး ဆက်လက် ဝယ်ယူနေခြင်း ဖြစ်ကြောင်း အဆိုပါ ဗန်းမော် ဒေသခံက ဆိုသည်။

No comments: