Monday, March 3, 2008

ပူတာအို ခရီးစဉ် ဧည့်လမ်းညွှန် အပိုဆောင်

မောင်ဒီး
နယူးဒေလီ။ ။ ခရီးသွား ကုမ္ပဏီများအပေါ် ကန့်သတ်ချက်တခု ထွက်ပေါ်ခဲ့ပြီး ပူတာအို ခရီးစဉ်များတွင် မည်သည့် ဧည့်လမ်းညွှန်ကို အသုံးပြုရမည်ကို ကုမ္ပဏီများအကြား မဝေခွဲနိုင် ဖြစ်နေကြသည်။
ဖေဖော်ဝါရီ လဆန်းပိုင်းတွင် မြန်မာ့ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၏ ညွှန်ကြားချက် တခုတွင် ပူတာအိုသို့ နိုင်ငံခြားသား ခရီးသည်များ ပို့ဆောင်မည့် ကုမ္ပဏီများသည် မြန်မာ့ခရီးသွား လုပ်ငန်းမှ ဧည့်လမ်းညွှန်များကိုသာ ခေါ်ဆောင်ရမည်ဟု ပါရှိသည်။
နေပြည်တော်မှ တာဝန်ရှိသူများက ခရီးသွား ဧည့်သည်များအတွက် လုံခြုံမှု ရှိစေရန်အတွက် စီစဉ်ခြင်း ဖြစ်သည်ဟု ပြောသည်။
“ဘာအကြောင်းရယ်ကြောင့်တော့ မဟုတ်ပါဘူးဗျာ။ ပူတာအို ဆိုတာက Remote နယ်မြေလေ။ ကော့သောင်းဘက် ဆိုလည်း ကျနော်တို့ MTT ဂိုက်တွေ လိုက်ပေးရတယ်။ အခု ပူတာအို ဆိုရင်လည်း အဲလို အစိုးရဌာန ဂိုက်နဲ့ဆိုတော့ ပိုပြီး စိတ်ချရတာပေါ့” ဟု မြန်မာ့ ခရီးသွားလာရေး လုပ်ငန်းမှ တာဝန်ရှိသူ တဦးက ပြောသည်။
သို့သော် ခရီးသွား ကုမ္ပဏီများက စစ်အစိုးရ အနေဖြင့် အထူးဒေသများသို့ နိုင်ငံခြားသားများ သွားလာခြင်းအပေါ် ထောက်လှမ်းမှုများ လုပ်ရန် ဖန်တီးသည်ဟု သံသယ ရှိကြသည်။
“ဧည့်သည်တွေ ဘာဖြစ်တယ်၊ ဘယ်သွားတယ် ဆိုတာတွေ အကြောင်းကြားဖို့ ဖြစ်မှာပေါ့။ အရင်ကတော့ လဝက မဟုတ်ရင် ရဲတယောက်လောက် ထည့်ထည့် ပေးနေတာ” ဟု ရန်ကုန်အခြေစိုက် ခရီးသွား ကုမ္ပဏီတခုမှ အရာထမ်းတဦးက ပြောသည်။
ထို့အပြင် အစိုးရ ဧည့်လမ်းညွှန် တဦးကို မခေါ်မနေရ ခေါ်သွားရအတွက် အပိုစားရိတ် ကုန်ကျမည့်အပေါ် မနှစ်မြို့နိုင် ဖြစ်နေရသည်။
“အစိုးရပေးတဲ့ ဂိုက်တွေကို ကျနော်တို့ရဲ့ ဧည့်သည်တွေ အသုံးပြုနေရတယ် ဆိုတာ ကျနော်တို့ ကုမ္ပဏီအတွက် မကောင်းဘူးပေါ့။ ကျနော်တို့ ကုမ္ပဏီ စည်းမျဉ်းအရဆိုရင် အစိုးရနဲ့ ပတ်သက်မှု မရှိရဘူးဆိုတာ ရှိနေတာ” ဟု အခြား ခရီးသွား ကုမ္ပဏီတခုမှ မန်နေဂျာတဦးက မဇ္ဈိမကို ပြောသည်။
ခရီးသွား ဧည့်သည်များ အနေနှင့်လည်း သူတို့၏ အားလပ်ရက် လည်ပတ်မှုအပေါ် လိုက်လံ စောင့်ကြည့်နေခြင်း အပေါ် စိတ်အနှောင့်အယှက် ဖြစ်ကြရသည်ဟု ရန်ကုန်မှ ခရီးလမ်းညွှန် တဦးက ပြောသည်။
“ကျနော်တို့က ခရီးသည်တွေ စိတ်ပျက်ရတာမျိုးကို မလိုချင်ဘူးလေ။ သူတို့တွေ အစစအရာရာမှာ အဆင်ပြေမှ ကျနော်တို့ကို အားပေးမှု များလာတော့မှာ။ အခုက သူတို့ စိတ်ညစ်ရင် ကျနော်တို့လည်း စိတ်ညစ်နေရတယ်” ဟု သူက ပြောသည်။
သို့သော်လည်း အချို့သော ကုမ္ပဏီ သတင်းရပ်ကွက်များက ပြောရာတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် ဆွေးနွေးခဲ့မှုမှ ကိုယ်ပိုင် ဧည့်လမ်းညွှန်ဖြင့်ပင် ခရီးသည် ပို့နိုင်သည့် ကုမ္ပဏီတခု ရှိခဲ့သည်ဟု ဆိုသည်။
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကို မဇ္ဈိမက ညွှန်ကြားချက်ကို ပြန်လည် ပြင်ဆင် လျော့ပေးခြင်း ရှိ မရှိ မေးမြန်းရာ တရားဝင် ပြင်ဆင်မှု မရှိသေးကြောင်း ဖြေကြားသွားသည်။
အစိုးရဧည့်လမ်းညွှန်များ အလုံအလောက် မရှိသလို၊ ခရီးလမ်း မကျွမ်းကျင်သောကြောင့် အခြားသော ခရီးသွား အေဂျင်စီများမှ ပူတာအိုမြို့ခံ ဧည့်လမ်းညွှန်များကို ခရီးသွား အေဂျင်စီများက ခေါ်ယူနေရဆဲလည်း ဖြစ်သည်။
နိုင်ငံခြား ခရီးသည်များကို ခရီးလမ်းညွှန်ပေးမည့် ဧည့်လမ်းညွှန် (ဂိုက်) များမှာ လုပ်ငန်းဝါရင့်မှု၊ ခရီးလမ်း ကျွမ်းကျင်မှုပေါ် မူတည်၍ တနေ့လျှင် ၁၅ ဒေါ်လာမှ ၅ဝ အထိ ရရှိကြသည်။
ယခု လိုက်ပါပေးမည့် MTT ဂိုက်များအတွက် ခရီးလမ်းညွှန်ခ ငွေကြေးဈေးနှုန်းကို မသတ်မှတ် ရသေးသော်လည်း အပြင် ဧည့်လမ်းညွှန်များထက် ပို၍ သက်သာသည့် ဈေးနှုန်း သတ်မှတ်သွားရန် အစီအစဉ် ရှိသည်ဟု မြန်မာ့ ခရီးသွားလုပ်ငန်း အဆိုအရ သိရသည်။

No comments: