Friday, March 21, 2008

တရုတ်အစိုးရကို ထိုင်း-မြန်မာ တက်ကြွလှုပ်ရှားသူများ ဆန္ဒပြ

သန်းထိုက်ဦး
ချင်းမိုင်။ ။ တရုတ်အစိုးရက တိဘက်သံဃာတော်များအား အကြမ်းဖက် နှိမ်နင်းမှုအပေါ် ဆန့်ကျင် ဆန္ဒပြပွဲတရပ်ကို မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေသည့် မြန်မာနှင့် ထိုင်းလူမျိုးများက ချင်းမိုင်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
"တိဘက်နဲ့ မြန်မာ လွတ်မြောက်ပါစေ" "နအဖကို မထောက်ခံနဲ့" "အိုလံပစ်ကို သပိတ်မှောက်" "မြန်မာနဲ့ တိဘက်ကို သတ်သူ တရုတ်" အစရှိသည့် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ဆိုင်းဘုတ်များ ကိုင်ဆောင်ထားသော ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းအချို့ ပေါင်းစုထားသည့် Action Group For Peace- AGP က ဦးဆောင်၍ ဆန္ဒပြကြခြင်း ဖြစ်သည်။
"အဓိက ရည်ရွယ်ချက်က နှစ်ပိုင်းရှိတယ်။ တပိုင်းက အခုလောလောဆယ် ဖြစ်နေတဲ့ တိဘက်ဘုန်းကြီးတွေကို အကြမ်းဖက် နှိမ်နင်းတာတွေ ရပ်တန့်ဖို့၊ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တဲ့ တိဘက်လူမျိုးတွေကို ဖမ်းဆီးထားရာကနေ ပြန်လွှတ်ပေးဖို့၊ နိုင်ငံရေးအရ ဖြေရှင်းဖို့နဲ့ အကြမ်းဖက်နည်း မသုံးဖို့ တောင်းဆိုတယ်" ဟု AGP မှ ကိုဝင်းအောင်က မဇ္ဈိမကို ပြောသည်။
ဆန္ဒပြသူများသည် ရွှေဝါရောင် တော်လှန်ရေး မှတ်တမ်းဓာတ်ပုံများလည်း ကိုင်ဆောင်ခဲ့ကြသည်။
"သူတို့ဘက်မှာ ရှိတယ်၊ ထောက်ပံ့မယ်ဆိုတဲ့ ရပ်တည်ချက်ကို ပြချင်လို့လေ။ နောက် နိုင်ငံတကာကနေ အာရုံစိုက်မှုတခု ရဖို့ပေါ့နော်။ မြန်မာပြည်ကိစ္စနဲ့ ထိစပ်ပြီး ပြောတယ်ဆိုတာက အခြေအနေက အရမ်းကြီးကို တူနေတယ်။ တိဘက်မှာ ဖြစ်နေတဲ့ အခြေအနေကို ပြန်ကြည့်ရင် မြန်မာပြည်မှာ စက်တင်ဘာတုန်းက ဖြစ်ခဲ့တဲ့ အခြေအနေမျိုးနဲ့ အရမ်းတူတယ်။ ဒါကြောင့် မြန်မာပြည်အကြောင်း အဓိက ပြောရင်းနဲ့ ဒီအကြောင်းကို တွဲဖက်ပြီးတော့ ပြောတာပေါ့လေ" ဟု AGP မှ ရှမ်းအမျိုးသမီးတဦးဖြစ်သူ ယင်တိဇမ် (Ying Tzarm) က ပြောသည်။
AGP တွင် မြန်မာ၊ ထိုင်း အန်ဂျီအိုအဖွဲ့များနှင့် စိတ်ပါဝင်စားသူ တသီးပုဂ္ဂလများက အခါအားလျော်စွာ လိုအပ်သည့် လှုပ်ရှားမှုများ ပူးတွဲ ပြုလုပ်ရန် ပူးပေါင်းထားခြင်း ဖြစ်သည်။
တိဘက်ဒေသ မြို့တော်လာဆာတွင် ယခုရက်ပိုင်းအတွင်း တိဘက် ရဟန်းပြည်သူ ဆူပူအုံကြွမှုများ ဖြစ်ပွားရာ တရုတ်အစိုးရက ပစ်ခတ် နှိမ်နင်းသဖြင့် သံဃာလူထု ၉၉ ဦး သေဆုံးခဲ့သည်ဟု အဝေးရောက် တိဘက်အစိုးရက ကြေညာခဲ့သော်လည်း တရုတ်အစိုးရကမူ ၁၃ ဦးသာ သေဆုံးခဲ့သည်ဟု ဆိုသည်။ "ကျမတို့ နောက်ထပ် လှုပ်ရှားမှုတွေတော့ ရှိနေမှာပဲလေ။ အခုလောလောဆယ်ကတော့ ဒီနေ့ လှုပ်ရှားသွားတဲ့ လှုပ်ရှားမှုတခုပေါ့။ ဒါပေမဲ့ အခြေအနေက ဆိုးရွားနေသရွှေ့၊ ဆက်ပြီးတော့ ပြောင်းလဲမှု မရှိသေးသရွေ့ ကျမတို့ လှုပ်ရှားမှု တခုခုတော့ ဆက်ပြီးတော့ လုပ်ရမှာပဲ" ဟု Ying Tzarm က ပြောသည်။

No comments: