Wednesday, March 12, 2008

လွှတ်တော်ခေါ်ရန် အကျဉ်းစံ ဆရာကြီး ဦးဝင်းတင် (ဟံသာဝတီ) တိုက်တွန်း

နေသွင်
ချင်းမိုင်။ ။ ပြည်သူ့လွှတ်တော် ခေါ်ယူပေးရန် နအဖ စစ်အစိုးရကို နှစ်ရှည် အကျဉ်းကျခံနေရသည့် ဆရာကြီး ဦးဝင်းတင် (ဟံသာဝတီ) က နအဖ စစ်အစိုးရကို အင်းစိန်ထောင်ထဲမှ ယနေ့ တိုက်တွန်းလိုက်သည်။
ပြည်သူ့လွှတ်တော်ခေါ်ယူရေး အပါအဝင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ရေးနှင့် တွေ့ဆုံဆွေးနွေးရေးတို့ကို ထောင်ဝင်စာ ပုံမှန် တွေ့သူမှတဆင့် ယနေ့ ကျရောက်သည့် သူ၏ ၇၈ နှစ်မြောက်မွေးနေ့တွင် နအဖ ကို တိုက်တွန်းရန် သတင်းစကား ပါးလိုက်ခြင်း ဖြစ်သည်။
“သူ့ရပ်တည်ချက်က အရင်အတိုင်း ‘စု၊ လွှတ်၊ တွေ့’ ပဲ။ အခြေအနေတွေ ဘယ်လိုပြောင်းပြောင်း ငါ့ရပ်တည်ချက်က ဒါပဲတဲ့။ ဒေါ်စုနဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပါ။ လွှတ်တော် ခေါ်ပေးပါ။ တွေ့ဆုံဆွေးနွေးပါတဲ့” ဟု လွန်ခဲ့သော ၃ ရက်က ဦးဝင်းတင်ကို ထောင်ဝင်စာ တွေ့ခဲ့သူ ဦးမောင်မောင်ခင်က ပြောသည်။
ဆရာကြီး၏ မွေးနေ့အခမ်းအနားကို ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်မှ ကျောက်ကုန်းရှိ မိတ်ဆွေတဦးဖြစ်သူ ဦးအုန်းထွန်း၏ နေအိမ်တွင် အကျဉ်းချုံး ပြုလုပ်ခဲ့ပြီး မောင်မိုးသူ၊ မောင်ဝံသ၊ တက္ကသိုလ်ကိုကိုကြီး၊ ဦးသာပန်း၊ စိန်လှဦး၊ ဦးအုန်းကြိုင် အစရှိသော လုပ်ဖော် ကိုင်ဖက် သတင်းစာဆရာ တဒါဇင်ခန့် တက်ရောက်ကြသည်။
“ဆရာဟာ နိုင်ငံရေးလုပ်တဲ့နေရာမှာရော၊ သတင်းစာ လုပ်တဲ့နေရာမှာရော ဒီလုပ်ငန်းအပေါ်မှာ အချိန်ပြည့် အားစိုက်လုပ်နိုင်တဲ့ အလွန်ထူးခြားတဲ့ ပုဂ္ဂိုလ်ပါ။ ဘဝတလျှောက်လုံး ကိုယ်ကျိုးစွန့်လွတ်နိုင်တဲ့ ပုဂ္ဂိုလ်ပါ။ သတင်းစာ လုပ်စဉ်ကာလက သတင်းထောက်၊ အယ်ဒီတာ စတဲ့ သတင်းစာလောကသားတွေ အတွက် သူရတဲ့ဝင်ငွေ၊ လခတွေကို အဲဒီ အသိုင်းအဝိုင်းက သားတွေ သမီးတွေရဲ့ ပညာရေးအတွက် အိတ်သွန်ဖာမှောက် ကူညီပြီး ကိုယ်ကျိုးအတွက် ဘာမှ စုဆောင်းသိုမှီးတတ်တဲ့သူ မဟုတ်ပါဘူး” ဟု သတင်းဆရာ ဦးအုန်းကြိုင်က ပြောသည်။
ဦးအုန်းကြိုင်သည် ဟံသာဝတီသတင်းစာ ထုတ်ဝေစဉ်က ဦးဝင်းတင်၏ လက်အောက်တွင် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။
ဆရာကြီး ဦးဝင်းတင်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တွင် တာဝန်ထမ်းဆောင်စဉ်ကလည်း နေ့စဉ်အိပ်ချိန် ၆ နာရီမှလွှဲ၍ ကျန်သည့် အချိန်အားလုံးကို မြန်မာ့ဒီမိုကရေစီရေးအတွက် အချိန်ပြည့် မြှပ်နှံ လုပ်ကိုင်ခဲ့သည်။
ဆရာ ဦးအုန်းကြိုင်က “အခုလည်း သူယုံကြည်တဲ့ အမှန်တရား၊ ပြည်သူလူထု ကောင်းစားရေးအတွက် အနစ်နာခံနေတာပါ။ တကယ့်ကို လိပ်ပြာသန့်သန့်နဲ့ အများအကျိုးအတွက် ဆောင်ရွက်တဲ့နေရာမှ တကယ့်ကို သူတော်စင်ပုဂ္ဂိုလ် တယောက်လို အလွန်ဖြူစင်ပြီး ဇွဲသတ္တိ ကြီးမားတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်” ဟု ပြောသည်။
လွတ်လပ်ရေး ကြိုးပမ်းနေသည့် ကာလတလျှောက် ပုဂ္ဂလိကသတင်းစာအဖြစ် သံမဏိရှည်ကြာ ရပ်တည်ခဲ့သော ဟံသာဝတီ သတင်းစာကို ၁၉၆၈ ခုနှစ်တွင် မဆလ အစိုးရက ပြည်သူပိုင် သိမ်းခဲ့ပြီး၊ အောက်မြန်မာပြည်မှ မန္တလေးသို့ ပြောင်းရွှေ့အခြေစိုက်သော ၁၉၆၉ ခုနှစ်တွင် ဦးဝင်းတင်သည် ဟံသာဝတီသတင်းစာ၏ အယ်ဒီတာချုပ် ဖြစ်လာသည်။
သူ တာဝန်ယူချိန်အတွင်း ဟံသာဝတီသတင်းစာသည် မဆလ အာဘော် သတင်းစာ ဖြစ်မလာဘဲ ထိုစဉ်က ပါတီ၊ ကောင်စီ၏ မဟုတ်မမှန် လုပ်ရပ်များကို ခေါင်းကြီးပိုင်းနှင့် ဆောင်းပါးများတွင် ဝေဖန်ထောက်ပြကာ ပြည်သူလူထု၏ နစ်နာချက်များကို ဖော်ပြခဲ့သဖြင့် ၁၉၇၈ ခုနှစ်တွင် အစိုးရက ထုတ်ဝေခွင့် ပိတ်ခဲ့ပြန်သည်။
“ဆရာက သူယုံကြည်တာက သတင်းစာဆိုတာ ပြည်သူလူထုရဲ့ စကားပြန် ဖြစ်ရမယ်။ ပြည်သူလူထုရဲ့ ဘဝကို အမှန်အတိုင်း ဖော်ကျူးနိုင်တဲ့ စာစောင် ဖြစ်ရမယ်။ ပြည်သူလူထုရဲ့ ရှေ့က မားမားမတ်မတ် ရပ်ရမယ်။ ပြည်သူလူထုကို ကာကွယ်ပေးရမယ် ဆိုပြီး ဒီလိုယုံကြည်တာ ဖြစ်ပါတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။
မွေးနေ့ပွဲသို့ မတက်နိုင်သော်လည်း ဦးဝင်းတင်အပေါ် သားအရင်းသဖွယ် ချစ်ခင်သော သတင်းစာ ဆရာမကြီး လူထုဒေါ်အမာက “သတိအရဆုံးလူက ကိုဝင်းတင်ပဲကွ။ သူများတွေက ဒေါ်စုလို့ ဘယ်လိုပဲ ပြောကြ ပြောကြ၊ အမေကတော့ ပထမဆုံး သတိရတာက ကိုဝင်းတင်ပဲ။ သူခမျာ အလကားသက်သက်မဲ့ ခံနေရတာ။ အမေ အသက်ရှည်သေးလို့ မသေသေးရင်တော့ တွေ့ရမှာပေါ့” ဟု ပြောသည်။
လူထုဒေါ်အမာသည် ယခုအခါ အသက် ၉၃ နှစ်ရှိနေပြီး မန္တလေးမြို့တွင် နေထိုင်လျက် ရှိသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အရေးပါသော ခေါင်းဆောင်ဖြစ်သူ ဦးဝင်းတင်သည် ၁၉၈၉ ခုနှစ်ကတည်းက ပုဒ်မ ၂၁၆ ဖြင့် ထောင်ဒဏ် ၃ နှစ်၊ ၁၉၉၁ ခုနှစ်တွင် ထောင်တွင်း လူ့အခွင့်အရေး အခြေအနေများကို ကုလသမဂ္ဂသို့ သတင်းပေးရန် ကြိုးပမ်းမှုဖြင့် ထောင်ဒဏ် ၁၂ နှစ်၊ ၁၉၉၆ တွင် ထပ်တိုး ထောင်ဒဏ် ၇ နှစ် အဆင့်ဆင့် တိုးမြှင့်ခံခဲ့ရသည်။
ဦးဝင်းတင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင် ဖွဲ့စည်းစဉ်ကတည်းက တတ်သိပညာရှင်အဖွဲ့တွင် ပါဝင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး အကြံဉာဏ်ပေးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံခဲ့ရသည်။
၂ဝဝ၁ ခုနှစ်တွင် ယူနက်စကိုအဖွဲ့ကြီးနှင့် ကမ္ဘာ့သတင်းစာများအဖွဲ့တို့က ဦးဝင်းတင်၏ သတင်းစာ လွတ်လပ်ခွင့်ဆု (UNESCO/ Guillermo Cano World Press Freedom Prize) နှင့် ရွှေကလောင်ဆု (World Association of Newspapers' Golden Pen of Freedom Award) တို့ကို ချီးမြှင့်ခဲ့သည်။ အလားတူ ၂ဝဝ၆ ခုနှစ်တွင်လည်း နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့ (R.S.F) u Winner of Reporter Without Border ဆုကို ချီးမြှင့်ခဲ့သည်။
ယခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က ရန်ကုန်ဆေးရုံကြီးတွင် အူကျရောဂါ ခွဲစိတ်ကုသမှု ခံယူခဲ့သော ဆရာကြီး ဦးဝင်းတင်သည် ယခုအခါ ထောင်တွင်း၌ ကျန်းမာစွာ ရှိနေသည်။
၂ဝဝ၃ ခုနှစ် မေလ ဒီပဲယင်း လုပ်ကြံမှုပြီးကတည်းက နေအိမ်အကျယ်ချုပ် ကျခံနေရသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုဥက္ကဌ ဖြစ်သူ၊ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးသည်လည်း ယနေ့တွင် အသက် ၈၁ နှစ် ပြည့်ပြီ ဖြစ်သည်။

No comments: