Thursday, March 27, 2008

မြန်မာ့ တပ်မတော် ဘယ်လဲ၊ ဘာလဲ (အင်တာဗျူး)

မဇ္ဈိမသတင်းဌာန
မနက်ဖြန် (ကြာသပတေးနေ့ မတ် ၂၇၊ ၂ဝဝ၈ ခုနှစ်ဆိုရင် ) ၆၃ နှစ်မြောက် တပ်မတော်နေ့ ဖြစ်သည်။ "တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အား ရှိမယ်" "တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ" ဆိုတဲ့ ဆောင်ပုဒ်တွေနဲ့ လက်ရှိ စစ်အစိုးရဟာ စစ်တပ်အင်အား ကြီးထွားအောင် တိုးချဲ့လာလိုက်တာ ၁၉၈၈ ခုနှစ်ကထက် နှိုင်းယှဉ်ရင် အရည်အတွက်အရ အင်မတန် တိုးပွားလာပြီး လက်ရှိ အနေအထားဟာ အရှေ့တောင်အာရှမှ ဗီယမ်နမ်ပြီးရင် ဒုတိယ အရေအတွက် အများဆုံးလို့ ကျွမ်းကျင်သူများက ပြောသည်။ ၁၉၆၂ ခုနှစ်ကတည်းက ပုံစံပြောင်းကာ စစ်အုပ်ချုပ်ရေး ကြီးစိုးခဲ့သော နိုင်ငံကို အာဏာလွှဲပြောင်း သိမ်းယူသည့်နည်းဖြင့် သံမဏိစည်းမျဉ်းဖြင့် သဘောကွဲလွဲသူများကို ချေမှုန်းရာတွင် လက်မရွံ့ ဖြစ်သည့် စစ်အစိုးရ၏ တပ်မတော်၏ တည်ထောင်စဉ်က ရည်ရွယ်ချက်များနှင့် လက်ရှိ အရည်အသွေးများက မည်သို့ရှိနေပါလဲ။ မြန်မာ့ စစ်ဘက်ရေးရာနှင့်ပတ်သက်ပြီး လေလာနေခဲ့သူ ရေးသားနေခဲ့သူများ၏ အမြင်ကို မဇ္ဈိမက စုစည်း တင်ပြလိုက်ရပါသည်။

သခင်ချန်ထွန်း (သံအမတ်ကြီးဟောင်းနှင့် ဝါရင့်နိုင်ငံရေးသမားကြီး)
မေး။ လက်ရှိတပ်မတော်က တကယ်ပဲ စွမ်းရည်ပြည့်ဝတဲ့ တပ်မတော် ဖြစ်နေပြီလား။
ဖြေ။ ဒါကတော့ လူတိုင်းသိပါတယ်။ ကမ္ဘာကလည်း သိပါတယ်။ ကိုယ့်ကိုယ်ကို လှတယ်ထင်သလိုပေါ့။ အင်အားရှိတဲ့လူ၊ နိုင်ငံတွေ၊ စစ်တပ်တွေကလည်း သူတို့ကိုယ် သူတို့ အင်အားရှိတယ်လို့ ထင်နေကြတာ၊ ဒါ သဘာဝပါ။
မေး။ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်နဲ့ ဒီကနေ့ တပ်မတော်က ဘယ်လိုများ ကွာခြားသွားပါသလဲ။
ဖြေ။ မတူတော့ဘူးလေ။ လူတွေကလည်း အမျိုးမျိုး ပြောင်းကုန်ကြတာကိုး။ အခြေခံကလည်း ကွာသွားတာကိုး။ ၁၉၆၂ ခုနှစ် အာဏာမသိမ်းခင်အထိတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကောင်းတဲ့ ပေါ်လစီထဲမှာပေါ့။ ဒါပေမဲ့ ၁၉၆၂ အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ စနစ်က ပြောင်းသွားပြီ။ တပ်က တိုင်းပြည်အုပ်ချုပ်တဲ့အထဲမှာ ပါသွားပြီ။ ပါတီဝင်တွေအနေနဲ့ တပ်က တောက်လျှောက် အဲသည်လို ဖြစ်သွားတာကိုး။ အခုက အဲသည်လိုမျိုး တပါတီစနစ်သာ မဟုတ်တာ ပါတီသဘောမျိုးနဲ့ ဝန်ကြီးတွေ သူတို့ အကုန်လုံးယူထားတာပဲ။ လမ်းစဉ်ပါတီတုန်းကမှ အရပ်သား နည်းနည်းပါးပါး ထည့်နေသေးတယ်။ ဘာကြောင့်ဆိုတော့ သူတို့က လွတ်လပ်ပြီး နောက်ပိုင်း အာဏာသိမ်းပြီးမှ စစ်ထဲ ဝင်တဲ့လူတွေလေ။ ဗိုလ်ချုပ်အောင်ဆန်းကတော့ ဘီအိုင်အေကနေ ဘီဒီအေဖြစ်၊ ဘီဒီအေကနေ တပ်မတော်ဖြစ်လာတဲ့ ဟာနဲ့ကတော့ တခြားစီလေ။
မေး။ ဒီကနေ့ တပ်မတော်ခေါင်းဆောင်တွေ ပြောနေတဲ့ တပ်မတော်က တိုင်းပြည် မပြိုကွဲအောင် ထိန်းသိမ်း စောင့်ရှောက်နေရတာ ဖြစ်တယ်၊ နောက်ပြီး တိုင်းပြည် အုပ်ချုပ်ရေးမှာ မရှိမဖြစ် ပါဖို့ လိုတယ်ဆိုတဲ့ အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ဒါကတော့ ကိုယ့်ကိုယ်ကိုတော့ ပြောမှာပေါ့၊ သဘာဝအတိုင်းပါ။ သူက အုပ်ချုပ်တဲ့လူတွေကိုး။ ကိုယ့် ယုံကြည်ချက်၊ ကိုယ့် ယူဆချက်ကို ပြောနေကြတာ။ အများကလည်း လိုက်လျောအောင် တတ်နိုင်သလောက် ပြောနေကြတာပေါ့။ လူတွေကလည်း ကြည့်ယုံကြပေါ့။ အားလုံးက သိနေကြတဲ့ ကိစ္စပဲ။ တပ်မတော်ကတော့ ရှိကို ရှိရမှာပေါ့။ အာဏာရှင် မဟုတ်တဲ့ ဒီမိုကရေစီ နိုင်ငံတွေမှာကတော့ တပ်မတော်လည်း ဝန်ထမ်း အဖွဲ့အစည်း တရပ်အနေနဲ့၊ စစ်တပ်က စစ်တပ်လို နေတာပေါ့။ အုပ်ချုပ်ရေးပိုင်းမှာ ပါဝင်ပတ်သက်တဲ့ အခန်းကဏ္ဍ အနည်းနဲ့ အများပဲ ကွာတာပေါ့။ ဒီမိုကရေစီ ဖြစ်လာရင်တော့ ဒီမိုကရေစီနိုင်ငံတွေမှာ ကျင့်သုံးသလို တပ်မတော်ကလည်း လိုက်နာ ကျင့်သုံးရမှာပေါ့။
မေး။ အခုတလော တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေမှာ သဘောကွဲလွဲမှုတွေ ရှိတယ်ဆိုတဲ့ အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ လူတွေအနေနဲ့ကတော့ သည်လိုပဲ။ ဟိုတုန်းက ဖဆပလ မှာ ဦးကြီးကျော်ငြိမ်းနဲ့ ဦးဘဆွေ၊ ဦးနု အင်မတန် ရင်းနှီးတဲ့ ငယ်သူငယ်ချင်းတွေပဲ။ သူတို့ ကွဲလို့ ဖဆပလ ကွဲတယ်၊ ဖဆပလ ကွဲလို့ အာဏာသိမ်းတယ်၊ အာဏာသိမ်းလို့ ဒီအခြေအနေ ရောက်သွားတာပေါ့။ ၁၉၅၇-၅၈ ဖဆပလ ခေတ်တုန်းက စီးပွားရေး အင်မတန် ဖွံ့ဖြိုးပြီး နိုင်ငံရေးမှာလည်း ကြားနေရေး ဝါဒအနေနဲ့ အရှေ့ရော၊ အနောက်ရော အုပ်စုတွေ အကုန်လုံးကနေ လေးစားခံခဲ့ရတဲ့ နိုင်ငံ။ အဲသည်လို ရင့်လာတဲ့ ဖဆပလ တောင် ကွဲသွားသေးတာပဲ။ ဘယ်အဖွဲ့ပဲ ဖြစ်ဖြစ် သဘောမကျတာတွေ များလာရင် ညီညွတ်ရေးမှာ ထိခိုက်လာနိုင်တာပေါ့။ ပြိုကွဲလာနိုင်တာပေါ့။

ဦးအောင်ကျော်ဇော (တရုတ်-မြန်မာ နယ်စပ် အခြေစိုက် စစ်ဘက်ရေးရာ လေ့လာသူ)
မေး။ လက်ရှိတပ်မတော်က တကယ်ပဲ စွမ်းရည်ပြည့်ဝတဲ့ တပ်မတော် ဖြစ်နေပြီလား။
ဖြေ။ လက်ရှိတပ်မတော်ဟာ မြန်မာ့ တပ်မတော်သမိုင်းမှာ တဦးချင်း လက်နက်တပ်ဆင်မှု အကောင်းဆုံး ဖြစ်သော်လည်း တိုက်ရည် ခိုက်ရည် အညံ့ဆုံး၊ တိုက်စိတ် ခိုက်စိတ် အနိမ့်ဆုံး၊ မျိုးချစ်စိတ် အနိမ့်ဆုံးနဲ့ အဖောက်ပြန်ဆုံး ဖြစ်တယ်။
တပ်သား အင်အား များရင်လည်း တပ်မတော်ရဲ့ တိုက်ခိုက်ရေး စွမ်းရည်က သမိုင်းမှာ အနိမ့်ဆုံးအဆင့်ကို ရောက်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိ တပ်သားအင်အား ၄ သိန်းနီးပါးမှာ ၃-၄ ရာခိုင်နှုန်းလောက်ပဲ မျိုးချစ်စိတ် ရှိတဲ့သူတွေ ဖြစ်တယ်။ အရည်အချင်းရှိတဲ့ တပ်မှူးတွေ မရှိတော့တာလည်း ပါတာပေါ့။ စစ်ခေါင်းဆောင်းတွေရဲ့ စဉ်းစားနည်း၊ လုပ်ဆောင်ချက်တွေကြောင့်လည်း အရည်အချင်း ကျလာရခြင်း ဖြစ်တယ်။
တပ်အင်အားချဲ့တဲ့ ရည်ရွယ်ချက်ကိုကလည်း မကောင်းပါဘူး။ အဓိက ရည်ရွယ်ချက် ၃ ချက် ရှိတယ်။ (၁) ပြည်သူတွေကို ပိုပြီး ခြိမ်းခြောက် ဖိနှိပ်ဖို့၊ (၂) ပြည်တွင်းမှာရှိတဲ့ လက်နက်ကိုင် တော်လှန်ပုန်ကန် တိုက်ခိုက်နေတဲ့ အဖွဲ့တွေကို ထိန်းချုပ်ဖို့နဲ့ (၃) ဗိုလ်ချုပ်ကြီး ဖြစ်ဖို့ (ဘာကြောင့်ဆိုတော့ တပ်သားအင်အားများမှ ရာထူးတိုးမှာကိုး) ဖြစ်တယ်။
တပ်ဆင်ထားတဲ့ လက်နက်တွေကလည်း တရုတ်က လက်နက်ဟောင်း တွေ၊ တခြားနိုင်ငံတွေက အဟောင်းတွေပဲဖြစ်ပြီး ပြည်တွင်း (ပြည်သူတွေကို ခြိမ်းခြောက် ဖိနှိပ်ဖို့) အတွက်ပဲ ရည်ရွယ်တာကြောင့် နိုင်ငံတကာ အဆင့်အနေနဲ့ဆိုရင် ထိုင်းတို့၊ ဗီယက်နမ်တို့ထက် အများကြီး အဆင့်နိမ့်ပါတယ်။
တပ်ရဲ့ အသုံးစရိတ်ကြီးသော်လည်း တပ်သားအင်အား များတဲ့အတွက် ဟိုတုန်းကလို လုံလောက်အောင် မထောက်ပံ့နိုင်တော့ဘူး။ နောက်ပြီး စစ်အရာရှိ အများကြီး မွေးထုတ်လို့ စစ်ဗိုလ်ကများပြီး တပ်သားက နည်းလာတယ်။ စစ်ဗိုလ်တွေကလည်း အရည်အချင်း မရှိတဲ့သူတွေ များတယ်။ အခုထိ ကွန်ပတ်စ်တောင် ကောင်းကောင်း မကြည့်တတ်သေးတဲ့ စစ်ဗိုလ်တွေ ရှိနေပါတယ်။
တပ်မတော်သမိုင်းမှာ တိုက်ရည်ခိုက်ရည် အမြင့်ဆုံးအချိန် နှစ်ချိန်ရှိခဲ့တယ်။ ၁၉၅၄-၅၆ ကူမင်တန် တရုတ်တွေကို မောင်းထုတ်တဲ့အချိန်နဲ့ ၁၉၈ဝ ကနေ ၁၉၈၈ လောက်အထိ ကွန်မြူနစ်တွေနဲ့ ကရင်တွေကို တိုက်ထုတ်တဲ့ အချိန်ပါပဲ။ အဲဒီအချိန်မှာက မျိုးချစ်စိတ် အပြည့်ရှိနေတဲ့ အချိန်ပေါ့။ တပ်မှူးကောင်းတွေ ရှိတာလည်း ပါတာပေါ့။ လက်နက်၊ လူအင်အားလည်း အခုလောက် မများပါဘူး။
၁၉၈၈ နောက်ပိုင်း တိုက်ရည် ခိုက်ရည် သိသိသာသာ ကျသွားခဲ့တယ်။ တစ်အချက် ပူးပေါင်းမှု မရှိတာ၊ နှစ် - ပြည်တွင်းရဲ့ စီးပွားရေး ဆိုးဝါးမှု ကယက်ကို တပ်က ခံစားရတာ။ ဟိုတုန်းကတော့ တပ်မတော်ဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပါပဲ။ အခုတော့ လူတိုင်းရဲ့ တံတွေးခွက်မှာ မျောနေတဲ့ တပ်မတော် ဖြစ်နေပါပြီ။
ကျနော်တို့ ရရှိထားတဲ့ ၂ဝဝ၆ စာရင်းအရ တပ်အင်အားက ၄ သိန်းထက် မကျော်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ တပ်ပြေးက တပ်ဝင်ထက် များနေတယ်။
မေး။ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်နဲ့ ဒီကနေ့ တပ်မတော်က ဘယ်လိုများ ကွာခြားသွားပါသလဲ။
ဖြေ။ အများကြီး ကွာတာပေါ့။ ဗိုလ်ချုပ်ကြီး မျှော်လင့်ခဲ့တာက တပ်မတော်ကို ခေတ်မီတဲ့၊ တိုင်းပြည်ကို ကာကွယ်တဲ၊့ ပြည်သူကို ချစ်တဲ့၊ တိုင်းပြည်ရဲ့ တည်ထောင်ရေး လုပ်ငန်းတွေမှာ အားကျိုးမာန်တက် ပါဝင်တဲ့ တပ်မတော်ကြီးအဖြစ် မျှော်လင့်ခဲ့တာပါ။ အဲဒီအရာတွေ အားလုံးနဲ့ ဆန့်ကျင်တဲ့၊ ပြည်သူတွေကို နှိပ်စက် သတ်ဖြတ်တဲ့ ဗမာပြည်ကို အရှေ့တောင်အာရှမှာ အဆင်းရဲဆုံးနိုင်ငံ ဖြစ်အောင် ဖန်တီးနေတဲ့ လက်နက်ကိရိယာ ဖြစ်လာတယ်။
ဒီကနေ့ တပ်မတော်မှာ ဖခင်မရှိတော့ဘူး။ ကနေ့ တပ်မတော်သားတွေက 'မိမစစ်၊ ဖမစစ်' တပ်မတော်က မွေးလာတဲ့ တပ်သားတွေ ဖြစ်တယ်။ ဘာကြောင့်ဆိုတော့ ဘယ်သူမှ တပ်မတော်ရဲ့ အဖက ဘယ်သူလဲဆိုတာ မသိတော့ဘူး။ အဲဒီလို ဖြစ်အောင်လည်း တပ်မတော်က လုပ်တာပါ။
တပ်မတော်ကတော့ ရှိရမှာပါ။ အဲဒါမှ နိုင်ငံက လုံခြုံမှု ရှိမှာပေါ့။ အတွင်းအပြင် ရန်ကို ကာကွယ်နိုင်မှာပေါ့။ ဟိုတုန်းက တပ်မတော်က အဲဒီအချက်တွေနဲ့ ညီပေမယ့် ဒီကနေ့ တပ်မတော်ကတော့ အဲဒီအချက်တွေနဲ့ အကျုံးမဝင်ပါဘူး။ သူတို့က ဘယ်သူ့ကိုမှ မကာကွယ်ပါဘူး။ သူတို့ အကျိုးစီးပွားကိုသာ ကာကွယ်တဲ့ တပ်မတော်ပါ။
မေး။ အခုတလော တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေမှာ သဘောကွဲလွဲမှုတွေ ရှိတယ်ဆိုတဲ့ အပေါ်မှာ ဘယ်လို မြင်ပါသလဲ။
ဖြေ။ အဲဒါကတော့ သိပ်မထင်ပါဘူး။ ဘာကြောင့်ဆိုတော့ နိုင်ငံရေးအရ သဘောထားကွဲလွဲမှု ဆိုတာ မဖြစ်လာနိုင်ပါဘူး။ သူတို့မှာ တူညီတဲ့ ရည်ရွယ်ချက် တချက်ထဲရှိတယ်။ ပြည်သူတွေကို ဖိနှိပ်တဲ့အပိုင်းမှာပေါ့။ စီးပွားရေးအရသာ သဘောထား ကွဲနိုင်ပါတယ်။ တဦးချင်းအနေနဲ့ သူတို့ရဲ့ အကျိုးစီးပွားအတွက် သူ့လူ ကိုယ့်လူတွေ ရှိတယ်။ ပုဂ္ဂိုလ်ရေးအရသာ ကွဲနိုင်ပါတယ်။ နိုင်ငံရေးအရတော့ မကွဲနိုင်ပါဘူး။ ရွှေးကောက်ပွဲ မပြီးခင်မှာ သူတို့ရဲ့ နောင်ရေးအတွက် စီးပွားကို အပြတ်ရှာနေတဲ့ အချိန်ဖြစ်တယ်။ ဗိုလ်ချုပ်ဆိုတဲ့ သူတိုင်း စီးပွားရေး အကြီးအကျယ် မလုပ်တဲ့သူ မရှိသလောက်ပဲ။

ဦးဘိုဘိုကျော်ငြိမ်း ( မြန်မာ့အရေး လေ့လာသူ)
မေး။ ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့တဲ့ တပ်မတော်နဲ့ ဒီကနေ့တပ်မတော် ကွာခြားချက်တွေ ရှိပါသလား။
ဖြေ။ ဗိုလ်ချုပ်အောင်ဆန်း မျှော်လင့်ခဲ့တဲ့ တပ်မတော်နဲ့ ဒီကနေ့ တပ်မတော်နဲ့ တခြားစီပဲ။ ဗိုလ်ချုပ်တို့ မျှော်လင့်ခဲ့တဲ့ တပ်မတော်က ပြည်သူကို အကျိုးပြုတဲ့ တပ်မတော် ...(၁) အချက်က ပြည်သူ့တာဝန်ကို ဆောင်ရွက်ဖို့၊ ပြည်သူကို ကာကွယ်ဖို့ တပ်မတော် စဖြစ်တယ်။ (၂) အချက်က ဗိုလ်ချုပ်အောင်ဆန်းတို့က အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်တွေ ဖြစ်တဲ့အတွက် ဒီလိုတပ်မတော် အကြီးကြီးကို သွားပြီးတော့ တိုင်းပြည်အနေနဲ့ မတည်ဆောက်နိုင်ဘူး ဆိုတာ သိတယ်။ ဘာကြောင့်မို့လည်း ဆိုတော့ တိုင်းပြည် တည်ထောင်ဖို့အတွက် ပိုက်ဆံတွေ အများကြီးလိုတယ်။ ဗိုလ်ချုပ်တို့ ရည်မှန်းထားတဲ့ ၂ ခုနဲ့ လွဲသွားတဲ့ အပြင်၊ တပ်မတော် ဆိုဟာ စွမ်းရည်ထက်မြက်တဲ့ စစ်သားပီပီ စစ်ရည်ဝတဲ့ပြီး စစ်တပ် အရည်အချင်း ပြည့်ဝတဲ့ တပ်မတော် ဖြစ်ရမယ်။
ဒီလို ဖြစ်ဖို့အတွက် စစ်တပ်ဆိုတာက စစ်တပ်အလုပ်ကို လုပ်ပြီးတော့ အမြဲ လေ့ကျင့်နေရတယ်။ အမြဲ အဆင်သင့် ဖြစ်နေအောင် လုပ်ထားရတယ်။ ဒါမှ အရည်အချင်း ပြည့်ဝတဲ့ တပ်မတော် လာဖြစ်တာပေါ့။ အခု တရုတ်ပြည်မှာ ဆိုရင်တောင်မှ အရင်တုန်းက ဝါဒရေးရာတွေ ပါပေမယ့် အခု အရည်အချင်း ပြည့်ဝတဲ့ တပ်မတော် ဖြစ်ရမယ်ဆိုတဲ့ ဆောင်ပုဒ်ကို ကျင့်သုံးပါတယ်။
မြန်မာ့ တပ်မတော်ကတော့ အားလုံးနဲ့ ဝေးသွားတယ်။ ရှင်းရှင်းပြောရရင် ကြေးစားတပ်မတော် ဖြစ်နေတာပေါ့။ ဖက်ဆစ် တပ်မတော် ဖြစ်တာပေါ့။ နေရာတိုင်းမှာ ဝင်ပါတဲ့ အခါကျတော့ စစ်တပ် မဟုတ်ဘဲ၊ စစ်တပ်ဆိုတာ စစ်သားအလုပ်ကို မလုပ်ဘဲနဲ့ ကျန်တဲ့ဟာတွေ လိုက်လုပ်ပြီးတော့ ပြည်သူကို ကူညီရမယ့်သူ၊ ပြည်သူ့ကို စောင့်ရှောက်ရမယ့်သူ ဖြစ်ရမယ့်အစား ပြည်သူကို ဖိနှိပ်တဲ့ တပ်မတော် လာဖြစ်တယ်။ ဗိုလ်ချုပ်တို့ မျှော်မှန်းထားတဲ့ တပ်မတော်နဲ့ တခြားစီပဲ။ ဆီနဲ့ ရေလို ကွာခြားတယ်။
မေး ။ ဒီကနေ့ တပ်မတော်ခေါင်းတွေက တပ်မတော်ရဲ့ ကျင့်ဝတ်တွေကို ထိန်းသိမ်း စောင့်ရှောက်နေတယ်လို့ ပြောနေတာတွေကို ဘယ်လို မြင်ပါသလဲ။
ဖြေ။ လျှာ အရိုးမရှိတိုင်း ပြောနေကြတာပါပဲ။ အာဏာရှင်ကလည်း ကြားကောင်းအောင် ပြောတာပါပဲ။ တကယ့်လက်တွေ့ သူတို့ အာဏာယူထားတဲ့ သူတွေ ပြောနေတာကို မကြည့်နဲ့၊ သူတို့ အာဏာယူထားတဲ့ ၁၉၆၂ ခုနှစ်ကနေ ဒီနေ့အထိကို ကြည့်လိုက်လို့ရှိရင် စစ်တပ်က အာဏာကို အဓမ္မ ယူထားပြီးတော့ တိုင်းပြည် ဥစ္စာတွေကို အဓမ္မ ခွစားနေလို့ရှိရင် အဲဒါ သူခိုး ချပိုး စစ်တပ် ဖြစ်တာပါပဲ။
မေး။ တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်အတွင်း သဘောထား ကွဲလွဲမှုတွေ ရှိလာနိုင်ပါသလား။
ဖြေ။ အမှန်အတိုင်းပြောရရင် ဘယ်သူမှ အသေးစိတ်မသိဘူး။ ဒါတွေက စိတ်ကူးယဉ် တဝက် ပါတယ်လို့ ယူဆတယ်။ ဘယ်ကြောင့်လဲ ဆိုတော့ သူတို့ထဲမှာ မတဲ့တာတွေ ရှိရင်လည်း ရှိမယ်၊ သူတို့ထဲမှာ စိတ်ဓာတ်မတူတာတွေ ရှိမယ်၊ နောက် ကွဲလို့ရှိရင် တယောက်ထဲ ကြိုးကွင်းစွပ်ခံရမှာ သူတို့သိတယ်။
မေး။ တိုင်းပြည် အုပ်ချုပ်ရေး တနေရာမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍက တကယ့်ကို အရေးကြီးလား၊ စစ်တပ်က တိုင်းပြည် ကာကွယ်ဖို့ သက်သက်ပဲလား။
ဖြေ။ ဘယ်နိုင်ငံမှာမဆို ကွန်မြူနစ်စနစ်မှာပဲ ကြည့်ကြည့်၊ ဒီမိုကရေစီစနစ်မှာ ကြည့်ကြည့်၊ ဘယ်နိုင်ငံမှာမဆို စစ်တပ်က ဖရိုဖရဲ ဖြစ်တဲ့အချိန်ကလွဲလို့ ဘယ်တော့မှ စစ်တပ်က အုပ်ချုပ်ရေးမှာ လာမကိုင်ဘူး။ စစ်တပ်နဲ့ အုပ်ချုပ်ရေးက တခြားစီပဲ။ စစ်တပ်ဆိုတာက ဘာပဲကြည့်ကြည့် လုံခြုံရေးနဲ့ တန်းကြည့်တာပဲ။ အီရတ်မှာကြည့် အမေရိကန်စစ်တပ်က သွားပြီးတော့ စစ်တိုက်ပြီးတော့ အုပ်ချုပ်နေတာနဲ့ အာလုံး ဖရိုဖရဲဖြစ်တာပါပဲ။ စစ်တပ် အုပ်ချုပ်လို့ ကြီးပွားတယ်ဆိုတာ ဘယ်နိုင်ငံမှ မရှိခဲ့ဖူးပါဘူး။ စစ်တပ်ရဲ့အလုပ်က အုပ်ချုပ်ရေးမှာ ဘာမှ မဆိုင်ဘူး။ စစ်တပ် ပါလာတာနဲ့ လုံခြုံရေး ကြည့်ပြီး ကျန်တာကို ဘာမှ မကြည့်ဘူး။ နိုင်ငံရေး ဆိုတာက အကုန်လုံးကို ကြည့်ရတာ။ စစ်တပ်ဆို လုံခြုံရေးတခုကိုပဲ ကြည့်တာ။ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးဆိုတာ ဆီနဲ့ ရေပဲ။
မေး။ ပြည်သူတွေဆီက အာဏာသိမ်းပြီး စစ်တန်းလျားကို မပြန်ဘဲ ဒီကနေ့အထိ စစ်အုပ်ချုပ်ရေးအောက်မှာ နေထိုင်ရတဲ့ ပြည်သူတွေ ဘယ်လောက်အထိ နစ်နာ ခံစားရပါသလဲ။
ဖြေ။ ပြည်သူတွေက နေ့တိုင်း ခံစားရတယ်။ ပြည်သူတွေဟာ အင်္ဂလိပ်ကျွန်ဘဝက နေပြီးတော့ စစ်ကျွန်ဘဝကို ရောက်ခဲ့တာပါပဲ။ ၅၂ သန်းရှိတဲ့ ဗမာပြည်ဟာ အရှေ့တောင်အာရှမှာ အကြီးဆုံးနိုင်ငံနဲ့ အထွန်းကားဆုံးဖြစ်ခဲ့တဲ့ နိုင်ငံဟာ အခု နောက်ဆုံးဖြစ်နေတယ်။ အာဖရိကနိုင်ငံတွေက သုံးမရတဲ့ နိုင်ငံတွေထက် ကျနော်တို့နိုင်ငံက စုတ်ပြတ်နေတယ်။ အားလုံးရဲ့ အဓိကဟာ ဘာလဲဆိုတော့ အားလုံးကို ချုပ်ကိုင်ချင်တဲ့ စိတ်ဓာတ်ရှိတဲ့ စစ်အာဏာရှင်ကြောင့် ဖြစ်တယ်။
မေး။ မြန်မာပြည်မှာ စစ်တပ်လူဦးရေနဲ့ ပြည်သူလူထု လူဦးရေ ကွာခြားမှု ဘယ်လောက်ရှိမယ်လို့ ထင်ပါသလဲ။ စစ်အသုံးစရိတ် ဘယ်လောက်ရှိပါသလဲ။
ဖြေ။ မြန်မာပြည်လို တိုင်းပြည်ရဲ့ လူဦးရေနဲ့ စစ်တပ်အင်အားနဲ့ မမျှဘူးဆိုတာ သေချာတယ်။ ဘာလို့ သေချာသလဲဆိုတော့ တိုင်းပြည်က သိပ်ချမ်းသာနေရင်တော့ တမျိုးပေါ့။ တိုင်းပြည်တပြည်ဟာ၊ နိုင်ငံတိုင်း နိုင်ငံတိုင်းဟာ ဥရောပ နိုင်ငံမျိုးဟာ သူတို့ရဲ့ ထုတ်ကုန် ၁ ရာခိုင်နှုန်းတောင် သူတို့ မသုံးဘူး။ အင်မတန် စစ်ဝါဒကြီး အမေရိကန်နိုင်ငံမျိုးတောင်မှာ သူတို့ရဲ့ ထုတ်ကုန် ၅ ရာခိုင်နှုန်းပဲ သုံးတယ်။ မြန်မာပြည်မှာ ၃ဝ ရာခိုင်းနှုန်းကျော် သုံးထားတယ်။ စစ်တပ်က ကိုင်ထားတာချည်းပဲ။ ရှင်းရှင်းပြောရင် စစ်တပ် ကျွန်လာဖြစ်တာပေါ့။

No comments: